Thursday, October 17, 2013

လာအို ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး

Posted by drmyochit Thursday, October 17, 2013, under | No comments


ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လာအိုနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားပြီဟု ယူဆရကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လာအိုလေကြောင်းပိုင် လေယာဉ်သည် မြို့တော် ဗီယန်တီအာနီမှ ပျံသန်းလာပြီးနောက် ပက်ခ်ဆီ အနီးတွင် ဆင်းသက်ရန် ချဉ်းကပ်လာစဉ် မဲခေါင်မြစ်ထဲ ပျက်ကျသွားခဲ့သည်။ ခရီးသည် (၄၄)ဦးနှင့် အမှုထမ်း (၅)ဦးတို့၏ ကံကြမ္မာသည် မျှော်လင့်ချက် မရှိနိုင်တော့ဟု ကယ်ဆယ်ရေးများက ဝန်ခံ ပြောကြားခဲ့သည်။

မဲခေါင်မြစ်ထဲတွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းများကို ကြာသပတေးနေ့၌ စတင်ရှာဖွေ တွေ့ရှိခဲ့ပြီး ဆယ်ယူမှုများ ပြုလုပ်လျှက် ရှိသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ပြင်သစ်၊ ဩစတြေးလျ၊ ထိုင်း၊ ဗီယက်စ်နမ်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အမေရိကန်တို့မှဖြစ်ပြီး လာအိုနိုင်ငံသား (၁၇)ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။ "ပက်ခ်ဆီ လေဆိပ်မှာ ဆင်းမလို့ အပြင်မှာ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် လေယာဉ်က မြစ်ထဲ ထိုးဆင်း ပျက်ကျသွားတာပါ။ ကြည့်ရတာ အရမ်းအားပြင်းတဲ့ လေတိုက်ခတ်မှု တစ်ခုနဲ့ ကြုံလိုက်ပုံပဲ။ ခေါင်းက စိုက်ဆင်းပြီး လေဆိပ်နဲ့ လွဲချော်သွားပါတယ်"ဟု လာအို ပြည်သူ့ လုပ်အားနှင့် ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရပိုင် လာအိုသတင်းအေဂျင်စီက မျက်မြင်များ၏ အဆိုကို ကိုးကားပြီး လေတိုက်ခတ်မှု အရှိန်အဟုန် အလွန်ပြင်းထန်သဖြင့် လေယာဉ်အဆင်းတွင် လွဲချော်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် တိုင်ဖွန်းမုန်တိုင်း နာရ်အီသည်လည်း ယခုလေယာဉ် ပျက်ကျမှုနှင့် ဆက်နွယ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ မြစ်ထဲတွင် အလောင်းအချို့ကို စတင်တွေ့ရှိနေပြီးနောက် ကယ်ဆယ်ရေးများက ယင်းတို့ကို ဒေသခံ ဆေးရုံတစ်ခုသို့ ပို့ဆောင်နေကြောင်းလည်း သတင်းများက ဆိုသည်။ ပျက်ကျသော လေယာဉ်သည် ATR 72-600 အင်ဂျင်နှစ်လုံးတပ် အမျိုးအစားဖြစ်ကြောင်းလည်း သိရှိရသည်။ လာအိုလေကြောင်းလိုင်းသည် သေးငယ်သော ကုမ္ပဏီလေး တစ်ခုဖြစ်ပြီး လေယာဉ် (၁၄)စင်းမျှသာ ပိုင်ဆိုင်ထားကာ ပြည်တွင်း ပို့ဆောင်ရေးကိုသာ အဓိက တာဝန်ယူပြီး ထိုင်းနှင့် တရုတ်တို့ကဲ့သို့ ဒေသတွင်း နိုင်ငံအချို့သို့လည်း ပြေးဆွဲ ပျံသန်းလျှက်ရှိသည်။

From: Planet Myanmar Network

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ။

Posted by drmyochit Thursday, October 17, 2013, under | No comments


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Wireless Dead Zone ဆိုတာဘာလဲ?

Wireless Dead Zone ဆိုတာ Wi-Fi လိုင်းမိရမယ့်နေရာဖြစ်ပေမယ့် အဲဒီနေရာမှာ Wi-Fi ကိုအသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်ပါတယ်။ Dead Zone ဖြစ်နေတဲ့ အခန်းတစ်ခုထဲဝင်သွားတဲ့ အခြေအနေမှာ Wi-Fi လိုင်းရုတ်တရက်ပြတ်တောက်သွားပါလိမ့်မယ်။ အဲလို နေရာမျိုးကို Dead Zone လို့ခေါ်ပါတယ်။

Wireless Dead Zone တွေဘာလို့ဖြစ်ရတာလဲ?

Wi-Fi Radio Waves တွေကို ဟန့်တားနှောင့်ယှက်တဲ့ အရာဝတ္ထုတွေ ကြောင့် Wireless Dead Zone တွေဖြစ်ပေါ်လာရတာပါ။Wireless Router ကို အိမ်ရဲ့ထောင့်တစ်နေရာမှာထားရှိခြင်းဟာ ဆန့်ကျင်ဘက် ထောင့် မှာ Dead Zone ကိုဖြစ်ပေါ်စေပါတယ်။

တစ်ချို့အိမ်တွေမှာ သံဇကာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ထူထဲတဲ့ Plaster Wall တွေ နဲ့တည်ဆောက်ထားကြပါတယ်။ အဲဒီ ကြီးမားတဲ့သံဇကာတွေက Wi-Fi Signals ကို Block လုပ်ကြပါတယ်။သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets လို ပစ္စည်းတွေ ကလည်း Wi-Fi Signals ကို ဟန့်တားကြပါတယ်။

Cordless Phones တစ်ချို့ကလည်းအသုံးပြုနေတဲ့အချိန်မှာ Wi-Fi Signals ကိုဟန့်တားကြပါတယ်။ Microwave Oven,Baby Monitors,Wireless Security Systems,Wireless Sound Systems စတဲ့ Devices တွေကလည်း ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

Wireless Networks များစွာရှိတဲ့ Apartment လို နေရာမျိုးတွေမှာလည်း Wi-Fi Signals ပျောက်တတ်ပါတယ်။ အခန်းတိုင်းမှာကိုယ်ပိုင် Wireless Router အသုံးပြုနေတဲ့အခြေအနေမျိုးမှာဖြစ်တတ်တာပါ။ အိမ်နီးနားချင်းတွေကသူတို့ရဲ့ Wireless Networks တွေကို သင့်ရဲ့ Wireless Channel နဲ့တူညီစွာ Configure လုပ်ထားရင်လည်း Wi-Fi Signals ပျောက်ဆုံးတတ်ပါတယ်။ သင့် Networks ရဲ့ Signal Strength ကိုကျဆင်းစေပြီး Dead Zones တွေကိုဖြစ်ပေါ်စေလို့ ဖြစ်ပါတယ်။

Wireless Dead Zone တွေကို ဘယ်လို သိနိုင်မလဲ?

Wireless Dead Zone တွေကို သိနိင်ဖို့အတွက်သင့် Smartphone ဒါမှမဟုတ် Wireless Device တစ်ခုကို သင့် Wi-Fi Network နဲ့ချိတ်ဆက်ပါ။ သင့်အိမ်၊ ရုံး၊ အဆောက်အဦး နေရာအနှံ့ကို ဖြည်းဖြည်းလျှောက်သွားကြည့်ပါ။ Smartphone က Wi-Fi Signal Indicator ကို ဂရုတစိုက်စောင့်ကြည့်ပါ။ Signal Strength က Zero ကိုကျသွားရင် သင် Dead Zone ကိုတွေ့ပါပြီ။ Signal Strength က တော်တော်ကျသွားတဲ့ နေရာတွေကလည်း Dead Zone တွေ ဖြစ်တတ်ပါတယ်။ Devices တစ်ခုနဲ့တစ်ခု Wi-Fi ဆွဲအားတွေကတော့ ကွဲပြားခြားနားကြပါတယ်။

တစ်ခုသတိထားရမှာက Wi-Fi Indicator က ချက်ချင်း Update မလုပ်ပေးနိင်ပါဘူး။ အဲဒီအတွက် သင့်ဖုန်းကို ကိုင်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်၊ နေရာတစ်ခုမှာရပ်လိုက်လုပ်ပေးမှသာ Dead Zone တွေကို ခြေရာခံသိရှိနိင်မှာပါ။

Wireless Dead Zone တွေကို သိနိုင်ဖို့ အတွက် Application တွေကိုလည်းသုံးနိင်ပါတယ်။ Android Phone မှာ Wifi Analyzer app ကိုသုံးနိုင်ပါတယ်။ Wifi Analyzer app က Wi-Fi Signal ရဲ့Strength ကို အသေးစိတ်ပြပေးနိင်ပါတယ်။ App ကိုဖွင့်ပြီး Signal Meter Screen ကိုဖွင့်ပါ။ သင့် Wi-Fi Network ကိုရွေးချယ်ပြီးနေရာအနှံ့ ဖြည်းဖြည်းချင်းသွားပါ။ နေရာအလိုက် Signal Strength တွေအတက်အကျ ဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။



Apple ကတော့ ဒီလို သတင်းအချက်အလက်တွေကို third-party apps တွေကိုရယူခွင့်မပြုပါဘူး။ အဲဒီအတွက် iOS,iPhone,iPod,iPod Touch အသုံးပြုသူတွေကတော့ App သုံးပြီး အဲဒီသတင်းအချက်အလက်တွေ မရရှိနိင်ပါ။ iOS Device တွေမှာပါရှိတဲ့ Wi-Fi Indicator ကိုပဲအသုံးပြုလို့ရမှာပါ။ Windows , Mac အသုံးပြုသူတွေကတော့ inSSIDer ဆိုတဲ့ Program ကိုသုံးနိုင်ပါတယ်။

Wireless Dead Zones တွေ မဖြစ်အောင်ဘယ်လို လုပ်မလဲ?

အခုဆိုရင် Wireless Dead Zone တွေရှိတဲ့နေရာတွေကိုသင်စမ်းသပ်သိနိင်ပါပြီ။ အဲဒီ Wireless Dead Zone တွေမဖြစ်အောင်ပြုလုပ် နိုင်တဲ့ နည်းတွေရှိပါတယ်။

• Router ကိုအိမ်ရဲ့ ထောင့်နေရာတွေမှာမထားသင့်ဘဲ အလယ်ကျတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပါ။

• Wireless Router ရဲ့ Antenna ကို ဒေါင်လိုက်အပေါ်တည့်တည့်ထောင်ပြီးအသုံးပြုပါ။ ရေပြင်ညီ ထားပြီးအသုံးပြုရင် Wi-Fi Signal ကိုအားနည်းစေပါတယ်။

• သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets,Microwave Oven , Aquarium တွေနားမှာ Router ကိုမထားသင့်ပါ။

• Wifi Analyzer , inSSIDer လို Tools တွေသုံးပြီး သင့်ပတ်ဝန်းကျင်မှာလူသုံးနည်းတဲ့ Wirless Channel တွေကိုရွေးချယ်သုံးပါ။ ပြီးရင်တစ်ခြား Wireless Networks တွေက ဟန့်တားနှောင့်ယှက်မှုနည်းအေင် Router ရဲ့ Settings ကိုပြောင်းလဲပါ။

• အပေါ်ကနည်းတွေက အလုပ်မဖြစ်ဖူးဆိုရင် Wireless Repeater သုံးပါ။ Wireless Repeater က Device တစ်ခုဖြစ်ပြီးမူလ Wi-Fi လိုင်းကိုရယူပြီး တစ်ဆင့် ပြန်လွှင့်ပေးနိုင်ပါတယ်။ ကျယ်ဝန်းတဲ့အိမ်တွေ၊ရုံးတွေမှာဆိုရင် အဲဒီ Device ကိုအသုံးပြု ပြီး နေရာအနှံ့ Wi-Fi Signal ကိုကောင်းစွာသုံးနိုင်ပါတယ်။

• Wired Connection တပ်ဆင်အသုံးပြုပါ။ ဥပမာအားဖြင့် သင့်အိပ်ခန်းကလွဲလို့ သင့်အိမ်တစ်ခုလုံးမှာ Wi-Fi လိုင်းကောင်းစွာရရှိတယ်ဆိုပါစို့။ ဒီလို အခြေအနေမှာ Router ကနေ သင့်အိပ်ခန်းကို Ethernet Cable တပ်ဆင်အသုံးပြုနိုင်ပါတယ်။

Wireless Dead Zones တွေရှိခြင်းမရှိခြင်းဟာ Router နဲ့ သူ့ရဲ့တည်နေရာ၊ အိမ်းနီးနားချင်းတွေ၊ သင့်အိမ်က နံရံတွေကို ပြုလုပ်ထားတဲ့အရာတွေ၊ သင့်မှာရှိတဲ့ Eletronic Devices တွေနဲ့သူတို့ရဲ့နေရာချထားမှုတွေ ပေါ်မူတည်ပါတယ်။ ဒါ့အပြင်တစ်ခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။ စာဖတ်သူရော Wireless Dead Zones လို ပြဿနာတွေကြုံတွေ့ဖူးလား? အပေါ်ကနည်းတွေ အပြင်နည်းတွေအပြင်တစ်ခြားကောင်းတဲ့ နည်းတွေရှိရင် Comments ရေးပေးခဲ့ပါအုံး။

Ref : http://www.makeuseof.com/tag/what-is-a-wireless-dead-zone-and-how-to-eliminate-it/

From: Myanmar ICT

နောဝှစ်ခ်ျနှင့်ပွဲကို အိုဇေးလ် လွဲချော်ဖွယ်ရှိနေ

Posted by drmyochit Thursday, October 17, 2013, under | No comments


အာဆင်နယ် ကွင်းလယ်လူ မီဆွတ်အိုဇေးလ် အနေဖြင့် နောဝှစ်စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဆွီဒင်ကို (၅-၃)ဖြင့် အနိုင်ရသည့် နိုင်ငံတကာ ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့သည်။ ၎င်းသည် ဗုဒ္ဓဟူးနေ့က Scanဖတ် စစ်ဆေးမှု ခံယူထားပြီး ရလဒ်ကို အာဆင်နယ်က စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၂.၅)သန်းဖြင့် အာဆင်နယ်က ဝယ်ယူထားသည့် ကစားသမားသည် ဒဏ်ရာအခြေအနေ ဆိုးရွားဖွယ် မရှိသော်လည်း နောဝှစ်ခ်ျနှင့်ပွဲစဉ်တွင် ပါဝင်ကစားနိုင်ရန် ရာခိုင်နှုန်း နည်းပါးနေကြောင်း သိရှိရသည်။

အိုဇေးလ်ကို ဒဏ်ရာရစဉ် ကုသမှုပေးခဲ့သည့် ဂျာမန် ဆေးအဖွဲ့ကိုလည်း အာဆင်နယ်က ဆက်သွယ်ဆွေးနွေး မှုများ ပြုလုပ်ထားသည်။ အိုဇေးလ်သည် ၎င်း၏ အသက်(၂၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျာမနီအတွက် ဂိုးသွင်းခဲ့ပြီးမှ ဒဏ်ရာရသွားခြင်း ဖြစ်သည်။ ပွဲချိန် (၄၄)မိနစ်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့်၌ ၎င်း၏ (၈)ဂိုးမြောက်ကို ဆွီဒင်ခံစစ်မှူး နှစ်ဦးကြားမှ အိုဇေးလ်က ကန်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျာမနီသည် ခြေစစ်ပွဲအားလုံး ပြီးဆုံးချိန်တွင် (၁၀)ပွဲကစား၊ (၉)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ဖြင့် ပြတ်ပြတ်သားသား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
soccer myanmar

