Saturday, September 07, 2013

မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာသတင်း

Posted by drmyochit Saturday, September 07, 2013, under | No comments


မြို့ပတ်ရထားအထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြား သိရသော်လည်း တရား ဝင်တိုင်ကြားမှု များမရှိသေး ဟု မြန်မာ့မီးရထားမှ ရန် ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူ တို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင်တယ်။ သိပ်ကြီးလွန်လွန် ကဲကဲ ဖြစ်လာ ရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထား ရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက် မှတ်သိမ်းဝန်ထမ်းများပါရှိကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက် ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိကြောင်းညပိုင်း တွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်း ချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။


From : .. popular

ကွမ်းခြံကုန်းရွာသားများအား နိုင်ငံတော်အလံဥပဒေဖြင့် အရေးယူ

Posted by drmyochit Saturday, September 07, 2013, under | No comments



ရန်ကုန်၊ စက်တင်ဘာ ၎

 ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ဆူးကလပ် ကျေးရွာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား ဇောက်ထိုးတင်ခြင်းနှင့် အောက်ကို လွှတ်ချသည် ဆိုသောကြောင့် အရေးယူ ခံရသူများဘက်မှ လိုက်ပါ ကူညီဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းစိုးက မိမိလိုက်ပါ ဆောင်ရွက်သည့် အမှုများစွာ ရှိသော်လည်း နိုင်ငံတော်အလံ ဥပဒေအမှုကို ဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်ဟု မြန်မာ့သံတော်ဆင့်သို့ စက်တင်ဘာ (၃) ရက်နေ့က ကွမ်းခြံကုန်း မြို့နယ်တွင် ပြောသည်။

၎င်းက ““ဒီဥပဒေက နယက အစိုးရ လက်ထက်မှာ ၂၁-၁၀-၂၀၁၀ ပြည့်နှစ်က အမိန့် ကြော်ငြာစာအမှတ် ၈/၂၀၁၀နဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ နိုင်ငံတော် အလံဥပဒေကို ဖောက်ဖျက် ကျူးလွန်ရင် သုံးနှစ်ထက် ပိုသော ထောင်ဒဏ်ဖြစ်စေ၊  ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်တယ်လို့ … ဖော်ပြထားတယ်။ သုံးနှစ်ထက်ပိုသော ဆိုတာကြောင့် အာမခံပေးခွင့် မရှိဘူး။ ဒါပေမဲ့ ကျင့်ထုံးပုဒ်မ ၄၉၇(၁) ခြွင်းချက်အရ အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေး အရ သော်လည်းကောင်း၊ အမျိုးသမီး သော်လည်းကောင်း စတဲ့ခြွင်းချက်တွေအရ ရုံးတော်က စဉ်းစားပါတယ်။  ဒါပေမဲ့ ခုချိန်ထိတော့ ကာယကံရှင်များ ဘက်က အာမခံ လျှောက်ဖို့ တောင်းဆိုမှု မပြုသေးပါဘူး””ဟု ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်  ဆူးကလပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းလှဦးနှင့် ဦးစိန်သန်းတို့အား ၂၀၁၀ ပြည့်နှစ် နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ဖြင့် ဇွန် (၆)ရက်နေ့ က(ပ)၁၂၉/၁၃ဖြင့် အမှုဖွင့် အရေးယူသည်။

စက်တင်ဘာ (၃)ရက်နေ့က တရားလိုပြ သက်သေ ကိုအောင်မျိုးဝင်းအား စစ်ဆေးပြီး နောက်ရုံးချိန်းရက်မှာ စက်တင်ဘာ (၁၇)ရက်နေ့တွင် ဖြစ်ပြီး မြို့နယ် တရားသူကြီးရုံးတွင် ပြစ်မှုကြီးအမှု အမှတ် ၃၅၁/၁၃ဖြင့် လက်ခံကြားနာ စစ်ဆေးလျက်ရှိသည်။

တရားသူကြီး(ငြိမ်း) ဦးဇော်ဝင်းက ““ဒီလို နိုင်ငံတော်အလံ ဥပဒေနဲ့ ငြိစွန်းတဲ့ အမှုမျိုးက အင်မတန် ရှားပါးတဲ့ အမှုမျိုးပါ။ နောက်ထွက်တဲ့ ဥပဒေပြစ်ဒဏ်နဲ့ အရင် ဥပဒေ ပြစ်ဒဏ် နောက်ကတော့ နည်းနည်း ပိုများတယ်။ ကိုယ့်လုပ်သက် တစ်လျှောက်မှာတော့ တစ်မှုကြုံဖူးတယ်။ ဒါကလည်း အရွယ် မရောက်သေးတဲ့ ကလေးဖြစ်နေ တယ်။ အရွယ်မရောက်တော့လည်း ပြစ်ဒဏ်က မရှိဘူးပေါ့။ ဆိုဆုံးမ လွှတ်လိုက်တယ်။ ဒါက ဟိုခေတ်တုန်းက ဥပဒေပေါ့လေ”” ဟု ပြောသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ၂၀၁၃ခုနှစ် မေ၂၂ ရက် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုလွှတ်တော် နာယက၊အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဆွစ်ဇာလန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ နှင့် တွေ့ဆုံစဉ် စားပွဲခုံပေါ်ရှိ မြန်မာနိုင်ငံတော် အလံ ပြောင်းပြန် ဖြစ်နေခြင်းအတွက် ဦးခင်အောင်မြင့်က တာဝန်ရှိသူ အဆင့်ဆင့်ကို လွှတ်တော်မှ အရေးယူမှု ရှိခဲ့ပြီး၂၀၁၂ခုနှစ် အောက်တိုဘာ (၁၄) ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပထမအကြိမ် ပါတီညီလာခံ(၂၀၁၂) ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားပေါင်းစုံ  အကအဖွဲ့မှ မြန်မာနိုင်ငံတော်အလံ ပြောင်းပြန်လွှင့်ထူကာ ကခဲ့ခြင်း အပေါ်တွင်မူ အရေးယူခြင်း တစ်စုံတစ်ရာ ပြုလုပ်သည်ဟု မသိရပေ။

 စိန်မျက်ခုံး
Myanmartandawsint Newspaper

Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား ..?

