Friday, January 31, 2014

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

Posted by drmyochit Friday, January 31, 2014, under | No comments

ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော် သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာ များ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီ များက တွေ့ရှိ ခဲ့ကြပါ တယ်။

အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။

အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။

ညအချိန်တွင် တောက်ပသော အလင်းရောင်ကို ကြည့်ခြင်း၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်မပျော်ခြင်းဟာ မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေကို မြင့်တက် လာစေကြောင်း သုတေသနများ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါ သုတေသနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားသော ဂျပန်လူမျိုး ဆယ်ကျော်သက် များအား လေ့လာခဲ့ခြင်း ဖြစ်သောကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေကြောင်း သိရပါတယ်။

ဇင်မာမြင့်
မြ၀တီ

သီချင်းတွေ ဆိုနေရတဲ့ ၀ါဆိုမိုးဦး

Posted by drmyochit Friday, January 31, 2014, under | No comments

နယ်ပရိသတ်များရဲ့ တောင်းဆိုချက်အရ နယ်မှာ သီချင်းတွေ ဆိုနေရတဲ့ ၀ါဆိုမိုးဦး

နယ်ပရိသတ် တွေက သူရဲ့ သီချင်းဆိုမှု တွေကို နှစ်သက် လက်ခံလာတဲ့ အတွက် နယ်မှာ မကြာခဏ ဆိုသလို သီချင်းသွားဆိုခဲ့ ရတယ်။ အခု ဒီလထဲမှာလဲ နယ်ကိုသွားပြီး သီချင်းထပ်ဆို ရဦးမယ်။ အဲဒီအတွက် သရုပ်ဆောင်ဘက် မှာလည်း ကျမသွားအောင် ကြိုးစားမှာ ပါလို့ သရုပ်ဆောင် ဝါဆိုမိုးဦး က ယခုလို ပြောပြခဲ့ပါတယ်..

'' ညီမက သရုပ်ဆောင် အလုပ်ကို ကလေးဘဝ ကတည်းက ကလေး သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့တာပါ။ ၂ဝဝ၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ ဗန်းကိုင်အဖြစ် ရွေးချယ် ခံရပြီး နောက်ပိုင်းက စလို့ အနုပညာ အလုပ်ကို ဇောက်ချ လုပ်ခဲ့တာပါ။ အခုလက်ရှိ အချိန် အထိတော့ ညီမ ရုပ်ရှင် ဇာတ်ကားကြီးတွေ ၊ ဗီဒီယိုဇာတ်ကား တွေနဲ့ ကြော်ငြာတွေ အများကြီး ရိုက်ပြီးပါပြီ။ ပရိသတ်တွေရဲ့ လက်ထဲကိုလဲ အရောက်ပို့ခဲ့ တာတွေရှိ သလို မကြာခင် ထပ်ထွက်လာမယ့် ဇာတ်ကားတွေ လဲရှိနေ ပါသေးတယ်။ အခုလက်ရှိ မှာတော့ မင်းသားသစ် ကိုနေဒွေးဇော်နဲ့ ဖန်စီသရဲ ကားတစ်ကား ရိုက်နေတယ်။ ပြီးတော့ ကိုကျော်ရဲအောင် ၊ မစိုးမြတ်နန္ဒာ တို့နဲ့လဲ တွဲပြီး ''အို... ခယ်မ'' ဆိုတဲ့ ဟာသဗီဒီယို ဇာတ်ကားကို မနေ့က အဆုံးသတ် ရိုက်ခဲ့ ပါတယ်။ အခုဒီလထဲမှာပဲ မုဒုံမှာရှိတဲ့ ဆရာတော်ကြီးရဲ့မွေးနေ့မှာ ညီမသီချင်း သွားဆိုရမယ်။ အဲဒီ ကနေပြီးတော့ မန္တလေးနဲ့ ပခုက္ကူ ဘက်မှာ ဆိုရမယ်။ စင်ကာပူ နိုင်ငံမှာလဲ
ရှိုးလျှောက် ရမယ်။ ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်းမှာ ကျင်းပတဲ့ ၄၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲဖွင့်ပွဲ မှာလဲ အစီအစဉ် တင်ဆက်သူ အနေနဲ့ ပါဝင်ခဲ့ပါတယ်'' လို့ ပြောပြ ခဲ့သည်။

သရုပ်ဆောင် ဝါဆိုမိုးဦး အနေနဲ့ ယခုအခါ ပရိသတ်တွေရဲ့တောင်းဆိုမှု အရ နယ်ရှိုးပွဲတွေမှာ သီချင်းသွားဆို ရတဲ့အတွက် သရုပ်ဆောင်ဘက် တွင် ကျသွားမလားဟု ပရိသတ်များက ထင်ကြေးပေး နေသော်လဲ သူကတော့ သူဝါသနာပါတဲ့ အနုပညာ အလုပ်နှစ်ခု စလုံးကို မျှတအောင် လုပ်သွား မှာဖြစ်ပါတယ် လို့ ပြောပြခဲ့ ပါတယ်။ ။




အီးယူကိုယ်စားလှယ်အဖွဲ့ ဒုချီးရားတန်းရွာ လာရောက် လေ့လာ

Posted by drmyochit Friday, January 31, 2014, under | No comments

ယခုလ အစောပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်အဖွဲ့မှ လာရောက်လေ့လာခဲ့သည်။

အီးယူကိုယ်စားလှယ်အဖွဲ့များမှာ ယမန်နေ့နံနက်ပိုင်းက ရဟတ်ယာဉ်နှင့်ရောက်ရှိလာခြင်း ဖြစ်ကြောင်း မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက့ပြောသည်။

“ သူတို့ ရဟတ်ယာဉ်နဲ့ မနက် ၁၁ နာရီခန့်မှာရောက်ပါတယ်။ ရောက်ရောက်ချင်းဘဲ ဒုချီးရားတန်း ဘင်္ဂလီရွာကို ၀င်သွားပြီး ခဏအကြာမှာ ကားအစီး ၁၀ ကျော်နဲ့ မောင်တောမြို့ကို ထွက်ခွာသွားကြပါတယ်။ ဒီမှာ ခဏဘဲနေခဲ့ပါတယ်” ဟုဆိုသည်။

ဒုချီးရားတန်းကျေးရွာသို့ အီးယူကိုယ်စားလှယ်များ သွားရောက်ခဲ့စဉ် အမျိုးသမီး တချို့နှင့်တွေ့ဆုံ မေးမြန်းခဲ့သည်ဟု သူတို့ခရီးစဉ်တွင် လိုက်ပါ သတင်းယူခဲ့သူ သတင်းထောက် ကိုဖိုးသီဟက ပြောသည်။

“ သူတို့အဖွဲ့မှာ အီးယူသံအမတ်အပါအ၀င် သံအမတ် ၇ ဦးပါတယ်။ သူတို့ ဒုချီးရားတန်း ရွာကအမျိုး သမီး တွေနဲ့တွေ့တဲ့အခါ အဓိကသူတို့မေးတာက ယောင်္ကျားတွေ ဘယ်ရောက်နေလဲ။ လူတွေ အသတ်ခံရတယ် ဆိုတာ ဟုတ်သလား ဆိုတာကို မေးသွားတာတွေ့ရပါတယ်။ အမျိုးသီးကတော့ သူတို့ယောင်္ကျားတွေ ထွက် ပြေးနေကြတယ်။ ဘာကြောင်းလည်းဆိုတော့ ဖမ်းမှာကိုကြောက်လို့ ပြေးနေကြတယ်လို့ဘဲ ပြော တာတွေ့ရ ပါတယ်” ဟုယင်းက           ဆိုသည်။

အီးယူကိုယ်စားလှယ်အဖွဲ့အား မောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အာဏာပိုင်များမှ ရှင်းလင်းခဲ့ကြောင်း ကိုဖိုးသီဟက ယခုကဲ့သို့ ဆက်ပြောသည်။

“ ခရိုင်ရုံးမှာ ရှင်းလင်းတဲ့အခါတော့ အမှတ် (၄) ရဲတပ်ရင်းမှူး ဦးတင်ကိုကိုက ရှင်းပြပါတယ်။ ဦးတင်ကိုကို ရှင်းတာကတော့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားတဲ့ အကြောင်း ကိုအသေး စိတ်ရှင်းပါတယ်။ နောက်ပြီး နိုင်ငံခြားမီဒီယာက ရေးတဲ့သတင်းဟာ မဟုတ်ဆိုတာတွေကို ရှင်းပြ ပါတယ်။ အီးယူဘက် ကတော့ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ကို အသေးစိတ်မေးပါတယ်။ အီးယူဘက်က ရဲတပ်သားတွေ ကို အကြမ်းဖက်နှိမ်နှင်းရေး သင်တန်းတွေပေးနေတယ်။ အဲဒီ သင်တန်းကို ဒီကရဲတပ်ဖွဲ့ဝင်တွေ မတက်ကြဘူး လားဆိုတာတွေကို မေးသွားတယ်”  ဟု ဆိုသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူရုံးတွင် ပြုလုပ်သည့် ရှင်းလင်းပွဲအပြီး နေ့လည်ပိုင်းတွင် အီးယူကိုယ် စားလှယ်များ မောင်တောမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

ဇန်န၀ါရီ ၂၉ ရက်နေ့ကလည်း အီးယူကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မှ ရပ်မိရပ်ဖများနှင့် စစ်တွေဟိုတယ် တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် စစ်တွေမြို့မိမြို့ဖများဘက်မှ ယခင်စစ်အစိုးရကို ဖိအားပေးလို၍ လူ့အခွင့်အရေး ကို ရှေ့တန်းတင်ပြီး ဘင်္ဂလီများဘက်မှ တဖက်သတ် ဘက်လိုက်ဆောင်ရွက်ပေးနေမှုများကို ယခုလို ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်နေ သည့်ကာလမျိုးတွင် မပြုလုပ်သင့်ကြောင်း။  ဒီမိုကရေစီ အစိုးရ တစ်ရပ်သည် မိမိလူထု၏ဆန္ဒ နှင့် အုပ်ချုပ်ရမည်လား  နိုင်ငံတကာဆန္ဒနှင့် အုပ်ချုပ်ရမည်လား ဆိုတာကို ဒီမိုကရေစီ EU နိုင်ငံများ နားလည်နိုင်မည် ဖြစ်ကြောင်းနှင့် EU ဥရောပသံတမန်တို့ အနေ ဖြင့် လိမ်လည်လုပ်ကြံထားသည့် အတည်မပြုနိုင်သော သတင်းများကို ချင့်ချင့်ချိန်ချိန် သုံးသပ်ပြီးမှ ကြေငြာချက်များ ထုတ်သင့်သည် ဆိုသည့် အချက်များအပါအ၀င် လတ်တလော အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြကြောင်း အီးယူကိုယ် စားလှယ် များနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် စစ်တွေမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

(နိရဉ္စရာ- ၃၁ ဇန်န၀ါရီ ၂၀၁၄) / မောင်အေး

ဒုချီးရားတန်းရွာ မီးရှို့မူ ရဲတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် စွပ်စွဲ

Posted by drmyochit Friday, January 31, 2014, under | 2 comments

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာမှာ ဒီလ ၂၈ ရက်နေ့ ညနေက မီးရှို့မူ တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆ ဆောင် မီးထဲပါသွားခဲ့ပါတယ်။

ဒီမီးရှို့မူဟာ ရွာကို ရဲတွေ ကိုယ်တိုင် ထိန်းချုပ်ထားတဲ့ အတွက် အပြင်လူ ၀င်လာစရာမရှိတာကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဒီမိုကရက်တစ် မြန်မာအသံ DVB နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ စွပ်စွဲ ပြောကြားပါတယ်။

