Friday, August 01, 2014

၂၀၁၄ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Posted by drmyochit Friday, August 01, 2014, under | No comments

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေးပြောကြား နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာမှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်းမွန်တဲ့ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့် နေကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲများနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီနေရာမှာ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ဆောင်လာခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကြပ် အတည်းများ ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ်အတည်းအားလုံးကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆိုတာပဲဖြစ်ပါတယ်။

ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေးယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကိုလည်း နိုင်ငံတော်ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့်ကိစ္စများကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးမှာ ပြည်သူများရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေနဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်းမှာ မသမာသူများရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲမှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။

အာဇာနည်နေ့အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည်အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာခဲ့ကြတဲ့ နိုင်ငံရေးနောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင်လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆိုတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ပဲ ဖြစ်ပါတယ်။

မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည်သူများရဲ့ဘ၀များ ကောင်းမွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။

 ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာတို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေရတဲ့ ကာလဖြစ်ပါတယ်။ အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စုနှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင်ရှင်သန်ရေးများဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များအတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့အစည်းများအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊
အားနည်းမှုများနဲ့ လိုအပ်ချက်များရှိနေသေးတာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရမယ့် လိုအပ်ချက်များကို ရည်မှန်းချက် အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့အတွက် နှစ်ပေါင်း ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။

 သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။

ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင်ထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။


MOI Webportal Myanmar

Wednesday, March 26, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း

Posted by drmyochit Wednesday, March 26, 2014, under | No comments



နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်

ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသ တွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ သုံးနှစ် ပြည့်မြောက် ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ဆီးဂိမ်းအိမ်ရှင်၊ အာဆီယံဥက္ကဋ္ဌ၊ ဘင်းမ်စတက် အိမ်ရှင်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အစရှိတဲ့ သမိုင်းဝင်မှတ်တိုင်တွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဂုဏ်သိက္ခာရှိစွာဖြင့် ပေါင်းစည်းနေပြီဆိုတာ တွေ့မြင် နေကြရပြီ ဖြစ်ပါတယ်။

အလားတူပါပဲ မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ် ဆိုတဲ့ နိုင်ငံများအနေနဲ့ အစိုးရအဖွဲ့ သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လေးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ကာလ သုံးနှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ဒီအချိန် မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန် ကောင်းနေပြီဆိုတာ အားလုံးပဲ အထင်အရှား တွေ့ မြင်နိုင်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာ ပြည်ထောင်စုအစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ်(၁ဝ)ရပ်ကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆီလျော်တဲ့အချက်တွေကို ပြန်လည်ပြင်ဆင်ခြင်း၊ (၂) နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေကြမ်းတွေ တင်သွင်းခြင်း၊ (၃) ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းလစာတွေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ်ခြင်း၊ (၄) တောင်သူ လယ်သမားတွေရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေပြုစုနိုင်ဖို့ လေ့လာခြင်း၊ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့ ပြန်လည် သုံးသပ်ခြင်း၊ (၅) အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနဲ့ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေကို ခေတ်နဲ့ အညီ ပြန်လည်သုံးသပ်ခြင်း၊ (၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဥပဒေကို ခေတ်နဲ့အညီ ပြန်လည် ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခြင်း၊ (၇) ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေကြမ်းများ တင်သွင်းခြင်း၊ (၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ခြင်း၊ (၉) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၁ဝ) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ သဘာဝဘေးအန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။ သုံးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက် ဖော်ဆောင်နိုင်ခဲ့ပြီလဲ ဆိုတာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက သက်သေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော်တို့ ဖော်ဆောင်သွားမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမယ် ဆိုတာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ ရရှိစေဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆွဲဆောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ကာ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ဈေးကွက်ယန္တရား ခိုင်မာ အားကောင်းခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ခဲ့ပြီးတဲ့ နောက် စီးပွားရေး စနစ်အခြေခံတွေ ပြောင်းလဲသွားပြီ ဖြစ်သလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဈေးကွက်နဲ့ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။

အလားတူ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ပါဝင်သင့်သူ နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၄၉) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၆၈ဝဝဝ) ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒီ့ပြင် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပ နိုင်ငံများသို့ ရောက်ရှိပြီး ပြန်လာဖို့ခက်ခဲနေတဲ့ မိမိနိုင်ငံသားများ မိခင် နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်ရေး အတွက်ကိုလည်း အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အကျိုးရလဒ် အနေနဲ့ အကျဉ်းကျခံရာမှ လွတ်မြောက်သူ ပုဂ္ဂိုလ်အချို့၊ နိုင်ငံအတွင်း ပြန်ဝင်လာတဲ့ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကိုယ်တိုင် နိုင်ငံ တည်ဆောက်ရေးတွေ မှာ ကောင်းမွန်စွာ ရှင်သန်နေတာကို တွေ့မြင်နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် အပြု သဘော မမြင်နိုင်သေးတဲ့ နိုင်ငံအချို့ ကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရ ရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လိုအခြေအနေ၊ ဘယ်ခရီးအထိ ရောက်ရှိနေပြီ ဆိုတာကို ထုတ်ဖော်ပြောကြားစရာ မလိုအောင် မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ရန် ကမ်းလှမ်းလာမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ မကြာခဏလာ ရောက်လျက် ရှိကြပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ထားရှိသော နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိခဲ့ရာမှ ယခုအချိန်တွင် ၁၁၅ နိုင်ငံ ထိ တိုးမြှင့် ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ပြုခဲ့တဲ့ ကတိကဝတ်တွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာအထိ ပြည့်မြောက်ခဲ့ပြီလဲ ဆိုတဲ့ ပကတိ အခြေအနေမှန်အဖြစ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ခရီးက ပြသနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြိုလဲခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ ဒီမိုကရေစီ ကူးပြောင်း ပြီးသော်လည်း မတည်မငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော်တို့ နိုင်ငံအပေါ် အကဲဖြတ်ခဲ့ကြပါတယ်။ ဒီသမိုင်းမှတ်တမ်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာယကကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးတို့ကို နိုင်ငံတော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီနေရာ ကနေ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ အဓိကဆန္ဒကြီး နှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဖော်ဆောင်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ အခါမှာ ဈေးကွက်စီးပွားရေးကို သွားနိုင်ဖို့ မက်ခရို စီးပွားရေး တည်ငြိမ်မှုအတွက် အခက်အခဲဖြစ်စေတဲ့ ကြွေးမြီဟောင်းတွေ၊ ပိတ်ဆို့မှု အဟန့်အတား တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မြီရှင်နိုင်ငံတွေက လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင် ပြောင်းလဲရေး မူဘောင် (Framework of  Economic Social Reform-FESR) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရ တွေကို ရှင်းလင်းနိုင်ဖို့ မြန်မာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မိမိနိုင်ငံဆိုင်ရာ ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအများစုကလည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံ ကြိုဆိုခဲ့ကြပြီး တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ ဒီလို စာနာနားလည်မှုနဲ့ ထောက်ပံ့ ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

