အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လျှင် အချက်အလက်အားဖြင့် အများအပြား ရှိနိုင်သည် ဆိုသော် လည်း အများစုအာရုံပြုသော အချက်မှာ နှစ်ခုသာရှိသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။
နံပါတ် (၁) မှာ ဖက်ဒရယ်အရေး ဖြစ်ပါသည်။ ဤသည်မှာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ် သက်နေသော ကိစ္စ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Power Sharing? Resource Sharing ပင် ဖြစ်ပါ သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို သာမန်အားဖြင့် ပထမဆုံး သက်တမ်းအတွင်းတွင် မပြုသင့်ဟူသော အယူအဆများ ရှိသည့်တိုင် အစိုးရအဖွဲ့မှပင် အရဲစွန့်၍ ပြင်ဆင်သည့်ကိစ္စကို အစပျိုးလိုက်သည်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့်ပင် သမ္မတကြီးအနေနှင့် သူ၏ ပထမသက် တမ်း အတွင်းမှာပင် လက်နက်ပြဿနာကို အဆုံးသတ်ရန် အာသီသ ပြင်းပြနေသည့်အလျောက် အခြေခံဥ ပဒေ ပြင်ဆင်ရေးကို အရဲစွန့်၍ ဖွင့်ဟလိုက်သည်ဟု ယူဆနိုင်ပါသည်။
တပ်မတော် အနေနှင့်လည်း ပြင်ဆင်ရေးအဆို လွှတ်တော်တွင်း ရောက်သည်မှ အစပြု၍ ပြင်ဆင်ရေးဆိုင် ရာ ကော်မတီများတွင်ပါ ပူးပေါင်း ပါဝင်နေသည်ဖြစ်ရာ ပြင်ဆင်ရေးအား မူအရ သဘောတူသည်ဟု ဆိုနိုင်ပါသည်။သို့ဖြစ်ရာ ဖြစ်နိုင်ခြေရှိသော လိုက်လျောမှု အားလုံးကို တပ်မှ သဘောတူပေးရန် အလား အလာ ရှိသည်ဟု ယူဆနိုင်ပါသည်။ သို့သော် ဒို့တာဝန် အရေးသုံးပါးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခြိမ်းခြောက်နိုင်သော ကိစ္စများကိုမူကား သဘောတူပေးရန် အခက်အခဲ ရှိနိုင်သည်ဟု မျှော်လင့်နိုင်ပါသည်။ ဤတွင် ဆိုခဲ့ပါအတိုင်း လိုက်လျောနိုင်သည်များကို လိုက်လျောပေးခြင်းဖြင့် တပ်အနေနှင့် တစ်ဆင့်ချင်း Liberalization လုပ်ခြင်းကို ဥပမာကောင်း တစ်ခုအဖြစ် ပြနိုင် ပါလိမ့်မည်။ ၂၅ ရာခိုင်နှုန်း ကိစ္စနှင့် ကာ/လုံ ကိစ္စများကိုမူကား ဝေဖန်မှုအချို့ ရှိသည့်တိုင် လက်တွေ့ သဘောတွင် အလှမ်းဝေးပါ သေးသည်။
နံပါတ် (၂) မှာ သမ္မတအရည်အချင်း သတ်မှတ်ချက် ဖြစ်ပါသည်။ ပြင်ဆင်ရေးကို သံကုန်ဟစ်သည့် အခြေခံ အကြောင်းအရင်းမှာ လူထု၏ ထောက်ခံမှုကို အများဆုံးရထားသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် ကန့်သတ်ထားသည်ဟု ယူဆထားကြသော ပုဒ်မ (၅၉) ကို မနှစ်သက် ကြသည်ကလည်း အကြောင်း တစ်ခု ဖြစ်ပါသည်။ လူထုသည် သာမန်အားဖြင့် အခြေခံဥပဒေ အကြောင်းကို နီးစပ်သည်တော့ မဟုတ်ကြပါ။ ထို့ကြောင့် ကောင်း၏၊ ဆိုး၏ ဆိုသည်ကိုလည်း သာမန်အားဖြင့် တိတိပပ ဝေဖန်နိုင် သည်တော့ မဟုတ်ပါ။ ဥပဒေသမား ဆိုသူတိုင်းပင် (နိုင်ငံရေးအား အထူး စိတ်ဝင်တစား မရှိပါက) နားလည်နိုင်သည်မျိုး မဟုတ်သောကြောင့် အခြေခံလူထုက နားမလည်သည်မှာ မဆန်းလှပါ။
