Thursday, October 17, 2013

မန္တလေးဈေးချို၌ ဗုံးလန့်

Posted by drmyochit Thursday, October 17, 2013, under | No comments


မန္တလေး အောက်တိုဘာ ၁၆

မန္တလေးမြို့ ဈေးချိုတော်အရှေ့မြောက်ဘက် အေရုံ ပထမထပ်ဝရန်တာရှိ ထုပ်တန်းပေါ်တွင် မသင်္ကာဖွယ် ဂျပ်စက္ကူဖာတစ်ခုကို အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခန့်ကတွေ့ရှိပြီး အထိတ်တလန့်ဖြစ်ပွား ခဲ့သည်။ လှထိပ်တင်အလှကုန်ဆိုင်က စတင်တွေ့ရှိခဲ့ပြီး ဆိုင်ရှင် ဦးအောင်နိုင်က ရုံလူကြီးအား အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

“မနက်ဆိုင်ခင်းနေတုန်း ကလေးတွေက တန်းပေါ်မှာ ဂျပ်ဘူးတစ်ခုတွေ့တယ်။ မသင်္ကာဘူးဆိုတာနဲ့ ကျွန်တော် ရုံလူကြီးကို အကြောင်းကြားပါတယ်။ သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ရောက်လာပြီး ရှင်းလင်းရေးအတွက် စတင်လုပ်ဆောင်ပါတယ်”ဟု ဦးအောင် နိုင်က ပြောပြသည်။ အဆိုပါ မသင်္ကာဖွယ်ဂျပ်စက္ကူတွေ့ရှိရာနေရာအား လုံခြုံရေးရယူကာ သဲအိတ်များဖြင့် အကာအရံပြုလုပ်ပြီး မသင်္ကာဖွယ်ဂျပ်ဘူးအား ချိတ်ဖြင့်ဆွဲချရာ ဂျပ်ဘူးစက္ကူဖာအလွတ်တစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

စမတ်ဖုန်းသုံးတာသတိထား၊ ကြာကြာသုံးလျှင် လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်

Posted by drmyochit Thursday, October 17, 2013, under | No comments


စမတ်ဖုန်းများ အသုံးပြု၍ Message ပေးပို့ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပါက လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အရိုးဘက်ဆိုင်ရာ ဆေးပညာ သုတေသီများသည် စမတ်ဖုန်းများ လွန်ကဲစွာ အသုံးပြုခြင်းဖြင့် ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့် iSlouchingနှင့် iGrindingဆိုသော ထိခိုက်သက်ရောက်မှု နှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ အမေရိကန်တွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် မိမိ၏ဖုန်းကို နေ့စဉ် အကြိမ်ရေ (၁၁၀)မျှ ထုတ်ကြည့်လေ့ရှိသည်။ အကျိုးဆက် အနေဖြင့် ဖုန်းကို လက်ထဲတွင်ထားကာ ငုံ့ကြည့် ရာမှ ကျောရိုးဆစ်နှင့် လည်ကုပ်ပိုင်းကို ထိခိုက်သက်ရောက်နိုင်ကြောင်း ဖြစ်သည်။ ဖုန်းကို ကြာရှည်စွာ ငုံ့ကြည့်ရင်း လူတစ်ဦး၏ နောက်ကျောမကြီးကို ဖိအားသက်ရောက်နေသည့် ဖြစ်စဉ်ကို iSlouchingဟု အမည်ပေးထားသည်။

ဖလော်ရီဒါမှ ကျောရိုးဆေးပညာ အထူးပြု သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာ မတ်ဟာဘာက "ရှေ့ကို ခေါင်းငိုက်လိုက်ချိန်မှာ ကျောရိုးပေါ်ကို ဖိအားသက်ရောက်မှု (၁၀)ပေါင်အားလောက် ရှိသွားတတ်လို့ သုတေသန ရလဒ်တွေက ညွှန်ပြနေပါတယ်။ စမတ်ဖုန်းတွေ အသုံးပြုဖို့ ရေရှည် ခေါင်းငုံ့ထားတဲ့အခါ လည်ကုပ်နဲ့ ကျောရိုးဆစ်တွေ ကြားထဲက အရိုးနုနဲ့ တစ်သျှူးတွေကို ထိခိုက်မှုတွေ ဖြစ်စေတတ်တယ်"ဟု ရှင်းပြခဲ့သည်။ သုတေသီများက iSlouching ဖြစ်စဉ်ကို ရှောင်ရှားရန်အတွက် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုကို အချိန်ကန့်သတ်ရန် အကြံပြုထားသည်။

အချို့သော ကလေးများသည် စမတ်ဖုန်းများနှင့် ဂိမ်းကစားသည့်အခါ အောက်မေးရိုးကို သတိလက်လွတ် ကြိတ်ဝါးနေတတ်သည်။ မကြာခဏ အံကြိတ်ပြီး ဖိအားပေးနေခြင်းသည် ရေရှည်တွင် မေးရိုးကို ထိခိုက်လေ့ရှိပြီး ယင်းကို iGrindingဟု အမည်ပေးထားသည်။ အဆိုပါ ဖြစ်စဉ်မျိုးသည် လူကြီးအချို့ တွင်လည်း တွေ့ရှိနေရကြောင်း ဒေါက်တာ ဟာဘာက မှတ်ချက်ပြုခဲ့သည်။ "စမတ်ဖုန်း တစ်လုံးကို သတိမမူဘဲ အချိန်အကြာကြီး သုံးစွဲမိတဲ့အခါ မမျှော်လင့်တဲ့ ဆိုးကျိုးသက်ရောက်မှု တချို့ကို ခန္ဓာကိုယ်က လက်ခံရရှိနေတတ်ပါတယ်။ အထူးသဖြင့် ကျောရိုးတဝိုက်မှာ ရှိနေတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြောတွေဟာ လှုပ်ရှားမှု ပုံစံ တစ်မျိုးတည်းကို ခဏခဏ လုပ်ဆောင်နေရရင် ဒဏ်ဖြစ်သွား တတ်တယ်"ဟု ၎င်းက ဆိုသည်။

သုတေသီများက Messageများ ပေးပို့ရာမှ လည်ကုပ်ညောင်းညာ နာကျင်သည့် အဖြစ်မျိုး ကြုံလာရခြင်းကို Text Neckဟုလည်း အမည်ပေးထားသေးသည်။ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်တွင် ပြုလုပ်သည့် သီးခြား သုတေသန ရလဒ်တစ်ခုအရ စမတ်ဖုန်းများကို အချိန်ကြာမြင့်စွာ အသုံးပြုလေ့ရှိသူများ၏ (၈၃)ရာခိုင်နှုန်းသည် Messageပို့တိုင်း လည်ကုပ်တွင် နာကျင်မှု ခံစားရကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ ၎င်းတို့သည် ညောင်းညာခြင်း၊ အသက်ရှူနှေးခြင်း၊ နှလုံးခုန်နှုန်း တိုးလာခြင်းစသည့် မူမမှန်သည့် ခန္ဓာကိုယ် တုံ့ပြန်မှု အချို့လည်း ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။

ဒေါက်တာနေဇင်လတ် ပြောတဲ့ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်ဆိုတာ

Posted by drmyochit Thursday, October 17, 2013, under | No comments


ကျနော်တို့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ တကယ့် Real Changes ကို သွားနိုင်သလား၊ မသွားနိုင်ဘူးလားဆိုတာ တိုင်းယူလို့ရတဲ့ ပေတံလေးတွေ ရှိတယ်။ သာမန်အားဖြင့် အမေရိကန် သမ္မတ တယောက်က သူ့အကြံပေးကို သူ ခန့်တဲ့အခါမှာ တစုံတရာ သူနဲ့ နီးစပ်တဲ့သူကို ခန့်တယ်ပေါ့။ ကျနော်ဆိုရင် အထူးသဖြင့် သမ္မတကြီးနဲ့ တာဝန်ထမ်းဆောင်တုန်းက တကြိမ်တခါမှ မတွေ့ခဲ့ဖူးဘူး။ စကားလည်း ကျနော် မပြောခဲ့ဖူးဘူး။ ဆိုတော့ မသိတဲ့သူတယောက်ကို သူခန့်တယ် ဆိုကတည်းက တော်တော်လွတ်လပ်တဲ့ သဘောတရား တခုကို ကျနော် တွေ့ရတယ်။ နောက်တခါ ကျနော်တို့ စပြီးတော့ နေပြည်တော် သတင်းပို့တယ်။