Posted by drmyochit Saturday, September 07, 2013, under | No comments

မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင် ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။

Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက် အဆုံး နေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်း ဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျို မဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။

အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေး နှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစား မငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ် နေပြီး Fold ခေါက်ထားသလိုမျိုး ရှိနေမယ်။ အပေါ်ကနေ မိုးထားနေမယ်။ Preputium clitoridis လို့ခေါ် တယ်။ (၂) အောက်ပိုင်းတွေက Glans clitoridis မ-အစိခေါင်းရဲ့ အောက်မှာ ပေါင်းဆုံပြီး Frenulum clitoridis လို့ ခေါ်တာ ဖြစ်လာတယ်။

Labia stretching မ-အင်္ဂါ နှုတ်ခမ်းသားတွေကို ဆွဲဆန့်ခြင်း
မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ) စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေး မှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက် စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတ ဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ် ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေး တယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။

ဆေးပညာအလိုအရ မအင်္ဂါ-နှုတ်ခမ်းသား အသေးဟာ ဘယ်အရွယ်အစားက ကောင်းတယ်၊ မကောင်းဘူး ဆိုတာ မရှိပါ။ လိုတာထက် ပိုကြီးနေရင် အတွင်းခံ (ဇစ်ပ်) တပ်တာမှာ ခက်သူတွေ ရှိတယ်။ အတွင်းခံ တထပ်ထဲဝတ်ထားတာကို သူများ မြင်ရင် မလှသလိုနေမယ်။ စက်ဘီးစီးတာ ပြေးတဲ့အခါမှာလဲ ဆီးစပ်နေ ရာမှာ နာတတ်တယ်။ ဆီးသွားရာမှာ စိုနိုင်တယ်။
လိင်ဆက်ဆံရင် နာတတ်တယ်။

မတ်တပ်ရပ်နေတဲ့ အနေအထားမှာ ဘယ်လိုနေသလဲဆိုတာ ပိုအရေးကြီးတယ်။ ခွဲစိတ်ပြုပြင်မဲ့ အမျိုးသမီး ရဲ့ မ-အင်္ဂါ ဆေးမစားမီပုံကို ကြည့်ရင် ကာယကံရှင်က အလိုမကျဘူး ဆိုတာလဲ မှန်တယ်။ အတော်ကို သိသိသာသာ တွဲကျ-ရှည်လျှားနေတာတွေ ရှိတယ်။

၂ဝဝ၄ ခုနှစ် ဗြိတိန်မှာ အသက် ၁၈ ကနေ ၅ဝ ရှိ အမျိုးသမီး ၅ဝ ကို လေ့လာမှုတခု လုပ်ခဲ့တယ်။
- Clitoral length မ-အစိ အရှည် = 5 မှ 35 (ပျမ်းမျှ = 19.1 mm)
- Clitoral glans width မ-အစိ အကျယ် = 3 မှ 10 (ပျမ်းမျှ = 5.5 mm)
- Clitoris to urethra မ-အစိကနေ ဆီးပေါက်အထိ = 16 မှ 45 (ပျမ်းမျှ = 28.5 mm)
- Labia majora length မ-နှုတ်ခမ်းသား အကြီး အရှည် = 7.0 မှ 12.0 (ပျမ်းမျှ = 9.3 mm)
- Labia minora length မ-နှုတ်ခမ်းသား အသေး အရှည် = 20 မှ 100 (ပျမ်းမျှ = 60.6 mm)
- Labia minora width မ-နှုတ်ခမ်းသား အသေး အကျယ် = 7 မှ 50 (ပျမ်းမျှ = 21.8 mm)
- Vaginal length ဗဂျိုင်းနား အရှည် = 6.5 မှ 12.5 (ပျမ်းမျှ = 9.6 cm)

မ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေသူတွေကို Labiaplasty ခွဲစိတ်ပြုပြင်နည်း လုပ်နိုင်တယ်။ ဒီနည်းကို အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ တားမြစ်ထားရာကနေ ဖြုတ်လိုက်ပါပြီ။ မလုပ်သင့်တဲ့ Mutilation ခေါ်တဲ့ မိန်းကလေး လိင်အင်္ဂါကို လှီးဖြတ်ပေးတာကို တားမြစ်တုံးက ထည့်ထားခဲ့တာ ဖြစ် တယ်။ Labial stretching ကိုတော့ အပြစ်လို့ မသတ်မှတ်တော့ပါ။ ကာယကံရှင်ကနေ လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ လူနာ စိတ်တိုင်းကျ အရွယ်အစားကို တိုင်ပင် ဆွေးနွေးပြီး အကောင်းဆုံးကို ဆုံးဖြတ် လုပ်ပေးနိုင်ပါတယ်။

Labia majora မအင်္ဂါ-နှုတ်ခမ်းသား အကြီးစားဟာ အဆီများပြီး၊ အသေးစားဟာ သွေးကြောများတယ်။ အသေးစားမှာ Sebaceous glands ချွေးထွက် (ဂလင်း) တွေရော Nerve endings အာရုံကြောတွေ များ လို့ ထိရင် သိပ်ခံစားမှု များတယ်။ Hair follicles အမွှေးမပေါက်ဘူး။

မအင်္ဂါ-နှုတ်ခမ်းသား အသေးစားက ၂ ပိုင်းရှိတယ်။ Adipose tissue အဆီ (တစ်ရှူး) ဖြစ်တဲ့ ဘယ်နဲ့ညာ နှစ်ခုကို ဆက်ပေးထားတာလေးက Vulva မိန်းမကိုယ်ရဲ့ အထက်ဆုံးမှာ ရှိတယ်။ ပဌမအပိုင်းဟာ Clitoris (ကလိုက်တောရစ်) အပေါ်ကို ဖုံးနေတယ်။ ကျားအင်္ဂါထိပ်ဖျားနဲ့ ဆင်တူတယ်။ နာမည်လဲတူတယ် Prepuce of the clitoris လို့ ခေါ်တယ်။ ခပ်ကောက်ကောက် လေးနေလို့ Clitoral hood လို့ ခေါ်တာ များတယ်။ ချိတ်လိုနေတယ်။ ဒုတိယအပိုင်းကတော့ Clitoris အောက်မှာ ကန့်လန့်စင်း Fourchette (Labial frenulum) ခေါ်တယ်။

