Tuesday, November 26, 2013

စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအ၀င် ဘုံလုပ်ငန်းစဉ် သုံးရပ်အား ဆက်လက် အကောင်အထည် ဖော်မည်ဟု UNA နှင့် UNFC တွေ့ဆုံမှု ကြေညာချက်ထုတ်ပြန်

Posted by drmyochit Tuesday, November 26, 2013, under | No comments

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအ၀င် ဘုံလုပ်ငန်းစဉ် သုံးရပ်အား ဆက်လက် အကောက်အထည် ဖော်မည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က တွေ့ဆုံမှု ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

UNA နှင့် UNFC တို့သည် UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီထိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘုံလုပ်ငန်းစဉ်ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် ပိုမိုထိရောက်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အဆိုပါ ကြေညာချက်၌ နှစ်ဖက်ခေါင်းဆောင်များ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အထွေထွေ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသုံးသပ်ကြပြီး ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသား လူမျိုးအားလုံး၏ အကျိုးအတွက် တူညီသည့် ဘုံသဘောထားများကို အတူတကွ လက်တွဲ၍ အကောင်အထည် ဖော်သွားကြရန် ထပ်လောင်းသံန္နိဋ္ဌာန် ချမှတ်ခဲ့ကြောင်း ထည့်သွင်းထားသည်။

အဆိုပါ တွေ့ဆုံမှု၌ ရန်ကုန်မြို့သို့ လေ့လာရေးခရီး ရောက်ရှိနေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်၊ ဒုဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါ၊ အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာ၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei Sasakawa နှင့် ဖောင်ဒေးရှင်း ဒါရိုက်တာ Mr.Yuji Mori တို့ တက်ရောက်ခဲ့သည်။

''အမြင်တွေ ဖလှယ်ရုံပဲပေါ့။ လက်တွေ့ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး အခြေအနေကို သူတို့ကို ရှင်းပြတယ်။ ဒါပေမဲ့ အချိန်နည်းတယ်။ သူတို့ဆီက အကြံဉာဏ်ဘာမှ မရလိုက်ဘူး'' ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မီဒီယာများအား ပြောကြားသည်။

အလားတူ UNFC ဒုဥက္ကဋ္ဌ (၁) ခွန်အေဘယ်တွိဒ်က တွေ့ဆုံမှု၌ ပြည်တွင်းသို့ မရောက်သည်မှာ နှစ်ပေါင်းသုံးလေးဆယ် ကြာပြီဖြစ်ကြောင်း၊ တိုးတက်မှုအချို့ကို တွေ့မြင်ခဲ့ရသော်လည်း နိုင်ငံရေးတိုးတက်မှု မရှိဘဲနှင့် တိုင်းပြည်ရေရှည် တိုးတက်ဖို့ရန် မဖြစ်နိုင်သေးကြောင်း၊ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းလင်းခြင်း မရှိသေးသည့်အတွက် ယနေ့ထိ ပဋိပက္ခများ မချုပ်ငြိမ်းနိုင်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးကို လိုချင်ကြောင်း၊ တိုင်းရင်းသားများ၏ လိုလားချက်မှာ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ထူထောင်ရေးတို့ ဖြစ်ကြောင်း၊ ဤရည်မှန်းချက်များကို ပြည့်ဝနိုင်ရေးများ အတွက် တိုင်းရင်းသားများက ကြိုးပမ်းနေကြောင်း၊ အပစ်အခတ် ရပ်စဲထားတာကို ငြိမ်းချမ်းရေး ရပြီဟု အစိုးရက ယူဆနေကြောင်း၊ တစ်ယောက်တည်း တစ်ဖွဲ့တည်း ပြောဆိုသည်ထက် စုပေါင်းပြောဆိုသည်က ပိုပြီးအားရှိ၍ ပိုပြီးထိရောက်ကြောင်း၊ မိမိတို့သည် ရည်ရွယ်ချက်ခြင်း တူကြောင်း၊ တစ်ဖွဲ့ချင်းဆိုပါက ဖြိုခွင်းခံရသည်ကို သင်ခန်းစာယူရန် လိုကြောင်းနှင့် မိမိတို့အချင်းချင်း ညှိနှိုင်းဆောင်ရွက် သွားကြလျှင် မအောင်မြင်စရာ မရှိကြောင်း ပြောကြားသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖေ့ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် UNA နှင့် UNFC တို့ ပူးပေါင်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲနေပြီး အဆိုပါ မူကြမ်းကို အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ကိုင်စွဲအသုံးပြုရန် ရည်ရွယ်ထားသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်