ရဲတွေကိုယ်တိုင် ပါဝင် ပတ်သက်နေတဲ့ အကြောင်း ဥင်္ီးရွှေမောင်က ခုလို ပြောဆိုပါတယ်။

“ ရဲကထိမ်းချုပ်ထားတဲ့အတွက် အပြင်လူဝင်လာနိုင်စရာ အကြောင်းမရှိဘူး။ အပြင်လူဝင်ပီးမှ မီးရှို့ရင်လည်း ဒါကို ရဲကမိမှာပေါ့။ ဒါတစ်ချက်။ နောက်တချက်က အဲဒီ အနီးပတ်ဝန်းကျင်က လူတွေက ကျွန်တော့်ကို ဖုန်းဖြင့် သေချာခိုင်မာတိကျစွာ သတင်းပို့တာကတော့ အဲဒီ ရဲတွေကိုယ်တိုင် မီးရှို့နေတာကို သူတို့ကိုယ်တိုင်မြင် တယ်တဲ့။ ဒါက ဒီသတင်းစာရှင်းပွဲရှိလို့ တိုက်ဆိုင်ပီးမှ လုပ်နေတာလို့ သုံးသပ်မလား။ သို့မဟုတ် ကျွန်တော်ပြောတဲ့ ဟာကိုလည်း သုံးသပ်ပြီးမှ၊ ဒါ ဖြစ်နိုင်ခြေရှိတဲ့  ဒီလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သူတို့ကိုယ်တိုင် မရှို့ရင်တောင်မှ သူတို့ရဲ့ပေါ့ဆမှု။ မဟုတ်ရင် သူတို့ပူးပေါင်းဆောင်ရွက်မှု၊ သို့မဟုတ် အခြားရွာအပြင်ကလာတဲ့ သူတွေကိုမှ သူတို့က မသိသလိုနေပြီး တော့ မီးရှို့မှုတွေဖြစ်သွားပြီးတော့ ပြဿနာကို ရှုပ်သထက် ရှုပ်ထွေးအောင် ဖန်တီးတာဘဲလို့ ကျွန်တော်က အဲလိုဘဲ ပြောချင်တယ်။”

ဒီသတင်းကို DVB သတင်းထောက် ဒေါ် ခင်ရူပါကနေ DVB TV ကနေ ဒီလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပြီး အဲဒီလင့်မှာ http://www.youtube.com/watch?v=W_l56XGqxNk&feature=youtu.be  မှာ ကြည့်ရှု့နိုင်ပါတယ်။

ခုလို မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ဆုံး လွှတ်တော်မှာ ဥပဒေပြုနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရား ဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတဲ့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေကို ခုလို ပြည်သူပိုင် အိမ်ယာတွေကို မီးရှို့တယ်လို့ လူသိရှင်ကြား စွပ်စွဲလိုက်တဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ အများပြည်သူတွေက အထူး စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

(နိရဉ္စရာ- ၃၁ ဇန်န၀ါရီ ၂၀၁၄)

အိပ်ပျော်နေစဉ်ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျလို့ အရိုး ရှစ်ချောင်းကျိုးသွားသော်လည်း မနိုးခဲ့သူ

Posted by drmyochit Friday, January 31, 2014, under | No comments



ဇန်န၀ါရီ ၃၁ ရက် ၂၀၁၄ ခုနှစ်

မိုရက်ဂ်ဖစ်ရှာ ဆိုတဲ့ အသက် ၄၀ အရွယ် ကလေးအမေတစ်ယောက်ဟာ သူငယ်ချင်းနဲ့ အတူ အိပ်ပျော်နေ ရင်းနဲ့ ယောင်ပြီးလမ်းထလျှောက်ရာမှာ လှေကားပေါ်က ပြုတ်ကျပြီး သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမယ့် အိပ်ပျော်နေရာက မနိုးလာခဲ့ပါဘူး။

ကျောရိုး၊ လည်ပင်းရိုး ၊ သွား ၊ နှာခေါင်းရိုး နဲ့ ပါးရိုး တွေ ကျိုးသွားတဲ့အပြင် ခြေကျင်းဝတ် လည်သွားတဲ့ အထိ ပြင်းထန်စွာ သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ဖစ်ရှာဟာ ကံကောင်းထောက်မစွာပဲ အသက်ရှင် နိုင်ခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာတစ်ခုကတော့ သူဟာ လှေကားပေါ်က ပြုတ်ကျပြီး ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေခဲ့တာတောင် အိပ်ပျော်နေရာက မနိုးခဲ့ဘူးလို့ ဆိုပါတယ်။

ဖစ်ရှာ ဟာ ဆိုးရွားတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် နော်တင်ဟမ်ဆေးရုံမှာ ဆယ်ရက်သာ တက်ရောက်ကုသခဲ့ပြီး နောက်နှစ်လလောက်အတွင်း အလုပ်ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အခုတော့ ဖစ်ရှာရဲ့ အိမ်လှေကားအတက်အဆင်းမှာ သူမအတွက် ကလေးတွေပြုတ်မကျအောင်တပ်ဆင်တဲ့ တံခါးငယ်လေးတွေကို နောက်ထပ်ဒီလိုမဖြစ်ရအောင်လို့ တပ်ဆင်ပေးထားရတယ်လို့ ဆိုပါတယ်။

အသက်ခြောက်နှစ်အရွယ် သမီးငယ်နဲ့ တူတူနေထိုင်တဲ့ ဖစ်ရှာဟာ သူမ ဘ၀တစ်လျှောက်လုံး မကြာခဏ အိပ်နေရင်းလမ်းလျှောက်တတ်ပြီး အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဒီလိုယောင်ပြီးလမ်းလျှောက် လေ့ ရှိတယ်လို့ သိရပါတယ်။

Ref: telegraph.co.uk
Trend Myanmar

မိမိ Facebook အကောင့် ကို အရေးပေါ် ကာကွယ်နည်း

Posted by drmyochit Friday, January 31, 2014, under | No comments


သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေး လာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါ တယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေး ရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည် တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရ ခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။

Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
.
အောင်ခမ်း ( smart.com.mm )
Smart Pro Journal

အနေဝေးသူတွေရဲ့ အချစ်ရေး ဘာကြောင့်မချမ်းမြေ့ရတာလဲ

Posted by drmyochit Friday, January 31, 2014, under | No comments


အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေနပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင်သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။

အချစ်ရေးဆိုတာ စိတ်ခံစားမှုတွေ အရင်းအနှီးကြီးစွာ မြှုပ်နှံထားရတဲ့အရာပါ။ အချစ်ရေးတစ်ခု တည်ဆောက် တဲ့နေရာမှာ အားထုတ်မှုတွေလည်း အများအပြား လုပ်ရပါသေးတယ်။ အထင်ကြီးခြင်းနဲ့ နှစ်သက်ကျေ နပ်ခြင်းတွေ ရှိတဲ့ ပထမပိုင်းလအနည်းငယ် ကုန်ဆုံးသွားတဲ့အခါမှာတော့ အချစ်ရေး ဆိုတာ ထင် သလောက် မလွယ်ကူတော့ပါဘူး။ အနေဝေးနေကြတဲ့ ချစ်သူမျိုးတွေအတွက်ဆို ပိုလို့တောင်မှ ခက်ခဲပါသေးတယ်။

          အဖြေရှာကြည့်တဲ့အခါ အနေဝေးသူတွေမှာ ချစ်ခရီးလမ်းတစ်ခုအတွက် လိုအပ်တဲ့အရာတွေ မလုံလောက်တဲ့ အဖြစ်မျိုး ရှိနေကြပါတယ်။

(၁)     လုံလောက်တဲ့ ဆက်သွယ်မှု မရရှိခြင်း

          ခိုလေးတွေနဲ့စာပို့တဲ့ခေတ် မဟုတ်တော့သလို ပီဇာမှာရင်တောင် နာရီဝက်ထက် နောက်မကျပဲ အိမ်တိုင်ရာရောက် လာပို့တဲ့ ခေတ်ကြီးထဲမှာ ဆက်သွယ်မှု မလုံလောက်ဘူးလို့ ပြောလိုက်ရင် လက်ခံချင်ကြမှာ မဟုတ်ဘူး။ ဟုတ်ပါတယ်။ သင်တို့မှာ စမတ်ဖုန်းကိုယ်စီရှိကြတယ်။ ဖေ့ဘုတ်စ် ၊ gtalk စတဲ့ application တွေလည်းစုံလို့။ တစ်နေကုန် ဒီapplication တွေသုံးလို့ စကားပြောနေတယ် ဆိုဦး ပြည့်စုံတဲ့စိတ်ချမ်းသာမှု ရရှိလို့လား။ လအနည်းငယ်အကြာမှာ ဒီလိုချည်းပဲ အမြဲတမ်းဝေးနေမယ် ဆိုရင်တော့ တခြားမှန်ကန်တဲ့နည်းလမ်းတစ်ခု ရှာဖွေကြည့်ဖို့ လိုလာပြီလို့ စတင်ခံစားမိလာပါလိမ့်မယ်။



(၂)     ယုံကြည်ကိုးကွယ်မှု ကင်းမဲ့လာခြင်း

          လိမ်လည်ဖို့ အခါအခွင့်သင့်ပြီး အခြေအနေပေးလာတဲ့အခါ သင့်အနေနဲ့ သူမမသိသေးသရွေ့ ဘာမှမဖြစ်နိုင်ဘူးလို့ ထင်နေလိမ့်မယ်။ ဒီအခါ သစ္စာရှိမှုနဲ့ တစ်ဦးအပေါ် တစ်ဦး ကတိထားမှုတွေဟာ အချိန်တိုင်းမှာ ပျက်ပြယ်နေတတ်ပါတယ်။ တစ်လင်တစ်မယားဆိုတဲ့ စနစ်အပေါ်မှာ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ဒါတွေကို ကြံ့ကြံ့မခံနိုင်တဲ့အခါ သင်တို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာပါတော့တယ်။

(၃)     အတူတကွ တည်ဆောက်နိုင်သော ရေရာတဲ့အနာဂတ် မရှိခြင်း

          သင့်ရဲ့ လူနေမှု ဘ၀ပုံစံ၊ ရွေးချယ်မှုနဲ့ အနာဂတ်အစီအစဉ်တွေ ကြားမှာ နောက်ထပ် ဆုံတွေ့နိုင်ဖို့ သေချာတဲ့ အကြောင်းပြချက်မရှိနိုင်တော့ဘူး။ သင်တို့ရဲ့ ဘ၀နှစ်ခုဟာ မျဉ်းပြိုင်တွေလို ပဲ ဆုံမှတ်တစ်ခုထားဖို့ ခဲယဉ်းလာတဲ့အခါ ဒီဆက်ဆံရေး အေးခဲသွားပါလိမ့်မယ်။ နှစ်ဦးသားမှာ ဆုံတွေ့ချင်စိတ် အမှန်တကယ် ရှိနေကြတယ်ဆိုဦးတော့ အချစ်ထက် ဦးစားပေးရမယ့် အရာတွေ ဘ၀မှာကြုံလာတဲ့အခါ ရင်နာစွာနဲ့ ဒီလမ်းကို ရွေးချယ်ရတတ်ပါတယ်။