လာမည့်နွေ၌ လျှပ်စစ်မီးဖြတ်တောက်မှု ရှိဦးမည်

Posted by drmyochit Thursday, October 17, 2013, under | No comments


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နွေရာသီတွင် လူနေအိမ်များ အလှည့်ကျမီးပေးစနစ် ရှိနေဦးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရ သည်။

”အလှည့်ကျစနစ်ရှိပေမယ့် အရင် လို အချိန်အကြာကြီးဖြစ်မှာတော့မဟုတ် ဘူး။ အနည်းအကျဉ်းပဲ ရှိမှာပါ” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အင်ဂျင်နီ ယာချုပ်ဦးတင်ေ မာင်ဝင်းက ပြောသည်။

ဓာတ်အားလိုအပ်ချက်မှာ နွေရာ သီတွင် ရေမှ ဓာတ်အားထုတ်လုပ်မှု လျော့နည်းခြင်းသည် အဓိက အချက်ဖြစ် ကြောင်း၊ ဓာတ်အားဖူလုံမှုရရှိရန် လို အပ်သလို ဆောင် ရွက်ပေးသွားမည် ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”အတတ်နိုင်ဆုံး ဓာတ်အားထုတ် လုပ်သွားမှာပါ။ မတတ်သာတဲ့အဆုံးမှ အလှည့်ကျမီးပေးတဲ့စနစ်ကို အသုံးပြု သွားမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

ဓာတ်အားလိုအပ်မှုကိုလည်း ထိုင်းဝန်ကြီးချုပ် ယင်းလပ်လှူဒါန်းထား သည့် မဂ္ဂါဝပ် ၂၅ဝ ရှိသော ဓာတ်အား ထုတ်လုပ်သည့် စက်ကို ယခုနှစ် ဒီဇင် ဘာတွင် မောင်းနှင်နိုင် ရန် စက်တပ် ဆင်မှုများ ပြုလုပ်နေကြောင်း ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ်အမြဲ ဖြစ်ပေါ်နေပြီး ရန်ကုန်တိုင်းဒေသ ကြီးမှာ ဓာတ်အားလိုအပ်ချက်အများဆုံး ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သည် ယခုနှစ် နွေရာသီ၌ ရန်ကုန်မြို့ ဓာတ်အား လိုအပ်ချက်ကို စက်မှုဇုန်များ မီးဖြတ်တောက်မှုများ ပြုလုပ်၍ ပေးခဲ့သော်လည်း လူနေအိမ်များ အချိန်ပိုင်း မီးပြတ်တောက်မှုမှာ မကာမိခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို နိုင်ငံတော်၏ ဓာတ်အားစနစ်မှ ဖြည့်ဆည်းပေးခြင်း ဖြစ်ရာ ဓာတ်အားစနစ်သို့ ပို့လွှတ်ပေး သော ဓာတ် အားပေးစက်ရုံများအနက် ၇၂ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဖြစ်ပြီး ၂၈ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးသုံးနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ ဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ သိရသည်။


PN-052၊ စိုင်းလမင်း

ဗုံးပေါက်မှုများသည် အစိုးရလုပ်သည်ဟု စွပ်စွဲမှုများမှာ အခြေအမြစ်မရှိ၊ သတ္တိရှိရင် နေပြည်တော်ကို သွားဖောက်ကြလို့ သရုပ်ဆောင်လူရွှင်တော် ဇာဂနာဆို

Posted by drmyochit Thursday, October 17, 2013, under | No comments


ယခုတလော မြန်မာနိုင်ငံအနှံ့ဗုံးပေါက်ကွဲမှုများ နှင့် ပတ်သက်၍ ဧရာဝတီမှ မစပ်စုက အနုပညာရှင်များ
၏ သုံးသပ်ဝေဖန်မှုတွေကို တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုအထဲမှ လူရွှင်တော် ဇာဂနာအား ဗုံးပေါက်ကွဲမှု
နှင့် ပတ်သက်ပြီး ထင်မြင်သုံးသပ်ချက်ကို မေးမြန်းရာတွင် ဇာဂနာက ဗုံးဖောက်သူတွေကို ရှုတ်ချပြီး သိုးနေပုတ်နေတဲ့ အတွေးအခေါ်တွေကို ထားခဲ့ရန်လိုကြောင်း သတ္တိရှိရင် နေပြည်တော်သို့ သွားဖောက်ကြ ဟု ဖြေဆိုခဲ့သည်။ 

"ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြ တာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။" သရုပ်ဆောင် လူရွှင်တော် ဇာဂနာက ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ် ယခင်တပ်မတော်အစိုးရလက်ထက်က မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုပြီး နိုင်ငံတကာနှင့် ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့ မလာရောက်ကြရန် အတွက် ထိုအချိန်ကနာမည်ကြီးအတိုက်အခံအချို့၏ နိုင်ငံတကာသို့ပိတ်ပင်ပြောဆိုမှုကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းများဆုံးရှုံးခဲ့ရသည်။


New Myanmar News

ဂိမ်မာတွေအတွက် ဖြေသိမ့်စရာ Hyperkin Retron 5

Posted by drmyochit Thursday, October 17, 2013, under | No comments


ခွန်နေ(AMMG)

လာမယ့်နိုဝင်ဘာမှာ PlayStation 4 နဲ့ Xbox One တို့ဈေးကွက်ထဲကို အပြိုင်နွဲကြပါတော့မယ်။ ကိုယ်စီကိုယ်စီ ကြိုင်တင်မှာယူမူတွေနဲ့ မထွက်ခင်ကတည်းက အလုံးရေသန်းနဲ့ချီလို့တောင် ရောင်းနေရပါ သတဲ့။ 

ဒီလိုအရည်အသွေးမြင့်ပြီး ရုပ်ထွက်ကောင်းတဲ့ ဂိမ်းစက်ကြီးတွေမပေါ်ခင်က ရှိတာလေးနဲ့ ရောင့်ရဲပြီး တစ်ချိန်တစ်ခါက အုံးအုံးကျွတ် လူကြိုက်များခဲ့တဲ့ ဂိမ်းစက်တို့ရဲ့ ဘုရင် Nintendo လေးကိုတော့ လူတိုင်းမှတ်မိကြဦးမှာပေါ့။ 

သူခေတ်နဲ့သူ့ခါ ကလေး၊လူကြီးမရွေး နှစ်ခြိုက်ခဲ့တဲ့ Nintendo ကို Generation များစွာထုတ်လုပ်ခဲ့ပြီး ယခုချိန်ထိနှစ်ခြိုက်အားပေးသူ ရှိနေတုန်းပါပဲ။ 

ဒါကိုကောင်းကောင်း နားလည်ထားတဲ့ Hyperkin က Nintendo Entertainment ကထွက်တဲ့ မျိုးဆက်တွေမှန်သမျှ တစ်စုတစ်စည်းတည်း ကစားလို့ရအောင် All in One ဖန်တီးပေး လိုက်ပါတယ်။ 

အဲဒါကတော့ Retron 5 လို့ခေါ်ပြီးကစားလို့ရမယ့် Console တွေကတော့ NES, Famicom, Super NES and Famicom, Sega Master System, Genesis and Mega Drive နဲ့ Game Boy original စတာတွေမှာ ကစား လို့ရတဲ့ ဂိမ်းမှန်သမျှကို Retron 5 တစ်ခုတည်းမှာတင် အသုံးပြုကစားလို့ အဆင်ပြေစေမှာပါ။ 

အရွယ်အစား ၁၀ လက်မရှိမှာဖြစ် ပြီး လာမယ့် ဒီဇင်ဘာ ဥရောပနဲ့ အမေရိကန်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ ကျသင့် မှာပါ။ PS4 နဲ့ Xbox One မတတ်နိုင်သူတွေ အတွက်တော့ ဖြေသိမ့်စရာ Hyperkin Retron 5 Console အသစ်ကြီးပေါ့။

စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းစက်တစ်ခုဖြစ်လာဦးမယ့် အပြင် ဖျော်မူပိုင်းအရ လုံလောက်တဲ့ ရွေးချယ်မှု တစ်ခုလို့ မှတ်ချက်ပြုချင်ပါတယ်။

Ref:Geeky

မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းဝန်းကျင်လောက်ကျမယ့် ဂိမ်းစက်

Posted by drmyochit Thursday, October 17, 2013, under | No comments


ခွန်နေ(AMMG)

လာမယ့် နိုင်ဝင်ဘာ-၂၂ အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ရောင်းချပေးမယ့် စွမ်းအားမြင့် စူပါ Game Console ကြီးပါ။ Xi3 Piston Console လို့ခေါ်ပြီးဂိမ်းစက်တစ်ခုတည်းမှာ ပုံစံသုံးမျိုးအသုံးပြုလို့ရမှာပါ။

ပုံစံသုံးမျိုးဆိုတာက ကွန်ပျူတာနဲ့တွဲပြီး PC ဂိမ်း အဖြစ်အသုံးပြု ကစားလို့ ရမှာဖြစ်သလို၊TV နဲ့ချိတ်ဆက် ကစားမယ် ဆိုလည်း အဆင်ပြေစေမှာပါ။ ပုံစံနောက်တစ်မျိုးကတော့ လွယ်ကူစွာပြောရမယ်ဆိုရင် 3D မျက်မှန်ပုံစံတပ်ဆင်ပြီး ဂိမ်းစက်ကို ကျောပိုးအိတ်ထဲထည့်ကာ virtual reality ပုံစံကစားနည်းကို ဆိုလိုတာပါ။ Virtual reality ပုံစံ ကစားလို့ရမှာဖြစ်တဲ့အတွက် ဘယ်သွားသွား သယ်ဆောင်လို့ ရတယ်ဆိုတာ ကတော့ သံသယရှိစရာမလိုပါဘူး။

၎ လက်မ ပတ်လည်အရွယ်အစားရှိတဲ့ အဆိုပါဂိမ်းစက်ဟာ သယ်ဆောင်သွားရာမှာပေါ့ပါးစေဖို့အတွက် အလူမီနီယံကိုယ်ထည်နဲ့ တည်ဆောက်ထားပြီးquad-core AMD Trinity chip ထည့်သွင်းထားပြီး 3.2GHz ထောက်ပံ့ပေး ထားပါတယ်။ RAM 8GB ရှိမှာဖြစ်ပြီး 128GB အထိသိုလှောင်သိမ်းဆည်းပေး ထားနိုင်ပါတယ်။ အဲဒီအတွက်မလုံလောက်ပါကလည်း အပို 512GB အထိတိုးချဲ့အသုံးပြုနိုင်ပါသေးတယ်။ထို့ပြင် အဆိုပါဂိမ်းစက်ဖြစ်တဲ့ Xi3 Piston Console ဟာ ရုပ်ထွက် Resolution 4096 x 2160 pixels အထိ ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။

X-Box One,PS-4 တို့နဲ့အပြိုင် Xi3 Piston Console ဈေးကွက်အတွင်း အတိုင်းအတာ ဘယ်လောက်အထိ အောင်မြင်မလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 

စွမ်းဆောင်ရည်ဖြစ်တဲ့ 3 Ways to Play ဆိုတဲ့အပိုင်းမှာ သာလွန်တယ်ထင်ရပေမယ့် ကြီးမြင့်တဲ့ ဈေးနှုန်းကြောင့် လူနည်းစုသာစိတ်ဝင်စားပါလိမ့်မယ်။
ဒါပေမယ့် အကုန်ကျခံနိုင်တယ်ဆိုရင်တော့ Xi3 Piston Console ကရွေးချယ်ဖို့အသင့်တော်ဆုံး Console တစ်ခုလို့မြင်တယ်။

Ref:Xi3

တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်

Posted by drmyochit Thursday, October 17, 2013, under | No comments


စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။

အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာနေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)၏ ပြုပြင်ပြောင်းလဲရေး စီမံချက်များတွင်လည်း လက်ရှိကျောင်းသားများ အဓိကရင်ဆိုင်နေရသည့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေသည့် အခက်အခဲအား ဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ထားခြင်း မရှိသေးပေ။

စစ်အစိုးရသည် သူတို့အတွက် လုံခြုံရေးရှုထောင့်တစ်ခုတည်းသာကြည့်၍ မြို့ပြင်သို့ တက္ကသိုလ်နှင့်ကောလိပ်များပို့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နေရာထိုင်ခင်း၊ ခရီးသွားဝန်ဆောင်မှုတို့ကို လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်သည် ခေတ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်စေမည့်အချက် ဖြစ်နေသည်။

ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲမှုများ မည်မျှဆောင်ရွက်သည်ဆိုစေ ကျောင်းနေမပျော်သော ကျောင်းသားများအတွက် ထိရောက်သောပညာရေး ဖြစ်လာစေရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

“သင့်တင့်တဲ့ပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုတွေ အားနည်းတာက အဓိကပြဿနာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတွေအနေနဲ့ ညံ့ဖျင်းပြီး ရှည်ကြာတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် အိမ်၊ ဒါမှမဟုတ် ကျောင်းရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်”ဟု စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့သည့် မြန်မာသတင်းအချက်အလက် နည်းပညာကုမ္ပဏီ (MIT)၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန(၁၂)အောက်၌ တက္ကသိုလ်၊ ကောလိပ်(၁၇၀)နီးပါး တည်ထောင်ထားပြီး အများစုမှာ မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ဆောက်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများအတွက် အချိန်ကုန်၊ လူပန်းဒဏ်ကို ခံစားနေကြရသည်။ တက္ကသိုလ်နှင့် ကောလိပ်များ တောထုတ်ခဲ့ခြင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် စစ်အစိုးရလက်ထက်တွင် ဖြစ်ပါသည်။ ၁၉၉၆ ကျောင်းသားများ၏ ဆန္ဒပြမှုများအလွန်တွင်မူ မြို့တွင်းရှိ တက္ကသိုလ်အများစုကို ပိတ်ခဲ့ကာ တက္ကသိုလ်များ မြို့ပြင်ပို့သည့်အပြင် ကျောင်းသားများမစုမိစေရန် အဝေးသင်ပညာရေးစနစ်ကို ပိုမိုအားစိုက်တီထွင်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသည့်မြို့တွင်းတက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကျောင်းသားအရေအတွက် လက်ခံမှုကိုမူ အကန့်အသတ်ရှိနေဆဲဖြစ်၏။

“အဆောင်မှာနေတာ ၁၃ ယောက်ရှိတယ်။ တစ်လတစ်သောင်း ပေးရတယ်။ မပျော်ဘူး။ အဆောင်နဲ့ ကျောင်းက ဝေးတယ်။ တုတ်တုတ်နဲ့ သွားရတယ်။ မနှစ်က ကျပ်တစ်ရာပဲ ပေးရတယ်။ ဒီနှစ်က ကျပ်နှစ်ရာပေးရတယ်”ဟု မအူပင်တက္ကသိုလ်မှ အဝေးသင်ပထ၀ီဝင်ဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကပြောသည်။