ပို့ပြီးတော့ သမ္မတကြီး Briefing ကို ကျနော်တို့ ခံယူတဲ့ အချိန်မှာ ကျနော်တို့ကို ကန့်သတ်ချက် လုံးဝ မထားပေးဘူး။ ဘယ်လိုဖြေပါ၊ ဘယ်လိုမဖြေပါနဲ့၊ ကိုယ်လိုချင်တဲ့ ပုံစံကို Form မလုပ်ဘူးပေါ့။ အဲဒီမှာကတည်းက ကျနော်တို့က နည်းနည်းတော့ သတိထားမိတယ်။ လွတ်လွတ်လပ်လပ်တော့ ရှိပါလား၊ တကယ်ကို အပြောင်းအလဲ တရပ်ကို ရှေးရှုနေပါလားဆိုတာ ကျနော်တို့ သိတယ်ပေါ့။ နောက်ပိုင်း ကျနော်တို့ အကြံဉာဏ်ပေးတဲ့ အခါမှာလည်း ဘယ်အကြံဉာဏ်မျိုးတော့ ကြိုက်တယ်၊ ဘယ်အကြံ ဉာဏ်မျိုးတော့ မကြိုက်ဘူး ဆိုတာလည်း မရှိဘူး။ နောက်တခါ ကျနော်တို့ပေးတဲ့ အကြံဉာဏ်တွေက အရင် ဟိုတုန်းက တချို့နိုင်ငံတွေလို အရင်စနစ်ဟောင်းတွေလို အကြံပေးထား မယ်၊ ပေးတဲ့အကြံဉာဏ် ယူချင်မှလည်း ယူမယ်ဆိုတဲ့ ပုံစံမျိုးလည်း မရှိဘူး။

အဲဒီတော့ ကျနော်တို့ အလုပ်များလား၊ မများလား တိုင်းတာလို့ ရှိရင်ကို အကြံပေး တယောက်ရဲ့ အကြံပေးမှုကို သမ္မတကြီးက Appreciation တကယ်ရှိမရှိ ပြောလို့ရတယ်။ ကျနော်တို့ အလုပ်နည်းတယ်ဆိုရင် ဒါ ရှင်းတယ်ပေါ့။ သဘောလောက်ထားတဲ့ အကြံပေး ဖြစ်မှာပေါ့။ ကျနော်တို့ ဒီနေ့ အလုပ် တော်တော်များတယ်။ ပေးတဲ့ အကြံဉာဏ်တွေ ဆိုရင်လည်း တော်တော်များများကို တလေးတစား ဖတ်တယ်။ သို့သော်လည်း Perspective View အရကြည့်မယ် ဆိုရင်တော့လည်း ကျနော်တို့က ရှုထောင့်တခုက ကြည့်တာပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ တယောက် အနေနဲ့ ကျတော့လည်း ကျနော်တို့ထက် ပိုပြီးတော့ Balance Perspective ပေါ့၊ ဒါကနေ သူပြန်ကြည့်တာပေါ့။

ဆိုတော့ အကြမ်းဖျင်း ကျနော်တို့ ၁၀ ခုလောက် အကြံဉာဏ်ပေးတဲ့ အချိန်မှာ တခုလောက်ပဲ အကောင်အထည်ဖော်တယ်၊ ၉ ခုလောက်က အကောင်အထည် မဖော်ဘူး ဆိုရင်တော့ ကျနော်တို့ ၂ မျိုးတွက်လို့ ရတာပေါ့။ ကျနော်တို့ပေးတဲ့ အကြံဉာဏ်က အဆင့်မမီလို့လား၊ သို့မဟုတ် ရင် ပြုပြင် ပြောင်းလဲမှုကို တကယ် မသွားချင်လို့လား၊ ဒီ ၂ ခု ကျနော်တို့ ပြောလို့ရတာပေါ့။ ဒီနေ့ ကျနော်တို့ ပေးလိုက်တဲ့ အကြံဉာဏ်တွေနဲ့ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲလိုတဲ့ စိတ်ပေါ့၊ သူ့ရဲ့ Political Will နဲ့ နည်းနည်းလေး တိုက်ဆိုင်သွားတဲ့ အခါကျတော့ အကောင်အထည်ဖော်တဲ့ ရာခိုင်နှုန်းက အတော်လေး မြင့်ပါတယ်။ ဒီတချက်ကို ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ အနေနဲ့ က ပြုပြင်ပြောင်းလဲရေးပေါ့၊ အနှစ်သာရ တကယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်သွားနေပြီဆိုတာ ကျနော်တို့ ခန့်မှန်းလို့ရတယ်။ 

ဒေါက်တာ နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး ပုဂ္ဂိုလ်)

ပေါက်ကွဲမှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍မီဒီယာများ၏သတင်း အလွဲများထုတ်ပြန်နေမှုအပေါ်တွင်ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကမေတ္တာရပ်ခံပန်ကြားခြင်း

Posted by drmyochit Thursday, October 17, 2013, under | No comments


မကြာမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင် စားပွဲအမှတ် (၁၉)အောက်တွင် ချိန်ကိုက်ဗုံးတွေ့ရှိခဲ့မှု၊ကျောက် တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းရှိ TRADERS HOTEL အခန်းအမှတ်(၉၂၁) တွင် ပေါက်ကွဲမှု များဖြစ်ပွားခဲ့မှုနှင့် စပ်လျဉ်း၍ဖေါက်ခွဲခဲ့သူ တရားခံ စောမြင့်လွင်(ခ)မောထ ကို ဆက်စပ်ပါဝင်သူများ၊ သက်သေခံအထောက်အထားများအရ ဖေါ်ထုတ်ရရှိထားပြီး ဖြစ်ပါသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိစေရေးအတွက် မြန်မာ့ ရုပ်မြင်သံကြားအစီအစဉ်မှ အထူးသတင်းတစ်ရပ်အနေဖြင့် တရားခံဖေါ်ထုတ်ရရှိထားကြောင်း ကိုလည်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ဖြူးနှင့် ရန်ကုန်မြို့များတွင် ဖြစ်ပွားခဲ့သော ချိန်ကိုက် ဗုံးတွေ့ရှိမှုများ၊ အချို့နေရာများတွင်ပေါက်ကွဲမှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုများနှင့် စပ်လျဉ်း၍ ရရှိထားသည့် သက်သေခံအထောက်အထားများဖြင့် ဆက်စပ်ဖေါ်ထုတ်ပြီး ပါဝင်ပတ်သက်သူ များအား စစ်ဆေးဆောင် ရွက်လျက် ရှိပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်းတွင် မီဒီယာများအနေဖြင့် ပြည်သူများထံ အမြန်သတင်းချပြလိုမှုဖြင့် အတည်ပြုမှုမရရှိသေးသော လက်အောက်ရှိတပ်ဖွဲ့ဝင်အချို့၏ သတင်းများကိုရယူ၍ ဖေါ်ပြလျက်ရှိနေရာ အဆိုပါဖေါ်ပြချက်များသည် တိကျခိုင်လုံမှုမရှိသည့်အပြင်ရဲတပ်ဖွဲ့ကဖြစ်စဉ် မှန်ဖေါ်ထုတ် ဆောင်ရွက်နေ မှုနှင့် ကျန်ရှိဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးတို့အတွက် အခက်အခဲဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကလည်း ပေါက်ကွဲမှုနှင့်ပတ်သက်သည့် တရားခံအား ဖမ်းဆီး ရမိထားမှု သတင်းကို သတင်းဦးအဖြစ်နိုင်ငံတော်အဆင့်အနေဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါ၍ မကြာမီတွင် စစ်ဆေးဖေါ်ထုတ်ရေး လုပ်ငန်းများပြီးဆုံးပါကဖေါ်ထုတ်ရရှိမှုဖြစ်စဉ်မှန်ကို မိဘပြည်သူများ ထံသို့ မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မီဒီယာများအနေဖြင့် အောက်ခြေရဲတပ်ဖွဲ့ဝင်များထံတွင်မေးမြန်း၍ရရှိခဲ့သော အတည်ပြုချက် မရရှိသေးသည့် ဖြေဆိုမှုများကိုရေးသားဖေါ်ပြခြင်းမပြုလုပ်ကြပါရန်နှင့် အောက်ခြေမှရရှိသည့် သတင်းများသည် တိကျသည့် သတင်းများမဟုတ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ကမေတ္တာရပ်ခံထားပါကြောင်း၊ သတင်းထုတ်ပြန်သည့် မီဒီယာများ၏လွတ်လပ်ခွင့်ကို ဟန့်တားလိုခြင်းမဟုတ်ပါကြောင်းနှင့် အမှုများအားတိကျစွာ တည်ဆောက်နေခြင်းအပေါ် နားလည် မှုပြုပေးနိုင် ပါရန်မေတ္တာရပ်ခံခြင်းဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။Yangon Police

မြန်မာကာကွယ်ရေးဦးစီးချုပ် တရုတ်သမ္မတနဲ့တွေ့ဆုံ

Posted by drmyochit Thursday, October 17, 2013, under | No comments


တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မနေ့ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း အဖြစ် ရှိခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်တဲ့ သမ္မတ ရှီကျင့်ဖျင် က ပြောဆို မှတ်ချက်ပြုခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်သူတွေရဲ့ အခြေခံ အကျိုးစီးပွားအတွက်တင်မဟုတ်ဘဲ၊ ရှုတ်ထွေးလာတဲ့ ကမ္ဘာ့အခြေအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးအတွက်ပါ အကျိုးဖြစ်ဖို့ နှစ်နိုင်ငံအကြား ခြုံငုံပြည့်စုံတဲ့ မဟာဗျူဟာ လက်တွဲဖက် ဆက်ဆံရေး ထားရှိသွားရမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောဆိုတဲ့ အကြောင်းလည်း Xinhua သတင်းမှာ ရေးသားဖော်ပြပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်ဒေသ တည်ငြိမ်ရေးကို အလျှင်အမြန် ဆောင်ရွက် နိုင်ဖို့ မျှော်လင့်ပြီး၊ ဒီအတွက် တရုတ်အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် အကူအညီ ပေးလိုတယ်လို့လည်း တရုတ်သမ္မတက ပြောဆိုတဲ့အကြောင်း Xinhua သတင်းမှာ ဖော်ပြပါတယ်။

