Monday, February 03, 2014

“My Lay Entertainment အဆိုတော်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်း ပေးမည်”

Posted by drmyochit Monday, February 03, 2014, under | No comments

အဆိုတော် ရတနာမိုင်က သူ့ရဲ့ My Lay Entertainment ရုံးခန်းကို ဇန်နဝါရီ ၂၆ရက်နေ့၊ နံနက်၁ဝ နာရီ၊ အမှတ်(၂၉/အေ)ပါရမီလမ်း (ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား) မရမ်းကုန်းမှာဖွင့်လှစ်ခဲ့ပါတယ်။

အဆိုတော်တိုင်းမှာ တစ်ခါတလေ Entertainment ကြောင့် စိတ်အနှောင့် အယှက် ဖြစ်စရာလေးတွေရှိတဲ့အတွက်၊ အဲဒီလိုမဖြစ်ရအောင် ရည်ရွယ်ပြီး “My Lay Entertainment”ကို ဖွင့်တာပါလို့ဆိုပါတယ်။

”အဲဒါဘာကြောင့်လဲဆိုတာတော့ Entertainment မဆန်တဲ့ စီစဉ်မှုကြောင့်နဲ့ ၊စနစ်မကျတဲ့ စီစဉ်သူ တွေရဲ့စီစဉ်မှုကြောင့်လို့တော့ မိုင်လေးထင်တယ်။ မိုင်လေးက အဆိုတော်က တက်လာခဲ့တဲ့အတွက် ဒီအခက်အခဲလေးတွေ သိတယ်။ ပြီးတော့ မိုင်လေးက ဘက်ပေါင်းစုံကနေ လိုအပ်တာတွေ၊ အခက်အခဲမရှိအောင် ဖြည့်ဆည်းမယ်။

ပြီးတော့ မိုင်လေးရဲ့ Entertainment နဲ့လုပ်ရတာ အဆင်ပြေတယ်ဆိုတဲ့ စကားလေးတွေ ကြားချင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်”လို့ဆိုပါ တယ်။ Entertainment စီစဉ်ဖြစ်ပုံကိုလည်း “အခုဆိုရင် မြန်မာနိုင်ငံက ခေတ်မီတိုးတက် လာပြီဆိုတော့ Entertainment Roll ကလည်း တဖြည်းဖြည်းမြင့်လာကြပြီ။ အဲဒါနဲ့ အနုပညာရှင်တွေကလည်း Entertainment တွေလုပ်လာကြတယ်။ လုပ်လာကြတဲ့အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊လူငယ်တွေက ဘယ်လိုစီစဉ်ရမယ် ဆိုတာကို ဗြုန်းခနဲဆိုရင် သတိမရကြဘူး။

အဲဒါကြောင့် ဒါလေးကို အကောင်အထည်ဖော်ဖို့ အတွက် မိုင်လေးက ဒီ Entertainment ဆိုတာလေးကို စလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။

My Lay Entertainment ကနေ Rock ပွဲတွေ၊ Hip Hop ပွဲတွေ စုံအောင် ရှိုးပွဲတွေ လုပ်သွားဖို့ရှိပြီး ဖြန့်ချီရေးအနေနဲ လုပ်ဖို့ရှိကြောင်း ပြောပါတယ်။


မွတ်စလင်သေဆုံးမှု စွပ်စွဲချက် ဗြိတိန်နဲ့ကန် ပြန်ရုတ်သိမ်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ် ဒုချီးရာတန်ကျေးရွာက မွတ်စလင်အယောက် ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

ရက်နေ့တုန်းက မြန်မာရဲတွေနဲ့ မွတ်စလင် ရွာသားတွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်စလင် အယောက် ၄၀ လောက် အသတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံရုံးတွေကပါ စွပ်စွဲထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ထပ်ခါတလဲလဲ ငြင်းဆိုမှုလုပ်ပြီး နှစ်ပတ်ကြာတဲ့ စုံစမ်းစစ်ဆေးရေးတွေပါ လုပ်ခဲ့ရပါတယ်။

မြန်မာစုံစမ်းရေးအဖွဲ့ရဲ့ ရလဒ်အရ ဒုချီးရာတန်ကျေးရွာကို ရဲ ၈ ယောက် ကင်းလှည့်နေတုန်း ဓားတွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ရွာသားအယောက် ၂၀ ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် ရဲတွေ ထပ်မံရောက်ရှိလာပြီး လူစုခွဲ သတိပေးတဲ့အနေနဲ့ သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူစုကွဲပြီးတဲ့နောက် သွေးတွေပေးနေတဲ့ ရဲယူနီဖောင်းနဲ့ သေနတ်ထည့်တဲ့အိတ်ကို တွေ့ခဲ့ရပေမယ့် ရဲကတော့ ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။

အဲဒီ ပဋိပက္ခအတွင်း မွတ်စလင်တွေ သေဆုံးမှု မရှိခဲ့ကြောင်း တွေ့ရှိပြီးနောက် အမေရိကန် သံရုံးနဲ့ ဗြိတိန်သံရုံးတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။

နောက်နောင် ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ပိုမို စီစစ်မှု လုပ်ဆောင်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေ ရုတ်သိမ်းလိုက်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုတော့ ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ပါတယ်။ အဲဒါ့အပြင် နောက်နောင်မှာလည်း မြန်မာအစိုးရအနေနဲ့ ပိုမို တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရကတော့ သူတို့အနေနဲ့ ပြည့်စုံစေ့စပ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ခဲ့ပြီး တွေ့ရှိချက်ကိုလည်း အသေးစိတ် ထုတ်ပြန်ထားပြီဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခ (Credit: ABC)


ABC

Sunday, February 02, 2014

ထိုင်းရွေးကောက်ပွဲ အပြီးသတ်

Posted by drmyochit Sunday, February 02, 2014, under | No comments

အဓိက အတိုက်အခံ ဒီမိုကရက် ပါတီက သပိတ်မှောက်ထားတဲ့ ထိုင်း ရွေးကောက်ပွဲ အတွင်း ဘန်ကောက် မဲ ဆန္ဒနယ် တချို့နဲ့ ထိုင်းတောင်ပိုင်း မှာ ဟန့်တား နှောင့်ယှက်မှု တွေ ရှိခဲ့ပါတယ်။

နိုင်ငံရဲ့ မဲရုံ ၈၉ ရာနှုန်း ပုံမှန် အတိုင်း လည်ပတ် နိုင်ခဲ့တယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံ အားအကောင်း ဆုံး ဖြစ်တဲ့ တောင်ပိုင်း ခရိုင် ၉ ခု မှာတော့ လုံးဝ မဲပေးမှု မရှိခဲ့ပါဘူး။

လူထုက ဒီမိုကရေစီကို ဆက်ကျင့်သုံးမှာ ဖြစ်ကြောင်း ဒီရွေးကောက်ပွဲ တွေက ပြနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ရင်လတ် ချင်နာဝပ်က ဘီဘီစီကို ပြောကြား ပါတယ်။

မဲရေတွက်မှုတွေ စတင်နေပြီး လက်ရှိ အစိုးရ ဆက်လက် အာဏာ တည်မြဲရေး အတွက် လုံလောက်တဲ့ ကိုယ်စားလှယ် မဲ ရဖို့ ခက်နေတယ်လို့ သိရပါတယ်။

