Friday, July 25, 2014

MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

Posted by drmyochit Friday, July 25, 2014, under | No comments


ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဂျာဇီ ဒစ်ဇင်စကီးနှင့် အန်ဂျလာ ဒစ်ဇင်စကီးတို့ နှစ်ဦးက မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် သမီးဖြစ်သူ ဖာတီမာသည် ယူကရိန်းတွင် အသက်ရှင်လျက် ရှိနေဆဲဟု အလေးအနက် ယုံကြည်နေကြသည်။ ယခုအခါ ဇနီးမောင်နှံ နှစ်ဦးလုံးသည် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်သို့ ရောက်ရှိနေပြီး ဖာတီမာကို ရှာဖွေရန်အတွက် ယူကရိန်းသို့ ဆက်လက် ထွက်ခွာသွားသည်။

MH17သည် ယူကရိန်း အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ယူကရိန်း ခွဲထွက်ရေး သူပုန်များ ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်လိုက်ခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ သို့သော်လည်း ဂျာဇီနှင့် အန်ဂျလာတို့က တစ်ဦးတည်းသောသမီး ဖာတီမာ အနေဖြင့် အသက်ရှင်နေဆဲဟု အခိုင်အမာ ပြောဆိုနေကြသည်။ ဖာတီမာသည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသည့် လေယာဉ်နှင့်အတူ လိုက်ပါလာပြီး ထိုမှတစ်ဆင့် ပါ့သ်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ကတော့ သမီး ဒီနေ့အထိ အသက်ရှင်နေတုန်းပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ဒီနေ့ပဲ ကျွန်တော်တို့ ယူကရိန်းကို သွားပြီး သမီးကို လိုက်ရှာမလို့ပါ”ဟု ဖခင်ဖြစ်သူ ဂျာဇီက သတင်းထောက်များအား အမ်စတာဒမ်ရှိ ရှီပိုးလ်လေဆိပ်တွင် ဇူလိုင်(၂၅)ရက်နေ့က ပြောကြားခဲ့သည်။ ဂျာဇီသည် ဆရာဝန် တစ်ဦးလည်း ဖြစ်သည်။

ဖာတီမာသည် အသက်(၂၅)နှစ် အရွယ်ရှိပြီး အာကာသ သိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂျာဇီက လေယာဉ် ပေါက်ကွဲ ပျက်စီးချိန်တွင် သမီးဖြစ်သူသည် လွင့်စင်ထွက်သွားပြီး ထိုင်ခုံကူရှင်နှင့် တွဲလျက်သား ရှိနေသဖြင့် မြေပေါ်အကျတွင် ပြင်းထန်စွာ ထိခိုက်မှု မရှိဘဲ အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသည်။ “ဒိုးနက်စ်ခ်ကို ဆက်သွားဖို့ ကျွန်တော်တို့ စီစဉ်ပြီးသားပါ။ အဲဒီကနေတစ်ဆင့် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားပါမယ်။ သမီးက အဲဒီမှာ အသက်ရှင်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်နေတုန်းပဲ”ဟု ဂျာဇီက ဖွင့်ဟခဲ့သည်။

CNNသတင်းဌာနက လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ လက်ကိုင်ဖုန်းကို ဆွေမျိုးတစ်ဦးက ခေါ်ဆိုကြည့်သည့်အခါ အရှေ့ဥရောပသံ ဝဲဝဲနှင့် လူစိမ်းတစ်ဦးက ဖြေဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဂျာဇီက “CNNက မိုဘိုင်းလ်ဖုန်း သတင်းကို ခင်ဗျားတို့ ကြည့်ဖြစ်တယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကို သွားကိုသွားမယ်”ဟုလည်း ဆိုသည်။ ဂျာဇီတို့ ဇနီးမောင်နှံသည် လေယာဉ်ပျက် အနီးတဝိုက်တွင် DNA နမူနာများ ရယူခြင်းကဲ့သို့ စုံစမ်းရေး လုပ်ငန်းစဉ်များအတွက် နယ်သာလန်မှ စုံစမ်းစစ်ဆေးရေး ကွင်းဆင်းအရာရှိများကို အကူအညီ ပေးသွားမည် ဖြစ်သည်။