နှစ်ဘက် စစ်ရေးဆက်ဆံမှု တိုးမြှင့်ရေးကိစ္စကိုလည်း မှတ်ချက်ပြု ပြောခဲ့ပါတယ်။ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုသီတင်းပတ် အစပိုင်းကတည်းက တရုတ်နိုင်ငံကို ရောက် ရှိနေတာဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်ဗဟိုစစ်ကော်မရှင်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် မတော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ်အတွင်းကလည်း တရုတ် နိုင်ငံကို လာရောက်လည်ပတ်ခဲ့ဖူးပြီး၊ အဲဒီအချိန်ကတည်းက သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအချိန်
တုန်းကတော့ သူဟာ ဒုသမ္မတတာဝန်ယူထားပြီး၊ သမ္မတဖြစ်လာဖို့ အားလုံးက ထင်ကြေးပေးခံခဲ့ရသူပါ။

မြန်မာကာကွယ်ရေးဦးစီးချုပ်ဟာ ဘေဂျင်းမြို့တော်အပြင် တရုတ်နိုင်ငံ အခြားမြို့တွေကိုလည်း သွားရောက် လည်ပတ်ဖို့ ရှိပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီ့မတိုင်ခင် စက်တင် ဘာလအတွင်းကလည်း ထိုင်းနိုင်ငံကိုသွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ်နဲ့ တွေ့ခဲ့ပါတယ်။ စက်တင်ဘာလ အကုန်ပိုင်းမှာ မလေးရှားနိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။


VOA

မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် မန်ယူနိုက်တက်၏ ပရီးမီးယားလိဂ် ဆုဖလား

Posted by drmyochit Thursday, October 17, 2013, under | No comments


မန်ချက်စတာ ယူနိုက်တက် အသင်း ဆွတ်ခူး ခဲ့သည့် အကြိမ် ၂၀ မြောက် ပရီးမီးယားလိဂ် ဆုဖလားကြီးကို ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ အတွက် လှည့်လည် ပြသ သွားမည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်မှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားသည်။

ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီး၏ ခရီးစဉ်ကို DHL မှ ကူညီ ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၄ နိုင်ငံက မြို့ပေါင်း ၃၀ ကျော်မှာ လှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ် ဆုဖလား ခရီးစဉ်ဟာ အချိန် ၅ လကျော် ကြာမြင့်မည် ဖြစ်ပြီး ခရီးစဉ် ရက်အတိအကျကို မကြာမီ ကြေငြာသွားမည် ဖြစ်သည်။

အောက်တိုဘာ

ရီယို ဒီ ဂျနေရိုး (ဘရားဇီး)

နိုဝင်ဘာ

ဆာအိုပေါ်လို (ဘရာဇီးလ်)၊ ဆန်တီယေဂို(ချီလီ)၊ ဂွာယာကွေးလ် (အက်ကွေဒေါ)၊ မက္ကဆီကို စီးတီး (မက္ကဆီကို) ဒီဇင်ဘာ

စင်္ကာပူ၊ ဟိုချီမင်း (ဗီယက်နမ်)၊ ဂျကာတာ (အင်ဒိုနီးရှား)၊ တိုင်ပေ (ထိုင်ဝမ်)၊ ဆိုးလ် (တောင်ကိုရီးယား)၊ ရှန်ဟိုင်း (တရုတ်)၊ ကွမ်ကျိုး (တရုတ်)၊ ဟောင်ကောင်

ဇန်နဝါရီ

ဒေလီ၊ မွန်ဘိုင်း (အိန္ဒိယ)၊ ဒူဘိုင်း (ယူအေအီး)၊ ရီယာ့ဒ် (ဆော်ဒီ အာရေဗျ)၊ ဒိုဟာ (ကာတာ)

ဖေဖော်ဝါရီ

လော့စ် အိန်ဂျလိဂ်စ်၊ ဆန်ဖရန်ဆစ်စကို၊ ချီကာဂို၊ နယူးယောက်ခ် (ယူအက်စ်အေ)၊ ဘန်ကောက် (ထိုင်း)

မတ်

မြန်မာ၊ ကွာလာလမ်ပူ (မလေးရှား)၊ တိုကျို (ဂျပန်)၊ မော်စကို (ရုရှား)၊ အီစတန်ဘူလ် (တူရကီ)၊ ကိုပင်ဟေဂင် (ဒိန်းမတ်)၊ အော်စလို (နော်ဝေ)၊ ဘေဆယ် (ဆွစ်ဇာလန်)

Ref - football-cafe.com

လူသားတို့ နှလုံးသားကို ရိုက်ခတ်နိုင်တဲ့ မြန်မာပြည်က၀မ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်လေးတစ်ခုပါ( မျက်ရည်လွယ်လျှင် မဖတ်ပါနဲ့)

Posted by drmyochit Thursday, October 17, 2013, under | No comments


စန္ဒီ ၁၅၀၀ရဲ့ နောက်ဆုံးနှုတ်ဆက်စကား

သင့်အနေနဲ့ လူသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ၀မ်းနည်းကြေကွဲမှုတွေကို ခံစားတတ်မှာပါ။
တချို့ ကိစ္စတွေဟာ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲဆိုရင် ယောင်္ကျားရင့်မာ
ကြီးတွေတောင် မျက်ရည်ကျရပါတယ်။ 

လက်ခုပ်နှစ်ဖက် သီချင်းနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့တဲ့ တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက် ၁၂နာရီ၊ မိနစ် ၂၀ အချိန်မှာ သူနေထိုင်ရာ ဗဟန်းမြို့နယ် အိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


သူမကွယ်လွန်ခင် အချိန်လေးမှာပဲ သေတော့မှာကို သိတဲ့ အလား အဆိုတော် တေးသံရှင်စန္ဒီ ၁၅၀၀ ဟာ သူချစ်တဲ့ ပရိသတ်ကြီးကို သူ့ရဲ့ ဖေ့ဘွတ်ပေါ်မှာ နှုတ်ဆက်စကား ဆိုသွားခဲ့ပါတယ်။

"စန္ဒီချစ်သောပရိတ်သတ်ကြီး စန္ဒီလူ့ လောကကြီးကို နှုတ်ဆက်ခဲ့ပါတယ်" 

လို့ ၀မ်းနည်းဖွယ် နှုတ်ဆက်သွားခဲ့တာပါ။ ဒီလိုဝမ်းနည်းစရာမြင်ကွင်းမျိုးကို ဘယ်သူက မကြေကွဲဘဲနေနိုင် မလဲ။ ဒီစာဖတ်နေတဲ့ သင်ကိုယ်တိုင်လည်း ၀မ်းနည်းမှုကိုထိန်းချုပ်နိုင်ရင်တော့ စန္ဒီ ၁၅၀၀ ရဲ့ ဖေ့ဘွတ်ကို သွားကြည့်လိုက်ပါ။ 

သူ့ရဲ့ဖေ့ဘွတ်ကတော့ https://www.facebook.com/Sande1500 ပါ။

New Myanmar News

အသက် ၁၅ နှစ်ကတည်းက မင်းသမီးလုပ်လာတာဆိုတဲ့ ခင်ဇာခြည်ကျော်ယခုထိတိုင် လှပနုပျိုဆဲ

Posted by drmyochit Thursday, October 17, 2013, under | No comments


ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့ဝါရင့် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်ဇာ ခြည်ကျော်က လတ်တလောမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ “အဆိပ်ဝိုင်” ဇာတ်ကားနဲ့ပတ်သက်ပြီး ဇာတ်လမ်းက ကောင်းတဲ့အတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်တွေရဲ့ပါဝင်ရတဲ့အခန်း ကလည်း မျှသလို အိုက်တင် တွေအားလုံး ကလည်း ကောင်းကြောင်း ပြောပြခဲ့ပါတယ်။ ဇာတ် ကားတွေ လာရောက်ကမ်းလှမ်းပေမယ့်လည်း စိစစ်ရွေးချယ်ပြီးမှ ရိုက်ကူးဖြစ် ကြောင်းကို ခင်ဇာခြည်ကျော်က..