အရင်တုန်းက အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး အတက်အကျ မများအောင်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဥပဒေသစ် ပြဋ္ဌာန်းပြီး ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံပြီး နော်ဝေ၊ ဂျပန်၊ ဂျာမနီနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံတွေက ကြွေးမြီ အမေရိကန်ဒေါ်လာ (၆၀၀၉) သန်းကို လျှော်ပစ်ပေးခဲ့ပါတယ်။ ဒီ့ပြင် ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံးနီးပါး ဖယ်ရှားပေးခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့အရေးယူမှုတွေ ကို ဖြေလျှော့ပေးခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်အားဖြင့် ကုန်သွယ်မှု အထူး အခွင့်အရေး (Generalized System Preferences-GSP) တွေ ပြန်လည်ရရှိလာခဲ့ပြီး ဈေးကွက်ကြီးတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အထည်ချုပ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုး လာပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီမံချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်က စတင်ပြီး ခရီးသွားဧည့်သည် အရေ အတွက် စံချိန်တင် မြင့်မားလာခဲ့တာ ၂ဝ၁၃ ခုနှစ်မှာ (၂) သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားလာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသွားသင့်ဆုံး ကမ္ဘာ့နေရာတွေ ထဲက ထိပ်ဆုံးအဆင့်မှာ (၃) နှစ် ဆက်တိုက်ပါရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာ ခရီးသွား (၃) သန်းကျော်နဲ့ ၂ဝ၁၅ ခုနှစ်မှာ (၅) သန်းအထိ ဝင်လာမယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြား လိုက်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပြင်ပကမ္ဘာကို တံခါးဖွင့် ဖိတ်ခေါ်ခြင်းနဲ့အတူ စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ် ခွင့်ပြုရာမှာလည်း အချိန်တိုတိုအတွင်း စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်နိုင်အောင်၊ အလုပ် အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရရှိနိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက ကျွမ်းကျင် သူတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလေးထား ဆောင်ရွက်ခဲ့ရာမှာ အချိန်ကြာကြာယူဖို့ မလိုအပ်တဲ့ လုပ်သားအရင်းပြု စက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ စံချိန်စံညွှန်းနဲ့ အရည်အသွေးများစွာ မြင့်မားတဲ့ ဂျပန်၊ တောင်ကိုရီးယား ဈေးကွက်တွေကို တင်ပို့ လာနိုင်တဲ့အတွက် လုပ်သားအရင်းပြု ကုန်ထုတ်လုပ်မှုအဆင့်ကနေ နည်းပညာအခြေပြု ကုန်ထုတ်လုပ်မှုကို စတင်ကူးပြောင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံသား အထည်ချုပ် လုပ်ငန်းရှင်တွေ၊ အထည်ချုပ်လုပ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ အလုပ်ရှင်-အလုပ်သမားပြဿနာတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းတဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်ဖြင့် စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးရှိစေဖို့ အလုပ်ရှင်-အစိုးရ-အလုပ်သမား သုံးပွင့်ဆိုင် စိတ်ရှည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ် ပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းမှုနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဒီကိစ္စတွေကို မဖြစ်မနေ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များ အကျိုးစီးပွား ရရှိပြီး ရေရှည် လုပ်ဆောင်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများမှာဖြစ်သလို အလုပ်သမား အခွင့်အရေးများ ကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့နဲ့ ထပ်မံဝင်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ဆွဲဆောင်နိုင်ဖို့အတွက် ရေရှည်အကျိုး မျှော်မှန်းဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော် တို့ နားလည်ကြဖို့ လိုပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်များ ရေရှည်အကျိုးအတွက် ပြဋ္ဌာန်းရန် ကျန်ရှိနေသေးတဲ့ ဥပဒေများ ပြဋ္ဌာန်းရေး အတွက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရနဲ့ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်အောင်လည်း အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို လေ့လာကြည့်ရင် ပထမဆုံး လေ့လာရေးအဖြစ် လာရောက်ကြပါတယ်။ ဒုတိယအနေနဲ့ ဖြစ်နိုင်ခြေ နယ်ပယ်တွေ သုတေသန ပြုကြပါတယ်။ တတိယအဆင့်ရောက်မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး အခင်း အကျင်းတွေ ပြောင်းလဲလာအောင် စဉ်တိုက်ဆက်တိုက် အလေးပေး ဆောင်ရွက် ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ဖြေလျှော့ပေးလာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက် စူးစမ်းလေ့လာကြတာတွေ အမြောက်အမြား လာရောက်ခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြီး ဝင်ရောက်လာခဲ့ပါပြီ။ အရင်တုန်းက ပိတ်ဆို့မှု တွေကြောင့် သယံဇာတ ထုတ်ယူရေး နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ အများစုတည်ရှိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှု အချိုးအစား ပြောင်းလဲလာခဲ့ပါပြီ။ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ ဝင်ရောက် ခဲ့ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ တိုးတက် ဝင်ရောက်လာပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ကုန်ထုတ်လုပ်မှု၊ ဟိုတယ် လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ လာရောက် ရင်းနှီး မြှုပ်နှံလာခဲ့ပြီးတော့ ဒီနှစ်ဆိုရင် တယ်လီကွန်းကဏ္ဍ၊ လေဆိပ် စီမံကိန်း တွေနဲ့ အထူးစီးပွား ရေးဇုန်တွေ၊ အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီး စီးဝင်လာဖို့ ရှိလာပြီ ဖြစ်ပါတယ်။

သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေအထား ပြောင်းလဲသွားစေခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စီးပွားရေးအပေါ် သက်ရောက်နိုင်တာတွေ အတွက်လည်း တာဝန်သိ၊ တာဝန်ခံတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်လာစေဖို့ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ကို EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင် နိုင်ငံဖြစ်လာအောင် ကြိုးပမ်းမှုဖြင့် သက်သေပြလျက် ရှိပါတယ်။