Vulvo-vaginal folds အ-အင်္ဂါ အနီးတဝှိုက်မှာ Connective နဲ့ Erectile tissue (တစ်ရှူး) တွေဟာ ယောက်ျား လိင်အင်္ဂါ ထဲမှာရှိတဲ့ Corpus spongiosum penis နဲ့ အလားတူဖြစ်တယ်။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာချိန် ဒီနေရာမှာ စိုစွပ်-ဖေါင်းကြွလာတယ်။ ၂-၃ ဆ အထိ ပိုကြီးလာတယ်။ ဆီးသွား ချိန်မှာလဲ ဆီးထွက်တာကို ဘေးနေရာ မစိုစေအောင် လုပ်ပေးသေးတယ်။

အမျိုးသမီးတယောက်ဘဝမှာ Labia minora ဟာ အရွယ်-ပုံစံပြောင်းလာတတ်တယ်။ Hypertrophied ပိုကြီးလာတာ ဖြစ်ပါတယ်။ Sexual intercourse လိင်ဆက်ဆံတာ၊ Masturbation ဖါသာအာသာဖြေတာ၊ Childbirth ကလေးကို မွေးလမ်းကနေ မွေးရတာ၊ Lymphatic congestion ရောင်တာ၊ Chronic dermatitis နာတာရှည် အရေပြားနာရှိတာ၊ Urinary incontinence ဆီးမထိန်းနိုင်တာတွေကြောင့် အဲလိုဖြစ်စေမယ်။ Genital piercing မ-အင်္ဂါနေရာမှာ ကွင်းတွေ တပ်ဆင်တာကြောင့်လဲ ဖြစ်နိုင်တယ်။

Labiaplasty (Labioplasty) ခွဲစိတ်ပြုပြင်နည်း
မအင်္ဂါ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေတာကို Plastic surgery ပလပ်စတစ်-ခွဲစိတ်နည်းနဲ့ လုပ်ပါတယ်။
(၁) Defect and Deformity ပုံသဏ္ဌာန်မမှန်လို့ ခွဲစိတ်ခြင်း၊
• Vaginal atresia မွေးကတည်းက (ဗဂျိုင်းနား) လမ်းကြောင်း မပါလာတာ၊
• Müllerian agenesis သားအိမ်၊ သားအိမ်ပြွန်တွေ ပုံမှန်မဟုတ်တာ၊
• Intersex conditions ယောက်ျားလိုရော မိန်းမလိုပါ အင်္ဂါနှစ်မျိုးဖြစ်နေတာ၊
• Exterior cosmetic refinement of the vulvo-vaginal complex ကလေးမွေးရလို့ဖြစ်ဖြစ်၊ ထိခိုက်မိ လို့ဖြစ်ဖြစ် မ-အင်္ဂါတ၀ှိုက်မှာ စုတ်ပြဲသွားတာ၊
• Male-to-female sexual reassignment ယောက်ျားလိုကနေ မိန်းမလိုပီပြင်စေအောင် လုပ်ရာမှာလဲ ဒီအဆင့်ပါ ပါရတယ်။ Neovagina ဆိုတဲ့ နဂိုက မရှိသေးတဲ့ နှုတ်ခမ်းသားအတု လုပ်ပေးရတာမျိုး ဖြစ် တယ်။

(၂) Cosmetic refinement ပုံသဏ္ဌာန်မကြိုက်လို့ ပိုလှစေအောင် ခွဲစိတ်နိုင်တယ်။

အရွယ်ရောက်ပြီးသူကိုသာ ခွဲစိတ်ပေးသင့်တယ်။ ထုံးစံအတိုင်း ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီလာနေချိန်မှာ ခွဲစိတ်တာကို မလုပ်သင့်သေးဘူး။ မျိုးပွါးလမ်းမှာ ရောဂါပိုးဝင်တာနဲ့ ကင်ဆာရှိနေသူတွေကို မခွဲသင့်ဘူး။

Techniques for labial reduction မအင်္ဂါ-နှုတ်ခမ်းသား သေးအောင် ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။ Cosmetic gynecologists အထူးကု ဆရာဝန်တွေကနေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်တယ်။
(၁) Edge resection technique အစွန်း-အနား ဖြတ်တောက်နည်း၊
(၂) Central wedge resection technique အလည်ပိုင်း တရိဂံပုံ ဖြတ်တောက်နည်း၊
(၃) De-epithelialization technique (ဒီအပီသီရယ်လိုက်ဇေးရှင်း) နည်း၊
(၄) Labiaplasty with clitoral unhooding နှုတ်ခမ်းသာပြင်နည်းရော အပေါ်က ချိတ်လိုနေရာ ပြုပြင်တာ ပါ ပေါင်းနည်း၊
(၅) Laser labiaplasty technique (လေဆာ) နည်း။

တချို့အမျိုးသမီးတွေဟာ အလှအပအတွက်မှာ အတော်ကို ကဲပါတယ်။ ရင်အတု၊ တင်အတုတွေက ဘာ ဟုတ်သေးလဲ။ Hymenoplasty အပျိုမှေး အတုပြန်လုပ်တယ်။ မိန်းမကိုယ် အသစ်ပြန်ချုပ်တယ်။ တကယ့် အပျိုပေါက်လေးလိုနေအောင် ပြန်ပြီး ငယ်ရုပ်ဆင်ချင်လို့ မိန်းမကိုယ်ကိုလဲ အဲလို ဖြစ်ချင်ကြတာဖြစ်တယ်။