တက္ကသိုလ်၊ ကောလိပ်များသည် မြို့ပြနှင့်ဝေးကွာခြင်းကြောင့် ကျောင်းကြို၊ ပို့ယာဉ် မစီးနိုင်သော ကျောင်းသား၊ ကျောင်းသူများ ခရီးစရိတ်ကုန်ကျမှုများခြင်း၊ ကျောင်းသွား၊ ကျောင်းပြန်ချိန် တစ်ရက်လျှင် အနည်းဆုံးသုံးနာရီကြာမြင့်ခြင်း၊ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိစ္စများတွင် အချိန်မီကုသနိုင်မှုမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဆိုသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး မြွေကိုက်ခံရမှုမှာ ဆေးရုံကို အချိန်မီအရောက်မသွားနိုင်ခဲ့လို့ သေဆုံးခဲ့ရဖူးပါတယ်။ တက္ကသိုလ်ဆေးပေးခန်းဆိုတာ အမည်ခံသာရှိပြီး ဆေးမရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အားကိုးလောက်စရာမရှိပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲသော တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဦးစားပေးစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ထောက်ပြကြသည်။

“ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်ရဲ့ တက္ကသိုလ်ဝင်ခွင့်မူဝါဒကို ပြောင်းလဲဖို့လိုသလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ပေးရမှာပါ။ ကျောင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းသားတွေကို ဆက်ဆံရာမှာ လုံခြုံရေးအမြင်နဲ့ ဆက်ဆံမယ့်အစား နိုင်ငံအတွက် အင်အားဆိုတာကို သဘောထားပြီး ကျောင်းသားတွေရဲ့အမြင်နဲ့ ခံစားမှုကို နားလည်တဲ့ အုပ်ချုပ်ရေးမျိုးလုပ်ရမှာပါ”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။

လက်ရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြိုသင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက်သည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဝေးသင်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းတစ်သောင်းကျော်ရှိသည်။

အချိန်ပြည့်တက်ရောက်ရသော ဘွဲ့သင်တန်းတက်ရောက်သူဦးရေနှင့် အချိန်ပိုင်းတက်ရောက်ရသော အဝေးသင်တက်ရောက်သူဦးရေ ကွာခြားမှုမြင့်မားနေခြင်း၏ အဓိကအချက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုတို့ကြောင့်ဖြစ်သည်။

“ကျောင်းသွားဖို့ သားကို မနည်းရိုက်နေရတယ်။ ကျောင်းကလည်း ဘာမှပျော်စရာမရှိဘူးလေ။ ကျွန်တော် ဂျပန်မှာတက်တုန်းက တက္ကသိုလ်က မြို့နဲ့ မိုင် ၅၀ ဝေးတယ်။ ဒါပေမဲ့ လူနေစရာ၊ ပန်းခြံ၊ ခရီးသွားဝန်ဆောင်မှုတွေပြီးမှ ကျောင်းဖွင့်တယ်။ အဲဒီတော့ မြို့နဲ့ နီးခြင်း၊ ဝေးခြင်းက ပြဿနာမရှိတော့ဘူး”ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသော ကျောင်းသားဖခင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်၏ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါးပျက်စီးခဲ့ပြီး တက္ကသိုလ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်မှု မရှိတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်မေလတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပသော မြန်မာ့ပညာရေးမူဝါဒဆွေးနွေးပွဲသို့ ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် ဝေဖန်ထားသည်။

အစိုးရသစ်သည် အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ်အချို့အား အဆင့်မြင့်စင်တာများအဖြစ် သတ်မှတ်ခြင်း၊ ပညာသင်နှစ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

“စာအုပ်ထဲမှာပဲ ပြောင်းနေတာပါ။ တကယ်မပြောင်းဘူး။ ဘတ်ဂျက်တော့ပြောင်းတယ်။ အရင်ကမရဖူးတဲ့ အသုံးစရိတ်ရတယ်။ ပညာရေးက အစကတည်းက ထိန်းချုပ်လို့ရအောင် ခွဲထုတ်ထားတော့ ပြန်စုစည်းဖို့မလွယ်ကူး။ အချိန်ယူရမယ်။ ကျွန်တော့်ကျောင်းမှာကတော့ ကျောင်းသားတွေ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်းလက်ထက်၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှစ်ဦးအား အပြောင်းအလဲပြုလုပ်ထားသလို ပြည်ထောင်စုဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် သတင်းများထွက်ပေါ်နေပြီး လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်စေလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၏ အဆင့်မြင့်ပညာရေးအား လေ့လာဆန်းစစ်ခြင်းအပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စနစ်၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ၊ အရည်အသွေးအာမခံခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ ပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများလိုအပ်ချက်၊ သုတေသနဆောင်ရွက်နိုင်မှု၊ နည်းပြအရာရှိများ ခန့်ထားမှု၊ အသိအမှတ်ပြုမှု၊ လစာ၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့ရအလုပ်သမားများဆိုင်ရာ အချက်အလက်၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များကို လေ့လာဆန်းစစ်၍ ထောက်ခံအကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရသည်။

သို့သော် အဆင့်မြင့်ပညာရေးတွင် အဓိကအကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်နှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေမည့် လိုအပ်ချက်များ လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

“ကိုယ့်သားသမီးတွေ ကျောင်းသွားတဲ့အခါမှာ ပြုံးပြုံးလေးသွားပြီး ကျောင်းပြန်လာတဲ့အခါမှာ ပြုံးပြုံးလေးပြန်လာတာ တွေ့ချင်မြင်ချင်ကြမယ်လို့ ကျွန်တော် နားလည်၊ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မျှော်လင့်ရမှာတွေရှိပါတယ်။ လက်တွေ့ကျကျ ကိုယ့်သားသမီး ကျောင်းသွားရဲတာ ပြုံးပြုံးလေးပြန်လာတာ၊ အဲဒီလို အနီးစပ်ဆုံးဖြစ်လာအောင် ပြုပြင်ရမှာတွေ
ရှိနေပါတယ်”ဟု မကြာသေးမီက ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသော ဒေါက်တာစန်းလွင်က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ်များအားပြောသည်။

တက္ကသိုလ်တွင် ဘွဲ့ရရှိရန် နှစ်နှင့်ချီနေ၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘွဲ့လက်မှတ်ရရှိရေး ကြိုးပမ်းနေရသော ပညာရေးမှသည် တက္ကသိုလ်များ သီးခြားလွတ်လပ်၍ အသက်ဝင်လာပြီး တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေး ဦးတည်သော ပညာရေးသို့ အလျင်အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။ ။

ရေးသားသူ- နေလင်းထွန်း၊ခိုင်ခိုင်စိုး - 7Day News Journal

အကြောရောဂါသည်မိန်းကလေးကို မုဒိန်းကျင့်သွားသူအား တရားစွဲထား

Posted by drmyochit Thursday, October 17, 2013, under | No comments


ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် ခံရဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေး နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဒလမြို့နယ်၊ ရပ်ကွက်တစ်ခုရှိ ကာယကံရှင်၏ အစ်မဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

သူမသည် တစ်ခြံတည်းနေ ၃၂ နှစ်အရွယ်၊ ကျန်းမာရေးမကောင်း၊ အကြောရောဂါရှိသည့် ညီမအငယ်ဆုံး ဖြစ်သူကို နေ့လယ်စာ ကျွေးပြီး နေအိမ်သို့ ပြန်လာကာ နေ့လယ်ဘက်တွင် ခေတ္တအိပ်စက်ခဲ့ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တူမဖြစ်သူ ကလေးတစ်ဦးက လာရောက်၍ ညီမဖြစ်သည့် အကြောရောဂါ ဝေဒနာရှင်မှာ ငိုနေကြောင်း ပြောပြသဖြင့် စုံစမ်း မေးမြန်းခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ညီမဖြစ်သူအား ကို------(၃၆)နှစ်၊ လက်သမား၊ အမှတ်မရှိ ဒလမြို့နယ်နေသူက လက်ကိုချုပ်၍ မအော်ရန် ခြိမ်းခြောက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ကို သိရှိရသည်ဟုလည်း တရားလိုက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒလရစခန်းက (ပ)၄၆၆/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စခန်းမှူးက ဖမ်းဆီး စစ်ဆေး နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇော်ဇော်ထွေး
By Mizzima

စနေနှင့် ကြာသပတေး ဂြိုဟ်တွင် စိန်မိုးများ ရွာချခဲ့

Posted by drmyochit Thursday, October 17, 2013, under | No comments


Thursday 17th October 2013
ဒီသတင်းကို နိုင်ငံတကာ သတင်း အယ်ဒီတာက တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။
Narration

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက် ပြောဆိုချက်တွေ အရ စနေနဲ့ ကြာသပတေး ဂြိုဟ်တွေပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကာဗွန် ဓာတ်ငွေ့ထုကြီးဟာ ပုံဆောင်ခဲအသွင်နဲ့ စိန်မိုးများအဖြစ် အဲ့ဒီဂြိုဟ်တွေ ပေါ်မှာ ရွာကျလာ နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီစိန်တုံး တွေဟာ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ လက်စွပ် ကွင်းပြီး ၀တ်ဆင်နိုင်လောက်တဲ့ အထိ အရွယ်အစား ကြီးမားနိုင်တယ် လို့ လည်း အဲ့ဒီသိပ္ပံရှင်တွေက ဆိုပါတယ်။

စနေနဲ့ ကြာသပတေး ဂြိုဟ်ပေါ်မှာ မီသိန်း ဓာတ်ငွေ့တွေ ဖြစ်ပေါ်လျက်ရှိပြီး အဲဒီဓာတ်ငွေ့တွေဟာ မိုးကြိုး မုန်တိုင်းဖြစ်ပေါ်မှုကြောင့် ကာဗွန် အသွင်ပြောင်း လဲသွားကာ တဖြေးဖြေး မာကြောလာနိုင် ပြီးနောက် ဂရမ်ဖိုက် အဆင့်မှ စိန်တုံး၊ စိန်ခဲများ အသွင် ဖြစ်တည် ပြောင်းလဲ သွားနိုင်ကြောင်း၊ အကြီးဆုံး စိန်တုံးရဲ့ အရွယ်အစားဟာ အချင်း တစ်စင်တီ မီတာခန့် ရှိနိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီလို ရွာချလိုက်တဲ့ စိန်မိုး တွေဟာ စနေဂြိုဟ်မှာ တစ်နှစ်ကို တန်ချိန် တစ်ထောင် ခန့်အထိ ရှိနိုင်ကြောင်းလည်း ၀စ္စကွန်စင်- မက်ဒီဆင် တက္ကသိုလ်မှ သိပ္ပံပညာရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံထားရသူက ကေအင်န်ယူမှ ဗိုလ်မှူးအဆင့်ရှိသူ စေခိုင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ၀န်ခံထားဟုဆို

Posted by drmyochit Thursday, October 17, 2013, under | No comments



ကုန်သည်ကြီးများ ဟိုတယ် ဗုံးဖောက်ခွဲမှုတွင် သံသယဖြင့်ဖမ်းဆီးခံထားရသူက ၎င်းသည် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၏ ခိုင်းစေခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ၀န်ခံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်)မှ ရဲအရာရှိတစ်ဦးကပြောကြားသည်။

““စစ်ဆေးချက်အရတော့ စေခိုင်းချက်အရ အခကြေးငွေယူပြီး ဖောက်ခွဲရေးလုပ်တာလို့ သိရတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေ ထဲထဲဝင်ဝင်လုပ်နေတဲ့အချိန်မှာ ဆွမ်းဆန်ထဲ ကြွက်ချေးရောပါတဲ့သူတွေပါ။ KNUအဖွဲ့အစည်းက ဗိုလ်မှူးအဆင့်ရှိတဲ့သူကစေခိုင်းတာလို့ ၀န်ခံထားပါတယ်””ဟု အထက်ပါအရာရှိက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ ကရင်ပြည်နယ် ဖာပွန်မြို့နယ် သူ့မွဲထကျေးရွာတွင်နေထိုင်သော စောမြင့်လွင်(ခ)မောထအား အောက်တိုဘာ ၁၅ရက်တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သက်ဆိုင်ရာကထုတ်ပြန်ခဲ့သည်။

စော်ဘွားကြီးကုန်းကားမှတ်တိုင်၌ ပေါက်ကွဲမှု၊ သာကေတမြို့နယ်၊ အခွန်လွတ်ဈေးအနီး ပေါက်ကွဲမှု၊ အလုံကမ်းနားလမ်းရှိ Western Park 2(Ruby) စားသောက်ဆိုင် စားပွဲအောက်တွင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် မိုင်းဗုံးထားခဲ့မှုနှင့် ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုတို့အတွက် စောမြင့်လွင်ကို သံသယရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ သံသယရှိသူ စောမြင့်လွင်သည် ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာ ၁၂ ရက်မှ ၁၃ရက်ထိ တည်းခိုခဲ့ပြီး ၎င်းတည်းခိုခဲ့သည့် အခန်းနံပါတ် ၉၂၁ တွင် အောက်တိုဘာ ၁၄ ရက် ည ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

““ကျွန်တော်တို့ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ လေ့လာစုံစမ်းဆဲဖြစ်တယ်။ ဒါဟာ တကယ်ဖြစ်တယ် ဆိုရင်တော့ ငြိမ်းချမ်းရေးကို သွားနေတဲ့ခရီးမှာ ငြိမ်းချမ်းရေးကိုပျက်စီးအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သဘောထားပါတယ်””ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် ကပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်မှ တရားဝင်ဆက်သွယ်မေးမြန်းမှုမရှိသေးကြောင်းနှင့် ကရင် အမျိုးသား အစည်းအရုံးအနေဖြင့် တရားသဖြင့် အမှန်အကန်ဆုံးဖြစ်အောင် လေ့လာဖော်ထုတ် သွားမည်ဟု ဖဒို မန်းငြိမ်းမောင်က ဆိုသည်။

စောမြင့်လွင်သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။ သံသယရှိသဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ စောမြင့်လွင်နှင့် တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် သံသယရှိထားသူ စောထွန်းထွန်းတို့၏ ကိုယ်ရေး အချက်အလက်များ ရရှိနိုင်ရန်အတွက် နီးစပ်သူများက သတင်းပေးပို့ကူညီပေးရန် ပြည်ထဲရေး ၀န်ကြီးဌာနက ၎င်းတို့၏ ဓာတ်ပုံများနှင့်အတူ နိုင်ငံပိုင် ရုပ်သံမီဒီယာများမှတစ်ဆင့် အောက်တိုဘာ ၁၆ ရက် တစ်နေ့လုံး အကြိမ်များစွာ ထုတ်လွှင့်ခဲ့သည်။ စောထွန်းထွန်းကိုမူ အောက်တိုဘာ ၁၆ ရက်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။

ယခုရက်ပိုင်းအတွင်း ဒေသအနှံ့တွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အရေအတွက် အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း သံသယရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး အောက်တိုဘာ ၁၆ ရက်ညက မွန်ပြည်နယ်ဘီးလင်းမြို့နယ်ရှိ ရွှေဖူးသတ္တုတူးဖော်ရေးကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါယာဉ်မောင်းကို စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီမုခ်ရှိ ကားပါကင်ပေါက်ကွဲမှုဖြစ်စဉ်တွင် သံသယရှိမှုဖြင့် စီစီတီဗီမှတ်တမ်းများအရ ဖမ်းမိခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