” ၄၊ ၅ ခန်းနဲ့ပါပြီးတော့လည်း မရိုက်တော့ပါဘူး။ ကျွန်မကဇာတ် ရုပ်ကိုရွေးတာမဟုတ်ဘူး။အမေလည်း ရတယ်။ အဒေါ်လည်းရ တယ်။ အစ်မလည်းရတယ်။ ကျရာဇာတ်ရုပ် မှာ သရုပ်ဆောင်ပါ့မယ်။ ဒါပေမဲ့ ဇာတ်ဝင်ခန်းနည်းနည်းနဲ့ ၄၊၅ခန်း ပါရပြီးရောဆိုပြီးတော့ မရိုက်ဖြစ်ပါဘူး” လို့ ပြောပြပါတယ်။ ဗီဒီယိုခေတ်ဦး ၊ခေတ်ကောင်း ကို မီခဲ့တာကြောင့် တစ်ချိန်က ဗီဒီယိုလောကရဲ့ အခြေအနေတွေကိုလည်း ခင်ဇာခြည်ကျော်က ” အရင်တုန်းကခေတ်နဲ့အခု ခေတ်က တအားကွာခြား တာပေါ့။တစ်လကို ၄၊၅ကား ရိုက်ကြတယ်။ မင်းသား၊ မင်းသမီးတွေလည်းအရည်အတွက်နည်းတယ်။မင်းသား၊ မင်း သမီးတွေက သူ့တန်းလေး တွေနဲ့ သူပေါ့။ ကျွန်မတို့တန်းဆို လည်း ၄၊၅ယောက်ပဲရှိတယ်။မင်းသမီးကြီးတန်းဆိုလည်း ၄၊၅ ယောက် သူ့တန်းနဲ့သူဆိုတော့ ရိုက်ရတာလည်း တအားမျှတယ်။ အခုခေတ် ကမင်းသမီးအရေအတွက်က တအားများလာတယ်။ တော်တဲ့လူ တွေလည်းများလာတယ်ဆိုတော့ အခုခေတ်မှာတော့ ပိုပြီး ကြိုးစား မှသာလျှင်နေရာတစ်နေရာရနိုင် မယ်။ နို့မို့ဆိုရင်တော့ ပေါ်ပြူ လာဖြစ်ပြီးတော့ ခဏလေးနဲ့ ပျောက်သွားရင်လည်း မင်းသမီးလို့ မခေါ်ဘူးလေ။ ကျွန်မတို့ဆိုရင် ၉၁ခုနှစ်ထဲက အသက် ၁၅နှစ်က တည်းက မင်းသမီးလုပ်တယ်။အခုအချိန်ထိဆိုရင်အနှစ်၂ဝ လည်း ကျော်သွားပြီ” လို့ ပြောပါတယ်။

အခုအချိန်အထိ ခင်ဇာခြည်ကျော် ဆိုတဲ့နာမည်နဲ့အောင်မြင်စွာရပ်တည်နေနိုင်တာကတော့ ကိုယ့်ရဲ့ကြိုး စားမှုနဲ့ အလုပ်အပေါ်ဂရုစိုက်မှုတွေကြောင့် ဖြစ်ကြောင်းကိုလည်း အခုအချိန်ထိ ပရိသတ်တွေ အားပေးတယ်။ အခုအချိန်ထိ ခင်ဇာခြည်ကျော်ဆိုပြီးလက်ခံတယ်ဆိုတာအရင်တုန်းကကြိုးစားခဲ့လို့ပါ။ ကျွန်မတို့က အလုပ်လုပ်တယ် ဆိုရင်ပြီးပြီးရော ဘယ်တော့မှ မလုပ်ပါဘူး။သရုပ်ဆောင်မတတ်မြောက်ခင် တုန်းကလည်း တကယ့်ဆရာသမား ဒါရိုက်တာ တွေပြောတဲ့စကားကို တစ်သဝေမတိမ်း နားထောင် ပြီး ကြိုးစားတယ်။အိုက်တင်မရခင်က အိုက်တင်ရလာအောင် ကြိုးစား ခဲ့တယ်။အိုက်တင်ရ လာပြီးတဲ့ နောက်ပိုင်းမှာ လည်းထပ် ပြီးပိုကောင်းအောင် လုပ် တယ်။ ကိုယ့် ဇာတ်ကား တွေလည်းကြည့်တယ်။သူများဇာတ်ကားတွေလည်း ကြည့်တယ် ပြန်သုံး သပ်တယ်။ သင် ဆရာ၊မြင်ဆရာတွေဆီက လည်း မှတ်သားလေ့လာ တယ်။ အကယ်ဒမီ ရပြီးတဲ့အခါမှာလည်း ငါအကယ်ဒမီ ရပြီးပြီ။ငါပေါ့ပေါ့ လုပ် လို့မရဘူးဆိုတဲ့ အနေနဲ့ပိုကြိုးစား ရတာပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
By Popular Journal

မြန်မာပြည်က လိင်တူချစ်သူတွေဘာလဲ ဘယ်လဲ

Posted by drmyochit Thursday, October 17, 2013, under | 1 comment


ကမ္ဘာပေါ်မှာ Gay Marriage / Same Sex Marriage လို့ခေါ်တဲ့ လိင်တူ လက်ထပ်ခြင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံက တရားဝင် သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် လည်းပါဝင်ပါတယ်။ Gay marriage စတင် အတည်ပြုပေးခဲ့တဲ့ နိုင်ငံကတော့ နယ်သာလန် ဖြစ်ပြီး ၂၀၀၁ ခုနှစ် ဧပြီလက ဖြစ်ပါတယ်။ အမေရိက တိုက်မှာ ကနေဒါ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီး၊ အမေရိကန်နဲ့ မက္ကဆီကိုတို့လို နိုင်ငံကြီးများက အတည်ပြု ကုန်ပါတယ်။

ဥရောပ တိုက်မှာဆိုရင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ နော်ဝေ၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုင်စ်လန်၊ ဒိန်းမိတ်၊ ပြင်သစ်၊ ဗြိတိန် တို့ ပါဝင်ပြီး နယူးဇီလန်နဲ့ အာဖရိကက တောင်အာဖရိကတို့တောင် ပါဝင်လာပါတယ်။ အသင်းအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အပြုသဘော ဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် အစိုးရတို့လည်း မငြင်းဆန် နိုင်ပါဘူး။ သို့ပေမယ့် ရုရှား တစ်နိုင်ငံကတော့ ဥရောပမှာ Same Sex နဲ့ ပက်သက်လို့ အပြင်းအထန် ကန့်ကွက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါတယ်။
နောက်ပြီးတော့ အရှေ့ အလယ်အပိုင်းက ပါရှန်း နိုင်ငံများကလည်း Same Sex Marriage ခွင့်မပြုထားပါဘူး။ ၎င်းတို့ ဘာသာရေးအရကို တားမြစ်ထားပြီး Gay ဖြစ်ရင်တောင် ထောင်ချတဲ့အထိ တရားဥပဒေ ပြင်းထန်တဲ့ နိုင်ငံတွေ ရှိပါတယ်။

မြန်မာပြည်မှာဆိုရင်ရော - မြန်မာပြည်မှာလည်း အဖွဲ့အစည်းလိုက် လှုပ်ရှားမှုများ ရှိနေပါတယ်။ မြန်မာပြည် မှာလည်း မိန်းမချာ ရာဇဝင် ကြီးမားကြောင်း ဂေးတစ်ဦးက ပြောပြဖူးပါတယ်။ တောင်ပြုံးပွဲက မြန်မာဂေး များ စုဝေးရာ ပွဲတစ်ခု အဖြစ်လည်း လူသိများပါတယ်။ Same Sex မှာဆိုရင် အမျိုသားအချင်းချင်း လိင်တူ ချစ်ကြိုက်ခြင်း၊ အမျိုးသမီးအချင်းချင်း လိင်တူ ချစ်ကြိုက်ချင်းနဲ့ ၊ အမျိုးသမီး စိတ်ဝင် အမျိုးသား နှင့် အမျိုးသား ချစ်ကြိုက်ခြင်း၊ အမျိုးသား စိတ်ဝင် အမျိုးသမီး နဲ့ အမျိုးသမီး ချစ်ကြိုက်ခြင်း အစရှိသဖြင့် အမျိုးမျိုး ကွဲပါသေးတယ်။
သဘာဝအားဖြင့် အမျိုးသားနဲ့ အမျိုးသမီးပဲ ချစ်ကြိုက်၊ ပေါင်းဖက်မှ မိသားစုတစ်ခု ဖန်တီးလို့ရတယ် ဆိုတာ Biological ပေါင်းစပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ Emotional အရ ပေါင်းစပ်မှု သဘော ရှိပါတယ်။ အဲ့လိုမဟုတ်ပဲ လိင်တူချစ်ကြိုက်မှုကျတော့ Emotion ပိုဆန်တဲ့ ခံစားချက် ဖြစ်ပြီး မိသားစု တစ်ခု ဖန်တီးမှုကျတော့ Biological ရှုထောင့်အရ ကွဲလွဲနေမှု ရှိပါတယ်။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်လည်း Same Sex က ဆိုးကျိုး ပိုဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာ Same Sex အဖွဲ့အစည်းများက Health Program ကို သီးသန့် ပြုလုပ် ပေးပါတယ်။

