Sunday, September 02, 2012
အစိုးရသစ်လက်ထက် လူအင်အား အများဆုံး ဆန္ဒပြပွဲကြီး
Posted by drmyochit
Sunday, September 02, 2012, under ဓါတ်ပုံသတင်း | No comments
ဂျပန်ရောက် မြန်မာများလည်း UN ရုံးရှေ့ ဆန္ဒပြမည်
Posted by drmyochit
Sunday, September 02, 2012, under ပြည်တွင်းသတင်းများ | No comments
ဗဟိုဘဏ် ဖွဲ့စည်းပုံအသစ် အတည်ပြု
Posted by drmyochit
Sunday, September 02, 2012, under ပြည်တွင်းသတင်းများ | No comments

From : ခေတ်လူငယ်
ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ဖွဲ့စည်းပုံအသစ်ကို အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ပြီး ဖွဲ့စည်းပုံအသစ်အရ ဝန်ထမ်းဦးရေ နှစ်ဆကျော် ပိုမိုပါဝင်တယ်လို့ ဗဟိုဘဏ်မှ သိရသည်။ ဗဟိုဘဏ်ဖွဲ့စည်းပုံအသစ်မှာ သူ့ကော်မတီနဲ့သူ ပါဝင်မှာ ဖြစ်တယ်။ ကော်မတီအသစ်မှာ ပညာရှင်တွေနဲ့ အရာထမ်း၊ အမှုထမ်းတွေ အများကြီးခန့်ဖို့ လိုအပ်ပါတယ်။ ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက “လက်ရှိ ဖွဲ့စည်းပုံမှာ လူဦးရေ ၁၂၀၀ ရှိတယ်၊ ဖွဲ့စည်းပုံအသစ်မှာ ၂၅၀၀ လောက် ဖွဲ့မှရမယ်” လို့ ပြောပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်တာက ခွဲထွက်တာမဟုတ်ဘဲ ငွေကြေးမူဝါဒ ချမှတ်ဖို့ လုပ်ပိုင်ခွင့်ရရှိတာ ဖြစ်တယ်။ သည်အချိန်မှာ အတိုးနှုန်း ပြောင်းချင်ရင် အစိုးရအဖွဲ့ကို တင်ပြရပါတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ရင် ငွေကြေးမူဝါဒတွေဖြစ်တဲ့ အတိုးနှုန်း၊ နိုင်ငံခြားငွေဈေးကွက်၊ သီးသန့်ငွေကြေး ထားရမယ့်အချိုး၊ ငွေတိုက်စာချုပ် အရောင်းအဝယ်၊ ငွေစက္ကူကျပ်ငွေ ထုတ်ခွင့်တွေကို ဗဟိုဘဏ်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အစိုးရရငွေ၊ သုံးငွေ၊ အခွန်စတဲ့ မူဝါဒတွေသာ ချမှတ်မှာ ဖြစ်တယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ပြီ ဆိုရင်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နီးနီးစပ်စပ် ပူး ပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရတယ်။ ဗဟိုဘဏ် သီးခြားရပ်တည်ဖို့ ၁၉၉၀ ပြည့်နှစ်က ဗဟိုဘဏ်ဥပဒေကို ပြင်ဆင် ရေးဆွဲရမှာ ဖြစ်တယ်။ ဘတ်ဂျက်ကလည်း သီးခြားဖြစ်ရမယ်လို့ သိရတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်အတွက် ဘတ်ဂျက်ကို ပြည် ထောင်စု အစိုးရထဲက ဘတ်ဂျက်နဲ့ပဲ ရေးဆွဲထားပါတယ်။ ဗဟိုဘဏ်က တာဝန်ရှိသူက “ဗဟိုဘဏ်ရဲ့ ဝင်ငွေတွေက ဘဏ် တွေအပေါ်ရတဲ့ ကြီးကြပ်ခ၊ ငွေတိုက်စာချုပ် အတိုးတွေ၊ ဗဟိုဘဏ်က ငွေကြေးအဖွဲ့အစည်းတွေဆီက ဘီလျံနဲ့ချီပြီး ငွေချေးပေးတဲ့ အတိုးတွေရမယ်၊ ဘတ်ဂျက်ဘယ်လိုလုပ်မယ် ဆိုတာ ခုထိ မဆုံးဖြတ်ရသေးဘူး” လို့ ဆိုတယ်။ ဗဟိုဘဏ် ဖွဲ့စည်းပုံ အသစ်အရ လိုအပ်တဲ့ ပညာရှင်နဲ့ ဝန်ထမ်းတွေကို ပြည်တွင်း ကနေ ခေါ်ယူမှာဖြစ်တယ်။ အထူးကိစ္စရပ် အနေနဲ့ စီးပွားရေး တက္ကသိုလ်က ပါမောက္ခကို ခန့်မယ်ဆိုရင်တော့ ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းပြီး ခန့်မယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံနဲ့ လိုအပ်တဲ့ ဥပဒေတွေ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးရင် ဗဟိုဘဏ်သီးခြား ရပ်တည်မှာဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း မငြိမ်မသက်မှု များကြောင့် စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုးများစာရင်း
Posted by drmyochit
Sunday, September 02, 2012, under သတင်းများ | No comments
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း မငြိမ်မသက်မှုများကြောင့်
စွပ်စွဲဖမ်းဆီးခံနေရသည့် ရခိုင်လူမျိုး
များစာရင်းကိုအောက်ပါအတိုင်း
ဖော်ပြလိုရပါသည်။
(၁) ဦးမောင်အေးတင် / ၅၀-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၂) ဦးကျော်လှထွန်း / ၅၀-နှစ် / စာရေး / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၃) ဦးထွန်းအောင်ကြည် / ၅၂-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၄) ဦးအောင်ကျော်ဇံ / ၆၄-နှစ် / လယ်သမား / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၅) ဒေါ်မစော / ၅၈-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၆) ဒေါ်လှစိန်နု (ခ) ဒေါ်လှတင်စော / ၃၀-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂
(၇) ဦးစိုးသိန်းအောင် / ၃၂-နှစ် / ကျဘန်း / တောင်ဘွယ်ကျေးရွာ / ၀၉-၀၈-၂၀၁၂ အဖမ်းခံရ