7Day Daily

လယ်ယာမြေများ၊ မြေစုသူများ၊ အိမ်ပျောက်သွားသူများ

Posted by drmyochit Thursday, October 17, 2013, under | No comments


တစ်ဧက ကျပ်သိန်းသုံးဆယ်နှုန်းဖြင့် ၀ယ်ယူမည်ဆိုသည့်အခါမှာတော့ သူမငြင်းနိုင်တော့။ ပိုင်ဆိုင်သည့် မြေသုံးဧကကို ရောင်းချဖို့ ကိုပေါက်စ ဆုံးဖြတ်လိုက်ပါသည်။ ၂ နှစ်အရွယ် သားငယ်နှင့် သမီးတစ်ဦးရှိသည့် ကိုပေါက်စက မြေယာရောင်းပြီး ရလာသည့်ငွေဖြင့် အခြားစီးပွားရေးတစ်ခု လုပ်ရန်လည်း မစဉ်းစားထားခဲ့။ ငွေသိန်းကိုးဆယ်ဖြင့် သားငယ်ကို ရှင်ပြုရန်စီစဉ်ခဲ့သည်။

“ယာမြေရောင်းလို့ရတဲ့ငွေနဲ့ သားကိုရှင်ပြုလိုက်တယ်။ နေဖို့ အိမ်လေးဆောက်ခဲ့တယ်။ ခုတော့ ငွေကလည်းကုန်ပြီ။ မြေလည်း သူများလက်ထဲရောက်သွားပြီ။ အိမ်လေးပဲ အဖတ်တင်တယ်”ဟု တံတားဦးမြို့နယ် ခေါင်းကွဲရွာမှ အသက်သုံးဆယ်ကျော်အရွယ် ကိုပေါက်စကပြောသည်။

လွန်ခဲ့သည့်တစ်နှစ်ကျော်အချိန်က မြေယာရောင်းချခဲ့သည့်အကြောင်းကို ပြန်ပြောနေခြင်းဖြစ်သည်။ ခုတော့ ထွန်ယက်စိုက်ပျိုးရန် လယ်ယာမြေမရှိတော့သည့်အတွက် ရွာရှိ ကြုံရာကျပန်းအလုပ်ကိုသာ လုပ်ကိုင်နေရသည်။ေ၀၀ါးသွားသော အနာဂတ်နှင့် သားသမီးများ၏ရှေ့ရေးကို တွေးမိကာ မြေယာရောင်းချမိခဲ့သည်ကို နောင်တရမိသည်ဟု ကိုပေါက်စကပြောသည်။

လယ်ယာမြေများကို ဒေသပေါက်ဈေးထက် အဆမတန် ဈေးပိုပေးကာ ၀ယ်ယူမှုများကြောင့် ကိုပေါက်စ ကဲ့သို့ပင် တံတားဦး၊ နွားထိုးကြီး၊ မန္တလေး၊ ငါန်းဇွန်၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မြစ်သားမြို့နယ်များ စသည့် မန္တလေးမြို့နှင့် ဆက်စပ်လျက်ရှိသော ကျေးရွာများမှ တောင်သူလယ်သမားများမှာ ၎င်းတို့၏မြေယာများကို ရောင်းချခဲ့ကြသည်ဟု ဒေသခံတောင်သူလယ်သမား များက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း တံတားဦးဟိုတယ်ဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဟူသော သတင်းများကြောင့် မြို့ပေါ်မှ ငွေကြေးချမ်းသာသူများက လယ်ယာမြေများ အပြိုင်အဆိုင် လာရောက်ဝယ်ယူခဲ့ကြသည်။ ရပ်ရွာဈေးအရ တစ်ဧက ကျပ်ဆယ်သိန်းခန့်သာ ဈေးပေါက်သော်လည်း မြို့မှလာဝယ်သူများက တစ်ဧက ကျပ်သိန်းနှစ်ဆယ်မှ စတင်ကာ တစ်ဧက ကျပ်သိန်းရာချီအထိ ဈေးပေး၍ ၀ယ်ယူကြကြောင်း ခေါင်းကွဲရွာမှ အသက်(၆၀)ကျော်အရွယ် ဦးကျော်အေး ကပြောသည်။

“အဘတို့လည်း ရှိတဲ့မြေလေးတွေထဲက ခွဲရောင်းတာပဲ။ တစ်ဧကခွဲကို ကျပ် ၁၀၅ သိန်းရတယ်။ အဲဒါ လွန်ခဲ့တဲ့တစ်နှစ်ကျော်က”ဟု ဦးကျော်အေးကပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်ကာ အမြန်လမ်းမကြီး ဘေးဝဲယာရှိ လယ်ယာများ စတင်အရောင်းဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက် စီမံကိန်းရှိသည်ဟု သတင်းထွက်ပေါ်သည့် နေရာတိုင်းတွင် လယ်ယာမြေများ အရောင်းဝယ်ဖြစ်ခဲ့သည်ဟု မန္တလေးနှင့် တံတားဦးအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။ မန္တလေးမြို့မှ နွားထိုးကြီးမြို့နယ်၊ ပြင်စည်မြို့နယ် လမ်းခွဲအထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဘေးဝဲယာရှိ လယ်ယာမြေ အားလုံးသည် ဒေသခံတောင်သူလယ်သမားများ ပိုင်ဆိုင်ခြင်းမရှိတော့ဘဲ မြို့ပေါ်မှ ငွေကြေး ချမ်းသာသူများက ၀ယ်ယူပိုင်ဆိုင်ထားကြပြီးဖြစ်သည်ဟု ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင် များက ဆိုသည်။

ထို့အတူ တံတားဦးဟိုတယ်ဇုန်စီမံကိန်း၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဟူသော သတင်းများကြောင့် တံတားဦး၊ မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်များမှ လယ်ယာမြေ များမှာ လွန်ခဲ့သည့်တစ်နှစ်ကျော်အချိန်မှ ယနေ့အချိန်ထိ ဈေးနှုန်းမြင့်တက်ကာ အရောင်းဝယ် သွက်နေသည်ဟု ၎င်းမြို့နယ်များမှ တောင်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ယခုအခါ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးဘေးမှ လယ်ယာမြေများအပြင် မြို့နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်း ဆက်ကားလမ်းများ ဘေးဝဲယာရှိ လယ်ယာမြေများကိုပါ ဈေးကောင်းပေးကာ ၀ယ်ယူနေကြသည်ဟု ဆိုသည်။

“တံတားဦးဟိုတယ်ဇုန်စီမံကိန်းကြောင့်ဆိုပြီး လာဝယ်ကြတာ။ စိုက်ပျိုးမဖြစ်ထွန်းတဲ့ ကျစ်တီးကုန်းမြေတွေ ကို တစ်ဧကသိန်းရာချီပေးတယ်။ ယာထဲက သစ်ပင်တွေအောက်မှာ ၀ိုင်းဖွဲ့ပြီး ရောင်းဝယ်နေကြတာ”ဟု တံတားဦးမြို့နယ် သူငယ်တော်ရွာမှ တောင်သူဦးအောင်ကျော်မြင့်က ပြောသည်။

လယ်ယာမြေများကို ရောင်းသူဝယ်သူ နှစ်ဦးသဘောတူစာချုပ်ကာ ၀ယ်ယူကြခြင်းဖြစ်သည်။ လယ်ယာမြေ များကို ဒေသပေါက်ဈေးထက် မတန်တဆဈေးပိုပေးကာ လာရောက်ဝယ်ယူသူများမှာ တရုတ်လူမျိုး အများစုဖြစ်ပြီး အမြတ်ရမည်ဟု မျှော်မှန်းသည့် မြန်မာလုပ်ငန်းရှင်များကလည်း ၀ယ်ယူသည်ဟု ရောင်းချခဲ့သည့် တောင်သူလယ်သမားများက ပြောသည်။ လယ်ယာမြေ၀ယ်ပြီးသော်လည်း ၀ယ်ယူသူ များက မည်သည့်စိုက်ပျိုးရေးမှ လုပ်ဆောင်ခြင်းမရှိဘဲ မူရင်းတောင်သူကို ပြန်လည်စိုက်ပျိုးခွင့်ပေး ထားကြောင်း၊ ငွေကြေးချမ်းသာသည့် တရုတ်လူမျိုးများက ငွေထုတ်ပေးပြီး မြန်မာပွဲစားများမှ လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“နှမ်းစိုက်စိုက် ဘာလုပ်လုပ် ပြန်လုပ်ခွင့်ပေးထားတယ်။ သူတို့က ဘာမှလာမလုပ်ဘူး။ လယ်ယာမြေမှတ်ပုံတင်ကိုတော့ သူတို့နာမည်နဲ့ လုပ်မယ်လို့ပြောတယ်”ဟု လွန်ခဲ့သည့်တစ်နှစ်ကျော်က မြေတစ်ဧကခွဲ ရောင်းချထားသည့် ခေါင်းကွဲရွာမှ အသက်(၆၀)ကျော်အရွယ် ဦးကျော်အေးကပြောသည်။

ကားများဖြင့် ဆက်တိုက်လာရောက်ကာ မြေယာများ ၀ယ်ယူနေကြပြီး တစ်ခါတစ်ရံတွင် ကားပေါ်၌ တရုတ်လူမျိုးများ ကိုယ်တိုင်လိုက်ပါလာကြောင်း တံတားဦးမြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံများ ကပြောသည်။

လက်ရှိ မန္တလေးမြို့၏ မြို့လယ်ပိုင်းအိမ်ခြံမြေများကို တရုတ်လူမျိုးအများစုက ပိုင်ဆိုင်ထားကြသည်။ တရုတ်လူမျိုးများမှာ မန္တလေးမြို့လယ်ပိုင်းသာမကဘဲ မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများအထိ လယ်ယာမြေများ တိုးချဲ့ဝယ်ယူနေကြောင်း၊ မန္တလေးမြို့အထွက် ရန်ကုန်- မန္တလေး ကားလမ်းမ တစ်လျှောက်ရှိ လယ်ယာမြေများကို မြန်မာနိုင်ငံသားလက်မှတ်ရှိသည့် တရုတ်ကုန်သည်များ ၀ယ်ယူမှုမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် နှစ်ဆခန့်မြင့်တက်လာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းအချို့ထံမှ စုံစမ်းသိရှိရသည်။

လယ်ယာမြေပေါ်တွင် အဆောက်အအုံဆောက်လုပ်ခွင့်မရှိသော်လည်း ငွေပိုလျှံနေသည့် ငွေကြေးချမ်းသာ သူများက ရင်းနှီးမြှုပ်နှံသည့်သဘောဖြင့် လိုက်လံဝယ်ယူနေကြခြင်းဖြစ်ကြောင်း၊ ပေ ၄၀x၆၀ မြေတစ်ကွက်လျှင် ငွေကျပ်သိန်းပေါင်းထောင်ချီတန်နေသည့် မန္တလေးမြို့တွင်းရှိ မြေဈေးများနှင့်ယှဉ်လျှင် လွန်စွာတန်နေသည်ဟု ယူဆကာ ၀ယ်ယူနေကြခြင်းဖြစ်ကြောင်း မန္တလေးမြို့ရှိ ရွှေမန္တလေးအိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ အကျိုးတော်ဆောင် ဦးနေလင်းထွန်းကပြောသည်။

စီမံကိန်းနှင့် မြို့ပြချဲ့ထွင်မှုများပြုလုပ်လျှင် ဈေးနှုန်းမြင့်တက်နိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် လယ်ယာမြေများကို ၀ယ်ယူနေကြကြောင်း၊ အချို့ငွေကြေးကြွယ်ဝသည့်သူများမှာ တစ်ဦးတည်း နာမည်များခွဲကာ လယ်ယာမြေဧကများစွာ ၀ယ်ယူထားခြင်းများ ပြုလုပ်နေကြောင်း၊ ၀ယ်ယူသူများတွင် တရုတ်ကုန်သည်အများဆုံးပါဝင်ပြီး မြန်မာလူမျိုး လူချမ်းသာအနည်းစုလည်း ပါဝင်နေသည်ဟု ဦးနေလင်းထွန်းကဆိုသည်။

“လယ်သမားတွေထဲက၀ယ်ပြီး အမည်ပြောင်းလုပ်လိုက်တာနဲ့ တရုတ်လယ်သမားဖြစ်သွားပြီ။ တရုတ် လယ်သမားတွေ ၂၀၁၃ အတွင်း ပိုများလာတယ်”ဟု ဦးနေလင်းထွန်းကပြောသည်။

မြို့ပေါ်မှ ငွေကြေးချမ်းသာသူများ လယ်ယာမြေ၀ယ်ယူမှုကြောင့် မန္တလေး-ရန်ကုန် ကားလမ်းအဟောင်း တစ်လျှောက် မန္တလေးမြို့နှင့် ကျောက်ဆည်မြို့ကြားရှိ လယ်ယာမြေများမှာ ငွေကျပ်သိန်းတစ်ထောင်မှ နှစ်ထောင်ကြား ဈေးပေါက်နေပြီး လမ်းမအတွင်းပိုင်းရှိ လယ်ယာမြေများမှာမူ ငွေကျပ်သိန်းငါးဆယ်ခန့်ထိ ပေါက်ဈေးရှိနေကြောင်း၊ မန္တလေး-ရန်ကုန် ကားလမ်းမအသစ်တစ်လျှောက်ရှိ လယ်မြေများမှာမူ မန္တလေးမြို့နှင့် အနီးအဝေးပေါ်မူတည်၍ ပေါက်ဈေးကွာခြားမှုရှိပြီး တစ်ဧကကျပ်သိန်းထောင်ဂဏန်းမှ ရာဂဏန်းအထိ ဈေးပေါက်ကြောင်း မန္တလေးမြို့ အိမ်ခြံမြေအရောင်းဝယ်ဈေးကွက်မှ သတင်းရရှိသည်။

လယ်ယာမြေများကို ၀ယ်ယူထားသည့် ကုန်သည်များအနက် အချို့မှာ မြေဈေးကစားပြီး ပြန်လည်ရောင်းချခြင်းများလည်း ပြုလုပ်လျက်ရှိနေသည်ဟု မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှ အကျိုးဆောင်ရှေ့နေတစ်ဦးက ပြောသည်။ “ဈေးများများရရင် ပြန်ရောင်းတာ၊ ဈေးကစားတာတွေ ရှိနေပေမယ့် အများစုကတော့ မရောင်းတော့ဘဲ အကြာကြီးမြှုပ်နှံထားကြတာများတယ်”ဟု ၎င်းအိမ်ခြံမြေအကျိုးဆောင်ရှေ့နေကပြောသည်။

လယ်ယာမြေများမှာ ထိုကဲ့သို့ ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူနေကြခြင်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် အတွက်မဟုတ်ဘဲ အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေ ဥပဒေ၏ အားနည်းချက်၊ ဟာကွက်များကို အသုံးချပြီး လယ်ယာမြေကို ပိုင်ဆိုင်ထားနိုင်ရန် အတွက်သာ ၀ယ်ယူကြခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