အတိုက်အခံ လိုလားသူ တွေက အစိုးရကို ဖြုတ်ချပြီး အရွေးကောက်မခံတဲ့ ကောင်စီ နဲ့ အစားထိုးဖို့ လတွေနဲ့ ချီပြီး နိုင်ငံရေး တင်းမာမှု တွေ ဖြစ်ပွား နေတဲ့ ကြားက ဒီရွေးကောက်ပွဲကို ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နှောင့်ယှက်မှု တွေကြောင့် အစိုးရ လုပ်ငန်းတွေ ပုံမှန် အတိုင်း ဆက်သွားဖို့ ခက်ခဲမယ် လို့ တွက်ဆ နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အစိုးရ ဆန့်ကျင်သူတွေက တားဆီးခဲ့

လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်လိုင်စင် ပြုလုပ်ပေးဖွယ်ရှိ

Posted by drmyochit Sunday, February 02, 2014, under | No comments


တရားမ၀င် တင်သွင်းပြီး စီးနင်းအသုံးပြုနေသည့် ဆိုင်ကယ်များကို အခွန်ပေးဆောင်သော တရားဝင်လိုင်စင်များ ချထားခွင့်ပြုပေးဖွယ်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

““လုပ်နိုင်ခြေတော့ရှိတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ တရားဝင် ဘာမှတိတိကျကျညွှန်ကြား လာတာမျိုး မရှိသေး ဘူး””ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦးက မော်တော် ဆိုင် ကယ်များ လိုင်စင်ချထားနိုင်မှုရှိ၊ မရှိနှင့် ပတ်သက်၍ ပြောသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်ပြီး တရားဝင်အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ ပြည်တွင်း တွင် စီးနင်းအသုံးပြုနေသော ဆိုင်ကယ်များကို လာမည့် ဖေဖော်ဝါရီ တတိယပတ်အတွင်း တရားဝင် လိုင်စင် များ ချထားပေးမည်ဟု လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းစီမံချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ဆိုင်ကယ်များကို အခွန်ငွေ ပေးဆောင်စေကာ တရားဝင် လိုင်စင်ချထားပေးခြင်းဖြင့် သက် ဆိုင်ရာတိုင်းဒေ သကြီးနှင့် ပြည် နယ်များ အတွက် ဘဏ္ဍာငွေရရှိ စေမည်ဖြစ်သည်။ ထို့အပြင် တရားဝင် မှတ်ပုံတင်ချပေး သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားခြင်းနှင့် အရေးယူရန်လိုအပ်သည့်ကိစ္စရပ်များတွင် စနစ်တကျဖြစ်လာနိုင် မည်ဟု ဦးသိန်းဦးက ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက် နှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ မှတ်တမ်းများ တွင် ဖော်ပြထားသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးခြင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အ တွင်း (၇)ကြိမ် ပြုလုပ်ပေးခဲ့သည်။ လိုင်စင်များ ချထားပေးမည်ဟူသော သ တင်းကြောင့် မန္တလေးမြို့ဈေးကွက်တွင် ထိုင်းနိုင်ငံလုပ် မော်ဒယ်မြင့်ဆိုင်ကယ်အချို့ အရောင်း အ၀ယ်အေး သွားပြီး တရုတ်နိုင်ငံထုတ် လိုင်စင်မဲ့ဆိုင်ကယ်များမှာမူ ရက်ပိုင်းအတွင်း သိသာစွာခေါ်ဈေးမြင့်ကာ အရောင်း အ၀ယ်ဖြစ်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်မှ သတင်းရရှိသည်။

ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးလျှင် ဆိုင်ကယ်ဈေးနှုန်းကျဆင်းခြင်းနှင့် ပြည်သူလူထု အဆင်ပြေစေနိုင်သော် လည်း တရားဝင်အခွန်ဆောင်ကာ ပြခန်းဖွင့်လှစ်ရောင်းချနေသည့် ကုမ္ပဏီများမှာ အနည်း ငယ် ဆုံးရှုံးမှုရှိနိုင်ကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

Author: မောင်တာ
7day Daily

ဆီးရီးယား ပြည်တွင်းစစ် အင်ဒိုနီးရှား အစွန်းရောက်ဝါဒီများ ဝင်ရောက် တိုက်ခိုက်

Posted by drmyochit Sunday, February 02, 2014, under | No comments


ဂျကာတာ၊ ဖေဖော်ဝါရီ ၁

ဆီးရီးယား ပြည်တွင်းစစ်အတွင်း အင်ဒိုနီးရှား အစွန်းရောက် ဝါဒီများ ဝင်ရောက် တိုက်ခိုက်လျက် ရှိကြောင်း ပဋိပက္ခများအပေါ် နိုင်ငံရေးအရ လေ့လာသုံးသပ်ရေး အင်စတီကျု (IPAC) ၏ အစီရင်ခံစာကို ကိုးကားပြီး The Diplomat သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်းရှိ နိုင်ငံခြား တိုက်ခိုက်ရေးသမား ၁၁,၀၀၀ အနက် ၅၀ ဦးမှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်မည်ဟု ယူဆထားကြောင်း အင်ဒိုနီးရှားနှင့် ဆီးရီးယား ပဋိပက္ခဟု အမည်ပေးထားသော အစီရင် ခံစာတွင် ဖော်ပြထားသည်။

ယင်းပမာဏမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ခန့်မှန်းခဲ့သည့် ပမဏဖြစ်ကာ တိကျသေချာမှု မရှိသေးပေ။

ထို့ပြင် အင်ဒိုနီးရှား ဂျီဟတ်ခေါင်းဆောင် ဘာရှားကလည်း ဆီးရီးယားနိုင်ငံကို ဂျီဟတ် ပညာရေး တက္ကသိုလ်အဖြစ် မှတ်ယူကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာဆတ်က ဆွန်နီ မွတ်ဆလင်များကို အကြမ်းဖက် ဖိနှိပ်နေသည်ဟု အင်ဒိုနီးရှားအများစု ရှုမြင်လာအောင် ပုံဖော်ပေးနေမှုများလည်း ရှိကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဆွန်နီ အင်အားကြီး ဆော်ဒီအာရေးဗီးယား နိုင်ငံက ထောက်ပံ့ ပေးထားသည့် အင်ဒိုနီးရှား ပြည်တွင်း အဖွဲ့အစည်းများ၏ ပုံဖော်ပေးနေမှုကြောင့် ဖြစ်ကြောင်း IPAC ပညာရှင်တစ်ဦး ဖြစ်သူ ဆွစ်ဒနီဂျုံးက ပြောကြားသည်။

ဆီးရီးယား နိုင်ငံတွင်းသို့ အစွန်းရောက်သမားများ အဓိက တင်ပို့နေသည့်အဖွဲ့မှာ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှု လုပ်ဆောင်ခဲ့သည့် သြဇာလွှမ်းမိုးမှု ကြီးမားသည့် အင်ဒိုနီးရှား ဂျီဟတ်အဖွဲ့ဖြစ်သော ဂျမား အစ္စလာမီးယားအဖွဲ့ ဖြစ်ကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဂျမားအစ္စလာမီးယား အဖွဲ့၏ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အဖွဲ့ဖြစ်သော ဟီလာအမာ အင်ဒိုနီးရှား အဖွဲ့အစည်း (HASI) က ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယား အစ္စလာမ္မစ် ခုခံရေးသမားများထံသို့ ကိုယ်စားလှယ် အဖွဲ့ပေါင်း ၁၀ ဖွဲ့ထိ စေလွှတ်ခဲ့ပြီး ငွေကြေးနှင့် ဆေးဝါး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကာ အနာဂတ်ကာလ စစ်ရေးအရ ပါဝင် ပတ်သက်နိုင်ရေး ကြိုတင်ဒီဇိုင်းလုပ် ဆောင်ရွက်ခဲ့သည်။

ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား ဂျီဟတ် ဝါဒီများမှာ နှစ်ပိုင်းကွဲနေပြီး အချို့မှာ ဆီးရီးယား အယ်နျူစရာတပ်ဦး (အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှု ရှိသည့်အဖွဲ့) ကို ထောက်ခံပြီး ကျန်အဖွဲ့မှာ အီရတ်နှင့် လီဗတ် အစ္စလာမ္မစ် နိုင်ငံတော် (ISIS) ကို ထောက်ခံနေကြောင်း သတင်းတွင် ဖော်ပြထား သည်။

လီဗတ်ဒေသမှာ ဆီးရီးယား၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပါလက်စတိုင်းနှင့် အစ္စရေးနိုင်ငံများ ပါဝင်နေသည့် နယ်မြေ ဖြစ်ပြီး အချိန်၏ အဆုံးသတ်ကာလတွင် နောက်ဆုံးတိုက်ပွဲမှာ ယင်းဒေသတွင် ဖြစ်ပွားလိမ့်မည်ဟု ဂျီဟတ်ဝါဒီများက ယုံကြည်ထားသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် အင်ဒိုနီးရှား အစွန်းရောက်များ ဝင်ရောက် တိုက်ခိုက်နေသော်လည်း နိုင်ငံရေးစနစ်၏ တည်ငြိမ်မှု၊ စီးပွားရေးရာအရ ခံနိုင်ရည်ရှိမှု၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှု စသည့် အချက်များကြောင့် ဂျီဟတ်ဝါဒီများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း အကြမ်းဖက်ဝါဒ ပြန့်ပွားရေးအတွက် အခက်အခဲတွေ့မည် ဖြစ်ကြောင်း IPAC က သုံးသပ်ထားသည်။

The Voice Weekly

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

Posted by drmyochit Sunday, February 02, 2014, under | No comments

(ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်)

Sunday, Frbruary 2, 2014

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူအချို့မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (ဘီဒီပြေး) အဖြစ် သတ်မှတ်ခံရသူများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ RSO သင်တန်းအဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ယင်းအတွက် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ သွားရောက်ခိုလှုံနိုင်ဖွယ်ရှိနေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အား အကူအညီတောင်းခံထားကြောင်း ရဲမှူးချုပ် တင်ကိုကိုက သုံးသပ်ပြောကြားသည်။

“အခုအခင်းဖြစ်တဲ့ရွာက အရင်ကတည်းက တော်တော်ဆိုးတာ။ ၂၀၀၈ ခုနှစ်က ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း အရိုက်ခံရတယ်။ အခုထိလည်း တော်တော်ဆိုးနေတဲ့အတွက် ကျွန်တော် ရဲတပ်ရင်းနဲ့အတူ ဒီရွာရဲ့အနီးမှာ လာစောင့်နေရတာပါ” ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများသာ အများစုနေထိုင်သော ဒူချီရားတန်းအလယ်ရွာအတွင်း ကျန်ရစ်ခဲ့သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၎င်း၏လက်နက်တို့ကို လက်ရှိအချိန်ထိ မရှာဖွေနိုင်သေးသော်လည်း သွေးစွန်းနေသော ၎င်း၏အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ယူနီဖောင်းအပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ်တန်ဆာ အပိုင်းအပြတ်များ လည်တိုတောစီးဖိနပ်တစ်ရန် အခင်းဖြစ်ရွာအတွင်းနှင့် ယင်းရွာရှိ ဗလီအနောက်ဘက်တွင် တွေ့ရှိထားသည့်အပြင် ကျည်အိမ်အလွတ်တစ်ခုကိုမှု တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက ရဲတပ်ကြပ်ကြီးက သေဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဗလီအစောင့်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရဲတပ်ကြပ်ကြီးကို တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ သွေးတွေလည်း ထွက်နေပါတယ်တဲ့။ ကျွန်တော်တို့ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုအဖြစ် မြင်ပါတယ်။ အဖြစ်မှန်ပေါ်ပေါက်အောင် အချိန်အမြန်ဆုံးနဲ့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။



Eleven Media Group

ကောင်းကင်ကျွမ်းဘား ပြုလုပ်ရာမှာ လေထီးမပွင့်ဘဲ အမြင့်ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့သူ မိန်းကလေး

Posted by drmyochit Sunday, February 02, 2014, under | No comments


ကောင်းကင်ကျွမ်းဘားဝါသနာပါသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ အုတ်ကလာဟိုးမားပြည်နယ် မှာ Skydiving (လေယာဉ်ပေါ်ကခုန်ချ၍လေထီးမပွင့်ခင် လေထဲတွင် ကျွမ်းဘားအတတ်ပြသမှု ) ပြုလုပ် ရာမှာ မတော်တဆမှုဖြစ်ပွားပြီး အမြင့်ပေ ၃၀၀၀ ကျော်ကပြုတ်ကျခဲ့ပါတယ်။

Makenzie Wethington ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် များပြားလှတဲ့ ဒဏ်ရာဒဏ် ချက်တွေ ၊ အသည်းထိခိုက်မှု အပြင် နံရိုးတွေ၊တင်ပဆုံရိုး၊ ပခုံးရိုးတွေ ကျိုးသွားခဲ့တယ်လို့  ခွဲစိတ်ဆရာဝန် Jeffery Bender က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်လည်း အဲ့ဒီနေရာမှာ ရှိမနေတဲ့အတွက် ဒီမတော်တဆမှု ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ အသေးစိတ် ကို ကျွန်တော်မသိရပါဘူး။ ဒါပေမယ့် သူမသာ ဒီလောက်မြင့်တဲ့ ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့ တာ မှန်ရင် သူမဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာ ကျွန်တော် မစဉ်းစား
တတ်သလောက် ပါပဲ” လို့  ခွဲစိတ်ဆရာဝန်က ပြောကြားသွားပါတယ်။

သူမ ဒီလို ကောင်းကင်ကျွမ်းဘားအတတ် ပြုလုပ်ဖို့ သူမမိဘတွေ
ကိုယ်တိုင်က ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းကင်ကျွမ်းဘားပြု
လုပ်ပေးတဲ့ ကုမ္ပဏီဟာ ခွင့်မပြုသင့်ခဲ့ဘူးလို့ ပြောကြားလာပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကောင်းကင်
ကျွမ်းဘားပြုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ အနေနဲ့ တရားရင်ဆိုင်သွားရဖို့ ရှိပြီး ကုမ္ပဏီဒါရိုက်တာ Robert Swainson ကတော့ သူမခုန်ဆင်းပြီးခဲ့တဲ့ အချိန်မှာ လေထီးပွင့်ခဲ့ပါတယ်လို့  ထွက်ဆိုထားပါတယ်။

ဒီလို ကောင်းကင်ကျွမ်းဘားအတတ် စမ်းချင်တဲ့လူတွေဟာ ဒီလိုလေယာဉ်ပေါ်ကခုန်ချပြီး အမှန်တကယ် မပြုလုပ်ရခင် အစမ်းလေ့ကျင့်သင်ကြားမှုတွေကို ခြောက်နာရီ ကနေ ခုနှစ်နာရီ လောက်ထိ သင်ကြားရတယ်လို့ သိရပါတယ်။