(၈) မောင်သန်းမြင့် / ၂၉-နှစ် / တက္ကသိုလ်ကျောင်းသား / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၉) ဦးဦးစောလှ / ၄၂-နှစ် / လယ်လုပ် / ရွှေပြည်ကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၀) ဦးသိန်းမြင့် / ၄၂-နှစ် / ကျဘန်း / မဟာမုနိကျေးရွာ / ၁၇-၀၆-၂၀၁၂ အဖမ်းခံရ
(၁၁) ဦးအေးမောင် / ၃၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၂) ဦးထွန်းစံအောင် / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၃) ဦးစောလှထွန်း / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၄) ဦးမြင့်ဆွေ / ၂၇-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၅) ဦးအောင်ကျော်သာ / ၄၀-နှစ် / လယ်လုပ် / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၆) ဦးရွှေမြင့်မောင် / ၄၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၇) ဦးကျော်ဌေး / ၃၈-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၈) ဦးမောင်တင်ညို / ၂၅-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၁၉) ဦးအောင်ထွန်းသာ / ၅၀-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၀) ဦးလှထွန်းသာ / ၄၁-နှစ် / ကျဘန်း / နဂရာကျေးရွာ / ၁၆-၀၆-၂၀၁၂ အဖမ်းခံရ
(၂၂) ဦးစံသာ / ၅၁-နှစ် / လယ်လုပ် / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၃) ဦးကျော်လှဖြူ / ၅၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၄) ဦးမောင်စံလှိုင် / ၄၅-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၅) ဦးမောင်ထွန်းဝင်း / ၃၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၆) ဦးအောင်သန်းဌေး / ၂၀-နှစ် / ကျဘန်း / ကျောက်ဖြူသစ်ကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၂၇) ဦးအေးချေ / ၃၂-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၈) ဦးမောင်သိန်းဝင်း / ၃၅-နှစ် / ကျဘန်း / ရွာသစ်ကေကျေးရွာ / ၁၄-၀၈-၂၀၁၂ အဖမ်းခံရ
(၂၉) ဦးစောမောင်ရွှေ / အသက်မသိ / လယ်လုပ် / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၀) ဦးကျော်ဆန်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
(၃၁) ဦးကျော်ထွန်းဝင်း / အသက်မသိ / ကျဘန်း / ကသစ်တောကျေးရွာ / ၀၆-၀၈-၂၀၁၂ အဖမ်းခံရ
Apple ၏ နည်းပညာကို Samsung ပုံတူကူးချခြင်းမရှိဟု ဂျပန်တရားရုံးဆုံးဖြတ်
Posted by drmyochit
Sunday, September 02, 2012, under နိုင်ငံတကာသတင်းများ | No comments
Samsung အနေဖြင့် ၎င်း၏ Galaxy smartphone များနှင့် Galaxy Tablet များ ထုတ်လုပ်ရာတွင် Apple ၏ iPhone, iPad တို့တွင် အသုံးပြုထားသော နည်းပညာများကို ပုံတူကူးချခိုးယူထားခြင်း မတွေ့ရှိရကြောင်း တိုကျိုတရားရုံးက ယနေ့ စီရင်ချက်ချမှတ်သည်။ ယခုအမှုကိစ္စတွင် Samsung ၏ ထုတ်ကုန်များဖြစ်သော Galaxy S, Galaxy S2 နှင့် Galaxy Tab 7 တို့တွင် ပါဝင်သော music, video တို့ကို ကွန်ပျူတာနှင့် synchronize ပြုလုပ်သည့် နည်းပညာမှာ ၎င်းတို့ထံမှ ကူးချထားခြင်းဖြစ်ကြောင်း Apple က ပြောကြားထားကြောင်း CNN တွင် ဖော်ပြသည်။
မြန်မာနိုင်ငံက ခရီးသွား နေရာတချို့ ကို ပိတ်ပင်
Posted by drmyochit
Sunday, September 02, 2012, under ပြည်တွင်းသတင်းများ | No comments
မြန်မာနိုင်ငံမှာ
နိုင်ငံရေး ပြုပြင်ပြောင်းလ
ဲ မှုတွေတွေ ရှိလာတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား
တွေ ဒီနှစ်မှာ အတော်ကြီး ပိုများလာနိုင်တယ်လို့ 
ခန့်မှန်းနေကြချိန်မှာပဲ တစ်ဘက်မှာလည်း
နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိတဲ့နေရာတွေမှာ သွားလာခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင် လိုက်ပါတယ်။
ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ နှင့် မဟာမုနိ တို့အပြင် ရှမ်းပြည်နယ် မိုင်းလား စတဲ့ နေရာ ၅ နေရာ သွားလာခွင့်ကို သြဂုတ်လ ၃၀ရက်နေ့မှာ တားမြစ် လိုက်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ဇွန်လအတွင်းမှာ အဓိကရုဏ်းတွေ မဖြစ်ခင်ကထိ တရက်လို ကမ္ဘာလှည့်ခရီးသွား ၂၀ဝ လောက် လာရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်လောက်အတွင်း မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု အထိုက် အလျောက် ရှိလာတဲ့အတွက် ခရီးသွားတွေလည်း တဖြည်းဖြည်း ပိုများလာတယ်လို့ သိရပါတယ်။
အခုလို တားမြစ်လိုက်တဲ့အတွက် ခရီးသွား ဦးရေ တိုးနှုန်း ကျသွားနိုင်ပေမယ့် အရင်ထက်တော့