သမ္မတရာထူး ရမှသာ အုပ်ချုပ်ရေး ကဏ္ဍများတွင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည် ဆိုသည်မှာ ယထာဘူတကျသော အဆိုဖြစ်ပါသည်။ သို့သော်လည်း မသေချာမှုများ မိုးမွှန်နေသည့် ကာလတွင် အကြောင်း အမျိုးမျိုးကြောင့် ပုဒ်မ (၅၉) ကို ပြင်ဆင်ခွင့် မရခဲ့သော် နောက်ဆက်တွဲ အနေနှင့် အားသာ ချက်၊ အားနည်းချက်တို့ မည်သို့ ရှိလာနိုင်သည်ကို အကြမ်းဖျင်း လေ့လာလို၍ ယခုစာစုကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။
၁။ ပါတီတည်ဆောက်ရေး ရှုထောင့်
Power Separation သဘောတရားအရ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်သည် သီးခြားစီ ရှိရသည်မျိုး ဖြစ်သည်။ လက်ရှိပုဒ်မ (၆၄) တွင်လည်း “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့ မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဆိုထားသည်။ ထိုသို့ ကင်းကင်းရှင်း ရှင်း နေခြင်းမှာ သမ္မတတစ်ဦး၏ လုပ်ပိုင်ခွင့်ကို မလျော်ကန်သော ပုံစံဖြင့် ပါတီ အကျိုးစီးပွားအတွက် အသုံးမချနိုင်ရန် သော်လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင် ရောထွေးမနေစေရန် လည်းကောင်း ခွဲခြားထားခြင်း သဘောမျိုးဖြစ်သည်။ ဤသည်မှာ သမ္မတစနစ် (Presidential) ၏ ဝိသေသတစ်ခုလည်း ဖြစ်ပါသည်။ ယေဘုယျအားဖြင့် သမ္မတ ဖြစ်သူသည် မိမိ၏ ပါတီတွင်း လှုပ်ရှားမှုများ တွင် လုံးဝ ကင်းရှင်းရမည်ဖြစ်သည်။ (သို့သော် နိုင်ငံတော်သမ္မတကြီး အနေနှင့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ တာဝန် ယူခဲ့သည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။)
ယနေ့ NLD သည် အင်စတီကျူးရှင်း သဘောအရ ဝေဖန်မှုများစွာ ခံနေရသော အနေအထားတွင် ရှိပါသည်။ မာမာချာချာ အတိုက်အခံပါတီ ဖြစ်အောင် NLD ကို များစွာ တည်ဆောက်ရဦးမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အလွန် NLD မှာ အားကောင်းသော ပါတီကြီးနေရာတွင် ဆက်၍ ရှိမရှိဆိုသည်မှာ လူတိုင်း စိတ်ဝင်စားသော မေးခွန်းဖြစ်သည်။ NLD အနေဖြင့်လည်း ယခုအချိန်တွင် Capacity အရ ယခုလောက်သာ ဖြစ်ရခြင်းမှာလည်း ဖြတ်သန်းမှုအရ သဘာဝကျပါသည်။ ဒီလောက်ကျန်အောင်ပင် မနည်း ရုန်းကန်ခဲ့ရသည်လည်း ဖြစ်ပါသည်။ သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် NLD ၏ အင်စတီကျူးရှင်း ခိုင်မာရေးအတွက် များစွာ ဆောင်ရွက်ရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတရာထူးကို ရယူနိုင်ခြင်းသည် NLD ၏ အင်စတီကျူးရှင်း ဖွံ့ဖြိုးရေး ဆိုင်ရာ များကို (မျက်နှာစာမှ) ဆောင်ရွက်နိုင်ရန် အကန့်အသတ်သဘော ဖြစ်သွားနိုင်ပါသည်။
၂။ တိုင်းရင်းသားများ ရှုထောင့်
ဤအချက်မှာလည်း များစွာ စိတ်ဝင်စားစရာ ကောင်းသောကိစ္စဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဗျူဟာ များသည် လွှတ်တော်တွင်း မဝင်မီနှင့် ဝင်ပြီးနောက်ပိုင်းတွင် များစွာ ပြောင်းလဲမှုများ ရှိလာသည်ဟု ပြောဆိုမှုများ ရှိပါသည်။ လက်တွေ့ ပိုဆန်လာသည်ဟု သတ်မှတ်မှုများ ရှိလာပါသည်။ လက်တွေ့နှင့် သဟဇာတ ဖြစ်လာသည်ဟု ဆိုကြပါသည်။ တပ်မတော်နှင့် ဆက်ဆံရေးကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် အများခန့်မှန်းချက်နှင့် ကွဲလွဲသည်မှာ လွှတ်တော်နိုင်ငံရေးတွင် အခြားသော တိုင်းရင်းသား ပါတီငယ်များဖြင့် ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးကို ထိန်းကျောင်းလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့တွင်ကား ပြည်ခိုင်ဖြိုး ထိပ်ပိုင်းနှင့် ပူးပေါင်းပြီး တိုင်းရင်းသား ပါတီအချို့၏ ဝေဖန်မှုကို ရခဲ့ရသည်မျိုး ဖြစ်နေပါသည်။
တစ်ချိန်တည်းတွင်ပင် တိုင်းရင်းသားများ (အချို့) မှ ငြိုငြင်သည့် မှတ်ချက်စကားများ ကိုလည်း ကြားလာ ရပါသည်။ တိုင်းရင်းသားအရေး အချို့တွင် ပါသင့်သလောက် မပါဟူသော စွပ်စွဲမှုများ ရှိလာပါသည်။ သမ္မတ ရာထူးအတွက် တပ်နှင့် ထိပ်တိုက်တွေ့နိုင်သည့် ကိစ္စများကိုရှောင်ပြီး တိုင်းရင်းသား ကိစ္စများတွင် နှုတ်ပိတ်နေသည်ဟု ခပ်ရမ်းရမ်း စွပ်စွဲမှုမျိုး ကြုံလာခဲ့ပါသည်။ တစ်နည်းအားဖြင့် ယင်းအမြင်များ သည်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားသော မျှော်လင့်တန်ဖိုး ကြီးမားခြင်း၏ ဘေးထွက်ဆိုးကျိုး ဟု ဆိုနိုင်မည် ထင်ပါသည်။ ယင်းသဘောများကို ကချင်ဒေသနှင့် ရခိုင်ဒေသများတွင် တွေ့ရမည်ဖြစ်ပြီး ပြီးခဲ့သည့် စင်ကာပူ ခရီးစဉ်တွင် ယင်းအသံဗလံ အချို့ကို ကြားခဲ့ရသည် များလည်း ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုသဘောထားမှာ Statesman နေရာဖြစ်သည်။ အမျိုး သားခေါင်းဆောင် (National Leader) နေရာ ဖြစ်သည်။ သို့သော် ပါတီနိုင်ငံရေး လမ်းကြောင်း လျှောက်လှမ်း ရသောအခါ မိမိပါတီ၏ အကျိုးကို