Ref: express.co.uk

Saturday, February 01, 2014

ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

Posted by drmyochit Saturday, February 01, 2014, under | No comments

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေ ထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့ အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော် ၀င်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်း မှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွား မှုတွေရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက် အခဲဆုံး နဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲ့ အိမ်ထောင်စု များကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းများနဲ့အတူ နေရာချထားမှု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံဆောင်ရွက်လျှက်ရှိနေပါတယ်၊ သို့ပေမယ့် တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကို အသေအချာ စိစစ်ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်”

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးမှာ အဓိကကျတဲ့ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်ပေါ်လာအောင်လည်း ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

RFA Burmese

သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီ မိန့်ခွန်းမှာ ဘာတွေ ထူးသလဲ

Posted by drmyochit Saturday, February 01, 2014, under | No comments

လစဉ် ရေဒီယိုကတဆင့် မိန့်ခွန်းပြောကြားလေ့ ရှိတဲ့ သမ္မတကြီး ဦးသိန်းစိန်က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောဆို ထားပါ တယ်။

ဒီအထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဋ္ဌာနချုပ် လောခီးလာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တာ၊ ဒီကတဆင့် ဖားအံ ဆွေးနွေးပွဲကျင်း ပမယ့်အကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိက ကျတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကိစ္စလက်မှတ်ထိုးနိုင်မယ့် ကိစ္စလည်း ပါဝင်သလို နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ဆက်သွယ်ခွင့်ရပြီး အမေရိကန် ဒေါ်လာ သန်း ၂ ထောင် ကိုလည်း စတင် ထောက် ပံ့ ချေးယူခွင့် ရတာကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီအပြင် ဦးသိန်းစိန်က အမျိုးသား ကျန်းမာရေး ကိစ္စ၊ ပညာရေး ကိစ္စတွေလည်း ထည့်သွင်းပြောဆိုသွား ခဲ့ပြီး နိုင်ငံတကာမှာ ပညာသင်ယူနိုင်ဖို့ နိုင်ငံတော် သမ္မတ ပညာရေးသင်ဆု ကိုပေးဖို့ အဖွဲ့ကိုလည်း ထူထောင် ထားပြီဖြစ်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

ဒီအပြင် မြန်မာနိုင်ငံမှာ အဆိုးဆုံးအခြေအနေတခုဖြစ်တဲ့ မြေယာသိမ်းဆည်းမှုကိစ္စတွေလည်း ထည့်သွင်း
ပြောဆိုထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းအပြည့်အစုံကတော့...

နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း(၁.၂.၂၀၁၄)

မိဘပြည်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယို ကနေ တစ်ဆင့် အသိပေး ပြောကြား နေကျဖြစ်တဲ့အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေ များ
နှင့်ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်းဖြစ် ပါတယ်။

လက်ရှိကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်များးမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကြပ်အတည်းများ ရှိနေ
ခြင်းဟာ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းမှာ တွေ့ကြုံရတဲ့ အရှိတရားများပင် ဖြစ်ပါတယ်။

ဒီလိုအခက်အခဲတွေရဲ့ အကျိုးဆက်ကြောင့် ထင်သာမြင်သာရှိတဲ့ ရလဒ်များ ထွက်ပေါ်ခြင်း မရှိသေးတဲ့ ကိစ္စရပ်များအတွက် စနစ်တကျ အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ခိုင်မာတဲ့သန္နိဌာန်နဲ့ လုပ်
ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

သမိုင်းကြောင်းနဲ့ချီတဲ့ လိုအပ်ချက် များရှိခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တဲ့အခါ ဖြည့်ဆည်းရမယ့်ကွပ်လပ်များ၊ လိုအပ်ချက်များကို ရုတ်ခြင်းအဖြေထုတ် အပြောလွယ် သလောက် လက်တွေ့မှာ လုပ်ရတာ အလွန်ခက်ခဲပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဆောင်ရွက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်များ ဟာ ရေဆန်ကူးရ သကဲ့သို့ ခက်ခဲတဲ့လုပ်ငန်းများကို လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ စိန်ခေါ်မှု ကြီး မားသော်လည်း ကျွန်တော်တို့အစိုးရ တာဝန်ယူချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာတဲ့သန္နိဌာန်နဲ့ ဆောင် ရွက် ခဲ့ တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးစုံသော အခက်အခဲ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစုများနဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စီကျရာ အခန်းကဏ္ဍက ပါဝင်ပူးပေါင်း
ဆောင် ရွက်နိုင်ခဲ့ပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့မှာ အာမခံချက်ရှိတဲ့ တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရေးထိုးရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ နိုင်ငံရေး
ဆွေးနွေးမှု နည်းလမ်းများနဲ့ ဖြေရှင်းအကောင်အထည်ဖော်နိုင်မယ့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အရုဏ်ဦးကို ရောက်ရှိဖို့ အဆင့်ဆင့် တစ်လှမ်းနေတာ ဖြစ်ပါတယ်။

လက်တလောရရှိထားတဲ့ အောင်မြင်မှုကတော့ ကရင်ပြည်နယ်၊ လောခီလာဒေသမှာ KNU က ဦးစီးကျင်း ပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်း ပဲ ဖြစ်ပါတယ်။

ထိုဆွေးနွေးပွဲများမှ ရရှိလာတဲ့ ရလဒ်ကောင်းများကို အခြေခံပြီး လိုအပ်မယ့် အဆင့်ဆင့်ညှိနှိုင်း မှုတွေ
ပြုလုပ်ပြီး မကြာမီကာလအတွင်း ကရင်ပြည်နယ်၊ ဘာအံမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စရြေးဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက် ရက်သတ် မှတ်ခြင်းနဲ့ အသေးစိတ် အချက်အလက်များ ဆက်လက်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။

ထိုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး တည်ဆောက်
ရေး အတွက် လိုအပ်မည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်သတ်မှတ်ခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အဆင့်များကို တက်လှမ်းနိုင်ငံတော့မှာ ဖြစ်ပါတယ်။

ဤကိစ္စရပ်များသည်ပင်လျှင် မိမိတို့အားလုံး မဆုတ်မနစ်သော ဇွဲလုံလဖြင့် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး ရလဒ် များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရေးနဲ့ အပြိုင် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကကျတဲ့ အမျိုးသား ကျန်းမာရေး
စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အခြေခံမှစ၍ ပြုပြင်ပြောင်းလဲဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ယခုလိုစတင်ဆောင်ရွက်လာနိုင်ခြင်းဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက ရရှိလာတဲ့ ပွင့်လင်း လွတ်လပ် မှုတွေနဲ့ နိုင်ငံတကာထောက်ခံမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုလအတွင်း ထင်သာမြင်သာရှိတဲ့ ကိစ္စ ကတော့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ပြီး ပူးပေါင်း ဆောင် ရွက်နိုင်မှုနဲ့ အကူအညီများရရှိခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်မှုတွေကို အထိရောက်ဆုံး ဖြစ်စေဖို့ အားဖြည့်တဲ့ အနေနဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ယခုလ အတွင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။

အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ကို ပညာရှင် များနဲ့ ညှိနှိုင်းဆွေးနွေးပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။

ဒီစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)တို့ ပူးပေါင်းဆောင်ရွက်ပြီး ရေတို ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက် သွား မှာ ဖြစ်ပါတယ်။

Universal Health Coverage လို့ခေါ်ဆိုတဲ့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် အဓိကအကျဆုံး ဖြစ်တဲ့ကိစ္စရပ် ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများကဲ့သို့ပင် မိမိတို့ ရဲ့ကိုယ်ပိုင်စနစ်တစ်ရပ် ဖြစ်ရန် မှန်ကန်တဲ့ ရွေးချယ်မှုများနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ယခုလို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ပိုင်ဆိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အခက်အခဲ များ၊ အက်ြပအတည်းများနဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ ကျော်လွှာခဲ့ကြရတာကိုလည်း သင်ခန်းစာ များအဖြစ် ရယူကြရ မှာ ဖြစ်ပါတယ်။

ထိုသင်ခန်းစာများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံများနဲ့
ပေါင်းစပ်ပြီး မိမိတို့နဲ့ သဟဇာတဖြစ်မယ့် စနစ်တရပ် ပေါ်ပေါက်လာရေးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် အလွန်ရေးကြီးပါတယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းမျိုးစုံနဲ့ ပညာရေးအခြေပြုအဖွဲ့အစည်းများ၊ ပညာရှင်များ ဟာလည်း မြန်မာနိုင်ငံ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီးကျယ်ပြန့်စွာ ဆွေးနွေးလုပ်ဆောင်နေတာတွေကို လည်း တွေ့မြင်ရပါ တယ်။

ယခုလို ပြင်ဆင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးငြင်းခုံမှုတွေကနေတစ်ဆင့် များမကြာမီကာလမှာ ရလဒ်
ကောင်းတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ ကျပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ရေရှည်အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာပြီး တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို နိုင်ငံတကာတက္ကသိုလ်များမှာ ထူးချွန်တဲ့ မြန်မာသားလူငယ်များ လေ့လာသင်ယူနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆုအစီအစဉ် ကို ဖွဲ့စည်းထူထောင်သွားဖို့ စီမံထားပြီး ဖြစ်ပါတယ်။

အခြားတိုးတက်မှု ဖြစ်ထွန်းမှု တစ်ခုအနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ စံနှုန်း လိုအပ် ချက်တွေ မပြည့်ဝမှုတွေကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုနေကြတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအသီးသီး ရှိနေတာကို တွေ့မြင်ရပါတယ်။

ယခုလို ဆန္ဒဖော်ထုတ်မှုတွေကတစ်ဆင့် ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေတွေ ပေါ်ထွက်လာရေး တောင်းဆို မှုတွေ ဟာ တစ်ဖက်က မိမိတို့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များကို ထင်ဟပ်စေပြီး အပြုသဘောဆောင် တဲ့ တောင်းဆိုမှုတွေက နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အားဖြည့်ပေးရာ ရောက်တယ်လို့ ရှုမြင်ရမှာ ဖြစ်ပါ တယ်။

တဖက်မှာလည်း မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော် ထုတ် မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။

မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်
ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အတွက် အခက်အခဲဆုံးနဲ့ အကြပ် တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ စီမံချက်များချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေး ထား ဆောင်ရွက်လျက် ရှိပါ တယ်။

နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲံအိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်း စီမံဆောင်ရွက် နေပါ တယ်။

သို့သော်လည်း ဥပဒေမဲ့ တရားမဝင်ကျူးကျော် ဝင်ရောက် အခြေချမှုများကိုတော့ အသေအချာ စိစစ် ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီလထဲမှာ အာဆီယံအားကစားပြိုင်ပွဲရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မသန်စွမ်း အားကစားပြိုင်ပွဲကိုလည်း ကျင်းပ နိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့ အားကစားသမားများ အတွက် ဂုဏ်ယူမိပါတယ်။

ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးချို့တဲ့သည့်တိုင်အောင် သူတို့ဟာ လူ့အဖွဲ့ အစည်းအတွက် တန်ဖိုးရှိရှိ အလုပ်အကျွေးပြုနိုင်ကြောင်း သက်သေပြတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့ရဲ့ လုပ်အားများကို နိုင်ငံတော် တည်ဆောက်ရေး အတွက် သင့်တော်တဲ့နေရာတွေမှာ တာဝန်ယူနိုင်စွမ်း ရှိသေးတယ်ဆိုတဲ့အချက်နဲ့ သူတို့ကို လက်တွဲခေါ်ဆောင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့အသိနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံး လာနိုင်စေဖို့ မြှင့်တင်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

ယခုလအတွင်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ပုဂံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အာဆီယံဥက္ကဌတာဝန်ယူပြီး ဒေသတွင်းမှာ ဦးစီးဦးဆောင်ပြုရမယ့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှု၊ ကူးသန်းရောင်း ဝယ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဒေသတွင်းလုံခြုံရေးနဲ့ နည်းပညာ၊ စတဲ့ကဏ္ဍတွေမှာ အကျိုးဖြစ် ထွန်းစေမယ့် အလားအလာကောင်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။

များမကြာမီကာလများမှာ စတင်ကျင်းပဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုး သား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများပါဝင်တဲ့ နိုင်ငံရေး
ဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့အခါ ၄င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေးရရှိချက်များကို ချန်လှန်မထားခဲ့မိဖို့ သတိပေးတိုက်တွန်း လိုပါတယ်။ တိုင်းရင်းသားများ၏ အဓိက တောင်းဆိုမှုများဖြစ်သည့် တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်
ပြဌာန်းခွင့် ရရှိရေးနဲ့ တိုင်းရင်းသားအခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို ထိန်း သိမ်းနိုင်ရေးမှအစပြုပြီး ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်ရေးအထိ ကျယ်
ပြန့်စွာဆွေးနွေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစရှိတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ထိုပြင်ဆင်ရေး ကိစ္စရပ်များသည်လည်း အခြေခံဥပဒေ အသက်ဝင်ရှင်သန်ရေးအတွက် အဓိကကျတဲ့ ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများ ပြည့်မီရေးအစရှိတာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ကြရမှာ လည်း ဖြစ် ပါတယ်။

ဒါကြောင့် အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဓိကတာဝန်ရှိတဲ့ နိုင်ငံရေးအင်အားစုများဖြစ်တဲ့ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များအားလုံးဟာ ယခုလုပ်ဆောင်လျက်ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အထက်ပါကိစ္စတွေကို ထည့်သွင်းပြင်ဆင်ထားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။