ဘာသာရေးရှုထောင့်အားဖြင့် (အထူးသဖြင့် ဗုဒ္ဓဘာသာ ရှုထောင့်အရ ကြည့်ရင်) Same Sex ရယ်လို့မှ မဟုတ်ပဲ Sex လို့ ခေါင်းစဉ် တပ်လိုက်ရင်ကို အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ Same Sex ကိုမှ ကွက်ပြီးတော့ အပြစ်ရှိသော ကာမ အကုသိုလ်လို့ ဟော့ခဲ့ခြင်း မဟုတ်ပါ။ တာကြောင့်လဲ။ ဘာသာရေး အရ တားမြစ်ဖို့ကျ မစွမ်းသာပြန်ပါဘူး။ ဒီအတွက် ဆရာတော်များရဲ့  အမြင်သြဝါဒ ဘယ်လိုရှိမယ်ဆိုတာ ကိုလည်း သိချင်ပါသေးတယ်။

ဒီတော့ မြန်မာပြည်မှာ Same Sex နဲ့ ပက်သက်လို့ အမြင်ကွဲပြားမှု များလာပြီး ယနေ့အထိ တိုက်ခိုက်နေ ကြဆဲ ပါပဲ။ အဖွဲ့ ၃ ဖွဲ့ပါ။ Same Sex ကိုထောက်ခံ သူ၊ Same Sex ကို ဆန့်ကျင်သူနဲ့ ကြားနေ အဖွဲ့ဆိုပြီး ဖြစ်နေပါတယ်။ စာရေးသူကတော့ ကြားနေ အဖွဲ့ထဲ ပါဖြစ်မယ် ထင်ပါတယ်။ လူအခွင့်အရေး နဲ့ ပက်သက်ပြီးလို့ရော၊ Same Sex နဲ့ ပက်သက်ပြီးလို့ရော ထင်မြင်ယူဆချက်များကို ဒီ Post မှာ Comment ပေးစေချင်ပါတယ်။
By အောင်ခမ်း ( ရိုးရာလေး )

တောင်ကြီး မြို့ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ပလ္လင်တော် အတွင်း ဌာပနာ ပစ္စည်းများ ထည့်သွင်း တင်လှူ ပူဇော်ခြင်း မဟာ မင်္ဂလာ အခမ်းအနား ကျင်းပ

Posted by drmyochit Thursday, October 17, 2013, under | No comments


တောင်ကြီး ၊ ၁၆-၁၀-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ပလ္လင်တော် အတွင်း ဌာပနာ ပစ္စည်းများ ထည့်သွင်း တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က အဆိုပါ စေတီတော်၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနား ကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ပြီး ဆရာတော် သံဃာတော်များ ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး ၊ တာဝန်ရှိ သူတို့က ဌာပနာ ပစ္စည်းများကို ကိုင်ဆောင်ကာ ဘုရားရင်ပြင် တွင် လက်ယာရစ် တစ်ပတ် လှည့်လည် ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် နှင့် ဇနီးဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် တာဝန်ရှိသူများ ၊ အလှူရှင် များက ပြည်နယ် သံဃာ့ နာယက အဖွဲ့ ဥက္ကဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ မင်းကွန်းကျောင်း ဆရာတော် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော် အရှင် သူမြတ်တို့ထံ ဌာပနာ ပစ္စည်းများကို ဆက်ကပ် လှူဒါန်း ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များ ၊ ပြည်နယ် ဝန်ကြီးချုပ် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ဝန်ကြီးများနှင့် အလှူရှင် များက ဌာပနာ ပစ္စည်းများကို အသီးသီး ထည့်သွင်း ပူဇော်ကြပြီး ဆရာတော် ၊ သံဃာတော် များနှင့် ပရိသတ်များက ဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ဘုရား ဂုဏ်တော်များကို ရွတ်ဖတ် ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူတို့က ဆရာတော် ၊ သံဃာတော် အရှင်သူမြတ် တို့အား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ၊ ဗဟန်းမြို့နယ်၊ ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ ရတနာ ဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသ မှ ရေစက် သွန်းချ အနုမောဒနာ တရား ချီးမြှင့် တော်မူသည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ဇနီး ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဌ ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ အလှူရှင်များ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရှိရသည်။

ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှားတို့ ပါဝင်နေသည့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-Offs ပွဲစဉ်မဲခွဲမှုများ အောက်တိုဘာ ၂၁ တွင်ပြုလုပ်မည်

Posted by drmyochit Thursday, October 17, 2013, under | No comments


ဥရောပဇုန်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အုပ်စုနောက်ဆုံးပွဲစဉ်များကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ကစားခဲ့ရာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သည့် အသင်းများ အဖြေထွက်ခဲ့သလို Play-Offs ကစားရမည့် အသင်းများလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ 

နာမည်ကျော်အသင်းများဖြစ်သည့် အင်္ဂလန်၊ စပိန်၊ ရုရှ စသည့် အသင်းများ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့သလို ဘော့စနီးယားအသင်းမှာလည်း အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ခြေစစ်ပွဲအောင်ရန် နာမည်ကြီးခဲ့သော်လည်း တိုက်ရိုက်မအောင်မြင်ခဲ့ဘဲ Play-Offs အဆင့်ဖြင့် နောက်တစ်ဆင့် ယှဉ်ပြိုင်ရမည့်အသင်းများထဲတွင် နာမည်ကြီး ပေါ်တူဂီ၊ ဆွီဒင်၊ ပြင်သစ်၊ ခရိုအေးရှား စသည့် အသင်းများ ပါဝင်နေပြီး အဆိုပါ Play-Offs ပွဲစဉ်များ အတွက် မဲခွဲပွဲကို လာမည့်အောက်တိုဘာ ၂၁ ရက်တွင် ဖီဖာရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဥရောပဇုန် အုပ်စု(၉) အုပ်စုထဲမှ အုပ်စု ဒုတိယရရှိသည့် အသင်း ကိုးသင်းထဲမှ အကောင်းဆုံးရှစ်သင်းမှာ Play-Offs ပွဲစဉ်များ ကစားခွင့်ရရှိမည်ဖြစ်ပြီး အုပ်စု(ခ)မှ ဒိန်းမတ်အသင်းမှာ အုပ်စုဒုတိယနေရာတွင် ရပ်တည် နိုင်ခဲ့သော်လည်း အခြားအုပ်စုများမှ ဒုတိယရရှိသောအသင်းများထက် ရလဒ်များ ဆိုးရွားခြင်းကြောင့် နောက်ဆုံး ရှစ်သင်းထဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် Play-Offs အဆင့်သို့ အုပ်စု(က)မှ ခရိုအေးရှား၊ အုပ်စု(ဂ)မှ ဆွီဒင်အသင်း၊ အုပ်စု(ဃ)မှ ရိုမေးနီးယား၊ အုပ်စု(င)မှ အိုက်စလန် အသင်း၊ အုပ်စု (စ)မှ ပေါ်တူဂီအသင်း၊ အုပ်စု(ဆ)မှ ဂရိအသင်း၊ အုပ်စု(ဇ)မှ ယူကရိန်းအသင်းနှင့် အုပ်စု(ဈ)မှ ပြင်သစ် အသင်းတို့ တက်ရောက်လာနိုင်ခဲ့ကြသည်။ နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်ဒို ပါဝင်သည့် ပေါ်တူဂီ အသင်းမှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် နာမည်ကြီးခဲ့သော်လည်း ကာပယ်လို၏ ရုရှနောက်တွင်သာ ရပ်တည်နိုင်ခဲ့သဖြင့် Play-Offs ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်ပြီး ပြင်သစ်အသင်းမှာလည်း လက်ရှိ ကမ္ဘာ့ချန်ပီယံစပိန်၏ နောက်ကောက်ချခြင်းခံရကာ အုပ်စုဒုတိယနေရာဖြင့်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ 

မဲခွဲပွဲများပြုလုပ်ရာတွင် Play-Offs အဆင့်တွင် ပါဝင်ခွင့်ရထားသည့် အသင်းရှစ်သင်းအား ယနေ့ (ကြာသပတေး)တွင် ထုတ်ပြန်မည့် အောက်တိုဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်များအပေါ် အခြေခံပြီး ဆီဒင်အဆင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆီဒင်အဆင့်သတ်မှတ်ချက်အရ ကမ္ဘာ့အဆင့်အမြင့်ဆုံးအသင်းလေးသင်းမှာ အနိမ့်ဆုံးအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Play-Offs မဲခွဲပွဲပြီး နောက်ထွက်ပေါ်လာသော ပွဲစဉ်များအား အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို လာမည့်နိုဝင်ဘာ ၁၅ ရက်နှင့် ဒုတိယအကျော့ ပွဲစဉ်များကို နိုဝင်ဘာ ၁၉ ရက်များတွင် ကစားကြရမည်
ဖြစ်သည်။
By Mizzima

“နင်သိတဲ့တစ်နေ့”လို့ဆိုလာသူလေး လုံးလုံးရဲ့ ရင်တွင်းစကား

Posted by drmyochit Thursday, October 17, 2013, under | No comments


တေးသံရှင်လုံးလုံးရဲ့“နင်သိတဲ့တစ်နေ့” Audio CD မိတ်ဆက်ပွဲအခမ်းအနားကို ၂၀-၉-၂၀၁၃ တွင် ရန်ကုန်မြို့ Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ၂၇-၉-၂၀၁၃ မှာတော့ Junction Square မှာ Promotion အစီအစဉ်ကို အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးခဲ့ပြီး အနုပညာရှင် များစွာနှင့်တကွ တေးသံရှင် လုံးလုံးတို့မှ ပရိသတ်ကြီးအား လက်မှတ်ရေးထိုး ပေးခဲ့ကြပါတယ်။ “နင်သိတဲ့တစ်နေ့” တေးစီးရီးနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေက...