သူပုန်တပ်များ ထိန်းချုပ်ထားသည့် အဆိုပါ ဧရိယာတွင် အန္တရာယ် မကင်းလှကြောင်း သတိပေးမှုများ ရှိခဲ့သော်လည်း ဖာတီမာ၏ မိခင်ဖြစ်သူ အန်ဂျလာက “ကျွန်မတို့ မစိုးရိမ်ပါဘူး။ ကျွန်မတို့အတွက် ရှင်တို့လည်း မစိုးရိမ်ပါနဲ့။ ကျွန်မတို့ ဘေးကင်းမှာပါ။ ကျွန်မတို့က လေယာဉ် တိုက်ခိုက်ခံရတဲ့ နေရာကို သွားမှာပါ။ အဲဒီမှာ သမီးကိုလည်း လိုက်ရှာပါမယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ယောက် ရှိပါတယ်လို့ ဘယ်သူမှ မပြောကြဘူး။ ဒီကိစ္စမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ အသက်ရှင် ကျန်ရစ်သူတွေ ရှိနေဆဲဆိုတဲ့ အထောက်အထား တစ်ခုခုတော့ ရှိလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

MH17 ဖြစ်ရပ်ဆိုးကြီးတွင် ဩစတြေးလျ နိုင်ငံသား (၂၈)ဦးနှင့် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ (၉)ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

_YAHOO
7 Day

ရိုက်ကူးနေဆဲ Dragon Bladeသည် ၎င်းစိတ်ကြိုက်အတွေ့ဆုံး ရုပ်ရှင်ဟု ဂျက်ကီချန်း မှတ်ချက်ပြု

Posted by drmyochit Friday, July 25, 2014, under | No comments



လက်ရှိ ရိုက်ကူးနေသည့် Dragon Blade ဇာတ်ကားသည် မိမိဘဝတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ဂျက်ကီချန်းက ပြောကြားခဲ့သည်။

ဟောင်ကောင် အက်ရှင်မင်းသား ချန်းသည် (၂၀၁၅)ခုနှစ်တွင် ရုံတင်မည့် ရုပ်ရှင်မှာ ၎င်း၏ဘဝ တစ်လျှောက်လုံး လက်တွေ့ရိုက်ကူးရန် မျှော်လင့်ထားသည့် ဇာတ်ကားမျိုးဟု မှတ်ချက်ပြုခဲ့သည်။ ချန်းသည် Dragon Blade ရိုက်ကူးရေးအတွက် တရုတ်နှင့် အိန္ဒိယ နယ်နိမိတ်အနီး အက်ဆိုင်းသို့ ရောက်ရှိနေပြီး ယခုသီတင်းပတ် အစောပိုင်းက မီဒီယာများနှင့် ရိုက်ကွင်းတွင် တွေ့ဆုံခဲ့သည်။

“ဒီပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ (၇)နှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒါရိုက်တာ ဒန်နီရယ်လ်လီက ဇာတ်ညွှန်းကို စိတ်တိုင်းကျ ပြန်ပြီး အချောသပ်တယ်။ ဒီဇာတ်ကားဟာ ကျွန်တော် တကယ်တမ်း အလေးအနက် အလိုရှိခဲ့တဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်ဝင်ခန်းတွေထဲက ပြောစကားတွေ၊ ဇာတ်အိမ်အလှည့်အပြောင်းတွေ၊ အချိတ်အဆက်တွေ အားလုံးက အရမ်း ပြောင်မြောက်တယ်”ဟု ချန်းက ဆိုသည်။

Dragon Bladeသည် တရုတ်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ကားဖြစ်ပြီး ရိုက်ကူးရသည်မှာ တာဝန်ကြီးလွန်းကြောင်းလည်း ချန်းက မှတ်ချက်ပြုခဲ့သည်။ “ရိုက်ကွင်းမှာ လူတွေရာနဲ့ချီပြီး လှုပ်ရှားနေတာကို ပေါ်လွင်စေဖို့အတွက် တိုက်ခိုက်မှု ပုံစံတွေကအစ ပိုပြီး ခက်ခဲတဲ့ အခြေအနေမျိုးကို ပြောင်းလဲလိုက်ရတယ်။ အများစုကတော့ သင်ပေးရင် အတတ်မြန်ကြပါတယ်”ဟု ချန်းက ဆိုသည်။ ၎င်းက “ဒီဇာတ်ကားမှာ ပါဝင်တဲ့ အတိုက်အခိုက် ဇာတ်ဝင်ခန်းတွေက တကယ့် မာမာထန်ထန်၊ အားပါပါ လှုပ်ရှားမှုတွေပါ။ ကိုယ်ခံပညာရဲ့ အနှစ်သာရ စစ်စစ်တွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ပြသရတာမျိုးကို ကျွန်တော် အရမ်းကြိုက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