အချုပ်အားဖြင့် ယနေ့ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်လျက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းသစ်တစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲများ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှု များကို အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးထားပြီး မိမိယုံကြည်တဲ့ နည်းလမ်းများနဲ့ ကြိုးပမ်းရင် ဆိုင် ကျော်လွှားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒီနေရာမှာ အထူးပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကရင်ပြည်နယ် လောခီလာဒေသတွင် မကြာမီကာလက ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံမှာ မတူညီကွဲပြားသည့် သဘောထားရပ်တည် ချက် များနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက်တစ်ခုအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ကြိုးပမ်း အားထုတ် ခဲ့ကြတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ခေါင်းဆောင် များ အားလုံးကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်အနေနဲ့ အထူးသတိပြုမိခဲ့တဲ့ အချက်တစ်ခုကတော့ ထိုညီလာခံမှာ KNU ဥက္ကဌ စောမူတူးစေဖိုး
ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းရန် “ရဲရဲဝံ့ဝံ့လ က်မှတ်
ရေးထိုး သမိုင်းတင်ကြပါ” ဆိုတဲ့ တိုက်တွန်းပြောဆိုချက်ပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ မိမိတို့ မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အလွန်ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုကို တိုင်းရင်း သားများအားလုံး ကျွန်တော်တို့နဲ့အတူ လက် တွဲကြိုးပမ်းကြရန် ခိုင်မာတဲ့ရပ်တည်ချက်တစ်ရပ် တက် လှမ်းနိုင်ရေးအတွက် တိုက်တွန်းပြောကြားသွားခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုခက်ခဲတဲ့ နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ခြင်းသည်ပင်လျှင် အခု ကျွန်တော်ပြောဆိုနေ တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်နဲ့ နိုင်ငံရေး အခင်းအကျင်းသစ်များ တည်ဆောက်ခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပြီး ဤတည်ဆောက်မှုများကနေ ရလဒ်ကောင်းများ ရရှိမယ်လို့ အမှန်တကယ် ယုံကြည် ကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီမိန့်ခွန်း အသံကို အောက်မှာ နားထောင်နိုင်ပါတယ်။
ဧရာဝတီ

ဘီကိနီဝတ်စုံ အကြောင်း နန်းခင်ဇေယျာပြောကြားချက်

Posted by drmyochit Saturday, February 01, 2014, under | No comments


မေလ ၇ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ‘ကမ္ဘာ့ပြိုင်ပွဲများဆီ လှမ်းချီနိုင်မည့် မြန်မာMiss လှပျိုဖြူလေးများနှင့် ဘဝ အောင် မြင်မှုအခွင့် အလမ်းစကား ဝိုင်း’မှ နိုင်ငံတကာ အတွေ့အကြုံနှင့် Swim Suit ပြိုင်ပွဲဝင်ဝတ်စုံအကြောင်း နန်းခင်ဇေယျာ(ဂျပန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ခဲ့သူ)နှင့် ဟန်သီ(ကိုရီးယား နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ခဲ့သူ)တို့ ဆွေးနွေးပြောကြားမှုမှ ကောက်နုတ်ချက်-

နန်းခင်ဇေယျာ- သူများတွေ Swin Suit နဲ့ ဝတ် ပြီး ပြိုင်နေတဲ့အချိန်မှာ ကိုယ်က မြန် မာထဘီနဲ့ သွားပြိုင်လို့မရဘူး။ Swin Suit ပုံဆိုတာ တကယ်အလန်းပေါ့။ အလန်း ဆုံး Sexy ပြောတာ မဟုတ် ဘူး။ အခုချိန်ထိ Swin Suit ဝတ်တဲ့ ကိစ္စက တိုက်ခိုက်ခံနေရတုန်းပဲ။ မပြီးသေးဘူး။ သူများတွေ ဘယ်လို ဆိုကြည့်ပြီး လုပ်သင့်တယ်။

ဟန်သီ- နောက်တစ်ခုက ကိုယ့်ရဲ့Traditional အင်္ကျီဝတ်ရတာရှိတယ်။ သူတို့ဆီမှာဆို အကုန်လုံးက ဒီဇိုင် နာတွေရှိတယ်။ Like လုပ်ပေး တယ်။ သူတို့ရဲ့Traditional ကိုပဲ ပိုဆန်းအောင်၊ လူတွေကြည့်လိုက် တာနဲ့ ထင်လင်းစွဲနေတာတွေ့ရ တယ်။ သမီးတို့တုန်းက ဗီယက်နမ် က ကောင်မလေးဆို သူတို့ရဲ့ ရိုးရာ ဝတ်စုံကိုပဲ သေချာ လုပ်ထားတာ ဘယ်လိုလှမှန်းမသိဘူး။

နန်းခင်ဇေယျာ- ဟန်သီအဲဒီတုန်းက ရှမ်းဝတ်စုံ ဝတ်ထားတာတွေ့တယ်။ အစ်မပြိုင် ပွဲတုန်းက ရှမ်းဝတ်စုံ ဝတ် ပေမယ့် ကိုယ်ဝတ်တဲ့အဝတ်အစားက ယှဉ်လိုက်ရင် အဆင် မပြေဘူး။ Mဆိုင်းလူ ဆို ကချင်ဝတ်စုံလေးနဲ့တအားလှတာ။ ဒါပေမဲ့ သူများတွေ ယှဉ်လိုက် တော့ အရောင်မှိန်သွားတယ်။

ဟန်သီ- သူတို့က နိုင်ငံအလိုက် ဒီ အရောင်ဝတ်တယ်ဆိုခပ်ဆင်ဆင် တွေပဲ။ နောက်သူတို့ပေးတဲ့ဝတ်စုံ တွေနဲ့ ပြိုင်ရသေးတယ်။ အစ်မတို့ ရော ပြိုင်ရလား။

နန်းခင်ဇေယျာ- မပြိုင်ရဘူး။

ဟန်သီ- စွပ်ကျယ်နဲ့ဘောင်းဘီပေါ့။ အဲဒါကျတော့ အသားအရေးကိုကြည့် တာ။ ဒီမှာက Skin Care လုပ်ရင် ပြိုင်ပွဲနားနီးမှ သေချာလုပ် သင့်တယ်။

ယောက္ခမ၏ လည်ပင်းအား သမက်ဖြစ်သူမှ ဓားဖြင့်လှီး၍ သတ်ဖြတ်

Posted by drmyochit Saturday, February 01, 2014, under | No comments



ကလေး၊ ဇန္န၀ါရီ ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခုံတိုးကျေးရွာတွင် သမက်ဖြစ်သူမှ ယောက္ခမ၏ လည်ပင်းအား ဓားဖြင့်လှီး၍ သတ်ဖြတ်ခဲ့သ ဖြင့် ယောက္ခမဖြစ်သူ သေဆုံးသွားရသည့် လူသတ်မှု ဖြစ်စဉ်တစ်ရပ် ယခုလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့မရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ ကလေးမြို့နယ်၊ ခုံတိုးမြို့သာကျေးရွာနေ ၊ ဒေါ်လှလေး အသက် ၇၆ နှစ် ဆိုသူဖြစ်သည်။ သေဆုံးသူ ဒေါ်လှလေးသည် မသေခင်အချိန်က သမက်ဖြစ်သူ ကိုဝင်းမြင့်(ခ) ဖိုးတုတ်(ခ) စံမြင့် နှင့် စကားများ ရန်ဖြစ်ခဲ့ကြပြီး သမက်ဖြစ်သူက အရိုးအသွား ၁၃ လက္မခန့်ရှိသော ဓားဦးချွှန်တစ်လက်ကို အသုံးပြု၍ ယောက္ခမဖြစ်သူ၏ လည်ပင်းအား တ ၀က်ခန့်အထိ လှီးဖြတ်ခဲ့ရာ ဒေါ်လှလေး သေဆုံးသွားရခြင်းဖြစ်သည်ဟု ခုံတိုးမြို့သာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့် အဖွဲ့က မှတ်တမ်းများရယူထားခဲ့သည်။