ခရီးသွားဦးရေ ဆက်များနေဦးမယ်လို့ ခန့်မှန်းကြောင်း ဦးတင်ထွန်းအောင်က ပြောပါတယ်။
BBC (မြန်မာပိုင်း)

အိုအိုင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ နောက်အပတ် မြန်မာကို ရောက်မည်
Posted by drmyochit
Sunday, September 02, 2012, under ပြည်တွင်းသတင်းများ | No comments
အဖွဲ့ (အိုအိုင်စီ) အထွေထွေ အတွင်းရေးမှူး
Ekmeleddin Ihsanoglu နှင့် အဖွဲ့သည်
နောက်အပတ်တွင် မြန်မာနိုင်ငံသို့
ရောက်ရှိမည်ဟု သတင်း ရရှိသည်။
ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာ အစိုးရနှင့် ဆွေးနွေးရန် စေလွှတ်မည်ဟု အိုအိုင်စီမှ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ အပေါ် ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် အိုအိုင်စီအား ဖိတ်ခေါ်ထားသည်ဟု သိရသည်။
အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အတွင်းသို့လည်း
သွားရောက် လည်ပတ်ဖွယ် ရှိသည်ဟု ဆိုသည်။
အဆိုပါ အဖွဲ့သည် မြန်မာ အစိုးရ ထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံ စဉ် ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသော မွတ်ဆလင်များ အရေးကို အလေးပေး ဆွေးနွေးမည်ဟု သတင်းများက ဆိုသည်။
အဓိက အားဖြင့် မွတ်ဆလင် ဘာသာဝင်များ အပေါ် ခွဲခြား ဆက်ဆံမူများ အပေါ် ရပ်တန့်ရန် မြန်မာ
အစိုးရကို ဖိအားပေး တောင်းဆိုမည်ဟု The Gulf News တွင် ဖေါ်ပြသည်။
နိရဉ္စရာ
ငြိမ်းချမ်းရေးကြောင့် ကားအစီး "၅၀၀"ရာ ဒုက္ခရောက်
Posted by drmyochit
Sunday, September 02, 2012, under ပြည်တွင်းသတင်းများ | No comments
ဒီနေ့ ကရင်ပြည်နယ် မြ၀တီကနေတဆင့်
အနယ်နယ်အရပ်ရပ်ကို ထွက်ခွာကြမဲ့
ခရီးသည်တင်ကားနဲ့ ကုန်တင်ကားကြီး
အစီးရေ ၅၀၀ ကျော်လောက် မြ၀တီမြို့
ထဲမှာ ၃ နာရီနီး ပါးပိတ်မိသွားပါတယ်။
မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘားအံသွားမယ့် KNU အဖွဲ့ရဲ့ယာဉ်တန်းအတွက် ကားလမ်း ယာယီ ပိတ်လိုက်တာကြောင့်ကားတွေရာနဲ့ချီအခုလိုဒုက္ခရောက်ရတာပါလို့ကုန်တင်ကားမောင်းတဲ့လူတွေက
ပြောပါတယ်။
၁၂ ဘီးကားမောင်းသူတဦးက “မြ၀တီအထွက်ဂိတ်ဖြစ်တဲ့ တံတားကျိုးဂိတ်ကိုပုံမှန် ၆ နာရီမှာဖွင့်တယ်။ ဒီနေ့ ကားအဆင်းနေ့မှာ KNU အဖွဲ့ ဘားအံသွားတဲ့ယာဉ်တန်း ရှိလို့ မနက် ၆ နာရီက ၉ နာရီအထိ ကားထွက်ဖို့ စောင့်ခဲ့ရတယ်။ အမှန်က ကျွန်တော်တို့ကားတွေကို ဂိတ်ဖွင့်ချိန်မှာ လွှတ်လိုက်ပြီး ၉ နာရီကျမှ ပြန်ပိတ်လိုက်လည်း ရတာပဲ။ အခုတော့ အားလုံး ဒုက္ခဖြစ်ကြရတယ်” လို့ ပြောပါတယ်။
မြ၀တီကအထွက် တောင်ပေါ်လမ်းဟာ ကား ၂စီး ရှောင်လို့မရလောက်အောင် ကျဉ်းမြောင်းပါတယ်။ ဒါကြောင့် ဒီနေ့လို "ကားအဆင်းနေ့တွေ"မှာ မြ၀တီကနေ ထွက်တဲ့ကားတွေပဲ ရှိပါတယ်။ မနက်ဖြန်လို "အတက်နေ့"တွေမှာတော့ မြ၀တီကိုလာမယ့်ကားတွေပဲ ရှိပါတယ်။
အတက်နေ့၊ အဆင်းနေ့ ဆိုပြီး ကန့်သတ် သွားလာနေရတဲ့ လမ်းရဲ့ အခြေအနေကလည်း ကျင်းတွေချိုင့်တွေနဲ့ပါ။
ကုန်သည်တဦးပြောတာက “ထိုင်းမှာဆိုရင် မြ၀တီ-ကော့ကရိတ်ခရီးမိုင် ၄၀ လောက် ဆိုရင် သူတို့ဆီမှာ အလွန်ဆုံး တနာရီပဲ။ ဒီမှာက ၃ နာရီလောက်အချိန်ကုန်တယ်။ နောက်ပြီး ဟုတ်တိပတိလမ်းပြင်တာ မရှိပေမဲ့ လမ်းကြေးကောက်တာကတော့ မတန်တဆပဲ။ ဒီလမ်းပိုင်းမှာတာဝန်ယူ ထားတဲ့ AK ကုမ္မဏီကတော့ ပိုက်ဆံပဲကောက်ပြီး လမ်းအပေါက်တွေကိုမြေကြီးနဲ့ပဲ လိုက်ဖာနေတော့ ဒီလမ်းကြောပြန်ကောင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး”
VIP ယာဉ်တန်း ဆိုတာတွေကြောင့်လည်း အပြောင်းအလဲကြီးတွေ ဖြစ်ရပါတယ် တဲ့။
“ဒီလမ်းမှာ အဆိုးဆုံးပြဿနာက လူကြီးယာဉ်တန်း၊ VIP ယာဉ်တန်း လာပြီ ဆိုရင် ရှိသမျှကားတွေ အကုန်ရပ်ပဲ။ တချို့ဆိုရင်တောထဲမှာပဲ မကြာခဏညအိပ်ရတယ်” ဆိုပြီး အဲဒီကုန်သည်က ဆက်ပြီး ရင်ဖွင့်ပါတယ်။
ဒေသခံတွေပြောဆိုချက်အရ ဆိုရင် VIP ယာဉ်တန်းထဲ ပါဝင်တဲ့ ကားတွေဟာ အရေးပါသလို ဒီလမ်းမကြီးမှာ သွားလာနေတဲ့ ကားတွေကလည်း သူ့နည်းသူ့ဟန် အရေးကြီးနေကြတာပဲ မဟုတ်ပါလား။
မြ၀တီ-ကော့ကရိတ်လမ်းအကြောင်း ပြန်ဆက်ရမယ် ဆိုရင်
ထိုင်း-မြန်မာနယ်စပ်ရဲ့အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်လမ်းကြောကို အစိုးရက စနစ်တကျပြင်ပေးတာ တခါမှ မရှိသေးဘူးလို့လည်း ဒီလမ်းကြောမှာ ယာဉ်မောင်းသက်တမ်း ၂၀ ရှိပြီး ဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။
ကုန်ဈေးနှုန်းတက်ရတဲ့အကြောင်းရင်းတခုထဲမှာ ဒီလမ်းအခြေအနေဆိုးချက်လည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