_Channel NewsAsia
7 Day

တွစ်တာပေါ်တွင် ရေပန်းစား ခဲ့သည့် သြစတြေးလျ ဟော်ကီသမ နှစ်ဦး၏ Selfie ဓာတ်ပုံ

Posted by drmyochit Friday, July 25, 2014, under | No comments


စကော့တလန် နိုင်ငံမှာ ကျင်းပနေတဲ့ ဓနသဟာယ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် နေတဲ့ သြစတြေးလျ အမျိုးသမီး ဟော်ကီ အသင်းက ကစားသမား နှစ်ဦးရဲ့ Selfie ဓာတ်ပုံဟာ မထင်မှတ်ပဲ လူမှု ကွန်ယက်တွေ ပေါ်မှာ ထင်ပေါ် ကျော်ကြား သွားခဲ့ ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ မလေးရှား အသင်းကို သြစတြေးလျ အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသမီး ဟော်ကီပွဲ အပြီးမှာ သြစတြေးလျ  ဟော်ကီမယ် နှစ်ယောက် ဟာ ဂိုးပေါက် ရှေ့မှာ selfie ဓာတ်ပုံ ရိုက်ကူးခဲ့ ကြရာမှာ ဂိုးတိုင် နောက်ဖက်မှာ ရှိနေတဲ့ ဗြိတိန် ဘုရင်မကြီး အဲလီဇဘက် ၂ က ကင်မရာဖက်ကို ကြည့်ပြီး ပြုံးပြ နေတာ ပါလာ ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ ပါတဲ့ ကစားသမား ဂျိတ်တေလာက “ငါတို့ရဲ့ selfie ပုံမှာ ဘုရင်မကြီး ပါတယ်”လို့ ရေးသားပြီး တွစ်တာပေါ်မှာ တင်လိုက်တဲ့ နောက်မှာပဲ ဖြန့်ဝေ သူတွေ၊ ကြိုက်နှစ်သက် သူတွေနဲ့ ပလူပျံ သွားခဲ့ ပါတယ်။

ဓာတ်ပုံကို တင်လိုက်ပြီး ငါးနာရီလောက် မှာပဲ ပြန်ပြောသူ(retweet)ပေါင်း ငါးထောင် နီးပါး ရှိခဲ့သလို ကြိုက်နှစ်သက်ခဲ့ သူကလည်း လေးထောင်ကျော် ရှိခဲ့ပါတယ်။ “ကျွန်မတို့ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ ကြတာပါ။ သူ အဲဒီတံခါးက ထွက်လာ တာနဲ့ ကွက်တိ ချိန်ပြီး ကျွန်မတို့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ ကြတာ ဖြစ်ပြီး တကယ် ရိုက်တဲ့ အချိန်မှာ သူ ကျွန်မတို့ နောက်မှာ ရှိနေပြီး ကင်မရာကို ပြုံးပြ ခဲ့တာပါ”လို့ တေလာက နောက်ပိုင်းမှာ ပြန်ပြောပြ ခဲ့ပါတယ်။ အခု အချိန်မှာ အဲဒီ သတင်းကို မီဒီယာ တော်တော် များများက ဖော်ပြခဲ့ ကြပြီး ရေပန်းစားတဲ့ selfie ဓာတ်ပုံ တစ်ပုံလို့ ဖော်ကျူး နေကြ ပါတယ်။

Ref: BBC
Mizzima

မြန်မာအမျိုးသမီးတွေ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာကို အစိုးရ ဘာပြောပြီလဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ဧည့်သည်တွေကို ဘုရင်လို ခံစားရအောင်လို့ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာတွေကို မလုပ်ဖို့ Vintage Luxury Hotel အမည်ရှိ ရေပေါ်ဟိုတယ် တာဝန်ရှိသူတွေကို အစိုးရက ခေါ်သတိပေးလိုက်ပါတယ်။

ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းတွေက ဧည့်သည်တွေကို ဒူးထောက် ဝန်ဆောင်မှု ပေးတာလို လွန်ကဲတဲ့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမရှိတဲ့ ဝန်ဆောင်မှုတွေကို မပေးဖို့ ဟိုတယ်တာဝန်ရှိသူတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ခေါ်ယူ သတိပေးလိုက်တာပါ။

ဟိုတယ်နဲ့ တည်းခိုခန်းတွေ အနေနဲ့ ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအသောက်နဲ့ အဖျော်ယမကာ တွေမှာလည်း ဟိုတယ်နဲ့ ခရီးသွားလာရေး သင်တန်းကျောင်းတွေက သင်တန်းပေးထားတဲ့ ဝန်ဆောင်မှုထက် ပိုကဲတဲ့၊ သာမန်ထက် လွန်ကဲတဲ့ ဝန်ဆောင်မှုမျိုး မပေးဖို့ သတိပေးပါတယ်။

ခရီးလှည့်လည်ရေး ကုမ္ပဏီတွေ အနေနဲ့ စင်းလုံးငှားလေယာဉ်တွေ၊ အပျော်စီးသင်္ဘောတွေ၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်း စတဲ့ နေရာတွေမှာလည်း လွန်ကဲတဲ့ ဝန်ဆောင်မှုတွေ မပေးမိဖို့ သတိပေးထားပါတယ်။

နိုင်ငံခြားသား ဧည့်သည်တွေကို ဧည့်ကြိုခန်းမမှာ မြန်မာ အမျိုးသမီးတွေ ဒူးထောက်ပြီး ဝန်ဆောင်မှု ပေးနေတဲ့ ဓါတ်ပုံတွေ အင်တာနက် လူမှုစာမျက်နှာမှာ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဝေဖန်မှုတွေ ပွတ်လောရိုက် နေပါတယ်။

ဒူးထောင်ဝန်ဆောင်မှု ပေးတဲ့ ဓာတ်ပုံတွေဟာ ဟိုတယ်ရဲ့ဝန်ဆောင်မှုကို ကြော်ငြာတဲ့ပုံပါ ။ တကယ်ဝန်ဆောင်မှုပေး အဲ့ဒီလို မဟုတ် ပါဘူး လို့ ရေပေါ်ဟိုတယ် operation manager အိန္ဒိနိုင်ငံသား မစ္စတာ အဲရစ်က ပြောပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြုပ်နှံထားတဲ့ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ရေပေါ်ဟိုတယ်ကို ရန်ကုန်မြို့တော် ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ ဇူလိုင်လ ၁ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။

The Voice Weekly

ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး

Posted by drmyochit Friday, July 25, 2014, under | No comments


ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါ တယ်။ လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။

ဒီညွှန်ကြားချက်ဟာ မကြာသေးခင် အွန်လိုင်းမှာ လူပြောများခဲ့တဲ့ ပုံတပုံကြောင့် ဖြစ်ပါလိမ့်မယ်။

ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။
တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။

ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင် လုပ်တဲ့ ဝန်ဆောင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာတော့ ဒီဝန်ဆောင်မှုက ကောင်းကောင်း အဆဲခံနေရပါပြီ။

ဟိုတယ်ခရီးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ရုံတင်မက သက်ဆိုင်ရာဟိုတယ်ကိုလည်း ခေါ်ယူ သတိပေးထားကြောင်း ဒီကနေ့ရက်စွဲနဲ့ ဝန်ကြီးဌာနအွန်လိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းမှာတွေ့ရတဲ့သတင်း

ထုတ်ပြန်ချက် နဲ့ ညွှန်ကြားချက်တို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

လူမှုကွန်ယက်များတွင်ပျံ့နှံ့လျက်ရှိသော Vintage Luxury Yacht Hotel ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက အဆိုပါဟိုတယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြင်းထန်စွာသတိပေး

၂၅ ဇူလိုင်၊ နေပြည်တော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ် အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။

အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။

စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင် စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service) သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေ၊အလေးအမြတ်ပေးသော အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီး တစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်း ရန် ပြင်းထန် စွာသတိပေးခဲ့ပါသည်။

Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သောဝန်ဆောင်မှုများကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ် အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေးထားရှိပါသည်။






ဧရာဝတီ

RCSS/SSA အဖွဲ့အတွက် SNDP ပါတီဝင်မှ ဒေသခံရွာသား(၅)ဦးအား လိမ်လည်၍ လူသစ်စုဆောင်းခြင်း

Posted by drmyochit Friday, July 25, 2014, under | No comments


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပါတီဝင် တစ်ဦး သည် ဇူလိုင် ၂၀ ရက်နေ့က ဒေသခံရှမ်းအမျိုးသား(၅)ဦးအား လူသစ်အဖြစ် လိမ်လည်စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျိုင်းလပ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်၊ ၀မ်လုံရွာနေ ဦးအိုက်ပန်းနှင့် မောင်အိုက်ကျန် တို့ (၂)ဦးအား တစ်ရွာတည်းနေ SNDP ပါတီဝင်တစ်ဦးဖြစ်သူ ဦးမိုင်ခမ်းမှ အလုပ်လုပ်ရန်ဟု လိမ်လည်ပြောဆိုကာ ဇူလိုင်(၂၀)ရက် ည ၈ နာရီခန့်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“ ကျွန်တော့်သားကို အလုပ် လုပ်ချင်ရင် လိုက်ခဲ့၊ ဟိုရောက်လို့ မလုပ်ချင်ရင် ပြန်လို့ရတယ်ဆိုပြီး ဦးမိုင်ခမ်း က ခေါ်သွားတာ၊ ဒီနေ့အထိ ပြန်မလာသေးဘူး၊ ဦးမိုင်ခမ်းလည်း ပြန်မလာဘူး၊ သူက အရင်တုန်းက ရွက်ဆစ် အဖွဲ့ရဲ့ အမာခံသတင်းပေးလုပ်ဖူးတော့ သားအတွက် စိုးရိမ်နေတယ် ” ဟု မောင်အိုက်ကျန်၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အလားတူ ယင်းပါတီဝင်သည် မိုင်းပါလျှိုးအုပ်စု၊ နမ့်ဖျန်ကျေးရွာမှ ရွာသား(၃)ဦးကိုလည်း အလုပ်ရှာပေးမည်ဟု ခေါ်ဆောင်သွားရာ ယနေ့အချိန်အထိ ပြန်ရောက်မလာ၊ သတင်းလည်း မကြားရသဖြင့် မိဘများက စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

“ ခေါ်သွားတာ ၅ ရက်ရှိပြီ၊ ဘာမှ ဆက်သွယ်မလာဘူး၊ အလုပ်ရ မရ ဖုန်းဆက်ဖို့ ပြောထားပေမယ့် တစ်ယောက်မှ ဖုန်းမဆက်ဘူး၊ စိတ်ပူလို့ ၀မ်လုံရွာကို ဦးမိုင်ခမ်း ပြန်ရောက်ပြီလား သွားကြည့်တော့လဲ မရောက်သေးဘူး၊ ရှမ်းစစ်တပ်ထဲ သွင်းလိုက်ပြီလား မသိဘူး ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ကျိုင်းလပ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက “ ရွာသားငါးယောက်ကို SNDP ပါတီဝင် ဦးမိုင်ခမ်း အလုပ်လုပ်ဖို့ ခေါ်သွားတယ်လို့ သိရပါတယ်၊ သူပြန်လာမှ အဖြစ်မှန် သိရမှာပါ၊ မိဘတွေက စိတ်ပူပြီး RCSS/SSA အဖွဲ့ထဲ သွင်းလိုက်ပြီလို့ ထင်နေကြတယ်၊ ဦးမိုင်ခမ်းဟာ အရင် အဲဒီအဖွဲ့နဲ့ပတ်သက်ခဲ့ဖူးတာ မှန်ပါတယ်၊ ဒါပေမယ့် အခု သူက SNDP ပါတီဝင် ဖြစ်နေပါပြီ၊ တကယ်လို့ ရွာသားငါးယောက်ကို လိမ်ညာ ခေါ်ဆောင်ပြီး အဲဒီအဖွဲ့ထဲ ထည့်တယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူတွေရဲ့ ဆန္ဒအရ တရားဥပဒေအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ပြောကြားသွားသည်။