Q - ဒီအခွေလေး ဖြစ်ပေါ်လာပုံလေးကို စပြောပါဦး။
A - ဒီအခွေဖြစ်လာတာကတော့ ဒီမှာလည်း ကိုယ့်ကိုကူညီပေးမယ့်သူတွေ ရှိတဲ့အတွက် လုပ်ဖြစ်သွား တာပါ။

Q - Title နာမည် “နင်သိတဲ့တစ်နေ့”ဆိုတာလေးကရော ဘယ်လိုစိတ်ကူးနဲ့ ပေးဖြစ်သွားတာလဲ။
A - Title ကတော့ ပရိုဂျူဆာက သီချင်းတွေရွေးတဲ့အခါမှာ ကိုယ့်ရဲ့သီချင်းလေးတွေနဲ့ လိုက်ဖက်မယ် ထင်တဲ့ ဒီနာမည်လေးကို ရွေးဖြစ်ခဲ့တာပါ။

Q - သီချင်းတွေကရော ဘယ်နှစ်ပုဒ်လောက်ပါလဲ။
A - (၁၈)ပုဒ်ပါ။ သီချင်းအမျိုးအစားတွေက Pop လေးတွေပေါ့နော်။ ပြီးတော့ Country ဆန်ဆန် Alternative ဆန်ဆန် ပုံစံမျိုးလေးတွေ ပါပါတယ်။

Q - တေးရေးတွေကရော ဘယ်သူတွေလဲ။ ကိုယ်တိုင်ရေးတဲ့သီချင်းတွေ ပါသေးလား။
A - ကိုယ်တိုင်ရေးထားတာတော့ မပါသေးပါဘူး။ တေးရေးတွေက ဦးရွှေဂျော်ဂျော်၊ နောင်နောင်(Sunflower)၊ ဦးမင်းချစ်သူ၊ သြရသ၊ မိုးမိုး၊Dယံ၊ ဇ၀ါ၊ စံပီး အများကြီးပါပဲ။

Q - MTV ရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
A - MTV က ဒီဇင်ဘာလလောက်တော့ မှန်းထားပါတယ်။

Q - Fashion နဲ့ပတ်သက်လို့ ပြင်ဆင်ပုံလေးကိုလည်း ပြောပြပေးပါဦး။
A - ဒီဇိုင်နာ ကိုမင်းသက်စံက ကူညီပေးပါတယ်ရှင့်။

Q - အခုလတ်တလောမှာ အခွေတွေထွက်လာတဲ့ အဆိုတော်သစ်တွေ အရမ်းများလာတဲ့အတွက် ကိုယ်ရော ဘယ်လို ကြိုးစားခဲ့ရသလဲဆိုတာလေး ပြောပေးပါဦး။
A - အသစ်တွေကတော့ အများကြီးထွက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရဲ့သီချင်းလေးတွေကို ပရိသတ်လက်ခံပေးမယ်ဆိုရင်တော့ ကျေနပ်ပါတယ်။

Q - ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်ဖို့ရော အစီအစဉ်ရှိလား။
A - အဲဒါကိုတော့ မစဉ်းစားသေးပါဘူးရှင့်။

Q - အခုထွက်တဲ့ “နင်သိတဲ့တစ်နေ့”အခွေကိုရော ဘယ်လောက်အတိုင်းအတာအထိ မျှော်လင့် ထားလဲ။
A - ပရိသတ် လက်ခံဖို့တော့ အရမ်းကို မျှော်လင့်ထားပါတယ်။ ပရိသတ်ရဲ့ ရင်ထဲကို လုံးလုံးရဲ့ သီချင်းတွေ ရောက်သွားတယ်ဆိုရင် အရမ်းကို ကျေနပ် ၀မ်းသာမိမှာပါ။ ပရိသတ်ကြီးရဲ့ ချစ်ခင်မှုကိုလည်း လိုချင်ပါတယ်။

Q - ဒီအခွေလုပ်တုန်းက ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသေးလဲ။
A - အခက်အခဲတွေကတော့ အများကြီးပါပဲ။ သီချင်းရွေးတဲ့နေရာမှာရော အသံလေ့ကျင့်တဲ့အခါတွေမှာပါ အများကြီး ကြိုးစားခဲ့ရပါတယ်။ သီချင်းဖိုင်တွေ ပျောက်သွားတဲ့အခက်အခဲမျိုးတွေလည်း အများကြီး ကြုံခဲ့ရသေးတယ်။

Q - ရှေ့ဆက်လုပ်မယ့် အစီအစဉ်လေးတွေက။
A - တစ်ကိုယ်တော်အခွေတွေ ထွက်ဖို့ရှိပါတယ်။

Q - အဆိုတော်တစ်ယောက်ရဲ့ ခံယူချက်ရှိရင်လည်း သိချင်ပါတယ်။
A - ကိုယ်သီချင်းဆိုတဲ့အခါမှာ ဒီလိုမျိုး သီချင်းလေးတွေ ဖြစ်ပေါ်လာပြီး ပရိသတ်ရဲ့ ရင်ထဲကို ရောက်သွားခဲ့မယ်ဆိုရင် အရမ်းဝမ်းသာပီတိ ဖြစ်မိပါတယ်။ နောက်ထပ်လည်း အများကြီးကြိုးစားပြီး လုပ်သွားမှာပါ။

Q - ဒီစာမျက်နှာထက်ကနေ အမှတ်တရ စကားလက်ဆောင်လေး ပြောပေးပါဦး။
A - ဒီအခွေလေးကို ပရိသတ်ကြီး အားပေးကြပါ။ နောက်ထပ် ထွက်လာမယ့် အခွေတွေကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။ M Plaza Shopping Journal ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ အစ်ကိုတို့ရဲ့ M Plaza Shopping Journal ကလည်း Fashion နဲ့ပတ်သက်ပြီးတော့ အရမ်းကောင်းတဲ့ ဂျာနယ်တစ်စောင်ဖြစ်ပါတယ်။ ဒီ့ထက်လည်း အများကြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

သီဟသော်

M Plaza Shopping Journal (Vol 1, No 18)

ပြည်သူတွေ ဘာကြောင့်အာဆီယံဥက္ကဋ္ဌရာထူး စိတ်မ၀င်စားတာလဲ

Posted by drmyochit Thursday, October 17, 2013, under | No comments


တစ်ချိန်က အပယ်ခံတိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင်ဖြစ်လာပြီဟု အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်တွင် လွှဲပြောင်းရာယူပြီးနောက် နိုင်ငံ တကာမီဒီယာက သတင်းဖော်ပြကြသည်။

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းက ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည် ကောင်းရလာသော သမ္မတဦးသိန်းစိန်အစိုးရအတွက် သံတမန်ရေးဆိုင်ရာဆုတစ်ဆု ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူနိုင်ခဲ့ခြင်းအတွက် အစိုးရသစ်မှာ ဟန်မဆောင်နိုင်အောင် ဂုဏ်ယူ ၀မ်းမြောက်၊ ကျေနပ်နေချိန်တွင် ပြည်သူအများစုမှာ အာဆီယံဥက္ကဋ္ဌရာထူး၊ ထိုတာဝန်ကြောင့်ရလာမည့် အကျိုးကျေးဇူးတို့နှင့်ပတ်သက်၍ မသိကိန်းများစွာဖြစ်နေသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ရယူခဲ့သော်လည်း အာဆီယံအသင်းကြီးအကြောင်းကို ပြည်သူလူထုသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ပြောကြားသည်။ ထိုအချက်ကပင် လူထုစိတ်ဝင်စားမှု လျော့နည်းခြင်း၏ အဓိကဖြစ်သည်။

သာမန်ပြည်သူ ၁၀ ဦးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်ပတ်သက်၍မေးမြန်းရာ မသိ သလို စိတ်လည်းမ၀င်စားကြဟု ဖြေသည်။

အာဆီယံ၏ ရည်ရွယ်ချက်ကိုက နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေးကို ဦးတည်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ပြည်သူများ စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း အာဆီယံရေးရာသင်တန်းများ ပို့ချနေသူ သံလွင် နိုင်ငံရေးအင်အားစုမှ ဦးဇော်မင်းကျော်ကပြောကြားသည်။