သစ်သီးကုန်သည်ဒေါ်လုံးက ထိုင်းကုန်တွေ အဆမတန် ဈေးတက်ခြင်းဟာ လမ်းခရီးကြမ်းတမ်းမှုကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ လမ်းခရီးမှာ အာဏာပိုင်များက စာရင်းမရှိ အင်းမရှိ ဂိတ်ကြေး နဲ့ လမ်းတံတားကြေးများကောက်ခံခြင်းတို့ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
(ဧရာဝတီ)

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၁)
Posted by drmyochit
Sunday, September 02, 2012, under ဆောင်းပါး | No comments
ပထမဦးစွာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
အခေါ်အဝေါ်များကို ရှင်းလင်းတင်ပြလိုပါသည်။ စာဖတ်သူများ အားလုံးသိရှိပြီး
ဖြစ်သည့်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခု
ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါသည်။ အဆိုပါ ဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
အထက်ပါအချက်များကို
ပြန်ပြောင်းပြောဆိုနေရခြင်းမှာ အကြောင်းရှိပါသည်။ ကျွန်တော်တို့လို
သာမန်ပြည်သူများကို အသာထား၍ ပြည်သူ့ကိုယ်စားလှယ်များဟု ဆိုသူများပင်လျှင် လက်ရှိ
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို အမည်နာမ မှန်ကန်စွာ မခေါ်ဆိုကြသောကြောင့် ဖြစ်ပါသည်။
Sky Net မှ ထုတ်လွှင့်ပြသသည့် လွှတ်တော်တွင်း ဆွေးနွေးမှုများကို ကြည့်ရှုနားထောင်ရင်း
တစ်ခါတစ်ရံတွင် အချို့သော ကိုယ်စားလှယ်များက လက်ရှိကျင့်သုံးနေသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြောဆိုကြရာတွင် အမှားမှားအယွင်းယွင်း
ပြောဆိုနေကြသည်ကို တွေ့မြင်နေရသောကြောင့် ဖြစ်ပါသည်။ စာဖတ်သူ၏ အမည်သည် မောင်မြဟု
ဆိုပါစို့။ အခြားလူတစ်ဦးက သင့်အား မောင်လှဟု ခေါ်ဝေါ်ပြီး အမြဲတစေ
ပြောဆိုဆက်ဆံနေပါလျှင် စာဖတ်သူ မည်သို့ ခံစားရမည်နည်း။ ထို့ပြင် စာဖတ်သူအနေဖြင့်
မိမိအမည်ကို မှန်ကန်စွာ မခေါ်ဆိုနိုင်သည့် အဆိုပါပုဂ္ဂိုလ်အား မည်သို့
သဘောထားပါမည်နည်း။ ကျွန်တော်ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်အတွက်ပင် အမည်နာမဟူသည်
ထိုမျှ အရေးကြီးလှပေရာ တစ်နိုင်ငံလုံးက၊ ပြည်သူအားလုံးက လေးစားလိုက်နာကြရသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုလျှင် မည်သို့ရှိမည်ကို စဉ်းစားကြစေလိုခြင်း
ဖြစ်ပါသည်။
လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သော
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိရန်အတွက်
သူ့ကျွန်ဘ၀တွင် ရေးဆွဲရသည့် ထိုအခြေခံဥပဒေတွင် သမ္မတ ဟူသော စကားရပ်
မပါရှိသေးပါ။ ထို့ပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု အသုံးပြုထားပါသည်။
အုပ်ချုပ်ပုံ ဟူသည့်စကားရပ် ထည့်သွင်းထားသည်ကို
အလေးဂရုပြုကြစေလိုပါသည်။
တစ်ဖန် ၁၉၇၄ ခုနှစ်တွင် ရေးဆွဲခဲ့သော
အခြေခံဥပဒေကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဟု အမည်ပေးခဲ့ကြပါသည်။ မူကြမ်းသုံးကြိမ်အထိ ရေးဆွဲပြီး
ပြည်သူ့ဆန္ဒခံယူကာ ရေးဆွဲခဲ့သည့် အဆိုပါအခြေခံဥပဒေတွင် ဆိုရှယ်လစ် ဟူသော
စကားရပ်ကို ထည့်သွင်းထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဆိုရှယ်လစ်လူ့ဘောင်သို့
ချီတက်မည်ဟု မျှော်မှန်းရေးဆွဲခဲ့သော အခြေခံဥပဒေဖြစ်သောကြောင့် ဖြစ်ပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) သည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့
လျှောက်လှမ်းရန် စိတ်ရည်သန်ပြီးသကာလ နိုင်ငံတော်ရှေ့ဆက်သွားရမည့် မူဝါဒလမ်းစဉ် ၇
ရပ်ကို ကြေညာခဲ့ပါသည်။ ထိုအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့်
ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလမ်းစဉ် ၇ ရပ်တွင်
ပထမအဆင့်မှ စတုတ္ထအဆင့်အထိသည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု
ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဦးတည်ခဲ့ခြင်း ဖြစ်ပါသည်။ ကျန်သည့်အဆင့်များကတော့
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ကြပါသည်။
တပ်မတော်အစိုးရသည် လမ်းစဉ် ၇ ရပ်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး
လက်ရှိကျင့်သုံးနေသည့် အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ထိုဥပဒေ၏
အမည်နာမမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူ၍
ဖြစ်ပါသည်။
အတော်အသင့် ရှင်းပြခဲ့ပြီး ဖြစ်သည့်အတွက်
မြင်တွေ့ကြားသိနေရသည့် အမှားများကို ပြောပြလိုပါသည်။ ကိုယ်စားလှယ်အချို့က
လွှတ်တော်တွင်း ဆွေးနွေးမှုများတွင် ပြောဆိုတတ်ကြသည့် အမှားအချို့ကို အောက်ပါအတိုင်း