(၄)     သံသယတွေ ၀င်လာခြင်း

          သူမတကယ်ပဲ အတန်းတက်နေတယ်လို့ သင်ဘယ်လိုသိနိုင်မလဲ။ သူမကို အမြဲတမ်း စိတ်မကုန်နိုင်သူ တစ်ယောက်နဲ့ ပါတီမှာ ရှိနေတာများလား။ သူမ လိမ်နေတာများလား။ ဒီလိုပဲ အနေဝေးနေတဲ့ ဆက်ဆံရေးဆိုတာ သံသယတွေများစွာနဲ့ ရှိနေတတ်ပါတယ်။ သင်တို့နှစ်ဦးရဲ့ ဆက်သွယ်မှု မလုံလောက်တော့တဲ့ အချိန်ကစလို့ သူမရဲ့ သစ္စာရှိမှု ၊ သံယောဇဉ်ရှိမှုတွေ အပေါ် အမြဲလိုလို သံသယ၀င်နေပါလိမ့်မယ်။

(၅)     ဆက်လက်တည်မြဲဖို့ ဆန္ဒမရှိတော့ခြင်း

          ဆယ်ကြိမ် စကားပြောကြတဲ့အခါ ကိုးကြိမ်လောက်က ရန်ဖြစ်နေရမယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပျော်ရှာမိတာတွေ ၊ သံသယ၀င်မိတာတွေ ၊ ဆုံတွေ့ဖို့အခွင့်အလမ်း နည်းပါးလာတာတွေကို အခြေခံလို့ သင်တို့ဟာ တစ်ဦးပေါ်တစ်ဦး သည်းခံနိုင်စွမ်းနဲ့ ချိုသာပြေပြစ်စွာ ပြောဆိုနိုင်စွမ်းတွေ ကင်းမဲ့လို့ နေပါပြီ။ ကြာလာတော့လည်း ငြင်းခုံရတာတွေ ၊ ရန်ဖြစ်ရတာတွေကို ငြီးငွေ့လို့ လာပါပြီ။ တစ်ဦးအပေါ်တစ်ဦး အသည်းခွဲလိုတဲ့ ဆန္ဒ မရှိကြသော်လည်းပဲ သင်တို့ရဲ့ ဒီအချစ်ရေးကြီးက အဓိပ္ပါယ်မဲ့လာတယ်လို့ ထင်နေကြပါပြီ။ ဒီအခြေအနေဟာ နှစ်ဦးစလုံးအတွက် စိတ်ဆင်းရဲစရာ အခြေအနေဖြစ်တာကြောင့် တစ်ယောက်ယောက်ကစလို့ သွားခွင့်ပြုလိုက်ပါတော့။

ဒီတော့ အနေဝေးနေတဲ့ ချစ်ခြင်းတစ်ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အရေးအကြီးဆုံး ကတော့ သစ္စာရှိမှုပါ။ မမြင်ရ ၊ မတွေ့ရသော်လည်းပဲ သူဟာ ကိုယ့်အပေါ် ကတိတွေချိုးဖောက် နေတယ်ဆိုရင် အလိုလို ခံစားမိတတ်ကြပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အဆင်ပြေအောင် တတ်နိုင်သမျှ ညှိယူလို့ရကြမယ်လို့ ထင်ပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာလေးတွေ သိထားတဲ့အခါ ကြိုတင်ရှောင်ရှားရင်း ပြင်ဆင်လို့ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref:mensxp

သမီးကို မိန်းမဘ၀ပြန်ပြောင်းပေးနိုင်ရင် ဒေါ်လာသန်း (၈၀) ဆုချမယ်

Posted by drmyochit Friday, January 31, 2014, under | No comments

သူဌေးကြီးနဲ့ ချောင်ဇီဇူးနဲ့ ယောက်ျားလျှာသမီး ဂီဂီချောင် 

ဟောင်ကောင်က ဘီလျံနာသဌေးကြီးက ယောက်ျားလျှာဖြစ်နေတဲ့ သူ့ သမီးကို ပုံမှန်အမျိုးသမီးဘ၀ စိတ် အခြေ အနေဖြစ်အောင်ပြောင်းလဲပေးနိုင်သူကို ဆုငွေ ဒေါ်လာသန်း ၈၀ ပေးမယ့်လို့ ကမ်းလှမ်းထား ပါတယ်။ အရင်က သန်း ၄၀ကမ်းလှမ်းရာကနေ ခုနောက်ထပ်သန်း၄၀ထပ်တိုးလိုက်တာဖြစ်ပါတယ်။
သမီးဖြစ်သူ ဂီဂီချောင်၊အသက် ၃၄နှစ်က သူ့ လို့ ယောက်ျားလျှာတစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။
သူဌေးကြီး ကသူ့ သမီးယောက်ျားလျှာတစ်ယောက်နဲ့ လက်ထပ်ထားတာကို လက်မခံပဲ သူ့ သမီးအပျိုပဲလို့  ဇွတ်ငြင်းနေ ခဲ့ပါတယ်။ အသက်၇၇ နှစ်ရှိပြီဖြစ်ပေမယ့် အဖိုးကြီးကလည်းခေသူတော့မဟုတ်ပါဘူး။ မိန်းမပေါင်း တစ်သောင်းနဲ့ အိပ်ဖူးတယ်လို့ ဖွင့်ဟ၀န်ခံထားသူ ဖြစ်ပါတယ်။

ဂီဂီက သူ့ အဖေသူ့ အတွက်ယောက်ျားရှာပေးတော့ပထမရီမောနေခဲ့ပါတယ်။ ခုတော့ သူ့ အဖေဆီ ကိုဟောင်ကောင် မောနင်းပိုစ်သတင်းစာကနေ သူ့ ဘ၀လမ်းကြောင်းရွေးချယ်မှုကိုလက်ခံပေးဖို့  အိတ်ဖွင့်စာတစ် စောင်ရေးသားခဲ့ပါတယ်။

"မိန်းကလေးချင်းစိတ်ဝင်စားနေတဲ့ကိစ္စကို အဖေနားလည်ရခက်နေမယ်ဆိုတာ သမီးသိပါတယ်။ ကျမလည်း အဖေနားလည်အောင်ရှင်းမပြတတ်ဘူး။ ဒါကငြိမ်းငြိမ်းချမ်းချမ်းနူးနူးညံ့ ညံ့နဲ့ နှစ်ပေါင်းများ စွာကြာပြီးမှ ပေါက် ဖွားလာခဲ့တာပါ။ ကျမတို့ တယောက်ကိုတယောက် အရမ်းချစ်နေကြဆဲပါ။အဖေနားလည်ဖို့ ခက်နေပေမယ့် ဒီကိစ္စဟာအမှန်တရားလို့ လက်ခံလိုက်ပါ။"

"အဖေကကျမခုလိုမိန်းကလေးချင်းတွဲနေတာ ဟောင်ကောင်မှာ ကျမအတွက်သင့်တော် မယ့်ကောင်းမွန်တဲ့ ယောက်ျားကောင်းမရှိဘူးလို့ အဖေထင်မြင်သွားတာကိုကျမစိတ်မ
ကောင်းပါဘူး။ ယောက်ျားကောင်းတွေအများကြီးရှိပါတယ်။ကျမအတွက်တော့မဟုတ်ပါဘူး။"
ဂီဂီချောင်ဟာ သူနဲ့ နှစ်ရှည်လများတွဲခဲ့တဲ့ ရှောင်နဲ့  ၂၀၁၂က ပဲရစ်မှာ အခမ်း အနားကျင်း ပ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

 the melting pot 4 U
ဂီဂီချောင်နဲ့ သူ့ ရည်းစားရှောင်

မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

Posted by drmyochit Friday, January 31, 2014, under | No comments



မြန်မာပြည် မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့ ကို တင်ပြပေးလိုက် ရပါတယ်။

ကူညီထောက်ပံ့မည့်သူ မရှိခြင်း

ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံ သူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေ ဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည် မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာ ရတာ တို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။

အကြံတူ နောက်လူ အသာစောင့်ခြင်း

ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း တာတွေ့တောင် နောက်လူကလည်း မနီးမနားနေရာမှာ အင်တာနက်ဆိုင် လိုက်ဖွင့် တစ်နာရီ ၃၀၀ ကျပ်၊ အဲယားကွန်းအေးအေးဆက်ဆက်လေး လည်း ရှိတော့ ၃၀၀ တန်ဆိုင်ကို သွားကြလေရော။ Web Service ကုမ္မဏီတစ်ခု ဝဘ်ဆိုဒ် တစ်ခုကို ၁၀ သိန်းနဲ့လုပ်တယ်။ အရောင်း အဝယ်ဖြစ်၊ အောင်မြင်တာတွေ့တော့ Website တစ်ခု ၅ သိန်းနဲ့ အခြားသော ဝန်ဆောင်မှုပါ တွဲပေးလိုက်တယ်။ နယ်မြို့ လေးမှာ ဘိလိယက်ခုံဖွင့်တော့ လူလာများပြီး အောင်မြင်တယ်။ နောက်လူက အဲ့ဆိုင်လူစည်တာကြည့်ပြီး အဲယားကွန်းခန်း ဘိလိယက်ခုံဆိုပြီးတော့ ဖွင့်၊ အေးတဲ့နေရာကို လူပိုသွား။ ရွှေဇလပ် အမည်နဲ့ နေကြာစိ ထုတ်။ နောက်ကုမ္မဏီတစ်ခုက ငွေဇလပ် သို့မဟုတ်ရွှေဇလယ် အမည်နဲ့ နေကြာစိ ထုတ်။ အသံတူ ကြောင်းကွဲ လုပ်ပြီး ဈေးလည်း သက်သက်သာသာ လုပ်တော့ သူ ပိုအောင်မြင်တာပေါ့။

နောက်ဆုံးတော့ အကြံတူပေမယ့် နောက်လူက သာသာလို့ သွားပါတယ်။ သာရခြင်း အကြောင်းက ကနဦး တီထွင်ကြံစသူဟာ အိုင်ဒီယာ ဆက်မထုတ်နိုင်ခြင်း နဲ့ Investment ထပ်မထုတ်နိုင်ခြင်း နှစ်ခုပါ။ Idea ထပ်မထွက်တာကတော့ ကိုယ့်အပြစ်မို့ ပြောစရာမရှိပေမယ့် ၁၀ ယောက်စာ Customer အတွက်ပဲ ဝန်ဆောင်မှု ပေးနိုင်သူဟာ အယောက် ၁၀၀ အတွက် မစွမ်းသာသေးပါဘူး။ ဒီတော့ စွမ်းသာတဲ့ လုပ်ငန်းစုတစ်ဖွဲ့က ဆင်တူတွေ လိုက်လုပ်တော့ စွန့်ဦးတီထွင်သူဆိုတာ ပျောက်ခြင်း မလှပျောက်ကုန်၊မွဲကုန် ကြ ပါတယ်။

ခိုင်မာသင့်လျော်သော နည်းဥပဒေ မရှိခြင်း

လုပ်တုန်းကတော့ အဖွဲ့နဲ့ သေချာ တိုင်ပင်ပြီး လုပ်ကြတယ်။ စိတ်ဝမ်းလည်း ကွဲကြရော၊ ပြဲကြရော လူတစ်လူ ငါတစ်မင်းဖြစ်တဲ့အခါ ငွေကြေး အရှုပ် အရှင်းတွေ၊ ထုတ်ကုန်အရှုပ်အရှင်းတွေ၊ အမည်အရှုပ်အရှင်းတွေ အားလုံး ရှင်းရတော့မယ်။ နည်းပဒေများစွာ ရှိပေမယ့် ငွေများသူဘက်က အမြဲနိုင် တဲ့ခေတ်ကို မကျော်လွှားနိုင်သေးတော့ စွန့်ဦးတီထွင်ဖို့ရာ ခက်ခဲ နေ ပါသေးတယ်။ မူပိုင်ခွင့် ပြဿနာ က အကြံတူခြင်း၊ ထောက်ပံ့သူ ရှိမရှိ ပြဿနာအပြင် နည်းဥပဒေ ခေါင်းစဉ်အောက်မှာလည်း အကြုံးဝင်ပါတယ်။ စာရေးဆရာ တစ်ယောက် သူ ကလောင်ထက်လို့ စာအုပ်ထုတ်မယ်ဆိုရင်တောင် အုပ်ရေ ၂၀၀၀ အတွက် သိန်း ၂၀။ ဒါကိုမတတ်နိုင်တော့ ထုတ်ဝေသူရှာ၊ ဒီလိုနဲ့ ဟိုရှာဒီရှာလုပ်ရင်း စာအုပ်သာ ထွက်သွားပေမယ့် အိင်္ကျီသစ်တစ်ထည် မရလိုက်ဘူး။ ထုတ်ကုန်ကောင်းကောင်း ရှိလို့ ကုမ္မဏီထောင်ချင်ပြီ မီဒီယာလား၊ ထုတ်ကုန်သွင်းကုန်လား၊ အစုအဖွဲ့လား ကုမ္မဏီမှတ်ပုံတင်ကြေး၊ အမည်ကြေး၊ ခွင့်ပြုချက်အမိန့် တစ်ဆင့်ပြီးတစ်ဆင့် ကုန်ကျစရိတ်ကလည်း များတော့ စွန့်ဦးတီထွင်သူတို့ ခေါင်းအစားမခံပဲ ထမင်းပဲ ဆက်စားကြ ပါတော့တယ်။ အစိုးရက Entrepreneur များကို မြေတောင်မြောက်ပေးတဲ့ ဥပဒေမျိုးတွေ ချမှတ် ပေးဖို့ လိုအပ်နေပါပြီ။

ပူးပေါင်းလုပ်ကိုင်မှု မရှိခြင်း

သိပ်အဝေးကြီး ရှာတွေးနေစရာ မလိုပါဘူး။ အနီးအနား တိုင်ပြည်များ ကိုပဲ လေ့လာ ကြည့်နိုင်ပါတယ်။ Product တစ်ခုရဖို့အတွက် Unplug မဟုတ်တော့ပဲ Team Work ကောင်းကောင်း တစ်ခု Build လုပ်လို့ ပူးပေါင်း ဆောင်ရွက် သွားကြပါတယ်။ ငွေရှိရင် လုပ်ငန်းတစ်ခုစမယ်။ လိုအပ်တဲ့လူတွေကို ပိုက်ဆံပေးခန့်မယ်ဆိုတဲ့ ငွေရှိသူအချို့ ကြောင့် သူတို့ ကိုယ်တိုင်လည်း Entrepreneur ဖြစ်မသွားသလို သူတို့လက်အောက်မှာ လုပ်တဲ့ သူတွေကလည်း Entrepreneur ဖြစ်မသွားပါဘူး။ လုပ်ငန်းရှင်နဲ့ လုပ်သား ဆက်ဆံရေး level တစ်ခုသာ ဖြစ်သွားပြီး စိတ်ဝမ်းကွဲမှု များကြောင့် စွန့်ဦးတီထွင်မှုတွေ ပျောက်ဆုံး သွားပါတယ်။ အလုပ် တစ်ခုကို ရပြီဆိုရင်လည်း အဖွဲ့လိုက် ဝိုင်းလုပ်တာထပ် တစ်ယောက်တည်း လက်စွမ်းပြမယ်ဆိုတဲ့ အတွေးရှိသူ များကလည်း ခရီးပန်းတိုင်တစ်ခု ကို တော်တော်နဲ့ မရောက်ပါဘူး။ စည်းစည်းလုံးလုံး ပူးပေါင်း လုပ်ကိုင်မှု မရှိခြင်း ကလည်း Entrepreneur များကို ပျောက်ကွယ် စေပါတယ်။

စွန့်စားလိုစိတ် မရှိခြင်း

ဒါကတော့ ကာယကံရှင်ကိုပဲ အပြစ်တင်လို့ မရပါဘူး။ မြန်မာပြည်မှာ က တော်ရုံငွေမရှိတဲ့အခြေအနေကနေ ချေးငွေယူလို့ စီးပွားဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် အောင်မြင်ဖို့၊ ကျရှုံးဖို့က ၅၀:၅၀ ပါ။ အောင်မြင်ပြီး သား ကွန်ရက်တစ်ခုက အောင်မြင်ဖို့ ရည်ရွယ်ပြီး အခုမှ စတဲ့ Starter တွေ ကို သူတို့ Network ထဲ ပေးဝင်လိုစိတ် မရှိပါဘူး။ (အားလုံးကိုမဆိုလိုပါ) ဒီတော့ ကြိုးစားပန်းစားသာ မလုပ်ကိုင်ရင် ကြိမ်းသေ ကျရှုံးမှာပါ။ သို့ပေမယ့် ဒီနေရာမှာ ဘုရင့်နောင်ဖောင်နောက်ပြန်မလှည့် ကြိုးစားသူ အချို့ ကတော့ အောင်မြင် ပါတယ်။ အဓိကကတော့ စွန့်စား (Adventure) ချင်တဲ့ စိတ်ဓာတ်တစ်ခု ရှိနေဖို့ ဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြီုးစိုးနေသေး ရင်တော့ ဘယ်တော့မှ လုပ်ငန်းရှင် ဖြစ်မလာပါဘူး။ အကြောင်းပြချက် တစ်ခုချင်းစီကို ဖတ်လို့ အားငယ်၊ စိတ်ပျက်နေမယ့်အစား တကယ် အောင်မြင်သော Entrepreneur ဖြစ်လိုသူ တစ်ယောက်က ဒီဘောင်အတွင်းကနေ ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာကို စဉ်းစားနေပါပြီ။

Entrepreneur များ မပေါ်ထွန်းအောင် တားဆီးတဲ့ အချက်များစွာ ရှိနေတာကို အုပ်ချုပ်ရေး နဲ့ ဥပဒေ ပြုရေးတို့က ပြင်ဆင်သတ်မှတ်ပေး မယ်၊ ပြီးတော့ Entrepreneur များကလည်း စွမ်းစွမ်းတမံ ကြိုးစားမယ် ဆိုရင် မြန်မာပြည်ရဲ့  ရွှေရောင်လင်းလက်တဲ့ အနာဂတ်က တကယ်မဝေးတော့ပါဘူး။



အောင်ခမ်း ( ရိုးရာလေး )

ဒီနှစ်ချစ်သူများနေ့က ကိုယ်နဲ့ မပတ်သက်သလိုပါပဲလို့ ဆိုလိုက်တဲ့ ၀တ်မှုန်ရွှေရည်

Posted by drmyochit Friday, January 31, 2014, under | No comments



၂၀၁၄မှာ အနုပညာခြေလှမ်းတွေ ပိုစိပ်လာတဲ့ ကစ်ကစ်ကတော့ ချစ်သူများနေ့ကို သူမ ဘယ်လိုဖြတ်သန်း မယ်ဆို တဲ့အကြောင်း ခုလိုဖွင့်ဟလာပါတယ်။ ‘ရှုတင်ရှိရင် ရှုတင်ပေါ့။

ဒီနှစ်မှာ ထွေထွေထူးထူးမရှိပါဘူး။ မနှစ်ကတော့ ကစ်တို့အိမ်ရှေ့မှာ ချစ်ဖို့ကောင်းတဲ့ အရာလေးတွေ လာလုပ် ထားတယ်။ မိန်းကလေးဆိုတော့ ရိုမန်တစ်ဖြစ်တာတော့ ကြိုက်တာပေါ့။ ဒါပေမဲ့ ဘယ်သူ မှန်းတာ့ မသိဘူး။ ဒီနှစ်မှာတော့ မမျှော်လင့်ပါဘူး။ ပရိသတ်တွေကတော့ ပို့ကြတယ်။

ရလဲရတယ်။ လက်ဆောင်တွေ အများကြီးလဲ သိမ်းထားပါတယ်။ ၂၀၁၄က မင်္ဂလာဆောင်တာများတယ်။ နှစ်ကောင်းတယ်နဲ့တူတယ်။ ကစ်ကတော့ မကြားရသေးဘူး။ ကစ်နဲ့က ဘာမှမဆိုင်သလိုဖြစ်နေတယ်။ ဒီနှစ် ချစ်သူများနေ့က ကိုယ်နဲ့မပတ်သတ်သလိုပါပဲ’ လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

Thursday, January 30, 2014

အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဖောက်ခွဲရေးသင်တန်းများ ပြုလုပ်မည့် ဘင်္ဂါလီလူမျိုး (၃)ဦးအား ဘင်္ဂလားဒေ့ရှ်၌ ဖမ်းဆီးရမိ

Posted by drmyochit Thursday, January 30, 2014, under | No comments


နေပြည်တော် ဇန်နဝါရီ ၃၀

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အထူးစစ်ဆင်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ ပို့ချရန်အတွက် ပါကစ္စတန်နိုင်ငံမှ လေကြောင်းခရီးဖြင့် လိုက်ပါလာသော ဘင်္ဂါလီလူမျိုး (၃)ဦးကို ဇန်နဝါရီ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လုံခြုံရေး အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော (၃)ဦးမှာ အူဆမာန်၊ အူးမောဖာရူးနှင့် ဇော်မင်းတို့ဖြစ်ပြီး အာဖဂန် နစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ တပ်ဖွဲ့တွင် အထူးတိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ပြီး (၃)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

စစ်ကြောချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မေယုခရိုင်အား TALAIBAN IN ARKAN နိုင်ငံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန်နှင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များတွင် ဗုံးပြုလုပ်နည်း၊ လက်နက်ငယ် ပြုလုပ်နည်းများကို လေ့ကျင့်သင်ကြားရန် ဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူ အူဆမာန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ဘဏ္ဍာရေးမှူး ဘန်ဒန်အီဒရီး၏ ညီဖြစ်ပြီး ဇာတိမှာ မောင်တော မြို့နယ် သီဟိုဠ်ကျွန်းကျေးရွာ အုပ်စု ဘက္ကာဂုံးနား ကျေးရွာမှ ဖြစ်ကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

Posted by drmyochit Thursday, January 30, 2014, under | No comments


Thursday, January 30, 2014

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက်ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

``မိုင်းခေါင်ရွာ ရောက်ခါနီး ဆိုင်ကယ်ပျက်နေတဲ့ လူ(၂)နှစ်ယောက်တွေ့ တာနဲ့ ကျွန်တော်တို့က ဆိုင်ကယ် ရပ်ပြီး ၀ိုင်းကြည့်ပေးတာပါ။ အဲဒီအချိန်မှာ KIA အဖွဲ့က စစ်သားတွေ ရောက်လာပြီး ဟိုမေးဒီမေး လုပ်တယ်။ ကျွန်တော် တို့က အမှန်အတိုင်း ဖြေတာပါ။ ဒါကို ကချင်လိုပြောပြီး ကျွန်တော်တို့ကို ရိုက်တော့တာပဲ´´ ဟု ဗန်းမော်ဆေးရုံတွင် ဆေးကုသနေသော ကိုသန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း၌ သစ်ရောင်းပြီး ပြန်လာသော ကိုသန်းဝင်း (၄၂)နှစ်၊ ကိုသန်းဇော်ဦး(၃၇)နှစ်၊ မောင်ဝင်းဆန်းဦး(၁၈)နှစ်၊ ကိုကျော်မြင့်(၃၅)နှစ်တို့သည် မိုင်းခေါင်ရွာ အနီးတွင် သစ်တင်ထားပြီး ဆိုင်ကယ်ပျက်နေကြသည့် ကိုတင့်ခိုင်(၃၅)နှစ်နှင့် ကိုသန်းစိုး(၃၂)နှစ်တို့အား ကူညီ ပေးနေကြစဉ် KIA တပ်ဖွဲ့ဝင်(၃)ဦး ရောက်လာပြီး တရုတ်မဆီ သစ်သွားရောင်းမှာပါဟု ပြောရုံဖြင့် ဘာမပြော ညာမပြော ၀င်ရိုက်ခြင်းဖြစ်ကြောင်း သိရသည်။