The retrospective study Labiaplasty of the Labia minora: Patients’ Indications for Pursuing Surgery (2008) လေ့လာမှုအရ အမျိုးသမီး ၁၃၁ ယောက်မှာ -
• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။
• ၃၁% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ရော Aesthetic reasons အလှအပအတွက်ရော ကြောင့် ခွဲစိတ်တယ်။
• ၃၇% ဟာ Aesthetic correction လှချင်လွန်းလို့အတွက်သာ ခွဲစိတ်တယ်။

၁၉၉၉ လေ့လာမှုအရ အဲဒီလို ခွဲစိတ်ကုသခံခဲ့သူ အမျိုးသမီး ၁၆၃ ယောက်မှာ ၉၃% က ကျေနပ်ကြတယ်။ အမေရိကားက Feminist “မိန်းမသည်သာ ဦးထိပ်မှာ” အဖွဲ့အစည်း New View Campaign ကတော့ အဲလို ခွဲစိတ်ပြုပြင်တာကို ကန့်ကွက်တယ်။ မသဘာဝ လိင်မှုရေးရာကို ဆေးပညာက စွက်ဖက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတိုင်းကတော့ သဘောမတူကြပါ။

Dr. တင့်ဆွေ

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ

Posted by drmyochit Saturday, September 07, 2013, under | No comments


အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး ကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေး ကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့် အမျိုး သား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်

By Good Health

ရာထူး ၁၄၀ ကျော် တယ်လီနောဝန်ထမ်းခေါ်

Posted by drmyochit Saturday, September 07, 2013, under | No comments

ရန်ကုန်၊ စက်တင်ဘာ ၆

ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင် ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္ဍာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“ဒီနေ့စခေါ်တာပါ။ ရာထူးက တစ်ရာကျော်ရှိတယ်။ အရင်က ၂၇ နေရာပဲ ခေါ်ထားတာ။ အခုရာထူး အရေအတွက် ထပ်တိုးခေါ်တာ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တယ်လီနောမြန်မာတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများမှာ http://www.telenor.com/news-and-media/in-focus/telenor-in-myanmar/vacant-positions/ တွင် လေ့လာနိုင်ပြီး ကိုယ်ရေးအချက်အလက်များကို hr.myanmar@telenor.com သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

“တယ်လီနောက လူခေါ်မယ်ဆို ကတည်းက စိတ်ဝင်စားနေတာ။ ပထမ တစ်ခေါက်ခေါ်တုန်းက ထိပ်ပိုင်း ရာထူးတွေဆိုတော့ မလျှောက်ဖြစ်ဘူး။ ဒီတစ်ခါတော့ Marketing ဘက်မှာ လျှောက်မယ်” ဟု ပြည်တွင်း အီလက်ထရွန်နစ်ကုမ္ပဏီ တစ်ခုတွင် လုပ်သက်လေးနှစ်ရှိ Marketing Executive ဒေါ်ဟေမာန်က ဆိုသည်။

တယ်လီနောမြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် စုစုပေါင်း သုံးထောင်ခန့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

မြန်မာ့အလှမယ် ခင်ဝင့်ဝါ ဆုလေးဆုနဲ့အတူ အပြန်ခရီးကို လာရောက်ကြိုဆိုနိုင်

Posted by drmyochit Saturday, September 07, 2013, under | 1 comment


မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက် ကြိုဆိုနိုင်တယ်လို့ သိရတယ်။

မစ္စစူပရာနေရင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက်ဆု အပါအ၀င် ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအားလုံးကို ပရဟိတဒါန ပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World, People Choice Award နဲ့Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။ မြန်မာ အလှမယ်ခင်ဝင့်ဝါ
ကစကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။

The Modern News Journal

အစိုးရက ဥပဒေမရှိ၊ စံနှုန်းမရှိဘဲ လက်ရှိမီတာခထက် သုံး-လေးဆအထိ မြင့်တက်နိုင်သည့်နှုန်းဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်အား ပုဂ္ဂလိက ကုမ္ပဏီများသို့ ဆက်တိုက်ခွင့်ပြုရန် စီစဉ်နေ

Posted by drmyochit Saturday, September 07, 2013, under | No comments

ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးတွင် မီတာခွန် ဆောင်ရန်အတွက် စောင့်ဆိုင်း နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)


သီးသန့်ဥပဒေမရှိ၊ စံသတ်မှတ်ချက် ဈေးနှုန်းတစ်ရပ် မရှိသေးဘဲ လက်ရှိဓာတ်အားခ နှုန်းထက် သုံး၊ လေးဆအထိ မြင့်မားသော တစ်ယူနစ်လျှင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ ကျော်အထိ ကျသင့်မည့် ဈေးနှုန်းများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့် စီမံကိန်းများကို ပုဂ္ဂလိက ကုမ္ပဏီများသို့ စာချုပ်ချုပ်ဆိုခွင့် ပြုမှု၊ ဆက်လက် ခွင့်ပြုနိုင်ရန် စီစဉ်နေမှုများ ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ရေအားဖြင့် လည်းကောင်း၊ သဘာဝဓာတ်ငွေ့ဖြင့် လည်းကောင်း၊ ကျောက်မီးသွေးဖြင့် လည်းကောင်း နည်းလမ်းအမျိုးမျိုး အသုံးပြုကာ BOT စနစ်ဖြင့် နှစ်ရှည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်များကို စာချုပ်ချုပ်ဆို ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။

ပြည်တွင်းကုမ္ပဏီ ၂၀ ကျော်အား မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက အနေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်များအား စာချုပ်ချုပ်ဆို ချထားပေးခဲ့ပြီး နောက်ဆုံးကြားသိရသည့် သတင်းအရ နိုင်ငံတော် သမ္မတရုံးမှပင် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိက ကုမ္ပဏီများသို့ပင် လုပ်ငန်းလွှဲပြောင်း ပေးနေပြီ ဖြစ်သည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ Ruby Dragon Construction၊ Capital Development၊ ဧဒင်စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတို့ကဲ့သို့ ကုမ္ပဏီကြီးများ ပါဝင်ပြီး လက်ရှိအချိန်အထိ ဆိုပါက အေးရှားဝေါလ် ကုမ္ပဏီမှ မြို့နယ်အများဆုံး ဖြန့်ဖြူးခွင့် ရရှိထားသည်။