တွေ့ရှိရပါသည်။ အင်တာနက် စာမျက်နှာများပေါ်တွင်လည်း တွေ့ရတတ်ပါသည်။ ထို့ပြင်
ဂျာနယ်များပေါ်တွင်လည်း ဖတ်ရှုရတတ်ပါသည်။ နာမည်ကြီး ပုဂ္ဂိုလ်များ၊
နိုင်ငံရေးသမားများနှင့် အင်တာဗျူးများတွင်လည်း ထိုအမှားများကို
အသုံးပြုတတ်ကြပါသည်။ လေ့လာကြည့်ပါမည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈
- ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
- ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂၀၀၈
အထက်ပါသာဓကများသည် မှားယွင်းနေသော အခေါ်အဝေါ်များ
ဖြစ်ကြသည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်နှင့် ရင်းနှီးသည့် ဥပဒေပညာရှင်
မိတ်ဆွေတစ်ဦးက Sky Net မှ လွှတ်တော်ဆွေးနွေးမှုများကို အတူကြည့်နေစဉ် ပြောကြားဖူးတာ
ရှိပါသည်။ ကိုယ်စားလှယ်တွေကလည်းဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာဖြစ်လို့ ခုနှစ်တွေ
ထည့်ပြောရတာလည်း မသိဘူးတဲ့။ ကျွန်တော်တို့မှာ တည်ဆဲကျင့်သုံးနေတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်ခုတည်းပဲ ရှိတယ်လေဗျာတဲ့။ အဲဒါကို မလိုအပ်ဘဲ ၂၀၀၈
တို့၊ ၂၀၀၈ ခုနှစ်တို့ ထည့်လိုက်တော့ နားထောင်ရတာ အဆင်မချောဘူးဗျတဲ့။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အဲဒီလို ခုနှစ်တွေ ထည့်ရေးထားတဲ့နေရာ တစ်နေရာမှ
မရှိပါဘူးဗျာ၊ ပြီးတော့ ကိုယ်စားလှယ်တွေရဲ့ ကတိသစ္စာပြုချက်ထဲမှာလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်နှခုနှစ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်လို့
မရေးထားပါဘူးဗျာတဲ့။
ကျွန်တော်က ပြန်မေးမိပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ၃ ခုတောင် ရှိခဲ့တော့ အဲဒါကို
မမှားစေချင်လို့ ဖြစ်မှာပေါ့ဟု။ ကျွန်တော့်မိတ်ဆွေက ပြန်ဖြေပါသည်။ ကိုဉာဏ်ရေ
ဖွဲ့စည်းပုံအခြေခံဥပဒေတွေက ခုနှစ်ထည့်ပြောစရာ မလိုပါဘူးဗျာ။ တစ်ခုနဲ့တစ်ခု
အမည်တူနေတာ တစ်ခုမျှ မရှိပါဘူး၊ သေချာလည်း ပြန်လေ့လာကြည့်ပါဦးတဲ့။ ဟုတ်ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုဟာ အမည်နာမတွေ တစ်ခုမျှ တူညီနေတာ မရှိပါ။
သူ့သရုပ်သကန်နှင့်သူ၊ သူ့အဓိပ္ပါယ်နှင့်သူ ရှိနေကြသည်သာ ဖြစ်ပါသည်။
ကျွန်တော့်မိတ်ဆွေက ထပ်ပြောပါတယ်။ အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကိုးကားတယ်ဆိုရင် လက်ရှိတည်ဆဲ အသက်ဝင်နေတဲ့ ခင်ဗျားတို့ပြောတဲ့ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းတယ်ဆိုတာ လူတိုင်းသိပါတယ်ဗျာ၊ မကွန့်ကြပါနဲ့တဲ့။
ဟုတ်ကဲ့ မှတ်သားမိပါတယ်ခင်ဗျာ။
ကျွန်တော်တို့တွေအနေနဲ့ အခြေခံဥပဒေကို
အလွယ်ခေါ်မယ်ဆိုရင်လည်း အခြေခံဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေလို့
ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလို့တော့
မခေါ်သင့်ဘူးထင်ပါရဲ့။ လက်ရှိကျွန်တော်တို့ရဲ့ အခြေခံဥပဒေအမည်မှာ အုပ်ချုပ်ပုံဆိုတဲ့
စကားလုံး မပါရှိပါဘူး။ ဒါတွေက အခြေခံဥပဒေရဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်လို့
ကျွန်တော်သိနားလည်သမျှကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ဒီလိုပြောတာတွေက
အမှန်တွေပဲ၊ ဒီလိုမှမဟုတ်ရင် အမှားတွေပဲဟုလည်း ကျွန်တော်မပြောလိုပါ။ မြတ်ဗုဒ္ဓ၏
မိန့်မှာချက်ဖြစ်သည့် ၀ိဘဇ္ဇ၀ါဒဖြင့်သာ ချိန်ထိုးသုံးသပ် ဝေဖန်ဆင်ခြင်ကြရန်
ဖြစ်ပါသည်။
ကျွန်တော်တို့၏ ဒီမိုကရေစီနိုင်ငံတော်သစ်သည် ၂၀၁၁
ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင်မွေးဖွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါနေ့တွင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အာဏာတည်ခဲ့ပါသည်။
ဥပဒေပြုလွှတ်တော်များ စတင်အသက်ဝင်ခဲ့ပါသည်။ ဒီမိုကရေစီစနစ်ဆိုသည့်
စည်းဝိုင်းအတွင်းသို့ စတင်ခြေလှမ်းချခဲ့သည့်နေ့ ဖြစ်ခဲ့ပါသည်။
ထိုအချက်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ ဖြစ်ပေါ်ခဲ့ရခြင်း
ဖြစ်ပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုအချက်ကို မမေ့ကြစေလိုပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိနားလည်ပြီး
လေးစားလိုက်နာသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့။
မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင်ပြီး၏။
စာကြွင်း။
ယခုစာများကို ငါသိငါတတ်စိတ်ဖြင့် ရေးသားခြင်း မဟုတ်ကြောင်း ပြောလိုပါသည်။
မိမိသိထားသမျှကို အခြားသူများလည်း သိစိမ့်သောငှာ၊ ဝေဖန်စိမ့်သောငှာ
ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ သို့မှလည်း မိမိနားလည်ထားသမျှတွင် အမှားများရှိပါက
ဆင်ခြင်နိုင်မည်၊ ပြုပြင်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရေးသားမှုများတွင်
အမှားအယွင်းများ ရှိနေပါမူ ကျွန်တော့်စေတနာများကို ထောက်ထားသောအားဖြင့်
ဝေဖန်ထောက်ပြ ပြောဆိုကြစေလိုပါသည်။ တတ်သိပညာရှင် မဟုတ်သည့်အတွက်
ချို့ယွင်းချက်များ၊ အမှားအယွင်းများ ရှိနေမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။
အခြားသော အကြောင်းအရာများကိုလည်း ဆက်လက်ရေးသား တင်ပြသွားပါမည်။
ဆက်စပ်ဖတ်ရှုရန်များ
နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်
ရောမရောက်လျှင် ရောမလို
ကျင့်ရသည်။
ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက
သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်။
ဥပဒေဟူသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏
အခွင့်အရေးများနှင့် တာဝန်များကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။
ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို နိုင်ငံနှင့် ဆက်သွယ်သောအခါဖြစ်စေ၊
နိုင်ငံသားအချင်းချင်း ဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို
ဖော်ပြထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ
အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူလူထုအကြား ချုပ်ဆိုထားသည့်
ပဋိဉာဉ်စာချုပ်ဖြစ်သည်။
ကျွန်တော့်တွင် ပြောစရာအကြောင်းများ ရှိနေပါသည်။
ထို့ကြောင့်လည်း သက်ဆိုင်သည့် အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။
မြန်မာ့နွေဦးသည် မဝေးတော့သော အချိန်တစ်ခုတွင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မည်
ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ၁ နှစ်ခွဲကျော်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။
သွားနေသည့် အရှိန်နှုန်းသည် မည်သို့ရှိသည်ကို တစ်ခါတစ်ရံ မှန်းဆရခက်ပါသည်။
အရှိန်မြန်လွန်းလျှင် ရပ်နေသကဲ့သို့ ခံစားရတတ်သည်ကို အားလုံးအသိ ဖြစ်ပါလိမ့်မည်။
မြန်မာတို့၏ ဒီမိုကရေစီရောင်နီဦးသည် မပီဝိုးတ၀ါးမှ မလင်းတလင်းသို့
ရောက်ရှိလာသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ သို့သော် အပြည့်အဝ
စိတ်ချရသည်တော့ မဟုတ်သေးချေ။ လင်းသထက်လင်းလာပြီး အလျှံတငြီးငြီး
ထွန်းလင်းတောက်ပမည်လား၊ သို့တည်းမဟုတ် တိမ်တိုက်တိမ်စိုင်တို့ကြောင့်
ခပ်မှိန်မှိန်သာ မြင်ရမည်လား၊ သို့တည်းမဟုတ် မိုးသားတိမ်လိပ်တို့ကြောင့်
အမှောင်ထုကို အရှုံးပေးရမည်လား၊ သေသေချာချာ မသိနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။
ရုပ်မြင်သံကြားမှာ မိုးလေ၀သသတင်း ကြေညာသလို "ကျန်းမာတော် မူကြပါစခင်ဗျာ...
မြန်မာ့ဒီမိုကရေစီရေးအတွက် မနက်ဖြန်အထိ ခန့်မှန်းချက်ကတော့ နေသာပါ့မယ်" ဟု
မည်သူကမျှ ကြေညာပြောဆိုနိုင်ခြင်း မရှိချေ။
စကားများ ဘေးချော်သွားပါသည်။ လိုရင်းကို
ပြန်ဆက်ရပါလျှင် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းကာစ ယခုကဲ့သို့ အချိန်မျိုးတွင်
ကျွန်တော်မကြားချင်ဆုံးသော၊ ကြားရလျှင် နားခါးသော စကားတစ်ခွန်း ရှိပါသည်။
ကျွန်တော့်ပတ်ဝန်းကျင်မှ ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသူများ၊ အွန်လိုင်းပေါ်မှ
သိကျွမ်းခင်မင် ရင်းနှီးရသည့် မိတ်ဆွေများ၊ နီးစပ်ရာအပေါင်းအသင်းများ စသည်စသည်တို့၏
ပါးစပ်များမှ ထိုကဲ့သို့သော အဓိပ္ပါယ်သက်ရောက်သည့် စကားများကို
ပြောဆိုကြသည့်အချိန်တိုင်း ကျွန်တော်ကိုဉာဏ် သက်ပြင်းချမိပါသည်။ ထို့အတူ
များစွာလည်း ရင်လေးမိပါသည်။ အခြားမဟုတ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့်
အကြောင်းအရာ ဖြစ်ပါသည်။ လူအမျိုးမျိုးမို့ သူတို့ပြောသော စကားများကလည်း အမျိုးမျိုး
ဖြစ်ကြပါသည်။ သူတို့ပြောတတ်သည့် စကားများကို အောက်တွင်လေ့လာကြည့်ပါမည် -
ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခါမှကို
မဖတ်ဖူးဘူး။ တမင်ကို မဖတ်တာ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရင်စစ်အစိုးရက
သူတို့ရေးချင်သလို ရေးခဲ့တာပဲ၊ အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။
(ကျွန်တော်က ဘာတွေပြင်မှာလဲဟု ပြန်မေးတတ်ပါသည်။ ထိုအခါ အင်း၊ အဲ သာ လုပ်နေတတ်ပါသည်။
ဘာပြောရမှန်း မသိကြပါ။)
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပဲ ရေးထား၊