``လက်သီးနဲ့ထိုး၊ သေနတ်ဒင်တွေနဲ့ထုတော့ မလုပ်ဖို့တောင်းပန်ပါတယ်။ မရဘူး၊ ၀ါးလုံးနဲ့ထပ်ရိုက်လို့ ကျွန်တော်လည်း လဲကျသွားတယ်၊ သူတို့ စီးထားတဲ့ ပြောက်ကျားဖိနပ်တွေနဲ့ ကျွန်တော့်ကို ၀ိုင်းကန်ကြတယ်။ တစ်ကိုယ်လုံးကို ရစရာမရှိအောင် ရိုက်ကြတယ်။ ဘယ်ဘက်နားရွက်ကွဲပြီး နားခေါင်းသွေးတွေ ထွက်ကျ လာတယ်။ အသက်ရှုကြပ်ပြီး သတိလစ် သလိုဖြစ်သွားလို့ ရိုက်တာရပ်သွားတယ်´´ ဟု ကိုသန်းဝင်းက ဆက်လက် ပြောသည်။

၎င်းအား ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး ကျန်(၅)ယောက်ဘက်သို့ ရိုက်ရန်လှည့်စဉ် ဆရာတို့ရယ် မလုပ်ပါနဲ့ဟု ပြောသော သန့်ဇင်ဦးကို မဲပြီး ပါးရိုက်နားရိုက် လက်သီးနဲ့ထိုးပြီး ဖိနပ်များနှင့်ကန်ကြောက်ကြကြောင်း၊ ဆရာ မဟုတ်ဘူး ဆလန်ကဘာကွ၊ ဆလန်ဘာဆိုတာ တိုက်နယ်မှူးကို ခေါ်တာဟုပြောပြီး သေနတ်ဖြင့် ရင်ဝကိုပစ် ခဲ့ကြောင်း၊ ကျည် မထွက်သောကြောင့် နောက်ထပ်ထိုးကြိတ်ရိုက်နှက်ရာ မျက်နှာတစ်ပြင်လုံး ကွဲပြဲဖူးရောင်ပြီး နှာခေါင်း ရိုးလည်းကျိုးသွားကြောင်း၊ သွေးထွက် အရမ်းများ၍ အတော်လန့်သွားကြောင်းနှင့် မံသာကျေးရွာ ဆေးခန်း၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

``ကျွန်တော့်နား နှစ်ဖက်ကိုလည်း လက်ဝါးနှစ်ဖက်နဲ့ အသကုန်ပိတ်ရိုက်ပြီး ၀ါးလုံးကွဲအောင် တောက်လျှောက် ရိုက်တယ်ဗျာ၊ အခုကျွန်တော့် နားတွေ အူနေတယ်၊ ခြေသလုံးတွေလည်း ရောင်နေတယ်။ ဘယ်မှမသွားနိုင် ဘူး´´ ဟု ကိုကျော်မြင့်က လည်း ပြောကြားသွားသည်။

ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းတစ်ဦးက``ဒဏ်ရာတွေက မြင်လို့တောင်မကောင်းပါဘူး။ အခုနှိပ်စက်ခံ ရတာက သာမန်ပြည်သူတွေပါ။ KIA က သေနတ်ကိုင်ထားပြီး အခုလို လူမဆန်စွာနှိပ်စက်တာကတော့ လက်ခံ စရာအကြောင်း မရှိပါဘူး။ တကယ်တော့ ကချင်စကားမပြောတတ်လို့ နှိပ်စက်ခံရတဲ့သဘောပါ။ KIA က ကချင်စကား မပြောတတ်တဲ့ လူမှန် သမျှအပေါ် အခုလို ဆက်ဆံနေဦးမှာပဲ၊ အခုလို ကျူးလွန်တဲ့သူတွေကို KIA ခေါင်းဆောင်တွေက ဖော်ထုတ်ပြီး ၀န်ချတောင်းပန်ခိုင်းရမှာပေါ့၊ လူသားချင်းစာနာသောအားဖြင့် ထိခိုက်နစ်နာ သူတွေကို ဆေးဖိုးဝါးခနဲ့ ဓါးပြတိုက်သလို တောင်းသွားတဲ့ ငွေတွေပြန်ပေးသင့်တယ်၊ လက်နက် အားကိုးနဲ့ လက်နက်မရှိတဲ့ ပြည်သူကို နှိပ်စက်တာလောက် အောက်တန်း ကျတာမရှိပါဘူး´´ ဟု ပြောကြားသွားခဲ့သည်။

နော်မိုင်
Kachin Daily News

အိမ်ထောင်ရေး ကောင်းစေချင်လျှင်

Posted by drmyochit Thursday, January 30, 2014, under | No comments


====================
by ပျိုမေတို့သိစေဖို့

ယနေ့ ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ “မိမိယောကျာ်း အိမ်ကပ်စေချင်လား??? အိမ်ထောင်ရေးအဆင်ပြေချင်လား??? မိမိမှ မိမိ တန်းတန်းစွဲ ဖြစ်စေချင်လား” ဆိုသည့် ဗေဒင်ကြော်ငြာတစ်ခု။

မိမိတို့ ဗုဒ္ဓဘာသာတွေက တော်တော်ဆိုးသည်။ လောကီမင်္ဂလာတွေ၊ ဗေဒင်တွေကို တော်တော်အားကို ကြသည်။ အိမ်ဝယ်မည်ဆိုလဲ ဗေဒင်မေးသည်၊ အိမ်ထောင်ပြုမည်ဆိုလဲ ဗေဒင်မေးသည်။ ယောကျာ်း အလုပ်ရှုပ်၍ အိမ်ပြန်နောက်ကျလဲ တောထင်တောင်ထင် ဗေဒင်မေးသည်၊ နောက်ဆုံး ကိုယ်ချစ်သူ ကိုယ့်နဲ့ စကားများရင်တောင် ဗေဒင်မေးသည်။

ကိုယ့်ယောကျာ်း အိမ်ကပ်အောင် ဗေဒင်ဆရာက ဘာလုပ်ပေးမည်နည်း??? အောက်လမ်းဆိုသည့် မကောင်းသည့် အတတ်ပညာနှင့်လား?? ဒါဆိုရင် ကိုယ့်ယောကျာ်း အကုသိုလ်ကံများနေသည့် အချိန်ဆို ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ သို့သော် ကိုယ်ချစ်သည့်သူကို အောက်လမ်းနှင့် ပြုစားရက်ပါလား????

ဒါဆို ယတြာချေသည့် နည်းလော??? ဆိုလိုသည်က ဘယ်ဂြိုဟ်တိုင်တွင် ဘာကပ် ဘာလှူစသည့် နည်းလော?? သိပ္ပံခေတ်လူသား တစ်ယောက်အနေနှင့် စမ်းစစ်ကြည့်သင့်သည်။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များတွင် အရဟံအစ ဘဂဝါအဆုံး ကိလေသာကုန်ခန်းအောင် လုပ်သည့် နည်းတွေပင်၊ ပူလောင်အောင် လုပ်သည့် နည်းမပါ။ မြတ်ဗုဒ္ဓက ဟောထားသည်။ “အတ္တဟိအတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။ ဒါဆို ဘယ်လိုလုပ်မည်နည်း??? မိမိ၏ ကံ၊ဥာဏ်၊ ဝီရိယကိုသာ အားကိုးသင့်သည်။

မိမိယောကျာ်း အိမ်ကပ်၊ သစ္စာရှိအောင် ကံအနေနှင့် မိမိကိုယ်တိုင် သစ္စာရှိသင့်သည်။ ကံကို ဖြည့်ကျင့်ပြီးလျှင် ဥာဏ်ကူ၍
(၁) သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။
(၂) နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။
(၃) တစ်ဦးစကားကိုတစ်ဦး ဂရုစိုက်နားထောင်ရမည်။ လေးစားမှုအပြန်လှန်ရှိရမည်။
(၄) ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။
(၅) မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။
(၆) အိမ်ထောင်ရေး နိုင်နင်းရမည်။
(၇) စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

၁။ သန့်သန့်ရှင်းရှင်းနှင့် သေသေသပ်သပ် နေရမည်။

ယောကျာ်းလေးများသည် မည်မျှချောမောနေပါစေ ညစ်ပတ်လျှင် မကြိုက်။ သေသေသပ်သပ်နှင့် သန့်သန့်ရှင်းရှင်းရှိလျှင် သဘောကျကျသည်။ ဆိုလိုသည်က မည်မျှချောမောပါစေ အစားစားလျှင် ပေတလူးခါနေလျှင် မကြိုက်ကြပေ။ မည်မျှချောပါစေ ညစ်ညစ်ပတ်ပတ်နေလျှင် သဘောမကျပေ။ ပါးတွင် မိတ်ကပ်မည်မျှ လိမ်းလိမ်း တစ်နေ့တစ်ခါမှ ရေမချိုးတတ်လျှင် သဘောမကျ။

၂။ နှုတ်ပြောချိုသာ၍ ကိုယ်အမူရာသိမ်မွေ့ရမည်။

မိန်းကလေးဖြစ်ပြီး နှုတ်ကြမ်းလျှာကြမ်းနှင့် ဆဲဆို၍ ရန်တွေ့တတ်လျှင် မည်သူမှ သဘောမကျ။

၃။ တစ်ဦးစကားကို တစ်ဦး ဂရုစိုက်နားထောင်တတ်ရမည်။ လေးစားမှု အပြန်လှန်ရှိရမည်။

ထိုအချက်လဲ အလွန်အရေးကြီးသည်။ ယောကျာ်းလေး တော်တော်များများသည် ကိုယ်ဖြစ်ချင်သည့် အရာကို တကူးတက မပြောတတ်။ နေ့စဉ် ပြောဆိုနေကျ စကားများတွင် ပြောပြောတတ်သွားသည်။ ဥပမာ-- တစ်ဦးနှင့် တစ်ဦး ပြောဆိုနေကျအတိုင်းတွင်ပင် ငါအခုသလော အလုပ်တွေပင်ပန်းတယ်ကွာဆို၍ ညှပ်ပြောတတ်သည်။ ထိုအရာကို ဂရုစိုက် နားမထောင်တတ်ပဲ အလုပ်မှ ပြန်ရောက်၍ ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းလျှင် မကြိုက်တော့ပေ။

၎။ ပြဿနာတစ်ခုဖြစ်လျှင် ဒေါသကို ရှောင်ရမည်။

ထိုအရာတော့ လူတိုင်းနားလည်သည်။ ပြဿနာတစ်ခုဖြစ်လာလျှင် ဘာမှ မပြောသည်က ကောင်းသည်။ ထိုစကားကို နောက်နေ့မှပြောလဲ နောက်မကျ။ ထိုသို့မှ မဟုတ်ပဲ ပြဿနာဖြစ်ဖြစ်ခြင်း ဒေါနှင့်မောနှင့် ပြောလျှင် တစ်ဦးသိက္ခာတစ်ဦးချ၍ ပြောဆိုတတ်လာသည်။ ပြဿနာဖြစ်လာလျှင် နောက်နေ့မှ ပြောရအောင်ကွာဆို၍ နောက်ဆုတ်လိုက်တာ အကောင်းဆုံ ဖြစ်သည်။

၅။ မိမိအိမ်ထောင်ဖက်၏ အပေါင်းသင်းတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။