အစိုးရသည် အာဆီယံနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရုံသာရှိပြီး ယင်းစာချုပ်ပါ အကျိုးခံစားခွင့်များကို အောက်ခြေပြည်သူလူထုအထိသိရှိအောင် ဆောင်ရွက်ထားခြင်းမရှိခြင်းကြောင့် ပြည်သူများ အာဆီယံကိုမသိရှိခြင်းမှာ မထူးဆန်းကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်း က ပြောကြားသည်။

“တီဗီသတင်းမှာ သမ္မတပြောသွားတဲ့ အာဆီယံအကြောင်းတွေ တစ်လုံးမှနားမလည်ဘူး။ ပြီးတော့ အာဆီယံအသိုက်အ၀န်းဆိုတာလည်း ကျွန်မ မသိဘူး။ အခု ကျွန်မကလေးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ်၊ ကုန်ဈေးနှုန်းနဲ့ ယောက်ျားရဲ့ တက္ကစီမောင်းလို့ရတဲ့ ပိုက်ဆံကမလောက်ဘူး။ အခု သမ္မတက အာဆီယံဥက္ကဋ္ဌဆိုတော့ ကုန်ဈေးနှုန်းတွေကျအောင် သူမလုပ်ပေးနိုင်ဘူးလားလို့ သိချင်တယ်”ဟု မင်္ဂလာတောင်ညွန့် စံပြဖဆပလရပ်ကွက်ကနေ ဒေါ်စိုးစိုးမော်ကပြောပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားအား အလှည့်ကျော်၍ မြန်မာနိုင်ငံက ရယူလိုကြောင်း သမ္မတ ဦးသိန်းစိန်အစိုးရက အာဆီယံကို ၂၀၁၂ တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် တောင်း ဆိုခဲ့သည်။

၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌတစ်ကြိမ်ဖြစ်ခွင့်ကို အမေရိကန်၊ ဥရောပသမဂ္ဂမိတ်ဖက်နိုင်ငံများ အပါအ၀င် နိုင်ငံတကာဖိအားပေးမှုကြောင့် အဆင်သင့်မဖြစ်ဟုဆိုကာ လက်လွှတ်ခဲ့ရသော မြန်မာအတွက် အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များအပြီးတွင် ဥက္ကဋ္ဌရာထူးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာလီတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများက မြန်မာကိုယုံကြည်စွာ ဥက္ကဋ္ဌရာထူး ပေးရန် ဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဆိုသည့် အာဆီယံပဋိညာဉ်ကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်
ဆိတ်နေလေ့ရှိသည့် အာဆီယံနိုင်ငံများမှာ အတိတ်က မြန်မာပြည်သူလုထုနှင့် နီးစပ်မှုမရှိကြပါ။ ထို့အပြင် မြန်မာအစိုးရက ဥက္ကဋ္ဌရာထူးမရမီ လပိုင်းအတွင်းကမှ အာဆီယံမိတ်ဆက်အကြောင်းအရာများကိုအစိုးရ ပိုင်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်းမှာလည်း ထိရောက်မှုမရှိခဲ့ပါ။

“လူထုက ၀ါဒဖြန့်ချိပြန်ကြားရေးဆိုတာနဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်းခဲ့ရတဲ့အတွက် သူတို့ပြောတာဆိုတာ စိတ်မ၀င်စားဘူး။ မဆိုင်သလိုနေတယ်။ ဒါကြောင့်ပါ”ဟု ဦးရဲထွန်းက ပြောကြားသည်။

“အာဆီယံနဲ့ပတ်သက်ပြီး တီဗီကလွှင့်တယ်ဆိုတာတောင် မသိပါဘူး။ အခု စိတ်ဝင်စားတာက ကျွန်တော်တို့ ရပ်ကွက်တွေ မီးအရမ်းပြန်ပျက်တယ်။ အခုနှစ်လအတွင်းမှာကို တော်တော်ပျက်တယ်။ မီးမပျက်တာကြာပြီ။ မီးပြန်ပျက်တာကို ဘယ်လိုမှမနေနိုင်ဘူး။ မီးလေးတော့ ပုံမှန်ပြန်လာစေချင်တယ်”ဟု သာကေတ မြို့နယ်နေ ကွမ်းယာရောင်းသူ ကိုအောင်ချိုကပြောကြားသည်။

ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေး ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး စသည့်ပြဿနာပေါင်းများစွာကို ရပ်ဆိုင်းဖြေရှင်းနေဆဲ အချိန်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ခြင်းက ပြည်သူအပေါ် ထပ်မံ၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင် ကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုပါသည်။

ဥက္ကဋ္ဌဖြစ်သည့်အတွက် ထိပ်သီးအစည်းအဝေးအပါအ၀င် အစည်းအဝေးပေါင်းတစ်ထောင်နီးပါး အိမ်ရှင် အဖြစ် လက်ခံကျင်းပရာတွင် ထုတ်ယူသုံးစွဲရမည့် ရင်းမြစ်များစွာ လိုအပ်မည်ဖြစ်သည်။

“ကျခံသုံးစွဲရမယ့် Resource တွေအတွက် အစိုးရယန္တရားက အဆင်သင့်မဖြစ်သေးတော့ လိုအပ်တဲ့ ငွေကြေး၊ နည်းပညာ ဒါတွေပြည့်စုံဖို့အတွက် ဘတ်ဂျက်ကသုံးရမှာပဲ။ ဒါကို ပြည်သူက မျှဝေခံစားရမှာ”ဟု ၎င်းကပြောကြားသည်။

အာဆီယံ၏မူဝါဒသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ထံ တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့်သုံး ခြင်းနှင့် နိုင်ငံတကာတွင် ၀င်ဆံ့ခြင်းတို့သာ အမြတ်ထွက်မည်ဖြစ်ကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းက ပြောကြားသည်။

“အာဆီယံဥက္ကဋ္ဌဖြစ်မို့လို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်နေ တာကတော့ အလွန်အကျွံမျှော်လင့်တာပဲဖြစ်တယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၅ မှာ အာဆီယံလွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးပြီးသား စင်ကာပူ၊ မလေး၊ အင်ဒိုလိုနိုင်ငံ တွေက အခွင့်သာနိုင်တယ်။ ကျွန်တော်တို့ မြန်မာမှာ ရောင်းစရာ ဘာမှသိပ်မရှိဘူး။ ခံရဖို့များတယ်”ဟု ဦးဇော်မင်းကျော် က ဆိုသည်။

အာဆီယံဥက္ကဋ္ဌရာထူးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှုတစ်ခုကို ရယူခြင်းဖြစ်ပြီး တစ်နှစ် သက်တမ်းအတွင်း နိုင်ငံများကို ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ထိပ်သီးနိုင်ငံကြီးများနှင့် အစည်းအဝေးအစီ အစဉ်များကို ဦးဆောင်ရေးဆွဲခြင်း စသည့်အခွင့်အရေးတို့ကို မြန်မာကရရှိမည်ဖြစ်သည်။

ယင်းအချက်ကို အခွင့်ကောင်းယူ၍ စီးပွားရေးအကျိုးအမြတ်ထွက်အောင် အစိုးရဆောင်ရွက်နိုင်ပါက ပြည်သူကို တိုက်ရိုက်မဟုတ်သည့်နည်းဖြင့် အကျိုးပြုရာရောက်ကြောင်း ဦးဇော်မင်းကျော်ကသုံးသပ်သည်။

အစည်းအဝေးသို့ လာရောက်ကြသည့် အင်အားကြီးနိုင်ငံများထံမှ ရေတိုကာလအကျိုးရှိသည့် အထောက် အပံ့အကူအညီများရအောင် အစိုးရအနေဖြင့် ပါးနပ်စွာစည်းရုံးနိုင်ခြင်းကသာ ပြည်သူအတွက် အကျိုးရှိမည် ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

မြန်မာတွင်ပေါများသည်မှာ လုပ်အားခနှင့် လုပ်သားများသာဖြစ်ခြင်းကြောင့် လုပ်သားအင်အားကိုအခြေပြု သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်ရန် အစိုးရကကြိုးပမ်းပေးခြင်းဖြင့် ပြည်သူထံ အကျိုးသက် ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် “ငြိမ်းချမ်းကြွယ်ဝသော လူ့အသိုင်းအ၀ိုင်းသို့ စုစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့”ဆောင်ပုဒ်ဖြင့် အာဆီယံအသင်းကို ဦးဆောင်မည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အာဆီယံအဖွဲ့ဖြစ်စေရန် ကြိုးစား မည်ဖြစ်ပြီး ၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံအသိုက်အ၀န်းအတွက် ရည်မှန်းချက်များ ပြီးမြောက် အောင် ဆောင်ရွက်မည်ဟု သမ္မတက ပြောကြားသည်။

သို့သော် အာဆီယံနိုင်ငံများထဲတွင် မြန်မာက စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေ၍ တန်းတူဖွံ့ဖြိုးတိုး တက်ရန် ဥက္ကဋ္ဌသက်တမ်းတစ်နှစ်အတွင်း များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားထားသည်။