၎င်းအပြင် ပြည်ပကုမ္ပဏီများ ဖြစ်သည့် Toyo-Thai ကဲ့သို့သော ကုမ္ပဏီများကိုလည်း BOT နစ်ဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ ပုဂ္ဂလိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခွင့်ကို ချထားပေးခဲ့ပြီး ဖြစ်သည်။

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးမှုတွင် ဓာတ်အားခ တစ်ယူနစ် ဈေးနှုန်းများမှာ မြင့်မားသည်ဟု မဆိုသာသော်လည်း သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားပေးမည့် ပုဂ္ဂလိက ကုမ္ပဏီများဖြင့် လုပ်ကိုင်မည့် ဈေးနှုန်းများမှာမူ တစ်ယူနစ်လျှင် သဘာဝဓာတ်ငွေ့တန်ဖိုး ပါဝင်ပါက ကျပ် ၁၂၀ မှ ၁၅၀ ကျော် အထိပင် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပကုမ္ပဏီများ ဖြစ်သောToyo-Thai, BKB, စင်ကာပူအခြေစိုက် Myanmar Power Pte, UPP Holding ကုမ္ပဏီ စသည်ဖြင့် ကုမ္ပဏီပေါင်း များစွာကိုလည်း အချို့ မှာ ခွင့်ပြုပေးထားပြီး အချို့ကို ထပ်မံခွင့်ပြုနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

မဂ္ဂါဝပ် ၁၂၀ စက် တပ်ဆင်အားရှိသည့် အလုံသဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက် လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ်ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန် ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိတစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ကျပ် ၁၃၀ နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ကျပ် ၁၃၀ နီးပါး ကျသင့်ပြီး ယခု သဘောတူစာချုပ် ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ကျပ် ၁၂၀ (သဘာဝဓာတ်ငွေ့ဖိုး အပါအ၀င်) အထိပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့်ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ် ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်နိုင်ဖွယ် ရှိကြောင်း သိရသည်။

UPP Holding ဖြင့်ဖြစ်စေ၊ Myanmar Power ဖြင့်ဖြစ်စေ လုပ်ကိုင်ရန် စီစဉ်ရာတွင် အဆိုပါ ကုမ္ပဏီများ တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအတွက် လိုအပ်သော ဓာတ်ငွေ့ကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အခမဲ့ ပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဓာတ်ငွေ့ဖိုး မပါဆိုပါက အဆိုပါ ကုမ္ပဏီများမှ ရောင်းချမည့်ဈေးမှာ တစ်ယူနစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဆင့် ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ဖိုး ထည့်တွက်ပါက ဓာတ်အားခမှာ တစ်ယူနစ်လျှင် ကျပ် ၁၅၀ ကျော်အထိ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အဆိုပါ သဘာဝ ဓာတ်ငွေ့ဖိုးအား ၀န်ကြီးဌာန၏ ဘတ်ဂျက်အတွင်းမှ ကျခံပေးရမည် ဖြစ်ကြောင်း၊ တစ်ယူနစ် ဓာတ်အားခအား တွက်ချက်ပါက သဘာဝဓာတ်ငွေ့ဖိုးပါ ထည့်သွင်း တွက်ချက်ရမည် ဖြစ်ကြောင်း၊ အကယ်၍ အစိုးရမှ စိုက်ထုတ် မပေးနိုင်ပါက ယခု စာချုပ်ချုပ်ဆိုထားသည့် ဓာတ်အားခများမှာ လက်ရှိထက် သုံးဆမှ လေးဆအထိ မြင့်သည့် ဈေးများသို့ မြင့်တက်သွားနိုင်ကြောင်း လျှပ်စစ်ကျွမ်းကျင် သူများက ဆိုသည်။

စံသတ်မှတ်ထားသည့် ဈေးနှုန်းမရှိဘဲ ကုမ္ပဏီ အမျိုးမျိုးအား ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆိုခွင့် ပြုခြင်းသည် ရေရှည်တွင် ပြဿနာ ရှိလာနိုင်ကြောင်း၊ အဓိကအားဖြင့် ထိုသို့ ပုဂ္ဂလိကသို့ ခွင့်ပြုပြီးပါက အများပြည်သူနှင့် စက်ရုံအလုပ်ရုံများသို့ မည်သည့် ဈေးဖြင့်ဖြန့်ဖြူးမည်၊ ဈေးတက်မည်၊ မတက်မည်၊ တက်လျှင် အများပြည်သူ မည်မျှနှုန်း၊ စက်ရုံအလုပ်ရုံ မည်မျှနှုန်း ဆိုသည်ကို အများပြည်သူသို့ ရှင်းလင်းစွာ ချပြခြင်းမရှိဘဲ ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း များစွာကို ခွင့်ပြုပေးခြင်းသည် တစ်ချိန်တွင် အခက်အခဲ ရှိလာနိုင်သည်ဟု သုံးသပ်ကြသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ပျမ်းမျှ ထုတ်လုပ် ကုန်ကျစရိတ်မှာ ၇၈ ကျပ်အထိရှိပြီး ပြန်လည် ဖြန့်ဖြူးရာတွင် ပျမ်းမျှတစ်ယူနစ် ၅၆ ကျပ်သာ ပြန်ရ၍ တစ်ယူနစ် ၂၂ ကျပ် အရှုံးပေါ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိုသို့ဆိုလျှင် ယခုစာချုပ်ထားသည့် တစ်ယူနစ် ကျပ် ၁၂၀ မှ ၁၅၀ ကျော်အထိ ဈေးနှုန်းများဆိုလျှင် နိုင်ငံတော်အနေဖြင့် များစွာ ထပ်ရှုံးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အစိုးရများ အနေဖြင့် ပုဂ္ဂလိက ဓာတ်အားပေး လုပ်ငန်းများအား စာချုပ်ရာတွင် ဆန္ဒစောခြင်း၊ စံနှုန်းသတ်မှတ်ချက်ဈေး မရှိခြင်းများကြောင့် ရေရှည်တွင် ကုမ္ပဏီနှင့် အစိုးရကြား အခက်အခဲ ပေါင်းစုံဖြင့် ရင်ဆိုင်နေရမှု များကိုလည်း သတိပြုရန် လိုသည်ဟု လျှပ်စစ်ရေးရာ ကျွမ်းကျင်သူ ပညာရှင်များက ထောက်ပြခဲ့ကြသည်။