မိမိအိမ်ထောင်ဖက်၏ မိသားစု၊ သူငယ်ချင်းတွေကြားတွင် အဆင်ပြေပြေ နေထိုင်တတ်ရမည်။ မိသားစုကြားတွင် ကိုယ့်အိမ်ထောင်ဖက် မျက်နှာရအောင်၊ အပေါင်းသင်းတွေကြားတွင် မျက်နှာရအောင် နေတတ်ရမည်။ ဆိုလိုသည်က မိသားစုဆိုလဲ ကိုယ့်အိမ်ထောင်ဖက် အဖေအမေကို နှုတ်ပြောချိုသာစွာ၊ ယဉ်ကျေးစွာဖြင့် နေကောင်းလား၊ ဘာလား နှုတ်ဆက်တတ်ရမည်။ ကိုယ့်အိမ်ထောင်ဖက် အိမ်သွားလျှင် အိမ်မှုကိစ္စတွေကို ကိုယ်နိုင်ရာ ကူညီပေးတတ်ရမည်။ အပေါင်းသင်းတွေကြားဆိုလဲ အတတ်နိုင်ဆုံး ချုပ်ချယ်တာကို ရှောင်သင့်သည်။ အပေါင်းသင်းတွေကြားထဲ “ရှင့်ကို ဘာမလုပ်နဲ့ ပြောထားတယ်မလား၊ ကျွန်မမကြိုက်ဘူးလေ” စသည့် နှစ်ကိုယ်ကြား ပြောသင့်သည့် ပြဿနာကို အများကြားတွင် မပြောသင့်။

၆။ အိမ်ထောင်ရေး နိုင်နင်းရမည်။

မိန်းကလေး တစ်ယောက်အနေနှင့် မချက်တတ် မပြုတ်တတ်ရင်တောင် ခိုင်းတတ်အောင်တော့ သင်သင့်သည်။ ဆိုလိုသည်က ကြက်သားဈေး၊ ဟင်းရွက်ဈေးတွေ အခုဆို ဘယ်လောက်ဆိုတာ၊ ဘယ်လိုချက်လျှင် ဘယ်လို အရာသာထွက်မယ်ဆိုတာ စသည်တို့ကို သိသင့်သည်။

၇။ စာများများဖတ်၍ သွက်လက် ဖျက်လက်ရမည်။ (နုံအသူ မဖြစ်စေရ)

မည်သည့် ယောကျာ်းလေးမှ နုံအအဆို မကြိုက်။ ကိုယ့်အိမ်ထောင်ဖက်၏ အလုပ်တွေကို အကြံပေးတတ်အောင် စာများများ ဖတ်သင့်သည်။ ထိုသို့ မဟုတ်ပဲ တစ်ခုခုဆို ကျွန်မလဲ မသိဘူး၊ ကျွန်မလဲ မသိဘူးဆို အကြံပေးနိုင်သည့် သူငယ်ချင်းများနှင့် အပြင်မှာပင် အချိန်ကုန်မည်ဖြစ်သည်။

အထက်ပါ အချက်တွေနှင့် ပြည့်စုံလျှင် မည်သည့် ယောကျာ်းလေးမှ အိမ်မကပ်ပဲမနေ။ အိမ်၌ ပျော်အောင်ထားလျှင် အိမ်ကပ်မည်သာ။ ထိုသို့ ပြည့်စုံသားနှင့် သစ္စာဖောက်လျှင် သင် အတိတ်က သစ္စာဖောက်ခဲ့လို့ သစ္စာဖောက်ခံရလို့ပင်။ ကိုယ်ကောင်းသားနှင့် သစ္စာဖောက်သည့်လူကို ဝမ်းနည်းကြေကွဲနေစရာ မလိုပေ။ ရေစက်ချ၍ အမျှဝေလိုက်ယုံပင်။

(လွမ်းတေး)

Credit To :ဘဝစာမျက်နှာ

စာနယ်ဇင်းသမား လူငယ်တွေကို စမတ်ကျစေချင်တဲ့ တင်မိုးလွင်နဲ့ တွေ့ဆုံခြင်း

Posted by drmyochit Thursday, January 30, 2014, under | No comments

မော်ဒယ်လ် တင်မိုးလွင် (ဓာတ်ပုံ – စိုင်းဇော်/ ဧရာဝတီ)

မော်ဒယ်လ် လောကမှာ အနှစ် ၂၀ ကျော်ကြာ အခိုင်အမာ နေရာတခုရရှိနေတဲ့၊ မော်ဒယ်လ်မိခင်ကြီး တင်မိုးလွင်က သူလေးစား အားကျရတဲ့ စာနယ်ဇင်းသမား လူငယ်များကို လုပ်ငန်းခွင်တွင်း နေထိုင် သွားလာ မှုမှာ ပိုမို စမတ်ကျလာစေဖို့ သင်တန်းပို့ချပေးမယ် ဆိုတဲ့သတင်း ထွက်ပေါ်လာပါတယ် ဒါကြောင့် သူ့စိတ် ကူး အစီအစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီက တင်မိုးလွင်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ မတင်မိုးလွင်အနေနဲ့ ဂျာနယ်လစ် မိန်းကလေးတွေကို ဝတ်စားဆင်ယင်မှုနဲ့ ပတ်သတ်ပြီး ဘယ် လိုကြောင့် သင်တန်းပေးဖို့ ရည်ရွယ်ဖြစ်သွားတာလဲ။

ဖြေ။ ။ မမိုးက ဟိုးအရင်ကတည်းက စာပေစာနယ်ဇင်းက ညီမတွေ မောင်တွေကို အရမ်းချစ်တာပေါ့နော်။ ဘာကြောင့် လဲ ဆိုတော့ သတင်းလောကက သတင်းထောက် တယောက်၊ ဂျာနယ်လစ်တယောက် အဲဒီလိုပုံစံမျိုး မမိုးက ဖြစ်ချင်ခဲ့တာ။ ကိုယ့်ရဲ့ အသက်မွေး ၀မ်းကြောင်းမှုမှာလည်း မီဒီယာက အများကြီး အရေးပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလည်း ဖြစ်တယ်။ ကိုယ်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကောင်း သတင်း ကောင်းခြင်းတွေ အားလုံးကိုလည်း သူတို့က တကယ့်ကို စိတ်ပါလက်ပါနဲ့ ပြည်သူလူထုတွေ သိအောင်၊ စာဖတ်သူတွေ သိအောင် ရေးပေးကြတယ်။ သူတို့က အလုပ်တာဝန်တွေည ကလည်း ကြီးလေး တယ်။ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အလုပ်ကလည်း ပရော်ဖက်ရှင်နယ်လို့ ခေါ်တဲ့ ပညာရှင် အလုပ်တွေပေါ့။ ဒါကြောင့်မို့လို့ သူတို့ကို လေးစားတယ်။ ဒါပေမယ့် အများရဲ့ အမြင်မှာဆိုရင် ဂျာနယ်လစ် ဆိုတဲ့ နာမည်မျိုး၊ သတင်းထောက်ဆိုတဲ့ နာမည်မျိုးတွေမှာ အများကြီး လေးစားခံရခြင်းမျိုး တိုးတိုးပြီးတော့ ရှိမလာဘူး။ နှစ်တွေနှစ်တွေ ဘယ်လောက် ပြောင်းလဲတာတောင် သတင်းထောက်တွေကို လေးစားရမယ်၊ နေရာပေး ရမယ်၊ လေးတော့ လေးစားတယ်ပေါ့။ တခါတလေကျရင် ပွဲလုပ်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပွဲတက်လာတဲ့ သတင်းထောက်တွေကို သတင်းထောက်မှန်း မသိနိုင်ဘူး။

ဒါဟာ ဘာလဲလို့ မမိုးက အဖြေရှာကြည့်လိုက်တဲ့ အခါကျတော့ ဒီပညာရှင်တွေရဲ့ ပွဲတက်တဲ့ အနေ အထားလေးတွေ သွားလာ နေထိုင်တဲ့ အနေအထားလေးတွေပေါ့။ တချို့တွေက ကျတော့ ဒီပညာရှင် အဆင့်ကို ရောက်ရှိပြီးတော့ လုပ်ငန်းထဲမှာ နှစ်ကာလ ကြာရှည်ပြီဖြစ်တဲ့အတွက် အထူးပြောစရာမလိုဘူး။ သူ့အထာနဲ့ သူ စနစ်တကျဝတ်စား ဆင်ယင်ပြီးတော့ ပွဲကို စနစ်တကျ တက်ရောက်ကြတယ်။ အဲဒါ ပညာရှင်တွေ တက်ရောက်တာ။ အသစ်ကလေးတွေ အနေနဲ့ကျတော့ ထပ်မံ လေ့လာဖို့၊ သင်ယူဖို့၊ ပြင်ဆင်ဖို့ အားနည်းပါတယ်။ တကယ်ကို အင်နဲ့အားနဲ့ လူရိုသေရှင်ရိုသေ လေးစားခံရတဲ့ အနေအထား မျိုး တကယ့်ကို တင့်တောင်းတင့်တယ် ရှိစေချင်တယ်။ တချို့တွေကလည်း မမိုးကိုပြောတယ်။ ဘယ်လိုလေး ၀တ်စား ဆင်ယင်ရင် ကောင်းမလဲပေါ့။ အဲဒါလေးတွေ မမိုးက အကြံဉာဏ် ပေးတတ်တာ ဖြစ်ပါတယ်။ ဟိုးအရင်တုန်းကလည်း မမိုးက မဂ္ဂဇင်း တစောင်မှာ ဘယ်လိုပညာရှင်မျိုးက ဘယ်လိုဝတ်စားဆင်ယင်မှု ရှိသင့်တယ်ဆိုတာ ခေါင်းစဉ်လေးတွေခွဲပြီး ရေးပေး ဖူးပါတယ်။ နည်းနည်းလည်းကြာသွားပြီဆိုတော့ နည်းနည်းလေး မေ့သွားတာဖြစ်မယ်။ လူတိုင်းလည်း ဖတ်မိချင်မှ ဖတ်မိမှာပေါ့။ ဒါကြောင်မို့လို့ အားလုံးအတွက် ရေးတာထက်ကို သတင်းထောက်တွေ အတွက်ပဲ သီးသန့်လိုတာမျိုး မမိုးက အကြံဉာဏ်ပေးချင်တယ်၊ သင်ပေးချင်တယ်၊ Share လုပ်ပေးချင်တယ်။ အဲဒါကြောင့် တွေ့ဆုံတဲ့အခါမှာ မမိုးက အဲဒီ ညီမလေးတွေ၊ မောင်လေးတွေနဲ့ တွေ့တဲ့အခါမှာ စကားစမြည် ပြောဖြစ်တယ်။ သူတို့က ဒါဟာ ခေတ်ပညာရပ်တွေထဲက တခုဖြစ်တယ်။ အားလုံးသော မီဒီယာတွေကလည်း ဘာသာရပ် တခုအနေနဲ့ သင်ကြားလာတဲ့အခါမှာ လိုအပ်ရင် လေ့လာချင်ပါတယ် လို့လည်း သူတို့ကပြောပါတယ်။ မမိုးကလည်း အရမ်းဝမ်းသာပါတယ်။ မမိုးရဲ့ သင်တန်းခန်းမမှာပဲ ဖြစ်စေ၊ သူတို့တွေ နေရာမှာပဲဖြစ်စေ သွားရောက်ပြီးတော့ သူတို့အနေနဲ့ သတင်းရင်းမြစ်တွေဆီ ဝင်ထွက်သွားလာတဲ့ အခါမှာ မီဒီယာ ပညာရှင်တယောက် အနေနဲ့ ဂုဏ်တင့်တယ်စေဖို့ မမိုးက အားဖြည့်သွားမယ့် သင်တန်းလေးတခုကို လုပ်ပေးချင်တာပါ။