၂၀၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေ၌ လယ်သမားများရပိုင်ခွင့်နှင့်ပတ်သက်ပြီး ချို့ယွင်းချက် များစွာ ပါရှိနေကြောင်း၊ လယ်ယာမြေဥပဒေအရ ငွေကြေးကြွယ်ဝသူများနှင့် ခရိုနီများကို လယ်ယာမြေများစွာဝယ်ယူပြီး စီးပွားရေးအဖြစ်လုပ်ကိုင်ရန် ပိုမိုလမ်းဖွင့်ပေးသလိုဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။ အစိုးရသစ်လက်ထက် ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေတွင် လယ်သမားဆိုသည့်ဝေါဟာရကို လယ်ယာမြေတွင် လယ်လုပ်သူအပါအ၀င် ၎င်း၏ မိသားစုဝင်များ၊ လယ်ပေါ်တွင် သစ်ပင်စိုက်သူ၊ တိရစ္ဆာန်မွေးသူများ၊ လယ်ယာမြေလုပ်သူများကို စီမံ ကြီးကြပ်သူ၊ ငွေတိုးချေးစားနေသူများအားလုံး ပါဝင်နေသည်ဟု အဓိပ္ပာယ်သတ်မှတ်နိုင်ရန် ပြုလုပ် ထားကြောင်း ၎င်းကဆက်လက်ပြောသည်။

“လယ်မလုပ်ပေမယ့် လယ်မှာ ငွေစိုက်ထုတ်တယ်ဆိုရင်ကို လယ်သမားလို့ပြောလို့ရတယ်။ ဒါ..ခရိုနီတွေကို လမ်းဖွင့်ပေးတာနဲ့ အတူတူပဲ။ ခရိုနီတွေ၊ ကုမ္ပဏီပိုင်ရှင်တွေက လယ်သမားဖြစ်ချင်ရင် အလွယ်လေးပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

မြန်မာအစိုးရအနေဖြင့် လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေများဖြစ်သည့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ၊ သီးစားခချထားရေးဥပဒေ၊ လယ်ယာမြေဥပဒေ စသည့်ဥပဒေသုံးခုကို ၁၉၅၃၊ ၁၉၆၃၊ ၂၀၁၂ ခုနှစ်များတွင် အသီးသီးပြဋ္ဌာန်းခဲ့သော်လည်း လယ်သမားများအတွက် လယ်ပိုင်ခွင့်ပေးမထားဘဲ လယ်လုပ်ခွင့်သာပေးခဲ့သောကြောင့် လယ်ယာမြေကို စီးပွားရေးအရ လုပ်ကိုင်သူပေါများနေရခြင်းဖြစ်သည်ဟု ဦးသိန်းသန်းဦးကသုံးသပ်သည်။

လယ်ယာမြေများ ရောင်းချခြင်းသည် ဥပဒေများ၌ ကိုက်ညီမှု ရှိ၊ မရှိ မသိဟု မြေသုံးဧကခွဲကို ကျပ် ၁၁၄ သိန်းဖြင့် ရောင်းချခဲ့သည့် တံတားဦးမြို့နယ်နေ တောင်သူဦးမြင့်သိန်းကပြောသည်။

သို့သော် ၎င်းတို့ဒေသတွင် စီမံကိန်းအကြောင်းပြု မြေဈေးမြင့်တက်မှုနှင့် ဒေသပေါက်ဈေးထက် ဈေးပိုပေး ၀ယ်ယူမှု များကြောင့် လယ်ယာမြေရောင်းချသူ များပြားပြီး တောင်သူလယ်သမားအများစုမှာ လယ်ယာမြေ ပိုင်ဆိုင်မှုမရှိတော့ကြောင်း ဦးမြင့်သိန်းကပြောသည်။

“ခုဆို..မြေဈေးကောင်းတော့ အားလုံးကရောင်းကြတာ။ ရွာချဲ့ဖို့တောင် မြေနေရာခက်ခဲတယ်။ သားသမီး အိမ်ထောင်ခွဲလို့ ရွာပြင်က ယာခင်းထဲ တဲထိုးနေကြလို့ဆိုပြီး ပေးဖို့တောင် မြေမရှိတော့ဘူး”ဟု ဦးမြင့်သိန်း ကပြောသည်။ ။

ရေးသားသူ- မောင်တာ၊ အေးမွန်ရာပြည့် - 7Day News Journal

ဖိလိပိုင်ငလျင်ကြောင့် လူ ၁၅၀ သေဆုံး၊ ၃၀၀ကျော် ဒဏ်ရာရခဲ့

Posted by drmyochit Thursday, October 17, 2013, under | No comments


ဖိလစ်ပိုင်နိုင်ငံမှာ ​ရစ်တာ ​စကေး ​၇.၁ ​ပြင်းအားရှိတဲ့ ​ငလျင်တခု ​မနေ့မနက်ပိုင်းက ​လှုပ်ခတ်ခဲ့တဲ့ ​နောက်ပိုင်း ​လူတွေဟာ ​မိမိတို့ရဲ့ ​အိမ်တွေကို ​မပြန်ရဲတော့ပဲ ​လမ်းတွေမှာ ​စုဝေးနေကြတယ်လို့ ​သိရပါတယ်။

ဘိုဟောလ် ​ကျွန်းကိုဗဟိုပြုပြီး ​လှုပ်ခတ်ခဲ့တဲ့ ​ဒီငလျင်ဟာ ​လူပေါင်း ​၃ ​သန်းနီးပါး ​ဒုက္ခရောက်နေ ကြရပါတယ်။

အခုအချိန်အထိရရှိထားတဲ့ ​သတင်းတွေအရ ​ဒီငလျင်ကြောင့် ​လူပေါင်း ​၁၅၀ ​နီးပါး ​သေဆုံးခဲ့ပြီး ​၃၀၀ ​ကျော် ​ဒဏ်ရာ ​ရရှိခဲ့ကြပါတယ်။

ဆေးရုံဆေးပေးခန်းတွေလည်း ​ပျက်ဆီးထိခိုက်မှုတွေရှိနေတဲ့အတွက် ​ဆေးရုံ ​လူနာတွေကိုလည်း ​ရွေ့ပြောင်းမှုတွေ ​လုပ်ဆောင်ပေးခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ​လက်ရှိဖြစ်နေတဲ့ ​အခြေအနေတွေဟာ ​ဆောက်တည်ရာမရ ​စိုးရိမ်ထိတ်လန့်မှုတွေ ​ဖြစ်နေကြ ​တယ်လို့ ​Plan ​Phillippines ​အဖွဲ့အစည်းရဲ့ ​အကြီးအကဲ ​ဒါရိုက်တာ ​Carin ​Van ​de ​Hor ​ကပြောဆိုခဲ့ပါတယ်။

အဲ့ဒါအပြင် ​မနေ့က ​လှုပ်ခတ်ခဲ့တဲ့ ​ဖိလစ်ပိုင်ငလျင်ကြောင့် ​အပျက်အဆီးကြားမှာ ​ပိတ်မိနေသေးတဲ့ ​သူတွေကို ​ကယ်ဆယ်ရေးအကူအညီအဖွဲ့တွေက ​ဆက်လက်ရှာဖွေ ​ကယ်ဆယ်နေကြပေမယ့် ​တချို့ ​ချောင်ကျတဲ့ ​နေရာတွေကိုတော့ ​မရောက်ရှိနိုင်သေးဘူးလို့သိရပါတယ်။

ငလျင်ဗဟိုပြုလှုပ်ခတ်သွားတဲ့ ​နေရာဟာ ​ကမ္ဘာလှည့် ​ခရီးသည်အများအပြား ​စိတ်ဝင်စားတဲ့ ​ကျွန်းတနေရာဖြစ်ပြီး ​မြို့တော် ​မနီလာကနေ ​ကီလီမီတာ ​၆ ​ရာကျော် ​ဝေးတဲ့နေရာဖြစ်ပါတယ်။

သေဆုံးသူအများစုဟာ ​အဆောက်အအုံ ​ပြိုကျတာကြောင့် ​ဖြစ်ပြီး ​ပျက်ဆီးသွားတဲ့ ​အဆောက်အဦး ​တော်တော်များများကို ​ရှာဖွေမှု ​မလုပ်နိုင်သေးဘူးလို့သိရပါတယ်။

အခုငလျင်ဒဏ်ကြောင့် ​လမ်းတွေ၊ ​ကျောင်းတွေ၊ ​နေအိမ်တွေနဲ့ ​သမိုင်းဝင် ​ဘုရားကျောင်းတွေ ​ပျက်ဆီးခဲ့ရသလို ​လျှပ်စစ်မီး ​ပျက်တောက်မှုတွေလည်း ​ဖြစ်ခဲ့ပါတယ်။

မနေ့က ​လှုပ်ခတ်ခဲ့တဲ့ ​ငလျင်အပြီး ​နောက်ဆက်တွဲ ​လှုပ်ခတ်မှုပေါင်း ​၈ ​ရာကျော် ​ရှိခဲ့သလို ​အဲဒီအထဲက ​တချို့ဟာ ​ပြင်းအား ​ရစ်တာစကေး ​၅ ​အထက်မှာ ​ရှိတယ်လို့မှတ်တမ်းတွေအရ ​သိရပါတယ်။

အလားတူပဲ ​သြစတြေးလျတိုက်အနီးက ​ပါပူအာ ​နယူးဂီနီကျွန်းစု ​အနီးမှလည်း ​ပြင်းအား ​၇.၁ ​ရှိတဲ့ ​ငလျင်တခု ​မနေ့က ​လှုပ်ခတ်သွားခဲ့ပါတယ်။

ဒါပေမယ့် ​ပျက်ဆီးမှုတွေ ​မရှိခဲ့သလို ​ဆူနာမီ ​သတိပေးချက်တွေလည်း ​ထုတ်ပြန်တာတွေ ​မရှိခဲ့ကြောင်း ​သိရှိရပါတယ်။

ABC Radio Australia

ဗုံးခွဲမှု သံသယရှိသူ နှစ်ဦး ၂၄နာရီအတွင်း ဖော်ထုတ်ရရှိဟု အစိုးရထုတ်ပြန်သံသယရှိသူများ တရားခံမဟုတ်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ နာမည်ပျက်မည်ဟု ဦးကိုနီပြော

Posted by drmyochit Thursday, October 17, 2013, under | No comments


အစိုးရကတိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုဖြစ်စဉ်များ၌ ပါဝင်ကျူးလွန်ခဲ့သည်ဟု သံသယရှိသူအချို့ကို၂၄ နာရီအတွင်း ဖော်ထုတ်ရရှိ ခဲ့ကြောင်းအောက်တိုဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည့်အတွက် ယင်းသံသယ ရှိသူများသည် ပြစ်မှုကျူးလွန်သည့် တရားခံမဟုတ်ခဲ့ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ နာမည်ပျက်သွား မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက စံတော်ချိန်သို့ ပြောဆိုသည်။

တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဗုံးထောင်မှုဖြစ်ရပ် များတွင် ပါဝင်ကျူးလွန်သည် ဟူ၍စောထွန်းထွန်း(ရှာဖွေဆဲ)နှင့် စောမြင့်လွင်(ခ) မောထ(ဖမ်းမိ)တို့ကို သံသယ ရှိသူများအဖြစ် သတ်မှတ်ထားသည့်အပေါ် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ 

" ရဲတပ်ဖွဲ့က သံသယရှိပြီလို့ဆိုကတည်းက သူတို့မှာ သဲလွန်စ၊ အကြောင်း အချက်ရှိ လို့သာ ပြောတာပါ။ ရဲတပ်ဖွဲ့ အနေနဲ့ တော်ရုံနဲ့တော့ သံသယရှိသူလို့ တော့ပြောလို့မရပါဘူး။ မဟုတ် ရင်သူတို့ အဖွဲ့အစည်း သိက္ခာကျမယ်လေ၊ နာမည် ပျက်မှာလေ" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှာဖွေနေဆဲ သံသယရှိသူ ဖြစ် သည့် စောထွန်းထွန်းသည် အောက်တိုဘာ ၉ ရက်တွင် ပဲခူး တိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသော ဇေယျာဟိန်း ယာဉ်လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ် စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းအပေါ် ထပ်၊ အခန်း အမှတ်(၆)၌ ပေါက်ကွဲ မှုဖြစ်စဉ် စသည့် ဖြစ်ရပ် များတွင် ပြစ်မှုကျူးလွန်ခဲ့သည်ဟု ယူဆထား၍ သံသယ ရှိသူအဖြစ် သတ်မှတ် ထားခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ 

ယင်းအပြင် အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှုဖြစ် စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိ နစ်ခန့်တွင် သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲ ခဲ့သည့် ဖြစ်စဉ်၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်က အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင်ရှိ စားပွဲခုံအောက်၌ ကြွပ်ကြွပ်အိတ်အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က ကျောက်တံတားမြို့နယ်ရှိ ကုန်သည်ကြီးများဟိုတယ်၊ ကိုးလွှာ၊ အခန်းအမှတ်(၉၂၁)၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု စသည့် ဖြစ်စဉ်များအပေါ် ကျူးလွန်ခဲ့ သည်ဟု သံသယရှိသည့်အတွက် စောမြင့်လွင်(ခ) မောထ ကို ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာနက ဆိုသည်။

သို့သော် အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့် စားသောက်ဆိုင်တစ်ဆိုင်တွင် မိုင်းတွေ့သည့်ဖြစ်စဉ် နှင့် အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက်ရွှေပြည့်စုံတည်းခိုခန်းအပေါ်ဆုံး တတိယ ထပ်စားသောက် ခန်း ပေါက်ကွဲမှုနှင့်နံနက် ၅ နာရီ ၄၅ မိနစ် ခန့်၌ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီ ယာဉ်ရပ် နားနေရာ ပေါက်ကွဲမှုဖြစ်စဉ်များတွင်လည်း ပါဝင်ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အစိုးရက ကြေညာခဲ့သည်။

စံတော်ချိန်

အုပ်ချုပ်ရေးမှူးမှ ဖုန်းဆင်းကတ်ခွဲတမ်း ၄၅ ကတ်ကို ပြင်ပပေါက်ဈေးနှင့် ပြန်ရောင်း၊ သိန်း ၄၀ ကျော် ခြစားဟု ချောင်းဆုံအမတ် စွပ်စွဲ

Posted by drmyochit Thursday, October 17, 2013, under | No comments


မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ချောင်းဆုံမြို့နယ်ရှိ ရွာပေါင်း ၄၅ ရွာအတွက် ရရှိထားသည့် တယ်လီဖုန်းဆင်းကတ်ခွဲတမ်းထဲမှ တစ်ရွာလျှင် တစ်ကတ် ထုတ်နှုတ်၍ ပြန်လည်ရောင်းချခဲ့သည့် ခြစားမှုဖြစ်စဉ်ကို စုံစမ်းသိရှိခဲ့သည်ဟု ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မှ မွန်ပြည်နယ် လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“တစ်ရွာကို တစ်ကတ်စီနှုတ်ပြီး ၄၅ ကတ်ကို ပြင်ပပေါက်ဈေးနဲ့ ပြန်ရောင်းလိုက်တယ်။ အဲတော့ ပိုက်ဆံ ၄၇ သိန်း ရတယ်။ အဲဒီ ပိုက်ဆံထဲက ဆိုကရေးတီးမှာ ၁၁ သိန်း ထည့်လိုက်တယ်။ ကျန်တဲ့ ၃၆ သိန်းနဲ့ နှစ်သောင်းကို ငွေတိုးချစားထားတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက စွပ်စွဲ ပြောဆိုသည်။