Eleven

ဆန်မှာ Arsenic အဆိပ်ပါဝင်မှု အမေရိကန်စစ်ဆေး

Posted by drmyochit Saturday, September 07, 2013, under | No comments

အမေရိကန်ဆန်အတွင်း Arsenic
အဆိပ်ပါဝင်မှုအဆင့်ကို သတ်မှတ်ပြ
ထားထားစဉ်။ 
အမေရိကန် အစားအသောက်နဲ့ဆေးဝါးဆိုင်ရာ ကွပ်ကဲရေးအဖွဲ့က ဆန်၊ ဆန်နဲ့ပြုလုပ်တဲ့စားသောက်ကုန်  နမူနာ ၁၃ဝဝ မှာ မြေဆီလွှာအတွင်း တွေ့ရလေ့ရှိတဲ့ အာဆင်းနစ်နဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်နေမှုကို စစ်ဆေးခဲ့ပါတယ်။

ကမ္ဘာပေါ်က လူသန်းထောင်ပေါင်းများစွာရဲ့ အဓိက စားသောက်ကုန် ဆန်ထဲမှာ လက်ရှိ အာဆင်းနစ် ပါဝင်မှုပမာဏက လူထုကျန်းမာရေးကို အန္တရာယ် ရှိစေနိုင်သလား ဆိုတာကို အမေရိကန် ကြီးကြပ်ရေး အေဂျင်စီက ဆုံးဖြတ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ FDA ရဲ့ သိပ္ပံပညာရှင်တွေက အော်ဂဲနစ် အာဆင်းနစ်နဲ့ အဆိပ်ပြင်းအဆုံး ဓာတုပစ္စည်း အင်အော်ဂဲနစ် အာဆင်းနစ်လို့ခေါ်တဲ့ အသွင်ပြောင်း အာဆင်းနစ် ပါဝင်မှု ပမာဏတွေကို စမ်းသပ်ခဲ့ပါတယ်။

အော်ဂဲနစ် အာဆင်းနစ် ပါဝင်မှုကတော့ ထမင်းတစ်ပွဲစာမှာ ၂.၆ မိုက်ခရိုဂရမ်ကနေ ၇.၂ မိုက်ခရိုဂရမ် အထိ ပါဝင်နေတာကို သူတို့တွေ့ခဲ့ပါတယ်။ အော်ဂဲနစ် အာဆင်းနစ် ပါဝင်မှုက ဆန်ချောမှာနိမ့်ပြီး ဆန်ကြမ်း ဆန်လုံးညိုမှာတော့ ပါဝင်မှုများတယ်လို့ ဆိုပါတယ်။ ဆန်၊ ဆန်နဲ့ပြုလုပ်တဲ့ စားသောက်ကုန်တွေမှာ အင်အော်ဂဲနစ် အာဆင်းနစ် လို့ခေါ်တဲ့ အသွင်ပြောင်း အာဆင်းနစ် ပါဝင်မှုကတော့ ဒသမ ၁ မိုက်ခရိုဂရမ် ကနေ ၆.၆ မိုက်ခရို ဂရမ် အထိ ပါဝင်နေပါတယ်။

မွေးကင်းစကလေးငယ်တွေအတွက် အသင့်စားအစားအစာတွေမှာ အသွင်ပြောင်း အာဆင်းနစ်ပမာဏ အနည်းဆုံးဖြစ်ပြီး ဆန်ခေါက်ဆွဲမှာတော့ ပါဝင်မှု အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်ရှင်။

တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးကို သူပုန်ထရန်ကြံစည်မှုဖြင့် ဖမ်းဆီး

Posted by drmyochit Saturday, September 07, 2013, under | No comments

တောင်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက် မြောက်ကိုရီးယားကို လိုလားပြီး ပုန်ကန်ထကြွရန် အစီအစဉ် တစ်ခု ကြံစည်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် လွှတ်တော်အမတ်များက ၎င်းအတွက် ဖမ်းဝရမ်းကို လက်ခံသင့်ကြောင်း အတည်ပြုခဲ့
တောင်ကိုရီးယားတွင် လွှတ်တော် အမတ် တစ်ဦးအား သူပုန်ထရန် ကြံစည်မှု စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ လီဆွတ်ခ်ကီ သည် တောင်ကိုရီးယား၏ နိုင်ငံရေးပြိုင်ဘက် မြောက်ကိုရီးယားကို လိုလားပြီး ပုန်ကန်ထကြွရန် အစီအစဉ် တစ်ခု ကြံစည်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် လွှတ်တော် အမတ်များ က ၎င်းအတွက် ဖမ်းဝရမ်းကို လက်ခံ သင့်ကြောင်း အ တည်ပြုခဲ့သည်။ "ဒီကိစ္စက အမျိုးသား ထောက်လှမ်းရေး ဌာနရဲ့ လုပ်ဇာတ်ကြီးပဲ"ဟု ကြာသပတေးနေ့ က ဆူဝမ်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရချိန် ၌ လီက အော်ဟစ် ပြောကြားသွားသည်။ ဆိုးလ်မြို့တော် တောင်ပိုင်း ရှိ ဆူဝမ်ရဲစခန်းတွင် ၎င်းကို ခေတ္တ ထိန်းသိမ်းပြီးနောက် အချုပ်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးအား သူပုန်ထရန် ကြံစည်မှု စွဲချက်အတွက် မဲခွဲဆုံးဖြတ်၍ ဖမ်းဆီးစေခြင်းသည် ယခုတစ်ကြိမ် ပထမဆုံးလည်း ဖြစ်သည်။ လီသည် သေးငယ်သော နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စု တိုးတက်ရေးပါတီမှ အမတ်တစ်ဦးလည်း ဖြစ်သည်။ တောင်ကို ရီးယား ထောက်လှမ်းရေး ဌာနက လီသည် မြောက်ကိုရီးယားကို ထောက်ခံ အားပေးကူညီနေကြောင်း အချက်အလက်များ တွေ့ရှိခဲ့ပြီး သူလျှိုအဖြစ် စွပ်စွဲခဲ့သည်။ ၎င်းသည် မေလက မြောက်ကိုရီးယားမှ ကိုယ်စားလှယ် အချို့နှင့် တွေ့ဆုံပြီး တောင်ကိုရီးယား၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို အစပြုရေး ဆွေးနွေးခဲ့ကြောင်း စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