ဆောင်ကြဉ်းလာရသည် ဖြစ်၍ မလွဲသာ မရှောင်သာ အခြားသော တိုင်းရင်းသားပါတီများနှင့် အကျိုးစီးပွား ယှဉ်ပြိုင်ရသည့် အနေအထားသို့ ရောက်လာပါသည်။အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်ပါ ရွေးကောက်ပွဲ ဝင်ကြသည့်ကိစ္စကို ဝေဖန်ခံရမှုများ ရှိခဲ့ပါသည်။ သမ္မတရာထူးကို လိုချင်ကြောင်း ကမ္ဘာသိ ထုတ်ဖော် ပြောဆိုပြီးသောအခါ ဒေါ်အောင်ဆန်း စုကြည်၏ ဆုံးဖြတ်ချက် အချို့အပေါ် “သမ္မတရာထူးနှင့် အလဲအလှယ် လုပ်သည် ဆိုသည်အထိ အမြင်စောင်းသည်များ ရှိလာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်လည်း Statesman နေရာမှ ပြောသင့် ပြောထိုက်သည်ကို ပြောသည့်တိုင် အကျိုးစီးပွားအရ ပွန်းပဲ့ရသူတို့အတွက် မေးငေါ့စရာ အကွက်ရသွားခြင်းသာ ဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးတွင် NLD ၏ အစပိုင်း မူမှာ ငွေရတု ထုတ်ပြန်ချက်အရ ပြင်ဆင်ရေးဟု နားလည်မိပါသည်။ သို့သော် တိုင်းရင်းသား ပါတီအချို့က အသစ်ဆွဲရေးကို ဇောင်းပေးလာသော အခါတွင် ပြင်ဆင်ရေးအပြင်၊ အသစ်ဆွဲရေးကိုပါ ပူးတွဲ၍ အသံပြောင်းလိုက်ရသည်။ ပါတီတွင်းတွင်ပင် သဘောထားနှစ်ရပ် ရှိနေသောကြောင့် ပြောင်းသည်ဟု မှတ်ချက် ပြုသည်များလည်း ရှိသည်။ ယင်းအဖြေအတွက်လည်း လူထုဆန္ဒဆိုသည်ကို လွှဲချလိုက်ရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍လည်း NLD ကို ဝေဖန်မှုများ ကြားလာရပါသည်။
ဤတွင် စာရေးသူအနေဖြင့် နားလည်မိသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသား အင်အားစုတို့၏ အသံကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် အနေအထားမျိုး ဖြစ်ပါသည်။ ညှိနှိုင်းဖော်ဆောင်ခြင်း သဘောကို ဆောင်ရပါမည်။ ဒီမိုကရက်တစ် အင်အားစုတို့၏ စည်းလုံးမှုကို အလေးထားရမည့် အခြေအနေလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြင်/သစ် ပြဿနာအတွက် လူထုဆန္ဒဆိုသည်ကို ခေါင်းစဉ် တင်ရခြင်းမှာ လိုအပ်ချက်အရလည်း ဖြစ်နိုင်ပါသည်။ တစ်ဦး၊ တစ်ဖွဲ့ ဆန္ဒကြောင့် ဆိုသည်ထက် အများလက်ခံနိုင်သော အဖြေအတွက် ချဉ်းကပ်နည်း တစ်ခုအနေဖြင့် သုံးခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့မဟုတ်က ဒီမိုကရေစီ ပါတီအတွင်းမှာပင် ဒီမိုကရေစီ မဆန်လှဟူသော မှတ်ချက်မျိုးကလည်း ရှိနိုင်သေးသည်။ သို့ဖြစ်ရာ ထိုလုပ်ရပ်အတွက် မဟာဗျူဟာ သဘောအရ မမှားပါဟု ဆိုချင်ပါသည်။ သို့သော် နည်းဗျူဟာ အရတော့ “ဘယ်လို လုပ်မှာလဲ၊ လုပ်လို့ ရပါ့မလား၊ လူထုကို ဆွဲသွင်းချင်တာလား၊ လူထုအားကို သုံးချင်တာလား” စသဖြင့်တော့ ထင်ချင်စရာ ဖြစ်သွားပါသည်။ ဤတွင် ဆိုချင်သည်မှာ NLD အနေဖြင့် Street Politic ကို လုံးဝ လိုလားမည် မဟုတ် ဆိုသည်မှာ ယုံမှားစရာ မရှိသောကြောင့် လူထုအား ဆိုသည်ကို အဓိပ္ပာယ်ကောက် မမှားရန်တော့ လိုပါသည်။ သို့သော် စိုးရိမ်သူတို့ကို မှားသည်ဟုလည်း မဆိုသာပါ။ နိုင်ငံရေးဟူသည် အချက်အလက်ပေါင်းများစွာ နှီးနွယ်နေသောကြောင့် ရှုထောင့်အပေါ် မူတည်၍ အဖြေအမျိုးမျိုး ဖြစ်နိုင်ပါသည်။ သို့သော် ယနေ့အခါ ယင်းလူထုဆန္ဒပွဲ ဆိုသည်များကပင် ပြင်ဆင်ရေးကို အလေးသာနေသည်ဟု ပြောဆိုမှုများ ရှိလာပါသည်။
Politician တို့ သဘာဝမှာ အလုပ်ဖြစ်ရေးအပြင် မိမိကို လူအများ လက်ခံရေးမှာလည်း အရေးကြီးသည်။ ထို့ကြောင့် ရဲဘော်ရဲဘက် အင်အားစုတို့၏ မျက်နှာကြည့်ရသည်များ ရှိသည်။ သို့ဖြစ်ရာ လူကြိုက်များရေး မလိုသော၊ လက်တွေ့နိုင်ငံရေး တစ်ခုတည်းကိုသာ အာရုံပြုနိုင်သော Statesman တို့နှင့် မဟာဗျူဟာ အမြင်တူခဲ့သည့်တိုင် နည်းဗျူဟာအမြင် ကွဲသည်များ ရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် Statesman ရှုထောင့်နှင့် Politician ရှုထောင့်တို့ အကြားညှပ်ရသည့် သဘောမျိုး ရှိတတ်ပါသည်။ သမ္မတရာထူးကို အကြောင်းပြုသောအခါ ထိုအညပ်မှာ ပိုကြီးလာတော့သည်။
၃။ အရှိနိုင်ငံရေး လိုအပ်ချက် ရှုထောင့်
မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ လည်းကောင်း၊ ပထဝီနိုင်ငံရေးအရ လည်းကောင်း စုစည်းရန် ခက်ခဲစေသော သဘာဝမျိုး ရှိသည်။ လူမျိုးစု များပြားလွန်းခြင်း ၊ သမိုင်းနှင့်ချီသော လူမျိုးရေး ပြဿနာများ ရှိခြင်း၊ ကမ္ဘာ့ ဆူပါပါဝါအရ ပြိုင်ဘက်သဖွယ်ဖြစ်သော နိုင်ငံကြီးများ အကြားတွင် ရှိခြင်းတို့သည် မြန်မာနိုင်ငံကို စုစည်းရန် ခက်ခဲသော အနေအထားမျိုးကို တွန်းပို့ နေပါသည်။ ယင်းအချက်တို့သည် ယနေ့ ဒီမိုကရေစီ တည်ဆောက်ရေးကို စိန်ခေါ်နေသော အချက်များလည်း ဖြစ်ပါသည်။
လူမျိုးစုကွဲပြားမှု များလွန်းသော နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက် ရသည်မှာ သာမန်ထက် ပိုခက်ခဲကြောင်း ပညာရှင်များက ဆိုပါသည်။အလားတူ ကမ္ဘာ့ဆူပါ ပါဝါအရ ပြိုင်ဘက် နိုင်ငံများအကြား ရှိခြင်းမှာလည်း အနေအထိုင် မတတ်လျှင် ပဲလှော်ကြား ဆားညှပ်သကဲသို့ ဖြစ်နိုင်ပါသည်။ အမေရိကန်-တရုတ် ပါဝါ ကစားမှုသည် မြန်မာနိုင်ငံအပေါ် များစွာ သက်ရောက်မှု ရှိသည်မှာ ထွေထွေထူးထူး စဉ်းစားရန် မလိုသောကိစ္စ ဖြစ်ပါသည်။ မြင်သာအောင် ဆိုရလျှင် တရုတ်အစိုးရနှင့် အဆင်ပြေစဉ်က