ထိုကိစ္စကို မွန်ပြည်နယ်အစိုးရမှ ကိုယ်တွယ် အရေးယူသွားနိုင်ရေးအတွက်လည်း တင်ပြထားပြီးဖြစ်သည်။ ထို့အပြင်အောက်တိုဘာ ၁၅ ရက်ကလည်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ပြည် နယ်ဥပဒေချုပ် ဦးမင်းကြည်နှင့် ဒေါက်တာအောင်နိုင်ဦးတို့ သုံးဦးက ထိုမြို့နယ် အုပ်ချုပ်ရေးမှူးကို အရေး ယူသွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဥပေဒချုပ်တို့မှလည်း ခြစားမှုကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တယ်လီဖုန်းဆင်းကတ်ခြစားမှုအား ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအား တာဝန်ယူ ရောင်းချစေခဲ့သည်။ သို့သော် ထိုကိစ္စကို ဦးအောင်ထွန်း သိန်းမှ ငြင်းဆိုထားကာ မိမိမှ ရောင်းချရန် ခိုင်းစေခဲ့ခြင်းမဟုတ်ကြောင်း ငြင်းချက်ထုတ်ထားပါသည်။

ထိုသို့ မသာမာမှုများကို ပြည်သူလူထုက တိုင်ကြားခဲ့ရာ တစ်ဆင့် တိုင်ကြားမှုများရှိခဲ့ရာမှ ကွင်းဆင်း စစ်ဆေးခဲ့စဉ် တွေ့ရှိရခြင်း ဖြစ်သည်။ ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တယ်လီဖုန်းဆင်းကတ်များ ရောင်းချရန် စေခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးအားလည်း မေးမြန်းခဲ့ရာ ထိုနှစ်ဦးမှ ဟုတ်မှန်ကြောင်းဝန် ခံခဲ့သည်ဟု ဒေါက်တာ အောင်နိုင်ဦးမှ ပြောသည်။

“အဲဒီသွားရောင်းတဲ့ အုပ်ချုပ်ရေးမှူး နှစ်ယောက်ကိုလည်း ကျွန်တော်ခေါ်မေးတယ်။ သူတို့က ဟုတ်တယ်လို့ ၀န်ခံတယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီကိစ္စကို မေးမြန်းတော့ ဟုတ်မှန်ကြောင်းဆိုတာတော့ ပေါ်လွင်သွား တာပေါ့” ဟုဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်တွင်းရှိ ရွာ ၄၅ ရွာအတွက် ပြည်နယ်အစိုးရမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး များအား စက်တင်ဘာလအတွက် တယ်လီဖုန်းဆင်းကတ် ခွဲတမ်းများချပေးခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တယ်လီဖုန်းဆင်းကတ်များမှာ နောက်ကျမှ ရောက်လာကာ အောက်တိုဘာလဆန်းမှပင် စတင်ဖြန့်ဖြူးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ခြစားခဲ့ခြင်း ဖြစ်သည်။

မည်သို့ အရေးယူ ဆောင်ရွက်သွားရမည်ဆိုသည့် အပိုင်းမှာမူ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်ကာ ဥပဒေအရ အရေးယူသွားနိုင်ရေးအတွက် ယခုအောက်တိုဘာလ ၂၂ ရက်အထိ အချိန်ပေးထားမည်ဖြစ်ကာ ထိုမှ ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ကိုင်တွယ်အရေးယူခြင်းမရှိပါက ပြည်ထောင်စုလွှတ်တော်တို့ တင်သွင်းမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

By Mizzimz

မြစ်ထဲ လေယာဉ်ပျက်ကျ စီးနင်းလိုက်ပါသူအားလုံးသေဆုံး

Posted by drmyochit Thursday, October 17, 2013, under | No comments


လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား ​၆ ​ဦးအပါအ ၀င် ​လေ ယာဉ် ပေါ် မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေ က ​ပြောပါတယ်။

Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံ တောင်ပိုင်း မှာရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လာအိုအစိုးရရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​လေယာဉ်မှာ ​လိုက်ပါတဲ့ခရီးသည်တွေနဲ့ ​လေယာဉ်ဝန်ထမ်း​တွေ အားလုံး ​သေဆုံးခဲ့ကြတယ်လို့ ​ဆိုပါတယ်။ ​သြစတြေးလျ ​နိုင်ငံရေးဌာနရဲ့အဆိုအရ ​အဲဒီပျက် ကျခဲ့တဲ့ ​လေယာဉ်ကို ​စီးတဲ့ခရီးသည်တွေထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၆ဦးပါဝင်တယ်လို့ ​ဆိုပါတယ်။

သေဆုံးသွားခဲ့တဲ့ ​သြစတြေးလျနိုင်ငံသား ​၆ဦးထဲက ​လေးဦးဟာ ​ဆီဒနီမြို့မှာ ​နေထိုင်ကြတဲ့ ​Rhodes ​မိသားစုဝင်တွေဖြစ်ပြီး ​သူတို့ ​ဇနီးမောင်နှံနှစ်ဦးနဲ့အတူ ​အသက်သုံးနှစ်နဲ့ ​တစ်နှစ်ကျော် ​အရွယ် ​ကလေးငယ် လေးတွေလည်း ​ပါဝင်ပါတယ်။

ကျန်သေဆုံးသွားတဲ့ ​သြစတြေးလျနိုင်ငံသားနှစ်ဦးဟာ ​သားအဖတွေဖြစ်ကြပြီး ​Michael ​Creighton ​နဲ့ ​Gordon ​Creighton ​ဖြစ်ပါတယ်။ ​သားဖြစ်သူ ​Michael ​Creighton ​ဟာ ​နော်ဝေနိုင်ငံ ​ကူညီထောက်ပံရေး အဖွဲ့တခုမှာ ​အလုပ်လုပ်ကိုင်သူဖြစ်ပြီး ​သူတို့ ​နှစ်ကလည်း ​နယူးစောက်ဝေး ​ပြည်နယ် မှာ ​နေထိုင် သူတွေဖြစ်ပါတယ်။

တခြားလိုက်ပါခဲ့တဲ့ ​ခရီးသည်တွေကတော့ ​လာအိုနိုင်ငံသား ​၁၇ ​ဦး၊ ​ပြင်သစ်နိုင်ငံသား ​၇ဦးနဲ့ ​ထိုင်းနိုင်ငံသား ​၅ဦးတို့ ​ပါဝင်ပြီး ​တခြားနိုင်ငံခြားသားတွေဖြစ်တဲ့ ​အမေရိကန်၊ ​ကနေဒါ၊ ​ထိုင်ဝမ်နဲ့ ​ဗီယက်နမ်နိုင်ငံသားတို့ လည်း ​စီးနင်းလိုက်ပါခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ပျက်ကျသွားခဲ့တဲ့လေယာဉ်ဟာ ​ရာသီဥတု ​ဆိုးဝါးမှုဒဏ်ကိုခံခဲ့တဲ့အတွက်ကြောင့်ဖြစ်နိုင်လို့ ​ခန့်မှန်း နေကြပါ တယ်။ ​လက်ရှိအခြေအနေမှာ ​ဖိလိပိုင်နိုင်ငံနဲ့ ​ဗီယက်နမ်နိုင်ငံအပါအ၀င် ​အဲဒီဒေသတခွင်မှာ လေမုန်တိုင်း ​၀င်ရောက်တိုက်ခတ်မှုတွေကြောင့် ​ရာသီဥတု ​ဆိုးဝါးတဲ့ ​ဒဏ်ကိုခံစားနေရတာဖြစ်ပါတယ်။


By ABC

မသန်စွမ်းဇာတ်ရုပ်မျိုး သရုပ်ဆောင်လိုတဲ့ စံရတီမိုးမြင့်

Posted by drmyochit Thursday, October 17, 2013, under | No comments


ဓာတ်ပုံ - နစ်ကီ

ပရိသတ်များကြိုက်မည့် ဇာတ်ကားများ ရွေးချယ်ရိုက်ကူးဖြစ်နေပြီး မျက်စိမမြင်၊ နားမကြားသည့် ကာရိုက်တာပုံစံမျိုးလည်း ရိုက်ကြည့်ချင်ကြောင်း စံရတီမိုးမြင့်က ပြောသည်။

““ကာရိုက်တာတစ်ခုတည်းပဲ ကွက်တိလုပ်တာမျိုးမဟုတ်ဘဲ နဲ့ မျက်စိမမြင်တဲ့သူ၊ နားမကြားတဲ့သူ အဲဒီလိုမျိုး မရိုက်ဖူးတော့ ရိုက်ကြည့်ချင်တယ်”” ဟု စံရတီမိုးမြင့်က ပြောသည်။
ကာရိုက်တာ ထူးထူးခြားခြားအနေဖြင့် ပဲခူးရိုးမတွင် သွားရောက်ရိုက်ကူးခဲ့သော တာဇံမလေး ဇာတ်ကားတွင် ငယ်စဉ်ကတည်းက တောထဲတွင် ရောက်နေသည့် ဇာတ်ကောင်စရိုက်ဖြင့် သရုပ်ဆောင်ထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ထားကြောင်း ၎င်းကပြောသည်။
““လိုအပ်ချက်တွေတော့ ရှိမှာပါ။ တာဇံပုံစံမျိုးလည်း ရိုက်ရတယ်။ ပြီးတော့ တောတွင်းမှာဆိုတော့ တစ်ခါတလေ သိပ်မပီပြင်တာမျိုးလည်းရှိတယ်”” ဟု ယင်းဇာတ်ကားနှင့်ပတ်သက်၍ ၎င်းကဆိုသည်။ ယင်းကဲ့သို့ ရိုက်ကူးနေကျမဟုတ်သည့်ဇာတ်လမ်းများ ရိုက်ကူးဖြစ်သလို ပရိသတ်မရိုးမည့်ဇာတ်ရုပ်မျိုးဖြင့် ဇာတ်ကားများ ရွေးချယ်ရိုက်ကူးထားကြောင်း စံရတီမိုးမြင့်က ပြောသည်။
ယခုရက်တွင် ဒါရိုက်တာ သိန်းဟန် (ဖီးနစ်) ရိုက်ကူးမည့် ဇာတ်ကားတွင် ခန့်စည်သူ၏ တူမတစ်ယောက်အဖြစ် ဟာသပုံစံ သရုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
““ဟာသပုံစံလေးပါ။ ကိုခန့်ရယ်၊ ယုသန္တာတင်ရယ်၊ မေရယ် ပါမယ်။ ညီအစ်မသုံးယောက် အရမ်းဆိုးတယ်။ အဲဒါကို ဦးလေးလူပျိုကြီးက ထိန်းတာပေါ့”” ဟု ယင်းဇာတ်ကားနှင့် ပတ်သက်၍ စံရတီမိုးမြင့်က ပြောသည်။
အဆိုတော်သူငယ်ချင်းများ၏ဘ၀မှာ ပရိသတ်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရသောကြောင့် ၎င်းတို့ကိုကြည့်ကာ ပျော်ရွှင်ရသော်လည်း ကိုယ်တိုင်သီချင်းသီဆိုရန် အစီအစဉ်မရှိကြောင်း ၎င်းကဆိုသည်။

7Day Daily

အရက်သမားများသတိထားစရာ အရက်နှင့် တွဲမစားသင့်သော အစားအစာများ

Posted by drmyochit Thursday, October 17, 2013, under | No comments


အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

(၃) ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

(၄) အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။
By Good Health

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို စီစီတီဗွီ ကင်မရာများမှ တစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဟု သိရ

Posted by drmyochit Thursday, October 17, 2013, under | No comments


အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်က မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို ရွှေဘဲစားသောက်ဆိုင်နှင့် ဆွမ်းဦးပုညရှင် ဘုရားတို့ရှိ စီစီတီဗွီ ကင်မရာများမှတစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ယင်းသို့ ခြေရာခံ ဖော်ထုတ်ရမိခြင်းကြောင့် ကနဦး မသင်္ကာ၍ ခေါ်ယူမေးမြန်းနေသူနှစ်ဦးကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ရှိ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု၊ စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံဟိုတယ်နှင့် ဆွမ်းဦး ပုညရှင်ဘုရား ဗုံးပေါက်ကွဲမှုများကို ကျူးလွန်ခဲ့သူနှစ်ဦးမှာ ဇော်လတ်မောင်နှင့် နေတိုး ဆိုသူတို့ဖြစ်ကြောင်း၊ အဆိုပါ ကျူးလွန်သူနှစ်ဦးမှာ အောက်တိုဘာ ၁၃ ရက်တွင် ရွှေပြည့်စုံ ဟိုတယ်မှ ဆွမ်းဦးပုညရှင်ဘုရားသို့ သွားရောက်ကာ မွန်းလွဲပိုင်း၌ ရွှေဘဲစားသောက်ဆိုင်တွင် နေ့လယ်စာ စားသုံးခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသည်။

"ဆွမ်းဦးပုညရှင်ဘုရားက စီစီတီဗွီ မှတ်တမ်းကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ကနေ ရရှိခဲ့တာ။ နောက်ပြီး သူတို့ဟာ ဘယ်သူတွေပါ ဆိုတာကိုလည်း ရန်ကုန်ပေါက်ကွဲမှု ကျူးလွန်တဲ့သူက ဖော်ထုတ်ခဲ့တယ်။ မသင်္ကာဖွယ် အကောင်းဆုံးဖြစ်တဲ့ ကနဦး ခေါ်စစ်ဆေးတဲ့သူ နှစ်ဦးဟာ စစ်ဆေးလိုက်တဲ့အခါ ဖြစ်နိုင်ခြေ နည်းတာကြောင့် ရွှေဘဲစားသောက်ဆိုင် စီစီတီဗွီမှတ်တမ်းကို အရင်ရက်တွေက မှတ်တမ်းတွေအထိ လိုက်လံကြည့်တော့ စစ်ကိုင်းက ရရှိတဲ့ အချက်တွေနဲ့ တူနေတာ သွားတွေ့ရတယ်။ အဲဒါနဲ့ ခုံနံပါတ် ၁၄ ကို ပြန်စစ်လိုက်တော့ ကြေးနန်းကြိုးကို တွေ့ရတာ"ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စစ်ကိုင်း၊ မန္တလေး နှစ်နေရာလုံးကို ဗုံးထောင်တာက အောက်တိုဘာ ၁၃ ရက် တစ်ရက်ထဲဖြစ်ပြီး ရွှေဘဲစားသောက်ဆိုင်က ခုံအောက်မှာ ချိတ်ထားခဲ့တဲ့ ကြေးနန်းကြိုးက မသေချာတာကြောင့် အောက်ကို ပြုတ်ကျသွားတဲ့ သဘောပဲ။ မဟုတ်ရင်တော့ စစ်ကိုင်းမြို့မှာ ပေါက်ကွဲပြီး မန္တလေးမှာပါ ပေါက်ကွဲဖို့ပါ။ သူတို့ ဗုံးတပ်ဆင်သွားတဲ့ ခုံနံပါတ်မှာ ထိုင်ခဲ့တဲ့ နှစ်ယောက်ကတော့ ကံမကောင်းတာပေါ့။ ခုသူတို့ကို ပြန်လွှတ်ပေးပြီးပါပြီ။ သူတို့ကလည်း ခုဖြစ်စဉ်ကို နားလည်ပါတယ်။ အမှန်တကယ် ကျူးလွန်တဲ့ သူနှစ်ဦးထဲက ဇော်လတ်မောင်ကို ဘီးလင်းမှာ ဖမ်းမိပြီလို့ သိရတယ်။ နေတိုးကတော့ လွတ်မြောက်နေ ဆဲပါ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါကျူးလွန်ခဲ့သူ နှစ်ဦး စီးနင်းခဲ့သော အဖြူရောင် ယာဉ်အမှတ် (၆ဂ/၅၉၄၈) အမြန်လမ်းမကြီးမှ ဖြတ်သန်းသွားချိန်ကို မှတ်တမ်းရှာဖွေ၍ ဖမ်းဆီးရမိရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
By Eleven