ဘဏ်လုပ်ငန်းတွေ၊ အခွန်အကောက်စနစ်တွေ၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့် အခြေအနေတွေ၊ အခြေခံအဆောက်အအုံတွေ အစရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်ဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ရတာရှိသလို ပြည်သူ လူထု အလွယ်တကူ မမြင်နိုင်တဲ့ Soft Infrastructure တွေ တည်ဆောက်ရတာမျိုးတွေ ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင် ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးနေတဲ့အချိန်မှာ ထွန်းသစ်စ ဈေးကွက်တစ်ခု အနေနဲ့ ရင်းနှီး မြှုပ်နှံမှု နယ်ပယ်ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင်၊ စိတ်ကူးစိတ်သန်း သာရှိပြီး ငွေကြေး အရင်းအနှီးမရှိလို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်နိုင်ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေး အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားရှိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာရဲ့ အချက်အခြာဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ လယ်သမား အခြေပြုလူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ Farmer Center တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တိုးမြှင့်ဖို့ အစီအစဉ်များ ပါရှိပါတယ်။

လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီလွှတ်တော်ကြီးက တိုက်တွန်းတဲ့အတိုင်း ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပေးပို့တင်ပြလျက်ရှိပါတယ်။ ယခင်အစိုးရခေတ် ကာလများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံး နည်းလမ်းတွေကို ရှာဖွေ ဖြေရှင်း ပေးလျက်ရှိပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ ကိုယ်ကျိုး စီးပွား ပုံဖော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြတာတွေကိုလည်း အားလုံး တွေ့မြင် နေရပါတယ်။ ကျွန်တော်တို့မှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ သိမ်းဆည်း လယ်ယာမြေတွေကို မူလသိမ်းဆည်းခံ ပြည်သူတွေဆီကို ပြန်လည် လွှဲပြောင်း ပေးရာမှာ ပိုင်ဆိုင်မှု ခိုင်မာစေဖို့အတွက် တည်ဆဲဥပဒေများနဲ့အညီ  အချိန်ယူ ဆောင်ရွက် ပေးရပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့  မြို့နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးတွေ ဖွင့်လှစ်ပြီး ဖြေရှင်းပေးနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရားမျှတမှု အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း အလျဉ်းသင့်တုန်း တိုက်တွန်းပြောကြား လိုပါတယ်။

ပြည်သူများရဲ့ နောက်ထပ်လိုအင်ဆန္ဒ တစ်ရပ်ကတော့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ပြည်ထောင်စုအဆင့်မှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီတွေရဲ့အောက်မှာ Myanmar Peace Center ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ၊ အကြိုဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး အသိပညာပေးမှုတွေ ဖြစ်ပေါ်လာအောင် နည်းပညာနဲ့ အတွေ့ အကြုံကောင်းတွေကို မျှဝေဖော်ဆောင်ပေးလျက် ရှိပါတယ်။ မကြာခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်။ နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက် အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှုတွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူနိုင်မယ့် အကောင်းဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိ နေပါပြီ။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက် ပြည့်ဝတဲ့ လူနေမှုဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

ငြိမ်းချမ်းသွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘိန်းအစားထိုး ဝင်ငွေရရှိမယ့် လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ ပေါ်ထွန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့လည်း ဒီဒေသတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အခြေခံတွေရရှိစေဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရ မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့သွားနိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို မကြာမီကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျ ကြိုးပမ်းဖော်ဆောင်နိုင် ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာ မရှိမဖြစ် အဓိက လိုအပ်လျက်ရှိတဲ့ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် စေတနာ ထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးသော ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ၊  ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင် ပညာရှင်များနဲ့ ပါဝင်ကူညီကြတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဒီကနေ့ အစပြုဖော်ဆောင်နေတဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို လွှဲပြောင်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေအနေနဲ့ ဗလငါးတန်ပြည့်စုံစွာနဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည် လွှဲအပ်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြရမှာ  ဖြစ်ပါတယ်။

မကြာမီက ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ ဆုတံဆိပ်ပေါင်း (၂၃၃) ခု ရယူ ပေးခဲ့ ပါတယ်။ အလားတူ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ဆုတံဆိပ် (၉၆) ခု ရယူပေးခဲ့ပါတယ်။ ဒီလူငယ်တွေ လျှောက်သင့်တဲ့ ချောမွေ့တဲ့ လမ်းကြောင်းအမှန်ကို ကျွန်တော်တို့ ခင်းပေးကြရ ပါမယ်။ ကျောင်းသားတွေရဲ့ အရေးအရာကိစ္စတွေကို ကျောင်းသားတွေ ကိုယ်တိုင် မြှင့်တင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီမံလေ့ကျင့် ပေးကြရပါမယ်။