ဥပဒေ သတ်မှတ်ချက်များအရ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနသည် တရားရုံးသို့ လွှဲအပ်ခြင်း မပြုမီ လီကို (၁၀)ရက်ကြာ အချိန်ယူ စစ်ဆေးခွင့် ရှိနေကြောင်းလည်း သိရသည်။ ဆူဝမ်ခရိုင် တရားသူကြီး လီဂျန်ဝမ်က မိမိသည် လီအတွက် အလျင်အမြန် ဝရမ်းထုတ်ပေးခဲ့ပြီး ယင်းမှာ သံသယ တရားခံ အနေဖြင့် သက်သေ အထောက်အထားများကို ဖျက်ဆီးရန် အချိန်ရသွားခြင်းမျိုး၊ ထွက်ပြေးလွတ်မြောက်သွားခြင်းမျိုး မဖြစ်စေလို၍ဟု သတင်းထောက်များအား ပြောကြားသွားသည်။

From: Planet

တာလီဘန်တို့အကြောင်း ကိုယ်တွေ့ဝတ္ထု ရေးခဲ့သည့် အမျိုးသမီး ပစ်သတ်ခံရ

Posted by drmyochit Saturday, September 07, 2013, under | No comments

ဆူရှာမီတာ ဘာနာဂျီသည် အာဖဂန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ်ထားသဖြင့် အိန္ဒိယမှ အာဖဂန်သို့ ပြောင်းရွှေ့ နေထိုင်နေသည်။ သူမသည် ကြာသပတေးနေ့က ပါတီကာ ဒေသရှိ သူမ၏ နေအိမ် အပြင်ဘက်တွင် ပစ်သတ် ခံခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်

တာလီဘန်များ လက်ထဲမှ လွတ်မြောက်ခဲ့သည့် ကိုယ်တွေ့မှတ်တမ်းကို ရေးသားခဲ့သဖြင့် နာမည်ကျော်ခဲ့သော အိန္ဒိယ အမျိုးသမီး တစ်ဦးသည် ယခုအခါ အာဖဂန် နစ္စတန်တွင် ပစ်သတ် ခံလိုက်ရကြောင်း သိရှိရသည်။ ဆူရှာမီတာ ဘာနာဂျီသည် အာဖဂန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ်ထားသဖြင့် အိန္ဒိယမှ အာဖဂန်သို့ ပြောင်းရွှေ့ နေထိုင်နေသည်။ သူမသည် ကြာသပတေးနေ့က ပါတီကာ ဒေသရှိ သူမ၏ နေအိမ် အပြင်ဘက်တွင် ပစ်သတ် ခံခဲ့ရခြင်းဖြစ်ကြောင်း အာဖဂန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ လူသတ်မှု ကျူးလွန်သွားသည်မှာ တာလီဘန် တပ်ဖွဲ့များဖြစ်ကြောင်းလည်း သတင်းများက ဆိုသည်။ ဘာနာဂျီသည် (၁၉၉၅)ခုနှစ်က တာလီဘန်တို့ လက်ထဲမှ သူမ လွတ်မြောက်ခဲ့ရပုံကို စာအုပ်တစ်အုပ် ထုတ်ဝေခဲ့ရာ အိန္ဒိယတွင် ရောင်းအကောင်းဆုံး ဖြစ်ခဲ့သည်။

အဆိုပါ ဇာတ်လမ်းကို (၂၀၀၃)ခုနှစ်တွင် ဘောလီးဝုဒ် ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးခဲ့သည်။ သူမသည် ယခင်က အိန္ဒိယတွင် အဓိက နေထိုင်ခဲ့သော်လည်း ခင်ပွန်းဖြစ်သူနှင့် အတူရှိစေရန် အာဖဂန်သို့ မကြာသေးမီကမှ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဘာနာဂျီသည် ပါတီကာတွင် ကျန်းမာရေး ကူညီစောင့်ရှောက်မှု ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်နေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သူမသည် လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဒေသခံ အမျိုးသမီးများကို မှတ်တမ်းတင် ဗီဒီယို ရိုက်လေ့ရှိသည်။ ပါတီကာဒေသ၏ မြို့တော်ဖြစ်သော ခါရာနာရှိ သူမ၏ နေအိမ်သို့ တာလီဘန် လက်နက်ကိုင်များ ရောက်လာပြီး ခင်ပွန်းသည်နှင့် မိသားစုဝင် အားလုံးကို ကြိုးဖြင့် တုပ်နှောင်ခဲ့သည်။

ထို့နောက်တွင်မူ ဘာနာဂျီကို အိမ်ပြင်ဆွဲထုတ်ကာ ပစ်သတ်ပြီး အလောင်းကို အနီးရှိ ဘာသာရေး စာသင်ကျောင်း တစ်ခုရှေ့တွင် စွန့်ပစ်သွားကြောင်း ရဲများက ဆိုသည်။ တာလီဘန်တို့ကမူ အဆိုပါ တိုက်ခိုက်မှုသည် မိမိတို့ လက်ချက်မဟုတ်ဟု BBCသို့ ဆက်သွယ် ငြင်းချက်ထုတ်ခဲ့သည်။ အသက်(၄၉)နှစ်ရှိ ဘာနာဂျီသည် A Kabuliwala's Bengali Wife အမည်ဖြင့် သူမနှင့် ခင်ပွန်းဖြစ်သူ ဂျန်ဘက်ဇ်ခန်းတို့ တာလီဘန်တို့လက်မှ ထွက်ပြေးလွတ်မြောက်လာပုံ ကိုယ်တွေ့ဇာတ်လမ်းကို ရေးသားပြီး အောင်မြင်မှုများ ရရှိခဲ့သလို ထိုဇာတ်လမ်းကို Escape From Taliban အမည်ဖြင့် ရုပ်ရှင် ပြန်လည် ရိုက်ကူးခဲ့သည်။