စိုင်းရွှေအောင်
Shan News

အက ကောင်းတဲ့ ထိုင်းနိုင်ငံက ရဲ

Posted by drmyochit Friday, July 25, 2014, under | No comments


ထိုင်း နိုင်ငံက ရဲတဦးက လူထု ဆက်ဆံရေး ကောင်းမွန်မှုကို ပြသတဲ့အနေနဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ တွေ့ဆုံပွဲ တခုမှာ အခုခေတ် လူငယ်တွေ အကြိုက် က ပြဖျော်ဖြေခဲ့ပါတယ်။

ထိုင်းရဲ ကပြဖျော်ဖြေသွားတဲ့ ကကွက်တွေက ယူနီဖောင်းဝတ်နဲ့ ကပြတာဖြစ်ပြီး ခက်ခဲတဲ့ ကကွက်တွေ လည်းဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေက လည်း သူရဲ့ ကပြဖျော်ဖြေမှုကို အားပေးမှုက တခဲနက်ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ အခုလို လူထုဖျော်ဖြေရေး လုပ်ငန်းတွေအနေနဲ့ အစိုးရ ဝန်ထမ်းတွေက အလျဉ်းသင့်သလို
ဖျော်ဖြေ မှုတွေ လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ လပိုင်းတွေက အွန်လိုင်းလောကမှာပါ နာမည်ကြီးခဲ့တဲ့ ရန်ကုန်မြို့က ယာဉ်ထိန်းရဲ့ တဦးရဲ့ တာဝန်ထမ်းဆောင်မှုက တကယ့်ကို အကွက်ကျကျ က  နေသလားလို့တောင် ထင်ကြရပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ

ဒိုင်လူကြီးများကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးပြီး လုပ်ပွဲ လုပ်စားသူ ထောင် ၃ နှစ်ကျ

Posted by drmyochit Friday, July 25, 2014, under | No comments


လက်ဘနွန်နိုင်ငံသား ဘောလုံးဒိုင်လူကြီး ၃ ဦးအား ပြည့်တန်ဆာများဖြင့် ဖျော်ဖြေပေးပြီး၎င်းတို့တာဝန်ယူမည့် ဘောလုံးပွဲကို လုပ်ပွဲလုပ်ခိုင်းသူ စင်္ကာပူနိုင်ငံသား အသက် ၃၂ နှစ်ရှိ Eric Ding (ပုံ - နေကာမျက်မှန် တတ်လျက်) ကို ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ်
မနေ့က ချမှတ်ခဲ့သည်။

Eric Ding သည် ၂၀၁၃ ခုနှစ်က စင်္ကာပူကလပ် တန်းပနိစ်ရိုဗာ Tampinese Rover နှင့် အိန္ဒိယ ကလပ်အသင်း East Bengal တို့ ကစားမည့် AFC ဖုလားပွဲစဉ်တခုအတွက် တာဝန်ကျဒိုင် ၃ ဦးကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

ဖီဖာကွင်းလယ်ဒိုင် Ali Sabbagh သည် Eric Ding ငှားပေးသော အမျိုးသမီး တဦးနှင့် လိင်ဆက်ဆံ ခဲ့ကြောင်း ၀န်ခံခဲ့ပြီး စင်္ကာပူတွင် ထောင်ဒဏ် ၆ လ ကျခံရလျက်ရှိသည်။ အရံဒိုင် ၂ ဦးဖြစ်သော Ali Eid နှင့် Abdallah Taleb တို့ သည်လည်း ထောင်ဒဏ် ၃ လစီ ကျခံနေရကြောင်း သိရသည်။

ယင်းအပြင် ကွင်းလယ်ဒိုင်အား ဖီဖာက ဒိုင်လူကြီးတာဝန်မှ ရာသက်ပန် တားမြစ်လိုက်ပြီး ကျန်ဒိုင် ၂ ဦးကိုမူ ၁၀ နှစ်စီ ပိတ်ပင်လိုက်သည်။