ကျွန်တော်တို့ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံလူငယ်တွေနဲ့ ကူးလူးဆက်သွယ် နှီးနှောဖလှယ်ပြီး အာဆီယံ လူငယ် ဖိုရမ်တွေကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ Youth Center ကိုလည်း ရန်ကုန်မှာ ဖွဲ့စည်း တည်ထောင်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့ ဒီကနေ့ ဖော်ဆောင်နေတဲ့ ပြည်သူလူထုဗဟိုပြု စီမံခန့်ခွဲမှုတွေဟာ ဒီကနေ့ဆိုရင် အသီးအပွင့်တွေ စတင် ခံစားနေကြရပါပြီ။ ဒီလွှတ်တော်ကြီးမှာ ဆွေးနွေး ညှိနှိုင်း ခွင့်ပြုပေးခဲ့လို့ နှစ်စဉ် (၂) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်တွေဟာ ဒီကနေ့ ဒီအချိန်မှာ ပြည်သူတွေအကြားကို ပျံ့နှံ့သွားခဲ့ပြီး ထိထိရောက်ရောက် အကျိုးပြု နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသတွေကို အလေးထားပြီး စောင့်ရှောက်မှု မြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဝေးလံတဲ့ ကျေးလက်ဒေသများနဲ့ မြို့ပြဆင်ခြေဖုံးဒေသများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေဖို့ ရည်ရွယ်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတဲ့ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ အရပ်သား ပညာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အမှန်တကယ် စေတနာပါပါနဲ့ ဆောင်ရွက်တဲ့အခါမှာ ထိရောက်အောင်မြင်တာ တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို တိုင်းတာတဲ့ တစ်မျိုးသားလုံး ဂျီဒီပီ တိုးတက်မှု နှုန်းထားကို ပြန်ကြည့်ရင် (၅) ရာခိုင်နှုန်းအောက်မကျဘဲ ထပ်ဆင့်တိုးတက်နေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်တဲ့ အနေနဲ့ ဒုတိယဝန်ကြီးတွေကို ဆပ်ကော်မတီ (၂၇) ခု ဖွဲ့စည်းပေးပြီး လပေါင်း (၃ဝ) ရည်မှန်းချက်တွေအတွက် တာဝန်တွေ တိတိကျကျ ပေးအပ်ထားပြီး အောက်ခြေ ပြည်သူတွေကြားအထိ ဆင်းပြီး ဆောင်ရွက်စေလျက် ရှိပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာလည်း ဗဟိုကနေ စီမံကိန်းရေးဆွဲပြီး လျာထားတဲ့ စနစ်အစား ပြည်သူလူထုဗဟိုပြု ဘတ်ဂျက်ရေးဆွဲတဲ့စနစ် ဖြစ်လာအောင် ဒီကနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါပြီ။ မြို့နယ်အလိုက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ အထောက်အကူပြု ကော်မတီတွေ၊ မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အတွက် လိုအပ်ချက်တွေကို ဦးစားပေးအလိုက် ခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တဲ့ ဘတ်ဂျက်ရေးဆွဲမှုစနစ်သစ်ကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ မြို့နယ်စီမံကိန်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်တော်တို့နိုင်ငံကို လုပ်နိုင်ပါ့မလား၊ နောက်ကြောင်း ပြန်လှည့်မှာလားဆိုတဲ့ သံသယ မျက်လုံးတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ကြည့်ခဲ့ကြပါတယ်။ သုံးနှစ်တာခရီးမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ၊ အကျပ်အတည်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းပေါ်က ချော်ထွက် မသွားခဲ့ပါဘူး။ လမ်းကြောင်းမှန်ပေါ်မှာ ရှေ့သို့ ခရီး ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် လမ်းကြောင်း သွေဖည်သွားလိုက်တာနဲ့ ပန်းတိုင်နဲ့ အလှမ်း ဝေးကွာခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရှိနိုင်ပါတယ်။ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လျှောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကြိုးပမ်းအားထုတ် လျှောက်လှမ်းခဲ့တဲ့ ရလဒ်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဒီကနေ့ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေသစ်တစ်ရပ်ကို ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဖန်တီးနိုင်ခဲ့ပါပြီ။ အမြင် မတူမှုတွေ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကြီးမားတဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေး ကျင့်စဉ်ကောင်းတွေကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ပုံဖော်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ကို ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံ့သမိုင်းစဉ် တစ်လျှောက် ပဋိပက္ခများအကြား သံသရာလည်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟောင်း ကို ဒီယဉ်ကျေးမှု အသစ်နဲ့ အစားထိုး နေရာယူနိုင်အောင် ကျွန်တော်တို့တစ်တွေ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတိတ်က ပါလီမန်အုပ်ချုပ်ရေး စနစ်မျိုးကို ပြန်လည် အသက်သွင်းဖို့ဆိုတာ လိုက်လျော ညီထွေ မဖြစ်နိုင်တော့ပါဘူး။ အတိတ် သမိုင်းမှာ ဂိုဏ်းဂဏအစွဲတွေ၊ အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပဋိပက္ခတွေကြောင့် ရှည်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံမတိုးတက်ခဲ့ရတာကို ကျွန်တော်တို့ သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ရှင်းလင်း ပြတ်သားစွာနဲ့ လက်တွေ့ကျတဲ့ အဖြေတွေ ရရှိလာအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ သဘောသဘာဝကို နားလည်ထား မယ်ဆိုရင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေ ရရှိဖို့ဆိုတာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းမှ ရနိုင်မှာ ဖြစ်တာကို သဘောပေါက်နိုင်ပါတယ်။  

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (၂) နှစ်တာကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။ သို့သော်လည်း ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ ကိစ္စဟာ အထူးပဲအရေးကြီးကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာ သိရှိနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်းချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်းတွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း စီမံပေးကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာလေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒီ့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှုတွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဥပဒေပြု လွှတ်တော်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့နဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် အဆင့်ဆင့် ထားရှိ အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အောင်မြင် ခဲ့တာတွေရှိသလို၊ မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ လုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တာတွေကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်ရာမှာ ပြီးခဲ့တဲ့ အားသာချက် အားနည်းချက်များ အပေါ် သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ -

နိုင်ငံတကာက အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဆိုပြီး ခေါ်ဆိုခဲ့ရာကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံ အဖြစ် ပြောင်းလဲလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင် သုံးသပ်ဖွယ် မှတ်တမ်းအဖြစ် ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကို လေ့လာပြီး ဒီမိုကရေစီ ထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့ အတွက် ဆင်ခြင် တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင် ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက်  ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိ အတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်တဲ့  ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ညီညွတ်မှန်ကန်စေဖို့ သတိပြု ကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာ စေလျက် အပြန်အလှန် ထိန်းညှိနိုင်တဲ့အခြေအနေ ရောက်ရှိအောင် ဖော်ဆောင်ကြရပါမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပျက်စီးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ဒီလွှတ်တော်ကြီးထဲမှာ ကိုယ်စားလှယ်တွေ ငါးနှစ်တစ်ကြိမ် ပြောင်းလဲသွားမှာ ဖြစ်သလို ကျွန်တော်တို့ အစိုးရဟာလည်း ငါးနှစ်တစ်ကြိမ် တာဝန်ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကတော့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်စဉ် တိုင်းကျိုးပြည်ပြု ဘယ်လောက် စွမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်း အလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုး နိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

From: နိုင်ငံတော်သမ္မတရုံး

Saturday, February 01, 2014

သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီ မိန့်ခွန်းမှာ ဘာတွေ ထူးသလဲ

Posted by drmyochit Saturday, February 01, 2014, under | No comments

လစဉ် ရေဒီယိုကတဆင့် မိန့်ခွန်းပြောကြားလေ့ ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောဆို ထားပါ တယ်။

ဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဋ္ဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တာ၊ ဒီကတဆင့် ဖားအံ ဆွေးနွေးပွဲကျင်း ပမယ့်အကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ကျတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကိစ္စလက်မှတ်ထိုးနိုင်မယ့် ကိစ္စလည်း ပါဝင်သလို နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ဆက်သွယ်ခွင့်ရပြီး အမေရိကန် ဒေါ်လာ သန်း ၂ ထောင် ကိုလည်း စတင် ထောက် ပံ့ ချေးယူခွင့် ရတာကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီအပြင် ဦးသိန်းစိန်က အမျိုးသား ကျန်းမာရေး ကိစ္စ၊ ပညာရေး ကိစ္စတွေလည်း ထည့်သွင်းပြောဆိုသွား ခဲ့ပြီး နိုင်ငံတကာမှာ ပညာသင်ယူနိုင်ဖို့ နိုင်ငံတော် သမ္မတ ပညာရေးသင်ဆု ကိုပေးဖို့ အဖွဲ့ကိုလည်း ထူထောင် ထားပြီဖြစ်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဒီအပြင် မြန်မာနိုင်ငံမှာ အဆိုးဆုံးအခြေအနေတခုဖြစ်တဲ့ မြေယာသိမ်းဆည်းမှုကိစ္စတွေလည်း ထည့်သွင်း
ပြောဆိုထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပြည့်အစုံကတော့...

နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း(၁.၂.၂၀၁၄)

မိဘပြည်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြား နေကျဖြစ်တဲ့အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေ များ
နှင့်ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်းဖြစ် ပါတယ်။

လက်ရှိကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်များးမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကြပ်အတည်းများ ရှိနေ
ခြင်းဟာ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းမှာ တွေ့ကြုံရတဲ့ အရှိတရားများပင် ဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေရဲ့ အကျိုးဆက်ကြောင့် ထင်သာမြင်သာရှိတဲ့ ရလဒ်များ ထွက်ပေါ်ခြင်း မရှိသေးတဲ့ ကိစ္စရပ်များအတွက် စနစ်တကျ အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ခိုင်မာတဲ့သန္နိဌာန်နဲ့ လုပ်
ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

သမိုင်းကြောင်းနဲ့ချီတဲ့ လိုအပ်ချက် များရှိခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တဲ့အခါ ဖြည့်ဆည်းရမယ့်ကွပ်လပ်များ၊ လိုအပ်ချက်များကို ရုတ်ခြင်းအဖြေထုတ် အပြောလွယ် သလောက် လက်တွေ့မှာ လုပ်ရတာ အလွန်ခက်ခဲပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဆောင်ရွက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်များ ဟာ ရေဆန်ကူးရ သကဲ့သို့ ခက်ခဲတဲ့လုပ်ငန်းများကို လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ စိန်ခေါ်မှု ကြီး မားသော်လည်း ကျွန်တော်တို့အစိုးရ တာဝန်ယူချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာတဲ့သန္နိဌာန်နဲ့ ဆောင် ရွက် ခဲ့ တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးစုံသော အခက်အခဲ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစုများနဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စီကျရာ အခန်းကဏ္ဍက ပါဝင်ပူးပေါင်း
ဆောင် ရွက်နိုင်ခဲ့ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့မှာ အာမခံချက်ရှိတဲ့ တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရေးထိုးရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ နိုင်ငံရေး
ဆွေးနွေးမှု နည်းလမ်းများနဲ့ ဖြေရှင်းအကောင်အထည်ဖော်နိုင်မယ့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အရုဏ်ဦးကို ရောက်ရှိဖို့ အဆင့်ဆင့် တစ်လှမ်းနေတာ ဖြစ်ပါတယ်။

လက်တလောရရှိထားတဲ့ အောင်မြင်မှုကတော့ ကရင်ပြည်နယ်၊ လောခီလာဒေသမှာ KNU က ဦးစီးကျင်း ပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်း ပဲ ဖြစ်ပါတယ်။

ထိုဆွေးနွေးပွဲများမှ ရရှိလာတဲ့ ရလဒ်ကောင်းများကို အခြေခံပြီး လိုအပ်မယ့် အဆင့်ဆင့်ညှိနှိုင်း မှုတွေ
ပြုလုပ်ပြီး မကြာမီကာလအတွင်း ကရင်ပြည်နယ်၊ ဘာအံမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စရြေးဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက် ရက်သတ် မှတ်ခြင်းနဲ့ အသေးစိတ် အချက်အလက်များ ဆက်လက်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။

ထိုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်
ရေး အတွက် လိုအပ်မည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်သတ်မှတ်ခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အဆင့်များကို တက်လှမ်းနိုင်ငံတော့မှာ ဖြစ်ပါတယ်။

ဤကိစ္စရပ်များသည်ပင်လျှင် မိမိတို့အားလုံး မဆုတ်မနစ်သော ဇွဲလုံလဖြင့် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး ရလဒ် များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရေးနဲ့ အပြိုင် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး
စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အခြေခံမှစ၍ ပြုပြင်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယခုလိုစတင်ဆောင်ရွက်လာနိုင်ခြင်းဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက ရရှိလာတဲ့ ပွင့်လင်း လွတ်လပ် မှုတွေနဲ့ နိုင်ငံတကာထောက်ခံမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုလအတွင်း ထင်သာမြင်သာရှိတဲ့ ကိစ္စ ကတော့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ပြီး ပူးပေါင်း ဆောင် ရွက်နိုင်မှုနဲ့ အကူအညီများရရှိခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်မှုတွေကို အထိရောက်ဆုံး ဖြစ်စေဖို့ အားဖြည့်တဲ့ အနေနဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ယခုလ အတွင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။

အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ကို ပညာရှင် များနဲ့ ညှိနှိုင်းဆွေးနွေးပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။

ဒီစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)တို့ ပူးပေါင်းဆောင်ရွက်ပြီး ရေတို ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်။

Universal Health Coverage လို့ခေါ်ဆိုတဲ့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် အဓိကအကျဆုံး ဖြစ်တဲ့ကိစ္စရပ် ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများကဲ့သို့ပင် မိမိတို့ ရဲ့ကိုယ်ပိုင်စနစ်တစ်ရပ် ဖြစ်ရန် မှန်ကန်တဲ့ ရွေးချယ်မှုများနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ယခုလို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ပိုင်ဆိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အခက်အခဲ များ၊ အက်ြပအတည်းများနဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ ကျော်လွှာခဲ့ကြရတာကိုလည်း သင်ခန်းစာ များအဖြစ် ရယူကြရ မှာ ဖြစ်ပါတယ်။

ထိုသင်ခန်းစာများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံများနဲ့
ပေါင်းစပ်ပြီး မိမိတို့နဲ့ သဟဇာတဖြစ်မယ့် စနစ်တရပ် ပေါ်ပေါက်လာရေးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် အလွန်ရေးကြီးပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းမျိုးစုံနဲ့ ပညာရေးအခြေပြုအဖွဲ့အစည်းများ၊ ပညာရှင်များ ဟာလည်း မြန်မာနိုင်ငံ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီးကျယ်ပြန့်စွာ ဆွေးနွေးလုပ်ဆောင်နေတာတွေကို လည်း တွေ့မြင်ရပါ တယ်။