တရုတ် နယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်ခဲ့ပါသည်။ အလားတူပင် ထိုင်းအစိုးရနှင့် အဆင်ပြေချိန်တွင်လည်း ထိုင်းနယ်စပ်ရှိ လက်နက်ကိုင် ပြဿနာများကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်မည်မှာ အသေအချာဖြစ်သည်။ ဤသည်မှာ ပထဝီ နိုင်ငံရေး၏ သက်ရောက်မှု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ ကံဆိုးသည်မှာ ယင်းနှစ်နိုင်ငံလုံးနှင့် တစ်ပြိုင်နက်တည်းတွင် မဟာဗျူဟာ မိတ်ဖက်ဖြစ်ရန်ကား မလွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်နိုင်ငံတို့ကား ဆူပါပါဝါ မျှခြေ၏ တစ်ဖက်စီက ဖြစ်နေသောကြောင့် ဖြစ်သည်။ တစ်ခုနှင့် အဆင်ပြေလျှင် နောက်တစ်ခုနှင့် စင်းလုံးချော အဆင်ပြေရန်ကား မလွယ်တော့။ ဤကား နိုင်ငံ၏ ကံကြမ္မာပင်ဟု ဆိုရမည် ဖြစ်သည်။
ယင်း အခြေအနေအောက်တွင် နိုင်ငံ၏ စည်းလုံးမှု၊ တိုင်းရင်းသား ရင်ကြားစေ့မှုကို စဉ်းစားကြည့်လို ပါသည်။ စည်းလုံးမှု၊ ညီညွတ်မှု ဆိုသည်ကား ယုံကြည်မှုတို့ ‘အမှတ်တစ်ခု’ သို့ လာရောက် စုဆုံကြခြင်းသာ ဖြစ်ပါသည်။အဆိုပါ ‘အမှတ်တစ်ခု’ ဆိုသည်ကား ဘုံအကျိုးစီးပွားလည်း ဖြစ်နိုင်သလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ်ရှိ ပုဂ္ဂိုလ်ရေး ယုံကြည်မှုလည်း ဖြစ်နိုင်သည်။ ပင်လုံစာချုပ်ကို ပြုလုပ်နိုင်ခဲ့သည် ဆိုသည်မှာ တိုင်းရင်းသားတို့၏ ဘုံအကျိုးစီးပွားကြောင့် ဖြစ်သည့်တိုင် ဗိုလ်ချုပ်အောင်ဆန်း အပေါ်ထားသော ပုဂ္ဂိုလ်ရေး ယုံကြည်မှုကို အခြေခံထားသည်လည်း ပါပါသည်။ သို့ဖြစ်ရာ အင်အားစုများကို စုစည်းနိုင်သည့် ‘ဆုံမှတ်တစ်ခု’ ရှိရန်မှာ ယနေ့ နိုင်ငံ၏ အရှိအနေအထားအရ လိုအပ်ချက်သာ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ထိုဆုံမှတ်အတွက် ဖြစ်နိုင်ခြေ ရှိသူများမှာ များများစားစား ရှိလှသည် မဟုတ်ပါ။ သို့ဖြစ်ရာ ရှားရှားပါးပါး ရှိသူအချို့ကို ယင်းဆုံမှတ်တစ်ခု နေရာသို့ ရောက်စေချင်သည်။ သို့သော် သမ္မတဖြစ်မှ ထိုဆုံမှတ်နေရာကို ရောက်နိုင်သည်မျိုး တော့လည်း မဟုတ်ပါ။
၎။ ဆန့်ကျင်ဘက်အုပ်စု ရှုထောင့်
ဤသည်မှာ ပေးထားချက်ဟု လူပြောများသော အရာတို့၏ ခွင့်ပြုနိုင်ခြေဘက်မှ စဉ်းစားခြင်း ဖြစ်သည်။ သမိုင်းကြောင်းနှင့် များစွာ သက်ဆိုင်နေသည်ဟု အကြမ်းဖျင်း ဆိုနိုင်ပါသည်။