အဆိုပါ လူသေဆုံးနေသည့်အရပ်သို့ မြောက်စည်းနယ်မြေရဲစခန်းရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ၏ အိမ်နီးနား ချင်းများဖြစ်သည့် ဦးလင်းလင်း၊ ဦးမြင့်အောင် ဆိုသူတို့နှင့်အတူ သွားရောက်ခဲ့ကြပြီး မှုခင်းဆိုင်ရာ မှတ်တမ်းများ ရယူခဲ့ ကြောင်းသိရသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ လူသတ်မှုအား ကလေးမြို့နယ်၊ မြောက်စည်းနယ်မြေရဲစခန်း၏ ပြစ်မှုကြီးဖြစ်စဉ်အ မှတ်၁/၂၀၁၄ (ပ) ၇/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်သည် မိသားစုရေးပြဿနာ သက်သက်သာဖြစ်ပြီး အခြားသော ဘာသာရေး၊ လူမျိုးရေး စသည့် ရှုပ် ထွေးဖွယ်ရာ အခြေအနေများ လုံးဝ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာမရှိကြောင်း ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှိ ၀န်ထမ်းတစ်ဦးက အတည်ပြုပြော တုန့်ပြန်ပြောကြားခဲ့သည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
သစ်ထူးလွင်မှ

ရှကီးရာနဲ့ ရီဟားနားတို့ ၂ ယောက်တွဲ သီချင်း ယူကျုမှာ စံချိန်တင်

Posted by drmyochit Saturday, February 01, 2014, under | No comments

ကမ္ဘာကျော် အဆိုတော်တွေဖြစ်တဲ့ ရှကီးရာ (Shakira ) နဲ့ ရီဟားနား (Rihanna) တို့ ၂ ယောက်တို့ရဲ့
မင်းကို မမေ့နိုင်ဘူး ဆိုတဲ့ တေး အယ်ဘမ် အသစ်စက်စက်ထွက်လာပါပြီ။


မြန်မာဂီတပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သူတို့ ၂ ယောက်ရဲ့ စုံတွဲ သီးချင်း တပုဒ် ဖြစ်တဲ့ Can't Remember to Forget You ဆိုတဲ့ သီချင်းကတော့ အခု အွန်လိုင်းမှာ အလွန်ရေပန်းစားနေပါတယ်။

သူတို့ ၂ ဦးရဲ့ Sexy ကျကျ သီဆိုဟန်တွေနဲ့ သရုပ်ဖော်ဟန်တွေ၊ သူတို့ရဲ့ အသံတွေနဲ့ အဲဒီသီချင်းဟာ အတော် ဆွဲ ဆောင်မှု ရှိတာတော့ သေချာပါတယ်။

ဘာလို့လည်း ဆိုတော့ ဒီသီချင်းကို အဆိုတော် ရှကီးရာရဲ့ ယူကျူအကောင့်ကနေ ဇန်နဝါရီလ ၃ဝ ရက်နေ့ က တင်ခဲ့ အပြီး ၃ ရက် အတွင်း မှာပဲ ကြည့်ရှုကြိမ်ပေါင်း ၁၂ သန်းခွဲကျော်ရှိလာနေလို့ပါ။ ဒါဟာ ယူကျုမှာ စံချိန်တင်လိုက်တာပါ။

ဒီသီချင်းလေးကို နားဆင်ခံစားကြည့်နိုင်ပါတယ်။

Facebook ကြောင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားမှု ပိုများလာ

Posted by drmyochit Saturday, February 01, 2014, under | No comments


မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများသည် Facebook ခေါ် လူမှုကွန်ရက် အသုံးပြုသူ များက ဖြစ်စဉ် တချို့အပေါ် ဦးတည်ပြီး လူမျိုး နှစ်မျိုးအကြား အမုန်းပွားမှု ပိုမို တင်းမာလာအောင် အထိန်း အကွပ်မဲ့ ရေးသား ဖော်ပြ နေသောကြောင့် ပဋိပက္ခအရှိန် ပိုမို မြင့်တက် လာရခြင်း ဖြစ်ကြောင်း မြန်မာ့ မီဒီယာ ကို သုတေသန ပြုနေပြီး စာနယ်ဇင်းသမားများအား သင်တန်းပို့ချနေသော Internews က ဆို သည်။မြန်မာနိုင်ငံရှိ နေ့စဉ် သတင်းစာ ၁၂ စောင်၊ ရေဒီယို ဌာန ၂ ခု၊ အင်တာနက် ၀က်ဘ်ဆိုက်နှင့် Facebook အပါအ၀င် သတင်းရေးသား ဖော်ပြချက်ပေါင်း ၆၀ ကျော်၏ ပဋိပက္ခ အကြမ်းဖက်မှုဆိုင်ရာ ရေးသားမှုများအား Internews က လေ့လာ သုတေသနပြုပြီး ဖော်ပြခဲ့သည့် စစ်တမ်း ဖြစ်ကြောင်း သိရသည်။

Internews သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များ အပေါ် မြန်မာ့ သတင်း မီဒီယာ တချို့၏ ရေးသား ဖော်ပြချက်များအား ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ကာ နှစ်လကြာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ် ခဲ့သည်ဟု သိရသည်။

ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား အကြမ်းဖက်မှုများ ဖြစ်ပွား ပေါ်ပေါက်ခဲ့ပြီး နောက် ပိုင်း Facebook လူမှု ကွန်ရက်ပေါ်တွင် နှစ်ဘက် အမုန်းပွားမှုများ ပိုမို များပြား လာခဲ့ကြောင်း၊ ယင်းသို့ အမုန်းပွား မှုများ ပိုမို တင်းမာ လာခြင်းသည် အထိန်းအကွပ်မဲ့ ရေးသားချက်များကြောင့် ဖြစ်ပွားရသည်ဟု လေ့လာ တွေ့ရှိရကြောင်း သုတေသန ပြုသူများက ဆိုသည်။

“Facebook ပေါ်မှာက ဒီလို ပဋိပက္ခတွေ ပိုကြီးထွားအောင် အထူးပြု ရေးသားတဲ့သူတွေက အတုအယောင် များပါတယ်။ Facebook အသုံးပြုသူတွေရဲ့ ပရိုဖိုင်းတွေဟာ အစစ် မဟုတ်ဖို့ ရာခိုင်နှုန်း ပိုများတယ်။ ဒီလို အဆိုးဝါးဆုံး ရေးသားချက်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနိုင်လဲဆိုတာ သိဖို့ အလွန် ခက်ခဲပါတယ်။ ဒီလို ရေးသားမှုတွေကို ဂျာနယ်၊ သတင်းစာစောင် တွေမှာ ကလောင် အမျိုးမျိုးနဲ့ နာမည် ဖျောက်ပြီး ရေးသားကြတာကို တွေ့ရပါတယ်” ဟု သုတေသနပြုရာတွင် ပါဝင်သူ တဦးက ဆိုသည်။

မြန်မာ သတင်း မီဒီယာသမားများ အနေဖြင့် ပဋိပက္ခ သတင်းများ ရေးသားရာတွင် အစိုးရ သတင်းများကို ပိုမို အားထား ရေးသားခဲ့ကြပြီး ပဋိပက္ခများ ပိုမို ဆိုးဝါးခဲ့ချိန်တွင် တခြား သတင်းရင်းမြစ်များကို ချဲ့ထွင် အသုံးပြုလာသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။