ယခုလို ပြင်ဆင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးငြင်းခုံမှုတွေကနေတစ်ဆင့် များမကြာမီကာလမှာ ရလဒ်
ကောင်းတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ ကျပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ရေရှည်အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာပြီး တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို နိုင်ငံတကာတက္ကသိုလ်များမှာ ထူးချွန်တဲ့ မြန်မာသားလူငယ်များ လေ့လာသင်ယူနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆုအစီအစဉ် ကို ဖွဲ့စည်းထူထောင်သွားဖို့ စီမံထားပြီး ဖြစ်ပါတယ်။

အခြားတိုးတက်မှု ဖြစ်ထွန်းမှု တစ်ခုအနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ စံနှုန်း လိုအပ် ချက်တွေ မပြည့်ဝမှုတွေကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုနေကြတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအသီးသီး ရှိနေတာကို တွေ့မြင်ရပါတယ်။

ယခုလို ဆန္ဒဖော်ထုတ်မှုတွေကတစ်ဆင့် ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေတွေ ပေါ်ထွက်လာရေး တောင်းဆို မှုတွေ ဟာ တစ်ဖက်က မိမိတို့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များကို ထင်ဟပ်စေပြီး အပြုသဘောဆောင် တဲ့ တောင်းဆိုမှုတွေက နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အားဖြည့်ပေးရာ ရောက်တယ်လို့ ရှုမြင်ရမှာ ဖြစ်ပါ တယ်။

တဖက်မှာလည်း မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော် ထုတ် မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်
ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အတွက် အခက်အခဲဆုံးနဲ့ အကြပ် တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ စီမံချက်များချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေး ထား ဆောင်ရွက်လျက် ရှိပါ တယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲံအိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်း စီမံဆောင်ရွက် နေပါ တယ်။

သို့သော်လည်း ဥပဒေမဲ့ တရားမဝင်ကျူးကျော် ဝင်ရောက် အခြေချမှုများကိုတော့ အသေအချာ စိစစ် ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီလထဲမှာ အာဆီယံအားကစားပြိုင်ပွဲရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မသန်စွမ်း အားကစားပြိုင်ပွဲကိုလည်း ကျင်းပ နိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့ အားကစားသမားများ အတွက် ဂုဏ်ယူမိပါတယ်။

ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးချို့တဲ့သည့်တိုင်အောင် သူတို့ဟာ လူ့အဖွဲ့ အစည်းအတွက် တန်ဖိုးရှိရှိ အလုပ်အကျွေးပြုနိုင်ကြောင်း သက်သေပြတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့ရဲ့ လုပ်အားများကို နိုင်ငံတော် တည်ဆောက်ရေး အတွက် သင့်တော်တဲ့နေရာတွေမှာ တာဝန်ယူနိုင်စွမ်း ရှိသေးတယ်ဆိုတဲ့အချက်နဲ့ သူတို့ကို လက်တွဲခေါ်ဆောင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံး လာနိုင်စေဖို့ မြှင့်တင်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

ယခုလအတွင်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ပုဂံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အာဆီယံဥက္ကဌတာဝန်ယူပြီး ဒေသတွင်းမှာ ဦးစီးဦးဆောင်ပြုရမယ့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှု၊ ကူးသန်းရောင်း ဝယ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသတွင်းလုံခြုံရေးနဲ့ နည်းပညာ၊ စတဲ့ကဏ္ဍတွေမှာ အကျိုးဖြစ် ထွန်းစေမယ့် အလားအလာကောင်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။

များမကြာမီကာလများမှာ စတင်ကျင်းပဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုး သား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများပါဝင်တဲ့ နိုင်ငံရေး
ဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့အခါ ၄င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေးရရှိချက်များကို ချန်လှန်မထားခဲ့မိဖို့ သတိပေးတိုက်တွန်း လိုပါတယ်။ တိုင်းရင်းသားများ၏ အဓိက တောင်းဆိုမှုများဖြစ်သည့် တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်
ပြဌာန်းခွင့် ရရှိရေးနဲ့ တိုင်းရင်းသားအခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ထိန်း သိမ်းနိုင်ရေးမှအစပြုပြီး ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအထိ ကျယ်
ပြန့်စွာဆွေးနွေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစရှိတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ထိုပြင်ဆင်ရေး ကိစ္စရပ်များသည်လည်း အခြေခံဥပဒေ အသက်ဝင်ရှင်သန်ရေးအတွက် အဓိကကျတဲ့ ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများ ပြည့်မီရေးအစရှိတာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ကြရမှာ လည်း ဖြစ် ပါတယ်။

ဒါကြောင့် အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ နိုင်ငံရေးအင်အားစုများဖြစ်တဲ့ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များအားလုံးဟာ ယခုလုပ်ဆောင်လျက်ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အထက်ပါကိစ္စတွေကို ထည့်သွင်းပြင်ဆင်ထားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။

အချုပ်အားဖြင့် ယနေ့ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်လျက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲများ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးထားပြီး မိမိယုံကြည်တဲ့ နည်းလမ်းများနဲ့ ကြိုးပမ်းရင် ဆိုင် ကျော်လွှားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒီနေရာမှာ အထူးပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကရင်ပြည်နယ် လောခီလာဒေသတွင် မကြာမီကာလက ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံမှာ မတူညီကွဲပြားသည့် သဘောထားရပ်တည် ချက် များနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက်တစ်ခုအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ကြိုးပမ်း အားထုတ် ခဲ့ကြတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ခေါင်းဆောင် များ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်အနေနဲ့ အထူးသတိပြုမိခဲ့တဲ့ အချက်တစ်ခုကတော့ ထိုညီလာခံမှာ KNU ဥက္ကဌ စောမူတူးစေဖိုး
ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းရန် “ရဲရဲဝံ့ဝံ့လ က်မှတ်
ရေးထိုး သမိုင်းတင်ကြပါ” ဆိုတဲ့ တိုက်တွန်းပြောဆိုချက်ပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ မိမိတို့ မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အလွန်ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုကို တိုင်းရင်း သားများအားလုံး ကျွန်တော်တို့နဲ့အတူ လက် တွဲကြိုးပမ်းကြရန် ခိုင်မာတဲ့ရပ်တည်ချက်တစ်ရပ် တက် လှမ်းနိုင်ရေးအတွက် တိုက်တွန်းပြောကြားသွားခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုခက်ခဲတဲ့ နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ခြင်းသည်ပင်လျှင် အခု ကျွန်တော်ပြောဆိုနေ တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်နဲ့ နိုင်ငံရေး အခင်းအကျင်းသစ်များ တည်ဆောက်ခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပြီး ဤတည်ဆောက်မှုများကနေ ရလဒ်ကောင်းများ ရရှိမယ်လို့ အမှန်တကယ် ယုံကြည် ကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီမိန့်ခွန်း အသံကို အောက်မှာ နားထောင်နိုင်ပါတယ်။
ဧရာဝတီ