မေး။ ။ အဲဒါက ဘယ်အချိန်လောက် အကောင်အထည် ဖော်ဖြစ်မှာပါလဲ။
ဖြေ။ ။ အဲဒါကတော့ မမိုးကတော့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းထောက်တွေ၊ မီဒီယာတွေ ကလေးတွေ ကလည်း မအားကြဘူးလေ။ ပွဲလမ်းသဘင် အခမ်းအနားတွေ ကလည်း များတယ်။ အချိန်နဲ့တပြေးညီ အမြဲတမ်း အလုပ်လုပ်နေရပြီး သတင်းတွေ လိုက်နေတာရယ်၊ ပြီးတော့ နေရာတွေကလည်း ဝေးတယ်၊ ကားတွေကလည်း ကျပ်တာရယ် ကြောင့်ပေါ့။ မမိုးကလည်း တွေ့ဆုံပြီးတော့ Share လုပ်ပေးချင်ပါတယ်။ အများကြီးတော့လည်း မလိုပါဘူး။ လိုအပ်နေတာ လေးတွေကို လုပ်ပေးချင်တာပါ။ နိုင်ငံတကာကို သွားတဲ့အခါမှာ နိုင်ငံတကာရဲ့ သတင်းထောက် မျိုးစုံနဲ့လည်း များစွာ တွေ့ဆုံ ဖူးပါတယ်။ တချို့ကြတော့လည်း ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ သူတို့ရဲ့ စတိုင်လ်လေး တခုပေါ့။ အရမ်းကြီးလည်း တခြား ပွဲလာတဲ့ ဧည့်သည်လောက်လည်း လုပ်စရာမလိုပါဘူး။ သတင်းထောက် ဆိုတာ သဘာဝကျကျလေးပဲပေါ့။ သူ့ရဲ့အလုပ်နဲ့ ကိုက်ညီတဲ့ ပုံစံမျိုးလေးပေါ့။ အဲဒါမျိုးလေးတွေ ဖြစ်ပါတယ်။ မြန်မာဝတ်စုံ လေးတွေလည်း ရွေးသင့်ပါတယ်။ ခေတ် ၀တ်စုံ လေးတွေ ၀တ်မယ်ဆိုရင်လည်း ဘယ်လို ၀တ်နိုင်တယ်ပေါ့။ နောက်တော့ ပွဲလမ်းသဘင် အခမ်းအနားတွေကလည်း သတင်းထောက် တွေရဲ့ လုပ်ငန်းခွင် ဖြစ်နေတဲ့အခါကျတော့ ဒီအခမ်းအနား သဘင်ရဲ့ အမူအကျင့်လေးတွေ၊ အဲဒါမျိုး လေးတွေလည်း Share လုပ်ပေးချင်တာ ဖြစ်ပါတယ်။

မေး။ ။ မမိုးအနေနဲ့ မိန်းကလေးတွေပဲ ရွေးပြီးတော့ သင်မယ်ဆိုတဲ့ အကြောင်းကကော ဘယ်လိုကြောင့်လဲ။ ယောက်ျားလေးတွေ ကိုကော သင်ပေးမှာလား။
ဖြေ။ ။ မိန်းကလေးကတော့ ဦးစားပေးပေါ့။ မမိုးကလည်း မိန်းကလေး ဖြစ်နေတဲ့ အခါကျတော့လေ။ နောက်ပြီး မြန်မာပြည်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားမှာပဲဖြစ်ဖြစ် အမျိုးသားတွေကျတော့ စတိုင်လ်ဘောင်းဘီ တထည်နဲ့ ရှပ်အင်္ကျီ လက်ရှည် တထည်၊ ဒါမှမဟုတ် ကုတ်အင်္ကျီလေး တထည်ကို လက်ပေါ် တင်လာလိုက်ရင်ရတယ်။ နောက်တော့ ပွဲထဲဝင်မယ်ဆိုမှ ကောက်ဝတ် လိုက်ရင် ရတယ်လေ။ မြန်မာပြည်က အမျိုးသားတွေဟာ ဆိုရင် ကော်လာကတုံး အဖြူလေးနဲ့ ပုဆိုးလေးနဲ့ ဆိုရင် ညှပ်ဖိနပ်လေးနဲ့ ဆိုရင် အဆင်ပြေပြီ။ အမျိုးသားတွေ အတွက် အရောင်တွေ၊ ကာလာတွေလည်း အများကြီးမလိုဘူး။ စတိုင်လ်တွေလည်း အများကြီးမလိုဘူးပေါ့။ အမျိုးသမီးတွေ အတွက်ကျတော့ နည်းနည်းလေး ပိုပြီးတော့ အမယ်စုံတယ်။ ဒါကြောင့်မိုလို့ အမျိုးသမီးတွေကို အရင်ဦးစားပေးပြီးတော့ လုပ်ပေးမယ်လို့ မမိုးကပြောတာပါ။

မေး။ ။ အစ်မအနေနဲ့ နိုင်ငံတကာ သတင်းထောက်တွေနဲ့ မြန်မာသတင်းထောက်တွေနဲ့ ဝတ်စားဆင်ယင်မှုအသွင်အပြင် ဘယ်လို ကွာခြားတယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ ကိုယ့်ဒေသ အတွင်းမှာတော့ ကိုယ့်စတိုင်က အကောင်းဆုံးပါ။ နိုင်ငံတကာကို သွားရောက်ရမယ်ဆိုတဲ့ အခါ ကျရင်တော့ သပ်ရပ်သန့်ရှင်းမှု၊ တိကျသေချာမှု၊ အဲဒီလို ပုံစံမျိုးနဲ့သွားရောက်ပြီးတော့ တစားပွဲတည်းထိုင်တာ၊ စင်မြင့်ပေါ် တက်တာ၊ တက်ရောက်ပြီးတော့ စကားပြောတာ၊ ဒါမှမဟုတ် အစည်းအဝေး တက်တာဆိုရင်တော့ နိုင်ငံတကာ အဆင့်အတန်း ပွဲတွေကို တက်လို့ရှိရင် ဘယ်လိုလုပ်သွားရမယ်၊ ဘယ်လိုလေးတွေ ဆင်ယင်သွားရမယ် ဆိုတာမျိုး လေးတွေပေါ့။ တချိန်တော့ နိုင်ငံတကာက ၀င်ရောက်လာတဲ့ အခမ်းအနား ပွဲလမ်းသဘင်နဲ့ လူပုဂ္ဂိုလ်များကို သတင်း ထောက်လှမ်းရမယ့် သတင်းထောက်တွေ ဝင်လာနိုင်သလို၊ ဒီက သတင်းထောက်တွေ အနေနဲ့လည်း နိုင်ငံတကာကို သွားရောက် ပြီးတော့ နိုင်ငံတကာက သတင်းထောက်တွေနဲ့ ရင်ဘောင်တန်းပြီးတော့ ပြောဆိုဆွေးနွေး လုပ်ကိုင် ဆောင်ရွက် ရမယ့် ကိစ္စတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ ပညာရှင်တွေကို၊ မီဒီယာလောကရဲ့ ပညာရှင်တွေကို အခုအချိန် ကတည်းကစပြီးတော့ ကြိုတင်ပြင်ဆင်ပြီး လုပ်ထားစေချင်တဲ့ သဘောပါ။

မေး။ ။ သတင်းထောက်ဆိုရင်တော့ တချို့တွေက လေးစားကြတယ်။ တချို့တွေက ရှုတ်ချတတ်ကြတယ်။ အဲဒါလေးတွေကို မတင်မိုးလွင် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လေးစားတယ်ဆိုတာက လေးစားလောက်တဲ့ လူတွေရှိပါတယ်။ သူရဲ့လေးစားလောက်သော ကလောင်၊ သူရဲ့လေးစားလောက်တဲ့ ဉာဏ်ရည်၊ သူရဲ့လေးစားလောက်တဲ့ နှလုံးရည်နဲ့စေတနာ၊ အမူအကျင့်တွေကြောင့် သိတတ်မှု တွေကြောင့်၊ လေးစားလောက်တဲ့ လူတွေရှိနေပါတယ်။ တခြားသော အနုပညာ လောကမှာလည်း သြဇာညောင်းပြီးတော့ ထင်ပေါ်ကြပါတယ်။ တချို့တွေကျတော့ လေးစားလောက်သော ကလောင်၊ လေးစားလောက်သော နှလုံးသားနဲ့ စေတနာ မရှိကြဘူးပေါ့။ သူတို့ရဲ့ ပြောဆိုပြုမူ နေထိုင်ပုံ၊ ၀တ်ပုံစားပုံ၊ သွားပုံလာပုံ အမူအကျင့်နဲ့ အပြုအမူပေါ့နော်။ အဲဒါလေးတွေ ကလည်း မှန်ကန်ဖို့ လိုတာလေးတွေ ရှိတာပေါ့။ အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ အရမ်းကိုတော်ပြီးတော့ အရမ်းကို မှန်ကန်ပြီးတော့ အဆင်ပြေကြပါတယ်။ နည်းနည်းလေး လိုအပ်တာ လေးကိုလည်းပဲ သူတို့ကိုယ်တိုင် ကလည်း လိုလားတာမို့လို့ မမိုးကနေပြီးတော့ ဖြည့်စွက်ပေးမယ်လို့ စိတ်ကူးလေးနဲ့ ပြင်ဆင်ပေးခြင်းဖြစ်ပါတယ်။

မေး။ ။ အခုလို စီစဉ်တော့ သူတို့တွေအတွက် သင်တန်းကြေးတွေ သတ်မှတ်ထားတာမျိုး ရှိပါသလား။
ဖြေ။ ။ မရှိပါဘူး။ မမိုးရဲ့ မောင်တွေ ညီမတွေလိုပေါ့နော်။ အဲဒီလို စိတ်လေးနဲ့ မမိုးကသူတို့ကို မျှဝေပေးခြင်း ဖြစ်ပါတယ်။ မမိုးက ပညာရှင် အလုပ်အကိုင်တခုအဖြစ် ရပ်တည်ကြမယ့် မောင်လေး ညီမလေးတွေကို လူတွေ လေးစားအားကျပြီးတော့
လူအလေးထားတဲ့ ပညာရှင် တယောက်အသွင်အပြင် ပေါ်လွင်စေချင်တဲ့ ဆန္ဒသက်သက်ပါပဲ။