“အကောင်းဘက်က မျှော်လင့်ရတာကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို နိုင်ငံတကာက ဖိအားပေးလာနိုင်သလို ဥက္ကဋ္ဌဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့သဘောထားနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာ ကျင့်သုံးဖို့လိုတယ်။ ဒါပေမဲ့လည်း ဥက္ကဋ္ဌသက်တမ်းဟာ တစ်နှစ်ပဲဖြစ်တဲ့အတွက် အများကြီးတော့ပြောင်း လဲမှာမဟုတ်ပါဘူး”ဟု ဦးဇော်မင်းကျော် က ပြောကြားသည်။

အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ တည်းခိုနေထိုင် စရာဟိုတယ်များ မပြည့်စုံသေးခြင်း၊ ရှိထားသည့် ဟိုတယ်အခန်းခနှုန်းထားများ ဈေးနှုန်းကြီးမြင့်နေခြင်းနှင့် ညီမျှသောဝန်ဆောင်မှုကို ပြန်မရခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များကအစ မြန်မာဘာသာဖြင့်သာ ရှိနေသေး ခြင်း စသည့်အခြေခံအဆောက်အအုံပိုင်းတွင်လည်း မပြည့်စုံသေးကြောင်း လေ့လာသူများက ဆိုကြသည်။ “အာဆီယံဥက္ကဋ္ဌဆိုတာ အစည်းအဝေးတွေ ဒီမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်လို့တော့ သိတယ်။ ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်ရှင်းရှင်းပြောရရင် ဆီးဂိမ်းတောင် သိပ်စိတ်မ၀င်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက အင်တာနက်လိုင်းတွေမြန်ဖို့နဲ့ အင်တာနက်သုံးခတွေ ဒီထက်ဈေးလျှော့ချပေးဖို့ပါ”ဟု အသက်(၂၃)နှစ်အရွယ် ဒုတိယနှစ်ဥပဒေကျောင်းသား ကိုရန်နိုင်မောင် ကပြောသည်။

ဘရူနိုင်းနိုင်ငံတွင်မူ အလှည့်ကျဥက္ကဋ္ဌရာထူးအတွင်း လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြန်မာအလှည့်တွင်ရော နိုင်ငံအတွက် ဘာလုပ်နိုင်မည်လဲဆိုသည်က အဓိကမေးခွန်းဖြစ်သည်။

အထက်ပါအချက်များအားလုံး ပြည့်စုံအောင် ဖြေရှင်းနိုင်ရန် အချိန်များစွာမကျန်တော့ပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာပင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာ စတင်ထမ်းဆောင်ရတော့မည့်အတွက် ဖြစ်သည်။ ။

ရေးသားသူ- အေးသူစံ
7day

ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား

Posted by drmyochit Thursday, October 17, 2013, under | No comments


ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ် များ၌ ကျူးလွန်သူမှာ KNU တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် ကရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

"သူက KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။ ဆက်စပ် စစ်ဆေးကြည့်တဲ့အခါမှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက်ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

စောမြင့်လွင်၏ ထွက်ဆိုချက်နှင့် ပတ်သက်ပြီး KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ စုံစမ်းမှုများအရ ၎င်းသည် KNU တပ်ဖွဲ့ဝင် မဟုတ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က The Daily Eleven သို့ ပြောကြားသည်။

"ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"ဟု ပဒိုသောသီဘွဲ့က ဆိုသည်။ ထို့အပြင် ယခုဗုံးပေါက်ကွဲရာ နေရာများသည် KNU တပ်ဖွဲ့ဝင်များ အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်သည့် နေရာများ မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်းတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင်လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့သူပြောနေတဲ့နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိသိရ တာတော့ လူဟောင်းလည်း မဟုတ်ဘူး . . .

"ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရှိဖို့တွေကိုတော့ လိုလို လားလား ရှိတယ်ဗျ။ အဲ့လို လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့ကလည်း ၀မ်းပန်းတသာနဲ့ ကြိုဆို နေမှာပဲ။ အဲဒီ တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်တာတွေကတော့ သွားနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ အားမလိုအားမရ ဖြစ်တာလေးတွေတော့ ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့် လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါတယ်။ နောက်ပြီး အခု ပြည်တွင်းမှာ ဗုံးပေါက်နေတဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာ တဲ့အခါမှာ အထက်အရာရှိတွေကို အသိပေးပြီးမှ သွားလာကြတာပါ" ဟု ပဒိုသောသီဘွဲ့က ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က "ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့ သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင် ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို ခိုင်လုံတဲ့အထောက်အထားတွေ၊ အပြည့်အစုံ ရရှိနေပါပြီ" ဟု အောက်တိုဘာ ၁၆ ရက် ည ၉ နာရီတွင် ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိခဲ့သော ဖြစ်စဉ်များမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုးဆိုသူဖြစ်ပြီး ယင်းအဖွဲ့တွင် ဗိုလ်အဆင့်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

အဆိုပါ နေတိုးဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဗုံးဖောက်ခွဲရာတွင် ယာဉ်မောင်းအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သူ ဇော်လတ်မောင် အသက် (၄၂)နှစ် ဗမာ၊ ဗုဒ္ဓဘာသာကိုလည်း အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် ဘီလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ ကျူးလွန်သူကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

eleven media group

လာအိုလေယာဉ်ပျက်ကျမှု လူ ၄၉ဦးသေ၊ သြစီ ၆ ဦးပါဝင်

Posted by drmyochit Thursday, October 17, 2013, under | No comments


လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား ​၆ ​ဦးအပါဝင် ​လေယာဉ် ပေါ်မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေက ​ပြောပါတယ်။

Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လာအိုအစိုးရရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​လေယာဉ်မှာ ​လိုက်ပါတဲ့ခရီးသည်တွေနဲ့ ​လေယာဉ်ဝန်ထမ်း​တွေ အားလုံး ​သေဆုံးခဲ့ကြတယ်လို့ ​ဆိုပါတယ်။ ​သြစတြေးလျ ​နိုင်ငံရေးဌာနရဲ့အဆိုအရ ​အဲဒီပျက်ကျခဲ့တဲ့ ​လေယာဉ်ကို ​စီးတဲ့ခရီးသည်တွေထဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​၆ဦးပါဝင်တယ်လို့ ​ဆိုပါတယ်။

သေဆုံးသွားခဲ့တဲ့ ​သြစတြေးလျနိုင်ငံသား ​၆ဦးထဲက ​လေးဦးဟာ ​ဆီဒနီမြို့မှာ ​နေထိုင်ကြတဲ့ ​Rhodes ​မိသားစုဝင်တွေဖြစ်ပြီး ​သူတို့ ​ဇနီးမောင်နှံနှစ်ဦးနဲ့အတူ ​အသက်သုံးနှစ်နဲ့ ​တစ်နှစ်ကျော် ​အရွယ် ​ကလေးငယ် လေးတွေလည်း ​ပါဝင်ပါတယ်။

ကျန်သေဆုံးသွားတဲ့ ​သြစတြေးလျနိုင်ငံသားနှစ်ဦးဟာ ​သားအဖတွေဖြစ်ကြပြီး ​Michael ​Creighton ​နဲ့ ​Gordon ​Creighton ​ဖြစ်ပါတယ်။ ​သားဖြစ်သူ ​Michael ​Creighton ​ဟာ ​နော်ဝေနိုင်ငံ ​ကူညီထောက်ပံရေး အဖွဲ့တခုမှာ ​အလုပ်လုပ်ကိုင်သူဖြစ်ပြီး ​သူတို့ ​နှစ်ကလည်း ​နယူးစောက်ဝေး ​ပြည်နယ်မှာ ​နေထိုင် သူတွေဖြစ်ပါတယ်။

တခြားလိုက်ပါခဲ့တဲ့ ​ခရီးသည်တွေကတော့ ​လာအိုနိုင်ငံသား ​၁၇ ​ဦး၊ ​ပြင်သစ်နိုင်ငံသား ​၇ဦးနဲ့ ​ထိုင်းနိုင် ငံသား ​၅ဦးတို့ ​ပါဝင်ပြီး ​တခြားနိုင်ငံခြားသားတွေဖြစ်တဲ့ ​အမေရိကန်၊ ​ကနေဒါ၊ ​ထိုင်ဝမ်နဲ့ ​ဗီယက်နမ်နိုင်ငံ သားတို့ လည်း ​စီးနင်းလိုက်ပါခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ပျက်ကျသွားခဲ့တဲ့လေယာဉ်ဟာ ​ရာသီဥတု ​ဆိုးဝါးမှုဒဏ်ကိုခံခဲ့တဲ့အတွက်ကြောင့်ဖြစ်နိုင်လို့ ​ခန့်မှန်း နေကြပါတယ်။ ​လက်ရှိအခြေအနေမှာ ​ဖိလိပိုင်နိုင်ငံနဲ့ ​ဗီယက်နမ်နိုင်ငံအပါအ၀င် ​အဲဒီဒေသတခွင်မှာ လေမုန်တိုင်း ​၀င်ရောက်တိုက်ခတ်မှုတွေကြောင့် ​ရာသီဥတု ​ဆိုးဝါးတဲ့ ​ဒဏ်ကိုခံစားနေရတာဖြစ်ပါတယ်။

ABC

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်