ရုပ်ရှင်ရုံထဲ Text Message ခဏခဏ ပို့သောကြောင့် ရုပ်ရှင်ကြည့်ခွင့် ပိတ်ပင်ခံရသူ အဆိုတော်

Posted by drmyochit Thursday, October 17, 2013, under | No comments


အများ အနှောင့်အယှက် ဖြစ်လောက်သည့် အပြုအမူ တစ်ရပ်ကြောင့် မက်ဒေါနားကို ရုပ်ရှင်ရုံ လုပ်ငန်းကြီး တစ်ခုက ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ Popဂီတ ကြယ်ပွင့် အဆိုတော်သည် 12 Years A Slave ရုပ်ရှင်ဇာတ်ကားကို သွားရောက် ကြည့်ရှုခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် တောက်လျှောက် Text Message ပေးပို့နေခဲ့ကြောင်း သတင်းများက ဆိုသည်။ နယူးယော့ခ် ရုပ်ရှင်ပွဲတော်တွင် ပြသသော ယင်းဇာတ်ကားကို လေးလေးနက်နက် ကြည့်ရှုခံစားနေသူများ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရုပ်ရှင်ရုံ တာဝန်ရှိသူများက မက်ဒေါနားကို Text Message ပေးပို့မှု မပြုလုပ်ပါရန် ပန်ကြားခဲ့သော်လည်း Material Girl အဆိုတော်က အလေးမထားခဲ့ဟု ဆိုသည်။

ထို့ကြောင့်လည်း Alamo Drafthouse ရုပ်ရှင်ရုံ လုပ်ငန်းစုက ယင်းတို့၏ ရုပ်ရှင်ရုံများသို့ မက်ဒေါနားအား ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။ ယင်းတားမြစ်မှုသည် သူမက ပြန်လည် မတောင်းပန် မချင်း သက်ရောက်နေမည်ဟု သိရှိရသည်။ Salon Filmမှ ရုပ်ရှင် ဝေဖန်ရေးသမား ချားလ်စ်တေလာက "အနက်ရောင် ဇာပန်းလက်အိတ်နဲ့ ဆန်းကျယ်တဲ့ အမျိုးသမီး တစ်ယောက်ဟာ ရုပ်ရှင်ကို ကောင်းကောင်း မကြည့်ဘဲ ဇာတ်ကား တစ်ဝက်လောက်ထိ သူ့ရဲ့ Blackberry ဖုန်းကနေ Messageပို့ရင်း အလုပ်ရှုပ်နေ ခဲ့တယ်။ အဲဒီတော့ သူ့နောက်နားက အမျိုးသမီး တစ်ယောက်က ပခုံးကို လက်နဲ့တို့ပြီး ဖုန်းကို သိမ်းထား ပါလို့ မေတ္တာရပ်ခံခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက ဒါက အလုပ်လုပ်နေတာလို့ ပြန်ဖြေတယ်။ ကျွန်တော် ကတော့ အဲဒီ အမျိုးသမီးကို သူ့လုပ်ပုံကိုင်ပုံက ဘယ်လောက်တောင် ရှက်စရာ ဖြစ်နေသလဲ ဆိုတာကို ပြောပြလိုက်ချင်တယ်"ဟု ၎င်း၏ Blogတွင် ဝေဖန် ရေးသားခဲ့သည်။ မက်ဒေါနားသည် ရုပ်ရှင်ရုံမှ ပြန်အထွက်တွင် ဒါရိုက်တာ စတိဗ်မက်ကွင်းနှင့် တွေ့ဆုံကာ ၎င်း၏ ဖန်တီးမှု လက်ရာကို ချီးကျူးနေ ခဲ့သေးသည်။ ရုပ်ရှင်ရုံဘက်မှ ပိတ်ပင်မှုနှင့် ပတ်သက်ပြီး မက်ဒေါနား၏ ကိုယ်စားလှယ်က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးဟုလည်း သိရှိရသည်။ 
By Planet

ဆင်းရဲတာနဲ့ ချမ်းသာတာ (ဖတ်ကြည့်လိုက်ပါ အားအင်တွေရပါလိမ့်မယ်)

Posted by drmyochit Thursday, October 17, 2013, under | 1 comment


အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။ 
လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --
"သားတို့ဆီမှာ ရေကူးကန်ပဲရှိတာ။ သူတို့ဆီမှာ မြစ်ကော၊ ပင်လယ်ကော ရှိတယ်။ သားတို့က ဟင်းရွက်တွေ ဝယ်စားရတာ။ သူတို့က ကိုယ်တိုင် စိုက်စားတယ်။ သားတို့အိမ်ကို နံရံတွေ ပတ်လည်ဆောက်ထားတယ်။ သူတို့ အိမ်က ဘေးမှာ မိတ်ဆွေတွေအိမ် ဝန်းရံထားတယ်။ သားတို့မှာ ခွေး တစ်ကောင်ပဲ မွေးထားတာ။ သူတို့ဆီမှာ ခွေးတွေ အများကြီးပဲ။ သားတို့အိပ်ရင် အပေါ်မှာ မျက်နှာကြက်ပဲ မြင်ရတယ်။ သူတို့က ကြယ်တွေကို မြင်ရတယ်။ သားတို့က ပူရင် လေအေးပေးစက်ဖွင့်တယ်။ သူတို့က ပူရင်အိပ်ဖို့ အိမ်ရှေ့ကွတ်ပျစ် ရှိတယ်။ သူတို့က သားတို့ထက် အများကြီး ချမ်းသာတယ် ဖေဖေ" လို့ ပြန်ဖြေခဲ့ပါတယ်။ 
----------
----------
----------
----------
သင်ခန်းစာ -
ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အပြင်ပန်း ဂုဏ်၊ ငွေတို့နဲ့ မသက်ဆိုင် ပါဘူး။ ဘဝကို အကောင်းမြင် နားလည်ပေးနိုင်တဲ့ စိတ်ကသာ လူကို ချမ်းသာစေတာ ဖြစ်ပါတယ်။
--
By အောင်ခမ်း ( ရိုးရာလေး )

iPhone တွေအတွက် အဆင်ပြေစေမယ့် လက်ညှစ်ဘက်ထရီစနစ် Mipwr

Posted by drmyochit Thursday, October 17, 2013, under | No comments


ခွန်နေ(AMMG)

တီထွင်သူ ဒီဇိုင်နာ Bob Panos နဲ့ Karl Lee တို့နှစ်ဦး ဖန်တီးလိုက်တဲ့ iPhone လက်ညှစ် ဘက်ထရီ အားသွင်းစနစ်ပါ။ ဒါကြောင့်ကြိုးတွေနဲ့ အလုပ်ရှုပ်ပြီးအားသွင်းစရာလည်းမလို တော့သလို၊ ကြိုးမဲ့အားသွင်းစနစ် လုပ်ဖို့အတွက်လည်းခေါင်းစား စရာမလိုတော့ပါဘူး။ 

လျှပ်စစ်စွမ်းအင်မရတဲ့ ဒေသတွေမှာ လည်း ဖုန်းအားသွင်းဖို့ အခက်ခဲ 
ဖြစ်နေသူတွေအတွက် ဒီလက်ညှစ် အားသွင်းစနစ်က အဆင်ပြေစေမှာပါ။ iPhone တွေဖြစ်တဲ့ 4,4s,5 တို့နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး လက်ညှစ်စက် မှာလည်း ဘက်ထရီစနစ်ဖြစ်တဲ့ 400 mA battery ထည့်သွင်း တည်ဆောက် ထား ပါသေးတယ်။ 

လက်ညှစ် မော်တာကနေဒိုင်နမိုကိုလည်ပတ်စေပြီး၊လျှပ်စစ်စွမ်းအင်ရရှိစေကာ 400 mA battery ထဲသို့သိုလှောင် စီးဝင်စေပြီး iPhone အတွင်းက ဘက်ထရီစနစ်ကို ချိတ်ဆက် အားဝင်စေတာပါ။ 

Mipwr iPhone Battery Charging လို့ခေါ်ပြီး ဥရောပ၊အမေရိက
နှင့် နိုင်ငံတကာဈေးကွက်အတွင်းကို အမေရိကန် ဒေါ်လာ ၂၅ နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့ဆိုပါတယ်။

Ref:Dailymail

မသန်စွမ်းသူများ အတွက် ရွှေမင်းသား ဖောင်ဒေးရှင်း ပြက္ခဒိန်အား အနုပညာရှင်များ နှင့် ရိုက်ကူး

Posted by drmyochit Thursday, October 17, 2013, under | No comments


ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ၏ မသန်စွမ်းသူများ ကိုယ် စားပြု ၂ဝ၁၄ ခုနှစ် အတွက် ရွှေမင်း သား ပြက္ခဒိန်ကို သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ နိုင်ငံတကာ ဆုရအလှမယ် နန်းခင်ဇေယျာ တို့နှင့် အတူ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ မသန်စွမ်းလူငယ် သုံးဦး တို့က စက်တင်ဘာ ၃ဝ ရက်နေ့တွင် ပြက္ခဒိန် ရိုက်ကူးခဲ့ ကြသည်။ အဆိုပါ ပြက္ခဒိန်အား ရွှေမင်းသား ဖောင်ဒေး ရှင်းရန်ပုံငွေ အဖြစ် ရိုက်ကူးခြင်းဖြစ် ပြီး ပြက္ခဒိန် တစ်စောင်လျှင် ကျပ် ၁ဝဝဝ နှုန်း သတ်မှတ် ထားကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် အတွက် ရွှေမင်းသား ပြက္ခဒိန် ရိုက်နှိပ်ထုတ် ဝေရခြင်းနှင့် ပတ်သက်ပြီး ရွှေမင်း သားဖောင်ဒေးရှင်း (မြန်မာ) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်သူဝင်းက..

“ကိုပြေတီဦးနဲ့ နန်းခင်ဇေယျာ နှစ်ယောက် စလုံးက စေတနာနဲ့ ကူညီ တယ်။ ဓာတ်ပုံ ရဲမြင့်ဇော် ကလည်း ကျွန်တော့်ကို အလကား ရိုက်ပေးပါ တယ်။ အရေအတွက် က ၆ဝဝဝ တည်း ထုတ်ပါတယ်။ ရန်ပုံငွေပြက္ခဒိန် ပါ။ တစ်စောင်ကို ၁ဝဝဝ နဲ့ ရောင်း ပြီး ၂ဝဝ ကို ကော်မရှင် ပြန်ပေးမှာ ပါ။ ကျွန်တော် တို့မှာ ရန်ပုံငွေ တအား လိုပါတယ်။ ဒီ ရန်ပုံငွေ ပြက္ခဒိန် မှာ ၁၂ မျက်နှာ၊ ၆ ရွက်လုပ်လိုက်ပါ တယ်။ ကျွန်တော်တို့ ပြက္ခဒိန်ကို WF 70 gm နဲ့ ရိုက်ထားပါတယ်။ ကာဗာ ဆိုလည်း AP 130 ကိုသုံး ထားတယ်။ ပြည်သူ လူထုမှာလည်း Awareness ရအောင်လို့ မသန်စွမ်း ညီအစ်ကို မောင်နှမ သုံးယောက်လည်း ပါတယ်။ ကိုပြေတီဦးနဲ့ နန်းခင်ဇေယျာ လည်း ပါတယ်။ တစ်ခါတလေ ကျတော့ မသန်စွမ်းတွေက အမြင် မတင့်တယ် ဘူး၊ ကျက်သရေ မရှိဘူးလို့ပြောနေတဲ့ သူတွေကလည်း အခုအချိန်ထိ ရှိသေးတယ်။ အဲဒီလိုမျိုး မဖြစ် ရအောင် ညီအစ်ကို မောင်နှမတွေနဲ့ ရိုက်ပေးတဲ့ ကိုပြေတီဦး နဲ့ နန်းခင်ဇေယျာ တို့ကို လည်း ကျေးဇူးတင်တယ်” ဟုပြော သည်။ ရွှေမင်းသား ပြက္ခဒိန် အား အောက်တိုဘာ ၁၆ ရက်နေ့တွင် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရန်ကုန် ရုံးချုပ်၊ မန္တလေး၊ နေပြည်တော်- ပျဉ်းမနား တို့တွင် စတင်ဝယ် ယူနိုင်ပြီဖြစ် သည်။ အောက်တိုဘာ ၇ ရက်နေ့က ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ဦးစီး၍ မသန်စွမ်းအဖွဲ့ အစည်း များဖြစ်သော မေရီချက်(ပ်)မင်း နားမကြားသော ကလေး များ ကျောင်း၊ အော်တစ်ဇင် အသင်း၊ ရွှေ မင်းသား ဖောင်ဒေးရှင်း၊ မြန်မာ ရန် ကုန်ရုံးချုပ်၊ မင်္ဂလာဒုံ ရုံး၊ ရွှေပြည် သာရုံး၊ ကျိုက်ထိုရုံး၊ မန္တလေးရုံး၊ နေ ပြည်တော်-ပျဉ်းမနားရုံး DPTO ၊ ပြင်ဦးလွင် ပရဟိတ မျက်မမြင် ကျောင်း စသည့် အဖွဲ့အစည်း များမှ မသန်စွမ်းသူများ စုစုပေါင်း ဦးရေ ၁ဝဝ ခန့်သည် လွှတ်တော် အတွင်းသို့ သွားရောက် လေ့လာခဲ့ကြသည်။ လွှတ်တော် အတွင်းသို့ သွားရောက် လေ့လာဖြစ် ခဲ့ခြင်းနှင့် ပတ်သက်၍ လည်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က “ကျွန်တော်တို့ မသန်စွမ်း ညီအစ်ကို မောင်နှမ ၆၇ ဦး တစ်ညအိပ် ၂ရက် ခရီးပါ။ ရေပန်း ဥယျာဉ်မှာ လည်ပါ တယ်။ နောက်တစ်နေ့ လွှတ်တော် မှာ သွားရောက် လေ့လာတဲ့အခါ ပါတီ ကြီးနှစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်းတွေ့ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီက ဦးဌေးဦး နဲ့လည်း တွေ့ ခဲ့ပါတယ်” ဟုပြောသည်။

အောက်တို ဘာ ၁၅ ရက်နေ့ တွင် အထက်မြန်မာ ပြည် မန္တလေး၌ ပြုလုပ်မည့် အပြည် ပြည် ဆိုင်ရာ မျက်မမြင် လမ်းလျှောက် သောနေ့တွင် ရွှေမင်းသား ဖောင်ဒေး ရှင်း (မြန်မာ) မှ ဝင်ရောက် ဆင်နွှဲ မည်ဖြစ်ကြောင်း သိရသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ လေးလ တစ်ကြိမ် ပြုလုပ် ကျင်းပသော မသန်စွမ်း သူများ အတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ၊ အထောက်အကူပြု ပစ္စည်း များပေးအပ်ပွဲ၊ အခမဲ့ ကွန်ပျူ တာ သင်တန်းမှ သင်တန်းသား များ အား သင်တန်းဆင်း လက်မှတ်ပေး အပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီက တော်ဝင် နှင်းဆီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အထောက်အကူပြု ပစ္စည်း၊ သင်တန်းဆင်း လက်မှတ်နှင့် ပညာ သင်ထောက်ပံ့ကြေးပေးအပ် ခဲ့ကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ဥက္ကဋ္ဌ ဦးမြတ်သူ ဝင်းကပြောသည်။

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)မှ ဗဟိုအမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ အဆိုတော် ဂျေညီညီ ကလည်း ရွှေမင်းသား ဖောင်ဒေးရှင်း ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက် ပြီး..