Tuesday, October 01, 2013

"ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူသို့ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ"

Posted by drmyochit Tuesday, October 01, 2013, under | No comments


မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေ ကျဖြစ်တဲ့အတိုင်း ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ခင်လကအထူးပြုပြောကြားခဲ့
တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေးပြောကြားသွားမှာဖြစ်ပါတယ်။ လက်ရှိမြန် မာနိုင်ငံ မှာ ရရှိထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှုများဟာလည်း ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ် များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့အတွက် ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက် နဲ့ သဘောထားတွေ ကို ရှင်းလင်း တင်ပြ သွားမှာဖြစ် ပါတယ်။

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက်ကြိုးပမ်းခဲ့ကြပါတယ်။ လုပ်ဆောင်မှု ပုံစံနှင့် စိတ်စေတနာ မှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံး အဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ် ပါတယ်။ သေချာ တဲ့အရှိတရားတစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူ လူထု တစ်ရပ်လုံး လိုလားတောင့် တနေတဲ့ ခိုင်မာ၍ရေရှည် တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတာ ပဲဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေးအရှိတရားပဲဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်တွေ့သင်ခန်းစာတွေက ညွှန်ပြနေတဲ့အချက်တစ်ခုကတော့ တိုင်းရင်းသား များအားလုံးပါဝင်တဲ့ ခိုင်မာ၍ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင်ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများဖြေ ရှင်းပြီးငြိမ်းချမ်းရေး တည်ဆောက်မှုအောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။

ကျွန်တော်တို့အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာကျွန်တော့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အားလုံးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ မပါဘဲ စိတ်ရင်းစေတနာသန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ ပါတယ်။

လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီး သီးရဲ့ မှန်ကန်တဲ့စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီးယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်းနိုင် ခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အဆင့်ဆင့် အောင်မြင် စွာရေး ထိုးနိုင်ခဲ့ သည့်တိုင် မလွှဲမရှောင်နိုင်ခဲ့တဲ့ ထိတွေ့မှုများဖြစ်ပွားခြင်းများရှိသလို တပ်မတော် နဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း အဆင့်ဆင့်ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာ ကိုရှောင်လွှဲနို င်ခဲ့တဲ့ သာဓကများ ရှိတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ တိုက်ပွဲကြီး/ငယ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို လည်း ဆွေးနွေးညှိနှိုင်းမှုနည်းလမ်းများနဲ့ စစ်ရှိန်လျှော့ ချနိုင်ခဲ့ တာပဲဖြစ်ပါတယ်။

ဒီသာဓကတွေကိုကြည့်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ အပါ အဝင် ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြ တယ် ဆိုတဲ့ အချက် ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေ ကို အခြေခံပြီး ညှိနှိုင်းမှုများကို ဇွဲသန်သန်ဖြင့် လုပ်ဆောင်နို င်ခဲ့တယ် ဆိုတဲ့ အချက်နှစ် ချက် ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်ပေါင်းများစွာရှိနေတဲ့ကြားက ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်
အတွက် ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုများကို ချိန်ထိုးကြည့် မယ်ဆိုရင် တစ်ဖက် ကရှိနေတဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက များစွာကျော်လွန် တဲ့အတွက် ကျွန်တော်တို့နဲ့ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့ အစည်း အသီး သီး ရဲ့ ခေါင်းဆောင်များကိုလည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ကိုလည်းကောင်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံးရလဒ်ကတော့ မိမိတို့ သဘော အလျောက် ပြည်ထောင်စုအတွင်းပါဝင်ခြင်းဆိုတဲ့ အခြေခံမူကိုထင်ဟပ်စေတဲ့ ပြည်ထောင် စုမှ ခွဲထွက်ခြင်းမပြုဆိုတဲ့သဘောထားရပ်တည်ချက်များကို တိုင်းရင်းသားများအားလုံးက အခိုင်အမာ ဆုပ်ကိုင် ထားမှုပဲဖြစ်ပါတယ်။

အထက်ပါဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် တစ်ပြည်လုံး အတိုင်း အတာ အကျုံး ဝင်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီကာလများမှာ ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် သဘော တူညီချက်များရေးထိုးစဉ်က တောင်းဆို ထားတဲ့ အချက် ကို အကောင် အထည်ဖော်ဖို့အတွက်ဖြစ်ပါတယ်။ အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပစ် အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန်ကြိုးပမ်းမှုမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများကို အခြေခံဇာစ်မြစ်များမှ ဖြေရှင်းနိုင် ရန်အ တွက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုနိုင်ရန်ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ရရှိစေဖို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင် မှုတွေဖြစ်တဲ့နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်(Political Dialogue Framework)များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်၊ မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ၊လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆ င့်ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှုရရှိအောင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များသဘောတူညီချက်ရရှိပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊ အချိန်ကာလမည်မျှ သတ်မှတ်ထား ရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့် ဆင့်ကို ဆွေးနွေးညှိနှိုင်းမှုများအပေါ်အခြေခံ၍ ကျွန်တော့် အနေဖြင့် ပြည်သူလူ ထုတစ်ရပ်လုံးကို အလျဉ်းသင့်သလိုတင်ပြသွားမှာလည်း ဖြစ်ပါတယ်။

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထား နဲ့ရပ် တည်ချက် ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် အချက်များကို အခြေခံမူများအဖြစ်ခံယူပြီး အပြုသဘောဆောင်သည့် နိုင်ငံတည်ဆောက်ရေး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးခိုင်မာစေရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုများအားလုံးကို တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ကျွန်တော့်အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလလယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ရှင်သန်ခိုင်မာစေဖို့ ကျွန်တော်တို့ အနေနဲ့ အစဉ်ရှေးရှုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ထူးခြားမှုတစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊
မန္တလေး၊ မောလ မြိုင၊် မြစ်ြကီး နား အစရှိတဲ့မြို့ကြီးတွေမှာ ငြိမ်းချမ်း ရေးပွဲတော်တွေကို ပြည်သူ လူထုရဲ့ အသ၊ံ ဆန္ဒတွေကို ထင်ဟပ်ပြီး ဝိုင်းဝန်းကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ ဆန္ဒ၊ အထူးသဖြင့်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေး ကို လိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကနေပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှား မှုတွေ၊ အနုပညာ လှုပ်ရှား မှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှုရရှိမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမို ကရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်
ဆောင်ရွက် လာ ခဲ့တာမှာ ဒီမိုကရေစီနဲ့ခွဲခြားလိုမရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော်ပေးခဲ့ တာကို မိဘပြည်သူများအသိပင်ဖြစ်ပါတယ်။

လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့် ကိုလည်းအရှေ့တောင် အာရှနိုင်ငံ အတော်များ များ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။လွတ်လပ်ခွင့် ရှိလာတာနဲ့ အမျှ တာဝန် ယူမှုလည်း ပိုမို တိုးတက် လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင် ကိုဖန်တီးနိုင် မှာဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို မျိုးစေ့ချဆောင် ရွက်နေ တဲ့အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေအမြစ် မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ် မှုတွေ ပြုလုပ်ခြင်းကိုရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြား လိုပါတယ်။ ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်း စဉ်ကြီး ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန် အခါ မျိုးမှာ မီဒီယာ လွတ်လပ် ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊မီဒီယာစည်းကမ်းနဲ့မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ကျွန်တော့်အနေနဲ့ ထပ်မံပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးများနဲ့ ပတ်သက်ပါတယ်။ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူမယ့် ကျန်တဲ့ အချိန်တွေမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကိုထိရောက်စွာ အကောင် အထည်ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊အင်အားတွေနဲ့ အစိုးရရဲ့လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော် မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော် မတီအ ဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက ပြည်နယ်/တိုင်းဒေသကြီးအားလုံးကို ကွင်းဆင်းသွားရောက်ခဲ့ပြီး ပွင့်ပွင့် လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သလို ပြည်သူလူထုရဲ့ နေ့စဉ် ဘဝဆိုင်ရာ လက်တွေ့သတင်းအချက်အလက်တွေကို ရယူခဲ့ပါတယ်။ ဒီအချက်အလက်တွေအပေါ် အခြေခံပြီးနောက် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတဲ့အခါမှာ ပြည်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့လိုအပ်ချက်နဲ့ အမှန်တကယ်ကိုက်ညီစေမယ့် ဘတ်ဂျက်ကိုရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပါဝင်တာနဲ့ အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာမှာဖြစ်တဲ့အတွက် ဒီဖွဲ့စည်းထားတဲ့ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြုတိုက်တွန်းကြဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ်။

ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြစ်ထွန်းတိုးတက်မှုများ၊ သဘောထား ရပ်တည် ချက်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့အတွက် အားရကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ် စဉ်ကိုစိုးရိမ်စိတ်တွေ၊သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက် တဲ့ရှင်း လင်း မှုတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ပတ်သက်လို့ ရှေ့မှာပြောကြားခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူအသီးသီးရဲ့ စိတ်ရင်းစေတနာကို အခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့အတွက် အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေးပါတီများ၊နိုင်ငံရေးအင်အားစုအသီးသီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊စီးပွားရေး အသင်း အဖွဲ့များ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။
လက်ရှိ အြေ ခအနေမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေးအင်အားစု
တစ်ရပ် တည်ဆောက်နိုင်မယ်ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တာဝန်ယူထားတဲ့ သက်တမ်းအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိ
အောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာအောင် နောင် အနာဂတ် မျိုးဆက်တွေ အတွက်ပါ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။


Popular Myanmar News Journal

Sunday, September 01, 2013

သမ္မတကြီးဦးသိန်းစိန် စက်တင်ဘာလဆန်း ရေဒီယိုမိန့်ခွန်း နားထောင်ရန် (Youtube)

Posted by drmyochit Sunday, September 01, 2013, under | No comments


ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု  အလေးထားကြောင်းကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။


From: Myanmar Express

Tuesday, July 02, 2013

" နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း"

Posted by drmyochit Tuesday, July 02, 2013, under | No comments


(နေပြည်တော် ဇူလိုင် ၂)
မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူ များထံ ရေဒီယို မှတစ်ဆင့် အသိပေး ပြောကြား နေကျ ဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို
 ပြောကြား ရခြင်းဖြစ် ပါတယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်---------------------ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်း လဲရေးများ အနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့တက်ရောက်သူအများဆုံး၊ အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များနဲ့ အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက် ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။ ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန် ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများနဲ့ စေတနာ့ ဝန်ထမ်း တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့ ဝါယမစိုက် ဆောင်
ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း
 ပြောကြားလိုပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားများဖြစ်စဉ်--------------------------------------------ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ 
သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်
အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့ မိသားစုများနဲ့ ထပ်တူထပ်မျှ 
ဝမ်းနည်းမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ 
ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ 
မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုး
ကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်
တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာတစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံသားများ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ 
အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာ
ကိုလည်း အထူး ဂရုပြုမိပါတယ်။ ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုး
သားချင်း စောင့်ရှောက်ကူညီမှု၊ ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်
တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့
 စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ILO ပိတ်ဆို့မှု 
ရုပ်သိမ်းခဲ့ခြင်း----------------------------- အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ယခုလအတွင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို စားပွဲ ဝိုင်းမှာ မျက်နှာစုံညီ အဖြေရှာ ဆွေးနွေး လာနိုင်တာတွေ၊ အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး 
လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ ဖွဲ့စည်းခွင့် ရလာတာတွေနဲ့ အဓမ္မ လုပ်အားပေးစေ
ခိုင်းမှု တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ 
ပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ILO ရဲ့ တင်းပြည့်ကျပ်ပြည့်
 အဖွဲ့ဝင်နိုင်ငံပြန်ဖြစ်လာတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာ
အလုပ်သမားများရဲ့ အခွင့်အရေးများကို  အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။
TIME မဂ္ဂဇင်းဖော်ပြချက်------------------------ မြန်မာနိုင်ငံရဲ့ လူအများစု ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် 
အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ 
လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် 
တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့ ပတ်သက်ပြီး ပြည်သူများအကြား အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ 
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ 
လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင် ရွက် နေတယ် ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ် 
လို့လည်း အလေးအနက် ခံယူထား ပါတယ်။ 

ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော 
ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ
 ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်
သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို
 ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ တခြားမျက်နှာစာ 
တစ်ဖက် မှာ ကြီးမားသည့် စိန်ခေါ်မှုများ၊ သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ 
သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ 
အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ---------------------------------------- ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ 

Moving Forward-------------------ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။မိဘပြည်သူများ ကျန်းမာကြပါစေ။

Credit to Hmuu Zaw


From:    MyanmaDaily.net

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်