ယနေ့ကား ပုဒ်မ (၅၉) နှင့် ပတ်သက်၍ ပြင်ဆင်ခွင့်ရနိုင်/မရနိုင် ဆိုသည်မှာ အတပ် မပြောနိုင်သေးသော ကိစ္စဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီးက ပုဒ်မ ၅၉ ပြင်ဆင်ရေးကို ကြိုးပမ်းမည်ဟု ဆိုသည့်တိုင် တချို့ ပါတီကြီးများက တစ်ဦးတစ်ယောက်အတွက် မပြင်နိုင်ဟု ခပ်ပါးပါး ဆိုမှုများလည်း ရှိနေပါသည်။ အချို့ ပါတီတို့ကမူ ပုဒ်မ ၅၉ (စ) ကို ပြင်မပေးနိုင်ကြောင်း တည့်တည့် ပြောခြင်းများလည်း ရှိနေပါသည်။ သို့ကြောင့်ပင် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည် ဆိုဦးတော့၊ သမ္မတရာထူးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော အခြားတစ်ယောက်ကို ရွေးချယ်ထားသင့်သည် ဟူသော အကြံပြုချက်များကို ကြားနေရသည်လည်း ဖြစ်ပါသည်။
ဤတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌကြီး ပြောခဲ့သော ‘ညွန့်ပေါင်း’ ဟူသော စကားကို ကြားယောင်မိလာပါသည်။ ထိုစဉ် ညွန့်ပေါင်းဟူသော စကားကို ကြားစဉ်က ကောင်းကောင်း နားလည်သည်တော့မဟုတ်။ ပါလီမန် (Parliamentary system) သဘောမျိုး မဟုတ်ဘဲ ဘာကြောင့် ညွန့်ပေါင်းရမှာလဲ ဟူ၍ နားရှုပ်မိဖူးသည်။ သို့သော်လည်း ပုဒ်မ (၅၉) ကို မပြင်နိုင်ပါက ဖြစ်လာနိုင်သည်ကို မျှော်ကိုး၍ ခေါင်းဆောင်နှစ်ဦးအကြား အပေးအယူများလား ဟူ၍တော့ ယနေ့အချိန်တွင် နားလည်မိပါသည်။ သေချာပေါက်တော့ အတပ်မပြောရဲပါ။ သို့သော်လည်း ပုဒ်မ (၅၉) ကို နောက်ဆုံး ပြင်ခွင့်မရပါက ညွန့်ပေါင်းဆိုသည်မှာ အကောင်းဆုံး တုံ့ပြန်နိုင်သည့် နည်းလမ်း တစ်ခုတော့လည်း ဖြစ်နိုင်ပါသည်။ ယနေ့ အနေအထား အရပ်ရပ်အရ ဤသည်မှာ ဖြစ်နိုင်ခြေ အရှိဆုံးဟုလည်း ယူဆစရာ ရှိပါသည်။
သို့သော် Electoral System Design အရ ဖြစ်နိုင်ခြေ တစ်ခုတော့ ရှိသည်။ လက်ရှိ FTPT အစား ပါတီများအကြား Power Balance ကစားနိုင်သည်ဟု ယုံကြည်လောက်သော တစ်စိတ်တစ်ပိုင်း PR ကို ပြောင်းနိုင်လျှင် ပုဒ်မ (၅၉) ကို ဖွင့်ပေးနိုင်ခြေတော့ ရှိသည်။ တစ်စိတ်တစ်ပိုင်း PR သည် ပုဒ်မ (၅၉) အတွက် ထွက်ပေါက်ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် လက်နက်ကိုင်အရေးအတွက် မဖြစ်မနေ ဖွင့်ပေးရမည့် တံခါးတစ်ချပ် ဖြစ်သည့်တိုင် အစိုးရအနေနှင့် စွန့်စားမှုများစွာ ယူထားသောကိစ္စဟု ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ ဖြစ်နိုင်ခြေဘက်က စဉ်းစားလျှင် တိုင်းရင်းသားအရေး အတွက် တစ်ဆင့်တက် ကျေနပ်ဖွယ်ရာများ ရှိလာနိုင်သည်ဟု မျှော်လင့်နိုင် သော်လည်း ပုဒ်မ (၅၉) အရေးမှာကား စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။ ထိုထက် များများစားစား မျှော်လင့်ရန်မှာ မဖြစ်နိုင်သေးပါ။
ပေါ်လင်းဦး
The Voice