ရတနာသုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာ မှီခိုရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ကို ‘သရဏဂုံ’လို့ ခေါ်တယ်။
သရဏဂုံ … သရဏဂုံလို့ ပြောနေကြသော်လဲပဲ သရဏဂုံရဲ့ အဓိပ္ပာယ်ကို တိတိကျကျ နားလည်တာက ခပ်ရှားရှားပဲ။ ယောင်ဝါးဝါးမျှပဲ နားလည်ကြတယ်။
သရဏ = အားကိုးရာ ကိုးကွယ်ရာပဲလို့
ဂမန = ယုံကြည် ဆည်းကပ်တဲ့ စိတ်။
ဒီ ‘သရဏဂမန’ကိုပဲ မြန်မာက ‘သရဏဂုံ’လို့ ခေါ်လိုက်တယ်။
ဒီတော့ သရဏဂုံဆိုတာ အားကိုး အားထားရာ ကိုးကွယ်ရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ပဲ။
ဘုရားကို သရဏဂုံလို့ မခေါ်ဘူး။
တရားကို သရဏဂုံလို့ မခေါ်ဘူး။
သံဃာကို သရဏဂုံလို့ မခေါ်ဘူး။
‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ‘သရဏ’လို့သာ ဆိုနိုင်တယ်။ ‘သရဏဂုံ’လို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သရဏဂုံဆိုတာ ယုံကြည် ဆည်းကပ်တဲ့ စိတ်မို့ပဲ။
ဘယ်သူ့ကို ယုံကြည် ဆည်းကပ်တာလဲ?
ဗုဒ္ဓ – ရှင်တော်မြတ်ဘုရားကို ယုံကြည် ဆည်းကပ်တယ်။
ဓမ္မ – တရားတော်ကို ယုံကြည် ဆည်းကပ်တယ်။
သံဃ – သံဃာတော်ကို ယုံကြည် ဆည်းကပ်တယ်။
အဲဒီတော့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာသုံးပါးက အားကိုး အားထားရာဖြစ်တဲ့ ‘သရဏ’တွေ။
အဲဒီ ယုံကြည်ထိုက် ကိုးကွယ်ထိုက် ဆည်းကပ်ထိုက်တဲ့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ယုံကြည်တဲ့ စိတ်၊ ဆည်းကပ် ကိုးကွယ်တဲ့ စိတ်က ‘သရဏဂုံ’။
+++++
သရဏဂုံ တည်သူနှင့် မတည်သူ
အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်က ဆည်းကပ် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိတယ်။ အဲဒီ စိတ်ရှိသူကို သရဏဂုံတည်သူလို့ ခေါ်တယ်။
အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်မရှိရင် သရဏဂုံတည်သူလို့ မခေါ်နိုင်ဘူး။ သရဏဂုံ မတည်သူပဲ။
သရဏဂုံ မတည်ရင် အဲဒီ ပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာဝင်လို့ မခေါ်နိုင်ဘူး။
သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။
+++++
ချမ်းမြေ့ဆရာတော်၏ “၁၉၈၅ ခုနှစ်၊ တက္ကသိုလ်ဓမ္မသဘင်၊ ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ” မှ
မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့ စာတိုပေစများ