ရေးထား အစိုးရက သူတို့လုပ်ချင်ရာ လုပ်တာပဲမလား။ ကျွန်တော်တို့အတွက်
ဘာများအရေးပါလို့လဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖို့
စဉ်းစားထားပါတယ်။ ဒါပေမယ့် အချိန်မရသေးလို့ မဖတ်ဖြစ်သေးတာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က
ပြင်မယ်လို့ပြောတယ်လေ။ အဲဒါ လုပ်ကို လုပ်သင့်တဲ့ အလုပ်ပဲ။ ကျွန်တော်ထောက်ခံတယ်။
(ကျွန်တော်က သူတို့တွေက ဘာတွေပြင်မယ်လို့ပြောသလဲဟု ပြန်မေးလျှင်
သူတို့ပြန်ဖြေတတ်တာက တပ်ကိုယ်စားလှယ်တွေကို ဖြုတ်ပစ်မယ်ဟု ဖြေတတ်ကြပါသည်။
အခြားအချက်တွေကိုရောဟု မေးလျှင်တော့ ယောင်ဝါးဝါးများသာ ဖြစ်ကုန်ကြပါသည်။ NLD ပဲ
ပြင်လို့ရတာလား၊ အခြားလူတွေရောဟု မေးလျှင်တော့ ဘုကြည့်
ပြန်ကြည့်တတ်ကြပါသည်။)
အထက်ပါစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ပတ်သက်၍ ကျွန်တော်နှင့် ထိတွေ့ဆက်ဆံသူများက ပြောတတ်ကြသည့် စကားများထဲမှ အချို့
ဖြစ်ပါသည်။ အကုန်အစင် မဟုတ်သေးပါ။ လူတစ်ချို့ဆိုလျှင် အင်မတန်မှ
ပြင်းပြင်းထန်ထန်ကို ပြောတတ်ကြပါသည်။ ကြမ်းတမ်းသော စကားလုံးများပင် သုံးတတ်ကြပါသည်။
မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်တစ်ဦးတည်း၏ အတွေ့အကြုံ၊ အတွေးအမြင်အရ
ကောက်ချက်ချရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုလေ့လာဖူးသူဟူ၍
ကျွန်တော်တို့နိုင်ငံသားများ၏ ၁၀% ပင် မပြည့်ပါချေ။ သဘောကတော့ လူတစ်ရာတွင်
ဆယ်ယောက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုလေ့လာသည့်သဘော ဖြစ်ပါသည်။ ထိုပမာဏသည်
အကောင်းမြင်စိတ် လွန်လွန်ကဲကဲဖြင့် ကောက်ချက်ချထားခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင်
ဒီထက်အများကြီး လျော့နည်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိသည့်
လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုပင် မမြင်ဖူးသည့် လူများ၊ ဒေသများ၊
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာတွေပါမှန်းပင် မသိသော လူများ၊ ဒေသများ
ကျွန်တော်တို့နိုင်ငံတွင် များစွာရှိနေပါသေးသည်။ ထိုအချက်သည် ၀မ်းသာရမည့်
အချက်မဟုတ်ပါ။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှန်းမသိသည့်
နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတစ်ခုသည် မည်ကဲ့သို့သော
နိုင်ငံဖြစ်မလဲဆိုတာ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။
စာဖတ်သူများကို ကျွန်တော်ကိုဉာဏ်
မေးခွန်းတစ်ခုလောက် မေးခွင့်ပြုစေလိုပါသည်။ စတင်ရေးဆွဲကာ အတည်ပြု ပြဋ္ဌာန်းပြီးကတည်းက
နောက်ထပ်ပြုပြင်ရန်၊ ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ နုတ်ပယ်ရန် မလိုအပ်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်နိုင်ငံတွင် ရှိသည်ကို ဖြေကြားစေလိုပါသည်။ ကျွန်တော်၏
မဖြစ်စလောက် ဗဟုသုတဖြင့် ယနေ့အချိန်အထိ မကြားမိသေး၊ မတွေ့ရှိသေးသောကြောင့်
ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော့်မေးခွန်းကို အငေါ်တူးကာ ပြန်ဖြေနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိနေတာပဲဟု။ ဟုတ်ကဲ့၊
ကျွန်တော်မငြင်းလိုပါ၊ လက်ခံပါသည်၊ သို့သော်လည်း သူတို့တွေမှာ
ဖွဲ့စည်းပုံအခြေခံဥပဒေသာ မရှိတာဖြစ်ပါသည်၊ အစိုးရက ဘာလုပ်ရမည်၊ ပြည်သူတွေက ဘာတွေကို
လိုက်နာရမည် စသည့် ဥပဒေများတော့ ရှိပါသည်။ ထိုဥပဒေများသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ
သဘောတွေဟု ကျွန်တော်က ယူဆချင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို
တည်ဆောက်သည်နှင့် ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းပြီး တိုင်းပြည်ကို
တည်ဆောက်သည်တို့တွင် မည်သည့်အချက်က ပိုကောင်းသနည်းဟူသည့် မေးခွန်းကို စာဖတ်သူတိုင်း
မှန်ကန်စွာ ဖြေကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။
ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းဘူးထင်လျှင် ကောင်းအောင်လုပ်ကြရပါမည်၊
လိုအပ်နေသေးသည်ဟုထင်လျှင် ပြင်ဆင်ရပါမည်၊ ဖြည့်စွက်ရပါမည်၊ ဒါတွေသည်ပင်
ကျွန်တော်တို့၏ တာဝန်များ မဟုတ်ပါလော။ သူများရေးထားတာ ငါတို့အတွက်
အဆင်မပြေဘူးဆိုလျှင် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမည်၊ အဖြေရှာရမည်၊
ဆောင်ရွက်ရပေမည်၊ သို့သော် ဥပဒေဘောင်အတွင်းက ဖြစ်ရမည်၊ အများအတွက်လည်း အဆင်ပြေတာ
ဖြစ်ရမည်။ အားလုံးအတွက် အဆင်ပြေပြီး ငါတစ်ယောက်တည်းအတွက် အဆင်မပြေတာ
ဆိုလျှင်တော့ဖြင့် အားလုံး၏ အမှားမဟုတ်တာ သေချာပါသည်။ ဘာပဲဖြစ်ဖြစ်
ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပိုကောင်းပါသည်။
မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊
မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မိမိတို့ သဘောတူသည်ဖြစ်စေ၊
သဘောမတူသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ရှိတည်ဆဲဖြစ်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည်၊ လိုက်နာရမည်မှာ နိုင်ငံသားတစ်ဦး၏
တာဝန်ဖြစ်ပါသည်။ အခြားမိတ်ဆွေတစ်ဦး၏ အိမ်သို့ သွားလည်လျှင်ပင် ထိုအိမ်၏
စည်းကမ်းများကို၊ ဓလေ့ထုံးစံများကို လိုက်နာရပါလျှင် ကိုယ့်နိုင်ငံ၏
တည်ဆဲဥပဒေတစ်ရပ်ကို မလိုက်နာနိုင်စရာ အကြောင်းမရှိပါချေ။ ထိုသို့ မဖြစ်မနေ
လိုက်နာလေးစားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နကန်းတစ်လုံးမျှ မသိနားမလည်ဟု
ဆိုလျှင်တော့ ကိုယ်စီးနေတာ ဘာအကောင်မှန်းပင် မသိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ အထီးအမ
ဆိုသည်က ဝေးလွန်းပါသေးသည်။
စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ်
ပြောလိုသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိသူတွေ၊
မဖတ်ဖူးသူတွေ၊ စိတ်မ၀င်စားသူတွေ များပြားနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ
မဖတ်ဖူးသည့် လူတစ်ယောက်က နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့မည်ပုံ
စဉ်းစားတွေးခေါ်ကာ ဆောင်ရွက်မည်နည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်ပါသည်။
ဖွဲ့စည်းပုံမသိလို့ နိုင်ငံအကျိုး မသယ်ပိုးနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါ။
သို့သော် မသိလျှင်တော့ နိုင်ငံသားတစ်ဦးအနေဖြင့် ရှက်စရာ ဖြစ်ပါသည်။ ထို့ပြင်
သူများယောင်တိုင်း လိုက်ယောင်ရပါလိမ့်မည်။ သူများပြောသမျှ နားထောင်ရပါလိမ့်မည်။
မိမိတို့နိုင်ငံ၏ အနာဂတ်၊ နိုင်ငံသားများ၏ အနာဂတ်တွေ
ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ရှိနေသည်ဆိုသည်ကို လူတိုင်းလူတိုင်း
နားလည်သဘောပေါက်ကြမှ ဖြစ်ပါလိမ့်မည်။
အသက်ရှင် ရပ်တည်မှုအတွက် အစားအစာကို စားကြရပါသည်။
ရေကို သောက်ကြရပါသည်။ ထို့အတူ နိုင်ငံသားတစ်ဦး ပီသစေရန်အတွက်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရပါမည်။ သို့မှသာ မိမိတို့ကို အုပ်ချုပ်နေသူများ၏
လုပ်ကိုင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေနှင့် ညီမညီ သုံးသပ်နိုင်ကြပါလိမ့်မည်၊
ဆုံးဖြတ်နိုင်ကြပါလိမ့်မည်။ လွဲချော်နေလျှင် ထောက်ပြပေးနိုင်ပါလိမ့်မည်၊
တည့်မတ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့ မဟုတ်ပါမူ သူများပြောသမျှကို ခေါင်းညိတ်ရုံသာ
လိုက်ညိတ်နေရပါလိမ့်မည်။ လတ်တလော ဖြစ်ပွားနေသည့် ခုံရုံးပြဿနာနှင့် ပတ်သက်၍
အွန်လိုင်းပေါ်ရေးသားထားသည့် ကွန်းမန့်များတွင် ထိုအချက်ကို မျက်ဝါးထင်ထင်
တွေ့မြင်နိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်ပင်မမြင်ဖူးပါဘဲ မိမိတို့
စိတ်ထဲထင်ရာ ရေးသားထားသည်များကို မြင်တွေ့ဖတ်ရှုရတိုင်း ရင်လေးမိပါသည်။
မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို
မြန်မာတွေမှ မဖတ်ပါလျှင် ဘယ်သူတွေ ဖတ်မည်နည်း။ မြန်မာတို့၏
ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မလေးစားလျှင် ဘယ်သူတွေ လေးစားမည်နည်း။
မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မလိုက်နာလျှင် ဘယ်သူတွေ
လိုက်နာမည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ
မထိန်းသိမ်းလျှင် ဘယ်သူတွေ ထိန်းသိမ်းမည်နည်း။ မြန်မာတို့၏
ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မကာကွယ်လျှင် ဘယ်သူတွေ ကာကွယ်မည်နည်း။
မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ တိုးတက်အောင် မလုပ်လျှင်
ဘယ်သူတွေ လုပ်မည်နည်း။ အို...... မိတ်ဆွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
မနှေးအမြန် မဖြစ်မနေ ဖတ်ရှုပါလော့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့။
နံနက် ၀၁ နာရီ ၁၆ မိနစ်တွင်ပြီး၏။
စာကြွင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ပတ်သက်၍ ကျွန်တော်ကိုဉာဏ် လေ့လာထားသမျှကို စာဖတ်သူများအတွက် တင်ပြပေးသွားနိုင်ရန်
ကြိုးစားနေပါသည်။ မပြည့်စုံသေးသည့်အတွက် လေ့လာနေဆဲ ဖြစ်သော်လည်း အခြေအနေအရ
အမြန်ဆုံးတင်ပြသင့်သည်ဟု ယူဆသည့်အတွက် တင်ပြသွားပါမည်။ ကြိုတင်ကြော်ငြာခြင်းဟု
မမှတ်ယူဘဲ ကြိုတင်အသိပေးခြင်းဟုသာ မှတ်ယူကြစေလိုပါသည်။