“ကွန်ပျူတာ သင်တန်းဆိုရင် တစ်နှစ်ကို သုံးပတ်နဲ့ သင်နေတာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပြီ။ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) က ဦးစီးပြီး အောက်တိုဘာ ၇ ရက် နေ့ လွှတ်တော်ကို သွားလေ့လာခဲ့ တယ်။ နောက်ပြီး ၁၈ ရက်နေ့၊ ကမ္ဘာ့ မျက်မမြင်လမ်း လျှောက်နေ့ကို မန္တလေးမှာ လုပ် ဖို့စီစဉ် ထားတယ်။ ရှေ့လထဲ မှာ မန္တလေး နဲ့ နေပြည် တော်မှာ ရှိတဲ့ဒူး အောက်ပိုင်း မရှိတဲ့သူ တွေကို ခြေတု လှူဖို့ရှိမယ်”ဟုပြောသည်။

“တခြား လုပ်ငန်း တော်တော် များများကတော့ မသန်စွမ်း ဆိုတာ နဲ့ အလုပ်ပေးဖို့ကို နည်းနည်း စဉ်းစား ကြတာပေါ့။ ကိုယ်ပိုင် လုပ်ငန်းလုပ် တဲ့ကလေးတွေ ကတော့ အောင်မြင် တာလည်း ရှိတယ်၊ မအောင်မြင်တာ လည်း ရှိတယ်။ ဒါကို ကြည့်ပြီး ကျွန်မ တို့က ကြိုးတော့ ကြိုးစား ရဦးမှာပဲ။ တချို့ လုပ်ငန်းခွင်တွေ မှာလည်း ဒီက ကွန်ပျူတာ သင်တန်း ဆင်းသွားတဲ့ ကလေးတွေ အလုပ် ဝင်နေကြတယ်။ တချို့ကျတော့ စာစီ၊ စာရိုက်တို့လို ကိုယ်ပိုင် လုပ်ငန်းလေး ထူထောင်ချင် တယ်ဆိုရင် ကျွန်မ တို့ ငွေပင်ငွေရင်း နဲ့ မတည်ပေး လိုက်တာတွေလည်းရှိ ပါတယ်” ဟု ရွှေမင်းသား ဖောင် ဒေးရှင်းမှ သင်တန်း ဆင်းများ အပေါ် အဆိုပါ ပွဲ၌ အခမ်းအနား မှူး အဖြစ် ဆောင်ရွက်သူ ဒေါ်သူဇာကျော် (သမီး မြတ်ကျော်) က သုံးသပ် ပြောကြားခဲ့ သည်။

မျိုးမောင်

ကြည့်ဖူးသူတိုင်းကြိုက်ကြမည့် Gravity ၀င်ငွေအကောင်းဆုံးဖြစ်နေ

Posted by drmyochit Thursday, October 17, 2013, under | No comments


သည်းထိတ်ရင်ဖို သိပ္ပံရုပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သည့် Gravity သည် မြောက်အမေရိကတွင် လူအကြိုက် အများဆုံးအဖြစ် ဆက်လက်ရပ်တည် လျက်ရှိပြီး ဒုတိယ ရက်သတ္တပတ် အကုန်ထိ နံပါတ် တစ်နေရာတွင် ရပ်တည် လျက်ရှိကြောင်း သိရသည်။

ဆန်ဒရာဘူးလော့စ်နှင့် ဂျော့ကလူးနီတို့ ပါဝင် သရုပ်ဆောင်ထားသော အဆိုပါ အာကာသ သိပ္ပံ ဇာတ်ကားသည် ယခု ရက်သတ္တပတ် အကုန်တွင် လက်မှတ် ရောင်းချမှုမှာ အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၃ သန်းရရှိမည်ဟု မျှော်မှန်း ထားကြောင်းနှင့် အောက်တိုဘာ ၄ ရက်က ပွဲဦးထွက် ပြသစဉ် လက်မှတ် ရောင်းချမှုသည် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုပါ ဇာတ်ကားသည် အောက်တိုဘာ ၁၅ ရက်က လက်မှတ် ရောင်းချမှု အမေရိကန် ဒေါ်လာ သန်း ၁ဝဝ စံချိန်တင် ရောင်းချ ခဲ့ပြီးနောက် ဆယ်ရက်အတွင်း အသားတင် အမြတ်ငွေ အမေရိ ကန် ဒေါ်လာ ၁၂၃ ဒသမ ၄ သန်း ရရှိထားသည်။ မြောက်အမေရိက၌ ယခု ရက်သတ္တပတ် အကုန်က လူကြိုက် အများဆုံး ရုပ်ရှင်ဇာတ်ကား ၁ဝ ကားစာရင်းတွင် Machetc Kills ၊Runner Runner ၊ Prisoners ၊ Insidious Chapter ၊ Rush ၊ Don Jonနှင့် Baggage Claim ဇာတ်ကားတို့ ပါဝင်ကြောင်း သိရသည်။ 
By မြ၀တီ

သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Posted by drmyochit Thursday, October 17, 2013, under | No comments


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။

ဗုံးပေါက်မှုကြောင့်ထိခိုက်ဒဏ်ရာရသွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွမ်း၏သား စိုင်းအိုက်ဖွန် ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားကြောင်း ယခုသတင်းရေး နေချိန် (မနက် ၉း၃၀ ) အချိန်တွင် နမ့်ခမ်းပြည့်သူ့ဆေးရုံ မှ မူစယ်ပြည့်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ခွဲစိတ်ကုသနေပြီဖြစ်ကြောင်း သိရသည်။

ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသား တရုတ် လူမျိုး အသက် (၅၀)ကျော် အမျိုးသားမှာမူ ဘယ်လက်မောင်း ဒဏ်ရာရရှိကြောင်း ၄င်းက ဆိုပါသည်။

“ကျမတို့မြို့ က ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ ပေါက်တဲ့နေရာကလဲ တနေရာနဲ့တနေရာ သိပ်မဝေးဘူး။ ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ် ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေက ဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင် မှာ လာဖောက်ခွဲရတာလဲ ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ် နေတာလဲ ”ဟု နမ့်ခမ်းမြို့နေ ပါ့နန်းအောင်အေး က ၄င်း၏ခံစားချက်အား ဖွင့်ဟပြောဆိုသည်။

ဗုံးသုံးလုံး စလုံးသည် မြို့လယ်ဘုရားကျောင်း အနီး ပြည်ထောင်စု လမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ပြီး ကိုက် ၂၀၀ အတွင်း တွင်သာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခုသတင်းရေးနေချိန်တွင် နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြား ဗုံးရှင်းလင်းရေးဟုဆိုကာ မြန်မာ စစ်သားများ လှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြား အမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့် ရှုနေကြောင်း စိုင်းအိုက်လှ က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။
ဗုံးမပေါက်ကွဲမီ ယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်များသည် မြို့လယ်ဘုရားကျောင်းတွင် လာရောက် တည်းခို ကြကြောင်း ဒေသခံများကပြောပါသည်။

သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)

မန္တလေးဈေးချို၌ ဗုံးလန့်

Posted by drmyochit Thursday, October 17, 2013, under | No comments


မန္တလေး အောက်တိုဘာ ၁၆

မန္တလေးမြို့ ဈေးချိုတော်အရှေ့မြောက်ဘက် အေရုံ ပထမထပ်ဝရန်တာရှိ ထုပ်တန်းပေါ်တွင် မသင်္ကာဖွယ် ဂျပ်စက္ကူဖာတစ်ခုကို အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခန့်ကတွေ့ရှိပြီး အထိတ်တလန့်ဖြစ်ပွား ခဲ့သည်။ လှထိပ်တင်အလှကုန်ဆိုင်က စတင်တွေ့ရှိခဲ့ပြီး ဆိုင်ရှင် ဦးအောင်နိုင်က ရုံလူကြီးအား အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

“မနက်ဆိုင်ခင်းနေတုန်း ကလေးတွေက တန်းပေါ်မှာ ဂျပ်ဘူးတစ်ခုတွေ့တယ်။ မသင်္ကာဘူးဆိုတာနဲ့ ကျွန်တော် ရုံလူကြီးကို အကြောင်းကြားပါတယ်။ သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ရောက်လာပြီး ရှင်းလင်းရေးအတွက် စတင်လုပ်ဆောင်ပါတယ်”ဟု ဦးအောင် နိုင်က ပြောပြသည်။ အဆိုပါ မသင်္ကာဖွယ်ဂျပ်စက္ကူတွေ့ရှိရာနေရာအား လုံခြုံရေးရယူကာ သဲအိတ်များဖြင့် အကာအရံပြုလုပ်ပြီး မသင်္ကာဖွယ်ဂျပ်ဘူးအား ချိတ်ဖြင့်ဆွဲချရာ ဂျပ်ဘူးစက္ကူဖာအလွတ်တစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

စမတ်ဖုန်းသုံးတာသတိထား၊ ကြာကြာသုံးလျှင် လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်

Posted by drmyochit Thursday, October 17, 2013, under | No comments


စမတ်ဖုန်းများ အသုံးပြု၍ Message ပေးပို့ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပါက လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အရိုးဘက်ဆိုင်ရာ ဆေးပညာ သုတေသီများသည် စမတ်ဖုန်းများ လွန်ကဲစွာ အသုံးပြုခြင်းဖြင့် ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့် iSlouchingနှင့် iGrindingဆိုသော ထိခိုက်သက်ရောက်မှု နှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ အမေရိကန်တွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် မိမိ၏ဖုန်းကို နေ့စဉ် အကြိမ်ရေ (၁၁၀)မျှ ထုတ်ကြည့်လေ့ရှိသည်။ အကျိုးဆက် အနေဖြင့် ဖုန်းကို လက်ထဲတွင်ထားကာ ငုံ့ကြည့် ရာမှ ကျောရိုးဆစ်နှင့် လည်ကုပ်ပိုင်းကို ထိခိုက်သက်ရောက်နိုင်ကြောင်း ဖြစ်သည်။ ဖုန်းကို ကြာရှည်စွာ ငုံ့ကြည့်ရင်း လူတစ်ဦး၏ နောက်ကျောမကြီးကို ဖိအားသက်ရောက်နေသည့် ဖြစ်စဉ်ကို iSlouchingဟု အမည်ပေးထားသည်။

ဖလော်ရီဒါမှ ကျောရိုးဆေးပညာ အထူးပြု သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ မတ်ဟာဘာက "ရှေ့ကို ခေါင်းငိုက်လိုက်ချိန်မှာ ကျောရိုးပေါ်ကို ဖိအားသက်ရောက်မှု (၁၀)ပေါင်အားလောက် ရှိသွားတတ်လို့ သုတေသန ရလဒ်တွေက ညွှန်ပြနေပါတယ်။ စမတ်ဖုန်းတွေ အသုံးပြုဖို့ ရေရှည် ခေါင်းငုံ့ထားတဲ့အခါ လည်ကုပ်နဲ့ ကျောရိုးဆစ်တွေ ကြားထဲက အရိုးနုနဲ့ တစ်သျှူးတွေကို ထိခိုက်မှုတွေ ဖြစ်စေတတ်တယ်"ဟု ရှင်းပြခဲ့သည်။ သုတေသီများက iSlouching ဖြစ်စဉ်ကို ရှောင်ရှားရန်အတွက် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုကို အချိန်ကန့်သတ်ရန် အကြံပြုထားသည်။

အချို့သော ကလေးများသည် စမတ်ဖုန်းများနှင့် ဂိမ်းကစားသည့်အခါ အောက်မေးရိုးကို သတိလက်လွတ် ကြိတ်ဝါးနေတတ်သည်။ မကြာခဏ အံကြိတ်ပြီး ဖိအားပေးနေခြင်းသည် ရေရှည်တွင် မေးရိုးကို ထိခိုက်လေ့ရှိပြီး ယင်းကို iGrindingဟု အမည်ပေးထားသည်။ အဆိုပါ ဖြစ်စဉ်မျိုးသည် လူကြီးအချို့ တွင်လည်း တွေ့ရှိနေရကြောင်း ဒေါက်တာ ဟာဘာက မှတ်ချက်ပြုခဲ့သည်။ "စမတ်ဖုန်း တစ်လုံးကို သတိမမူဘဲ အချိန်အကြာကြီး သုံးစွဲမိတဲ့အခါ မမျှော်လင့်တဲ့ ဆိုးကျိုးသက်ရောက်မှု တချို့ကို ခန္ဓာကိုယ်က လက်ခံရရှိနေတတ်ပါတယ်။ အထူးသဖြင့် ကျောရိုးတဝိုက်မှာ ရှိနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြောတွေဟာ လှုပ်ရှားမှု ပုံစံ တစ်မျိုးတည်းကို ခဏခဏ လုပ်ဆောင်နေရရင် ဒဏ်ဖြစ်သွား တတ်တယ်"ဟု ၎င်းက ဆိုသည်။

သုတေသီများက Messageများ ပေးပို့ရာမှ လည်ကုပ်ညောင်းညာ နာကျင်သည့် အဖြစ်မျိုး ကြုံလာရခြင်းကို Text Neckဟုလည်း အမည်ပေးထားသေးသည်။ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်တွင် ပြုလုပ်သည့် သီးခြား သုတေသန ရလဒ်တစ်ခုအရ စမတ်ဖုန်းများကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိသူများ၏ (၈၃)ရာခိုင်နှုန်းသည် Messageပို့တိုင်း လည်ကုပ်တွင် နာကျင်မှု ခံစားရကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ ၎င်းတို့သည် ညောင်းညာခြင်း၊ အသက်ရှူနှေးခြင်း၊ နှလုံးခုန်နှုန်း တိုးလာခြင်းစသည့် မူမမှန်သည့် ခန္ဓာကိုယ် တုံ့ပြန်မှု အချို့လည်း ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်