ပဋိပက္ခ သတင်းများ ရေးသားရာတွင် ဖြစ်စဉ်၌ ပါဝင်သူများနှင့် ပတ်သတ်ပြီး အနောက်တိုင်း မီဒီယာများနှင့် မြန်မာ မီဒီယာများ အကြား ရေးသားဖော်ပြမှုမှာ မတူကွဲပြားစွာ ရေးသားမှုများရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းအပြင် ၂၀၁၃ ဧပြီလမှ စတင် ထုတ်ဝေခွင့် ရခဲ့သော ပြည်တွင်း နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များက အဆိုပါ ပဋိပက္ခ သတင်းများအား မျက်နှာဖုံး သတင်းများ အဖြစ် ဖော်ပြကြပြီး အတွင်း စာမျက်နှာများ၌ ရေးသား တင်ဆက်ပုံ အမျိုးမျိုးဖြင့် ပုံနှိပ်ဖော်ပြမှု ပြုရာတွင် သတင်း အရင်းအမြစ် အားနည်းမှု၊ ဘက်လိုက် ရေးသားမှုများကို တွေ့ရကြောင်း လေ့လာမှု စစ်တမ်းတွင် ဖော်ပြထားသည်။

Internews သည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနား ပြည်နယ် အခြေစိုက် Non-Profit Organization တခု ဖြစ်ပြီး လက်ရှိတွင် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသ၊ လက်တင် အမေရိကနှင့် မြောက်အမေရိကတို့တွင် နိုင်ငံပေါင်း ၉၀ ၌ မီဒီယာနှင့် ပတ်သက်သော ကမ္ဘာလုံး ဆိုင်ရာ သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိသည့်အဖွဲ့အစည်း ဖြစ်သည်။ Internews ကို ၁၉၈၂ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ

မုန်ညင်းဆီရဲ့ ကျန်းမာရေး အကျိုးပြု အာနိသင်များ

Posted by drmyochit Saturday, February 01, 2014, under | No comments



မုန်ညင်းဆီဟာ မြောက်ပိုင်း အိန္ဒိယ၊ ကိုရီးယား၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သုံးစွဲမှု များပြားတဲ့ ဆီတစ်မျိုး ဖြစ်ပါတယ်။

အမေရိ ကန် ဥရောပနဲ့ ကနေဒါနိုင်ငံ တွေမှာတော့ လူသားတွေ စားသုံးဖို့ မသင့်တော်ဘူးလို့ သတ်မှတ် ကြပါ တယ်။ သူ့မှာ ပါဝင်တဲ့ erucic acid ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမုန်ညင်းဆီကို နှိပ်နယ်တဲ့ နေရာ မှာတော့ အသုံးများ ကြပါတယ်။

မုန်ညင်းဆီဟာ အခြားဟင်း ချက်ဆီတွေထက် စာရင် ပြည့်ဝဆီတွေ များပြားတဲ့ အတွက် ဟင်းချက်ရာမှာ အသုံးမပြုဘဲ ဆေးဝါး အဖြစ်သာ အသုံးပြု ကြပါတယ်။ ဆီး၊၀မ်း စွန့်ထုတ်ခြင်း၊ သွေးလှည့်ပတ်ခြင်းနဲ့ အစာခြေဖျက်ခြင်း ဖြစ်စဉ်တွေလို ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ဖြစ် ရပ်တွေမှာ အရေးကြီးတဲ့ သည်းခြေရည်နဲ့ အစာခြေရည်တွေ ထုတ်လုပ်ခြင်းကို မုန်ညင်းဆီက အားပေး ပါတယ်။ နောက်ပြီး အ၀လွန်ခြင်းနဲ့ ကျောက်ကပ် ရောဂါတွေကို မုန်ညင်းဆီ အနည်းငယ် စားသုံးပေးခြင်းက ကာကွယ် နိုင်ပါတယ်။

နောက်ပြီး မုန်ညင်းစေ့မှာ phytonutrients တွေပါဝင်တဲ့အတွက် အစာအိမ် ကင်ဆာနဲ့ အူမကြီး ကင်ဆာကို ကာကွယ် နိုင်ပါတယ်။ မုန်ညင်းဆီ လိမ်းပြီး နှိပ်နယ် ပေးမယ်ဆိုရင် အဆစ်အမြစ် ရောင်ရောဂါနဲ့ လေးဖက် နာရောဂါတွေ၊ ကြွက်သား နာကျင် ကိုက်ခဲခြင်းတွေကို သက်သာ စေပါတယ်။ မုန်ညင်းဆီမှာ ပါဝင်တဲ့ selenium ကြောင့် ရှူပေးမယ်ဆိုရင် ပန်းနာရင်ကြပ် ရောဂါနဲ့ အဆစ်ကိုက်ခြင်း တွေကို သက်သာ စေပါတယ်။

မုန်ညင်းဆီမှာ ပါဝင်တဲ့ ဗီတာမင်အီးက အရေပြား ကျန်းမာရေးကို အထောက်အကူ ပြုစေရုံသာမက ခရမ်းလွန် ရောင်ခြည် ဒဏ်ကနေ ကာကွယ်ပေးသလို အရေးအကြောင်း ဖြစ်ပေါ်ခြင်း ကိုလည်း တားဆီး ပေးပါတယ်။ အအေးမိခြင်း၊ နှာစေး ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း တွေမှာ မုန်ညင်းဆီကို အသုံးပြုပေးရင် သက်သာ စေတယ်လို့ သိရပါတယ်။ ဟင်းချက်တဲ့ အခါမှာလည်း မုန်ညင်းစေ့ လေးတွေကို ဖြူးပေးရင် အရသာ တစ်မျိုးလေး ကောင်းမွန် စေပါတယ်။

သန့်စင်

အမေရိကန် တောင်ပိုင်းမှာ နှင်းမုန်တိုင်းတိုက်

Posted by drmyochit Saturday, February 01, 2014, under | No comments


အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်းမှာ မကြုံစဖူး ဆီးနှင်း မုန်တိုင်းတခု တိုက်ခတ်ခဲ့ပြီး ရေခဲ နေတဲ့ လမ်းမတွေကြောင့် အဝေးပြေး လမ်းမတွေ ပေါ်မှာ၊ ကျောင်းတွေ ဘုရားကျောင်းတွေမှာ လူထောင်နဲ့ချီ ပိတ်မိနေပါတယ်။

ဂျော်ဂျီယာပြည်နယ်ကနေ လူဝီဆီယဲန်းနား ပြည်နယ် အထိ ပြည်နယ် ၅ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားရပြီး လေဆိပ်တွေနဲ့ အဓိက ကားလမ်းတွေကို ပိတ်ထားလိုက်ပါတယ်။

ပုံမှန်အားဖြင့် နွေးထွေးတဲ့ ရာသီဥတု ရှိတဲ့ အဲဒီ နေရာတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျခဲ့ပြီး သုညအမှတ်အောက် ၃၀ ဒီဂရီလောက် အပူချိန် ထိုးကျသွားခဲ့ရာမှာ လမ်းမတွေပေါ်ကနေ ဆီးနှင်း ဖယ်ရှားပေးတဲ့ ထွန်စက် ကားတွေနဲ့ နှင်းတွေ အရည်ပျော်သွားအောင် ဆားတွေ ဖြူးပေးတဲ့ ထရပ်ကားတွေ မြို့အတော်များများမှာ မရှိတဲ့အတွက် ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာလည်း နှင်းတွေ စဲသွားမဲ့ လက္ခဏာမျိုး မရှိဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

လမ်းတွေမှာ ဆီးနှင်း ရှင်းတဲ့ ထွန်စက်ကားတွေ မရှိလို့ ကားတွေ သောင်တင်နေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်