Planet

ဆီးရီးယားသူပုန်တို့၏ ရက်စက်ကြမ်းကြုတ်မှု ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာ

Posted by drmyochit Saturday, September 07, 2013, under | No comments

New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရ

ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရသည်။ ဆီးရီးယား စစ်သားများကို အဝတ်အစားများချွတ်ကာ မြေကြီးပေါ် တွန်းလှဲပြီး သူပုန်တပ်ဖွဲ့ဝင် အများအပြားက ၎င်းတို့ကို ကန်ကျောက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်သားများအနက် အချို့သည် ကျောဘက်နှင့် လက်မောင်းတို့တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်းအောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်တယ်။ ကျမ်းကျိန်တယ်။ ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။

အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်းရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြောကြားခဲ့ဖူးသည်။ ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။

From: Planet Myanmar Network

Miss Supranational-2013 အစအဆုံး အပိုင်း (၆) ပိုင်း ပါပါတယ်




Miss Supranational Myanmar မြန်မာလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ 
မျိုးချစ်စိတ်ဓာတ်တို့ ကို တစ်ကမ္ဘာလုံးက အံ့အားသင့်သွားအောင် ပြသနိုင်ခဲ့ပါပြီ..

Miss internet .....Myanmar ခင်ဝင့်ဝါ ရရှိ

မကြည့်ရသေးတဲ့ သူငယ်ချင်းတွေအတွက်
တင်ပေးလိုက်ပါတယ်
ခြောက်ပိုင်းပါ အစဉ်လိုက်တင်ပေးထားပါတယ်


















ရှယ်လုပ်ပြီး မကြည့်ရသေးတဲ့သူအတွက် အားပေးလိုက်ကြပါဦး

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

Posted by drmyochit Saturday, September 07, 2013, under | No comments

စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ယင်းမြေနေရာတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုချက်မပေးဘဲ ဆက်လက် ဆောက်လုပ်နေခြင်းကိုလည်း တားမြစ်ခဲ့သော်လည်း မူလနှစ်ထပ်ရှိ အဆောက်အအုံမှ ယခုလေးထပ်အထိ တိုးမြှင့်ဆောက်လုပ် လာခြင်းနှင့် ယင်းမြေနေရာ များအတွင်း ခြံဝင်းကာရံ လိုက်သည့်အတွက် ယခုကဲ့သို့ လာရောက် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန် နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့က ယင်းမြေကွက်များကို ငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်ဟုဆိုကာ သိမ်းယူခဲ့ပြီး မည်သည့်စီမံကိန်းမှ ပြုလုပ်ခြင်းမရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီကြီးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါ၀ါဝင်း ကုမ္ပဏီအပြင် ဧဒင်၊ ပတ္တမြားနဂါး၊ ယုဇနကုမ္ပဏီများမှ တစ်ကွက် ပျမ်းမျှအကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇) လမ်းမှ လမ်း (၇၀) ၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအဖြစ် တည်ရှိသော မြေကွက်လပ်များပေါ်တွင် အဆောက်အအုံများ တည်ဆောက်ကာ သိမ်းယူခဲ့သည့်အတွက် ဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်မှာလည်း လေးကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းမြေကွက်လပ်များပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ အတွက် တရားဝင် စည်ပင်မှ ခွင့်ပြုသည်မှာ ၁၂ လုံးသာရှိကြောင်း သိရပြီး ယင်းကဲ့သို့ မြေပိုင်ရှင်ရှိသော မြေကွက်ပေါ်တွင် တရားမ၀င် ဆောက်လုပ်နေမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် ငါးကြိမ်မြောက် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။

Eleven

ဆက်သွယ်ရေးစခန်းပြောင်းရွှေ့မည်ဖြစ်၍ ကြိုးဖုန်းအလုံးငါးရာ နှစ်ရက်တာ ပြတ်တောက်မည်

Posted by drmyochit Saturday, September 07, 2013, under | No comments

မန္တလေး ၊ စက်တင်ဘာ ၆။

မန္တလေးမြို့ရှိ ချမ်းမြသာစည် ဆက်သွယ်ရေး စခန်းရွှေ့ပြောင်းမည်ဖြစ်၍ ၎င်းစခန်းမှ တပ်ဆင် အသုံးပြုလျက်ရှိသော ကြိုးဖုန်း အလုံးငါးရာ စက်တင်ဘာလ (၇)ရက်မှ (၈)ရက်နေ့အထိ နှစ်ရက်တာ ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ယင်းအလုံး ငါးရာမှာ ၀၂-၇၈၀၀၀မှ ၀၂-၇၈၄၉၉ထိ ဖြစ်ပြီး ထိုဖုန်းများမှာ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် အသုံးပြုနေသော ဖုန်းလိုင်းများဖြစ်ကြောင်းလည်း သိရသည်။

၎င်းဆက်သွယ်ရေးစခန်းမှာ နိုင်ငံတကာအဆင့်မီ အားကစားကွင်း ပတ်လည်လမ်းများ တိုးချဲ့ခြင်း၊ အဆင့်မြင့်တင်ခြင်းများ ပြုလုပ်နေသည့် စီမံကိန်းနယ်မြေအတွင်း ရောက်ရှိနေသောကြောင့်
၎င်းဆက်သွယ်ရေး စခန်းကို ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လူလူ
The Myanma Age

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

Posted by drmyochit Saturday, September 07, 2013, under | No comments

Miss Supranational 2013 ပြိုင်ပွဲဝင်ရန်အတွက် ရွေးချယ်အပြီး ခင်ဝင့်ဝါအား တွေ့ရစဉ် (Photo:Miss Supranational Myanmar facebook)
မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ်ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက် ၃၆၀၀ ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ်အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး စတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ်သည် နောက်ဆုံးဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရ သည်။

Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်