မေး။ ။ နိုင်ငံတကာမှာ သွားပြိုင်နေတဲ့ မော်ဒယ်လ်တွေကိုရော မတင်မိုးလွင်အနေနဲ့ ဘယ်လိုမြင်လဲ။ မမိုးက ၀ါရင့် မော်ဒယ်လ် တယောက်ဖြစ်တဲ့အတွက်ကြောင့် အခုပြိုင်ပွဲဝင် မော်ဒယ်လ်တွေရဲ့ အားသာချက် အားနည်းချက်တွေကို ဘယ်လိုမြင်လဲ၊ ဘာလိုအပ်ချက်တွေ ရှိတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ လောလောဆယ်တော့ မြန်မာဆိုတဲ့ နာမည်တလုံးနဲ့ကို အရမ်းကို အားသာနေပါတယ်။ တကယ့်တကယ်က လိုအပ်နေတဲ့ စိတ်ကလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေက မော်ဒယ်လ်တွေက ပြီးပြည့်စုံနေလား၊
ကျန်တဲ့နိုင်ငံက Miss တွေကလည်း အရမ်းကို Perfect ဖြစ်နေလား၊ ဒီလိုတော့လည်း မဟုတ်ပါဘူး။ မမိုးတို့နိုင်ငံက Miss တွေက အရမ်းကိုထူးချွန်တယ်၊ ကြိုးစားတယ်၊ အရမ်းလည်း သတ္တိရှိကြပါတယ်။ လိုအပ်နေတာ လေးကတော့ မမိုးတို့
နိုင်ငံမှာရှိနေတဲ့ ပညာရှင်တွေက မော်ဒယ်လ်တယောက်ကို ၀ိုင်းဝန်းပံ့ပိုးဖို့ရယ်၊ ၀ိုင်းဝန်း လေ့ကျင့်ပျိုးထောင် ပေးဖို့ရယ်
လိုအပ်နေတာပါ။ သူတို့ရဲ့ နဂိုရှိပြီးသား စွမ်းရည်တွေ ကတော့ ရှိကြပါတယ်။ နိုင်ငံတော် အဆင့်၊ တိုင်းနဲ့ပြည်နယ် အဆင့် စီးပွားရေး လူမှုရေး ပညာရေးနယ်ပယ်၊ ဒါမျိုးတွေကနေ ၀ိုင်းဝန်း ကူညီပံ့ပိုးပေးဖို့ လိုပါတယ်။ အခုလောလောဆယ် မှာတော့
မမိုးတို့ကလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပါတယ်။ ဒါကတော့ နိုင်ငံရဲ့လူရည်ချွန် လူရည်မွန်တွေ ပေါ်ထွက်လာရေးမှာလည်း အခန်းကဏ္ဍတခု အနေနဲ့ အရေးပါတာမို့လို့ နိုင်ငံရဲ့ကိုယ်စားပြု စံပြမောင်မယ်တွေ ပေါ်ထွက်လာတာ အရမ်း ကောင်းပါတယ်။ နိုင်ငံကို ကိုယ်စားပြုတဲ့ အားကစားသမား တွေလိုပဲပေါ့။ နိုင်ငံကို ကိုယ်စားပြုတဲ့ စံပြမောင်မယ် တွေကလည်း တိုင်းပြည်ရဲ့ ရတနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို လူတွေအများကြီး ပေါ်လာတာ ကောင်းပါတယ်။ အဲဒီလို လူတွေကို နိုင်ငံခြားက ဖိတ်ခေါ်ပြီးတော့ သူတို့နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်တွေပေါ်တက်ဖို့ ဖိတ်ခေါ်ခြင်း ခံရတာဟာလည်း ဂုဏ်ယူ ၀မ်းမြောက်ဖွယ် ဖြစ်ပါတယ်။ အများကြီးလည်း ဒီထက်ပို ဖြစ်စေချင်ပါတယ်။ တကမ္ဘာလုံးမှာ ကျင်းပနေတဲ့ စံနမူနာပွဲပေါင်း များစွာရှိပါတယ်။ အဲဒီပွဲပေါင်း များစွာကို မမိုးတို့ မြန်မာပြည်က မောင်မယ်တွေ တက်ရောက် ပြီးတော့ ဂုဏ်ဆောင်စေချင်ပါတယ်။

မေး။ ။ လက်ရှိ မော်ဒယ်လ်လောကကော ဘယ်လို အနေအထားနဲ့ ရှိနေပါသလဲ
ဖြေ။ ။ မမိုးတို့ဘက်ကတော့ တိုးတက်ပြောင်းလဲ နေပါတယ်။ အကောင်းဘက်ကိုလည်း အများကြီး သွားပါတယ်။

နောက်ပြီးတော့ အဆိုးဘက် ကိုလည်း အများကြီး သွားပါတယ်။ အကောင်းဘက်ကို ပိုပြီးသွားဖို့အတွက် အများကြီး ၀ိုင်းဝန်းပြီးတော့လည်း ကြိုးစားနေကြ ပါတယ်။ အဆိုးဘက်ကို အများကြီး မသွားဖို့လည်း မမိုးတို့အနေနဲ့ ဆုတောင်း နေပါတယ်။ ဒါပေမယ့် ခေတ်နဲ့စနစ်အရ အယူအဆ လွဲတာလေးတွေရှိမယ်။ အပေါင်းအသင်း မှားတာလေးတွေ ရှိမယ်။ ဒါတွေကတော့ မမိုးတို့လည်း ကြည့်ပြီးတော့ ရင်နာရတာပေါ့။ တတ်နိုင်သလောက် ကတော့ အကောင်းများလာဖို့ ကောင်းမွန် မှန်ကန်ဖို့ လမ်းကြောင်းကို ဖြစ်လာဖို့ အတွက်ကတော့ ၀ိုင်းဝန်းပြီးတော့ အားထုတ်နေကြပါတယ်။ အခုလိုမျိုး Mr. တွေ Ms. တွေ၊ မောင်တွေမယ်တွေ ပေါ်လာတာဟာ အများကြီး ကောင်းမွန်တဲ့ အလင်းအားကို ပေးပါတယ်။ မော်ဒယ်လ်လောကက မကောင်းတဲ့ အမူအကျင့်တွေနဲ့ လောင်းရိပ်အောက်မှာရှိတဲ့ ဟာမျိုးလည်း ရှိနိုင်သလို အမြင်မကြည်လင်နိုင်တဲ့ အချိန်အခါ မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အခုလိုမျိုးပေါ့နော်၊ နိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ လူတွေ ပေါ်လာတဲ့အခါမှာတော့ လိုင်း၊ ကဏ္ဍတွေက အများကြီး ကွဲထွက်သွားပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း ထင်ထင်လင်းလင်း သိမြင်သွားတယ်။ ဘယ်လို ကိစ္စမျိုးတွေကတော့ အားပေးချီးမြှောက်ဖွယ်ရာ ဖြစ်ပြီးတော့ ဘယ်လိုကိစ္စတွေကတော့ အားပေးချီးမြှောက်ဖွယ်ရာ မဟုတ်ဘူးလဲ ဆိုတာ သိသွားတာပေါ့။ အရင်တုန်းက ဆိုရင်တော့ သိပ်တော့ မကွဲပြားဘူးပေါ့လေ။ အခုဆိုရင်တော့ ပိုပြီးတော့ စာပေစာနယ်ဇင်းမှာ ဆိုရင်လည်း ချီးမြှောက်အားပေး ရေးသားမှုတွေလည်း ရှိလာပြီ။ ဒါဟာ တခြားကိစ္စတွေကို တောင်မှ ချီးမြှောက် အားပေး ရေးသားနေတာတွေ ရှိသလို ဒီလိုကိစ္စမျိုးတွေ ဆိုရင် ပိုလုပ်ပေးရမှာပေါ့ဆိုတဲ့ အတွေးအမြင် အသိအမြင်တွေ ရှိလာတာပေါ့။

ဧရာဝတီမှ

Facebook မှာဆုံတွေ့ခဲ့ရတဲ့ သားအရွယ်ယောင်္ကျားလေးနဲ့ လက်ထပ်ခဲ့သူ အမျိုးသမီး အချစ်ကြောင့် နွားချေးကျုံးတဲ့ဘ၀ရောက်သော်လည်း သက်ဆုံးတိုင်ချစ်သွားမည်ဟုဆို

Posted by drmyochit Thursday, January 30, 2014, under | No comments



အမေရိကန် နိုင်ငံ ကအမျိုး သမီး တစ်ဦး ဟာ အချစ်စစ် ကိုယုံကြည် ခဲ့လို့ အရာ အားလုံး ကို စွန့်လွှတ် ခဲ့ တယ် လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသား ထားပါ တယ်။ ကယ်လီ ဖိုးနီးယား ပြည်နယ်မှာ နေ ထိုင် တဲ့ အသက် (၄၁) နှစ် အရွယ်ရှိ အက် ဒရီယာ နာ ဟာ အသက်ကြီး မှ အချစ် စစ်၊ အချစ်မှန် ကိုရှာဖွေ တွေ့ရှိပြီးတဲ့နောက်သူ့ရဲ့ချစ်သူအသက် (၂၅) နှစ်သာရှိသေးတဲ့ အိနိ္ဒယနိုင်ငံသား ကူးမားကို လက်ထပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

အက်ဒရီယာနာဟာကူးမားကိုFacebookကနေ တွေ့ဆုံခဲ့တာဖြစ်ပြီးချစ်သူတွေအဖြစ်ရောက်ရှိသွား ခဲ့ ပါတယ်။

ဒီနောက်သူတို့နှစ်ဦးဟာလက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

အက်ဒရီယာနာဟာကလေးအမေတစ်ဦးဖြစ်ပြီးသူ့မှာအသက် (၂၄) နှစ်အရွယ်သမီးတစ်ဦးလည်းရှိပါတယ်။ဆိုရရင် အက်ဒရီယာနာဟာ သူ့သားသမီးအရွယ်လောက်ကိုလက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ အက်ဒရီယာနာဟာကူးမားကိုအရမ်းချစ်ခဲ့တာမို့အိနိ္ဒယနိုင်ငံကို ပြောင်းရွှေ့ နေထိုင်ဖို့ဆုံးဖြတ် ခဲ့ပါတယ်။

ကူးမားနေထိုင်တဲ့နေရာဟာရွာလေးတစ်ရွာသာဖြစ်ပြီးမြို့ကိုရောက်ဖို့အနည်းဆုံးမိနစ် (၃၀) လောက် ကားမောင်း သွားရမှာ ဖြစ်ပါတယ်။အိနိ္ဒယနိုင်ငံမှာအမျိုးသမီးတွေရဲ့ဘ၀ဟာလုံခြုံမှုမရှိလို့အက်ဒရီ ယာနာကို ကူးမားဆီမသွား ရောက်ဖို့မိဘဆွေမျိုးတွေက ဟန့်တားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။

အက်ဒရီယာနာဟာအမေရိကန်မှာနေထိုင်စဉ်က ခေတ်ဆန်တဲ့အမျိုးသမီးဖြစ် ခဲ့ပေမယ့်အိနိ္ဒယကို ရောက်တဲ့အခါအရာရာပြောင်းလဲသွားခဲ့ပါတယ်။ ကူးမားရဲ့မိသားစုနဲ့အတူ နေထိုင်ရတာမို့ အိမ်အလုပ်တွေ ကိုလည်း ၀ိုင်း ကူလုပ် ပေးရပါတယ်။

ကူးမားဟာလယ်ယာလုပ်ငန်းလုပ်သူဖြစ်ပြီးအက်ဒရီယာနာအနေနဲ့နွား ချေးတွေတောင်ကြုံး ရတဲ့အထိ လုပ်ကိုင်ခဲ့ ရပါတယ်။

နောက်ပြီးကူးမားဟာဟိန္ဒူဘာသာကိုကိုးကွယ်သူဖြစ်တာမို့အက်ဒရီယာနာ အနေနဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ အိနိ္ဒ ယရိုးရာအ၀တ်အစားတွေကိုလည်း ၀တ်ဆင်ခဲ့ရပါတယ်။အက်ဒရီယာနာဟာ မတူညီတဲ့ ဘ၀ကို ရောက်သွားပေမယ့် သူ့အနေနဲ့ အမေရိကန် ကိုဘယ်တော့မှ ပြန်တော့မှာမဟုတ်ဘဲကူးမားနဲ့ တည်ထောင် ထားတဲ့ အိမ်ထောင် ရေးကိုသက်ဆုံးတိုင်တည်တံ့ဖို့ကြိုးစားသွား မှာဖြစ်ပြီးကလေး ရဖို့လည်း စီစဉ်နေ တယ် လို့ဖွင့်ဟခဲ့ပါတယ်။အချစ်ဟာ အရာရာကို ပြောင်းလဲစေတယ်ဆို တာဒီဖြစ်ရပ်က သက်သေပြ သွား ခဲ့ပါတယ်။

The Messenger

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်