Eric Ding ၏ရှေ့နေက အယူခံဝင်မည်ဟု တရားရုံးအား လျောက်လဲ၍ အာမခံတောင်းသော်လည်း တရားသူကြီးက တရားခံသည် ထွက်ပြေး တိမ်းရှောင်နိုင်သည့် အလားအလာရှိသည်ဟု ယူဆသဖြင့် အာမခံမပေးခဲ့ပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သာပေါင်းမြို့နယ် ကျေးရွာအုပ်စုလေးစုအတွင်း လေပြင်းတိုက်၍ အိမ် ၁၇လုံး ပျက်စီး

Posted by drmyochit Friday, July 25, 2014, under | No comments

ပုသိမ်၊ ဇူလိုင် ၂၄

- ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိကျေးရွာအုပ်စုလေးအုပ်စု အတွင်း ဇူလိုင် ၂၁ရက် ည ၁ဝ နာရီ ခန့်၌ မိုးသက်လေပြင်း ကျရောက်ခဲ့ ခြင်းကြောင့် နေအိမ်၁၃လုံး ပြိုလဲခဲ့ ပြီး နေအိမ်လေးလုံးမှာ အမိုးနှင့်အ ကာများပျက်စီးသွားခဲ့သည်ဟု သာ ပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခံရ သော ကျေးရွာများမှာ သာပေါင်းမြို့ နယ်အတွင်း၌ရှိသည့် ထန်းကြိုကုန်း၊ ပျဉ်းမထုန်း၊ ငဝန်ထောင့်ကြီးနှင့်အုတ် ရှစ်ကုန်းရွာတို့ဖြစ်သည်။
''ညပိုင်းရုတ်တရက်ကြီး တဖြည်း ဖြည်းလေက ပြင်းထန်လာပြီး အိမ်တွေ ပြိုကုန်တာပါပဲ။ နေရေးစားရေး ပြန်လည်တည်ဆောက်နိုင်ရေး အကူ အညီတွေကတော့ လိုနေကြတယ်'' ဟု ကျေးရွာအုပ်စုလေးစုမှ ဒေသခံ တစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၁၇လုံး ပျက်စီးပြီးနောက် အမျိုးသား ၃ဝဦး၊ အမျိုးသမီး၃၉ဦး တို့ အိုးအိမ်မဲ့ဖြစ်ခဲ့သော်လည်း သေ ဆုံးခဲ့မှုမရှိခဲ့ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်က ပြောသည်။

လက်ရှိမြို့နယ်နှင့် ရပ်ကျေး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အဖွဲ့မှ ပြိုလဲသွားသည့် နေအိမ်များ ကို ပြန်လည်ဆောက်လုပ်ပေးနိုင် ရေးအတွက် စီစဉ်လျက်ရှိကြောင်း၊ စားသောက်ရေး၊ နေထိုင်ရေးနှင့်ကျန်း မာရေးအတွက်လည်း အဆိုပါအဖွဲ့မှ ယာယီဆောင်ရွက်ပေးလျက်ရှိသည်။

ဇူလိုင် ၁၇ရက်မှခုနစ်ရက် အတွင်း မုတ်သုံလေအား ပြတ်တောက်မည် ဖြစ်ပြီး ဘင်္ဂါလားပင်လယ်အော် မြောက်ပိုင်းတွင် လေထုမငြိမ်သက် မှုတွေ ဖြစ်ပေါ်ကာ ဇူလိုင်၁၇ ရက် ၌ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ငါးပေမှ ခြောက်ပေအထိ လှိုင်းကြီးနိုင်ကြောင်း၊ ရန် ကုန်တိုင်းတောင်ပိုင်း၊ ဧရာဝတီ တိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိမြေနိမ့်ပိုင်း၊ လယ်ကွင်းများ၌ရေကြီးနိုင် သည့်အလားအလာရှိကြောင်း မိုးလေ ဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံကမ်းရိုးတန်းဒေသ ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော မုန်တိုင်းငယ်ကြောင့် ၄င်းကမ်းရိုးတန်း နှင့် ထိစပ်နေသည့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်ကျား မိုးကြီးနိုင်ပြီး မိုးသည်းထန်မှုနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ၊ ဒီရေမြင့်တက်ခြင်း၊ ရေလျှံရေကြီးမှု များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒဌာနမှ ဇူလိုင် ၂၁ရက် ညက သတင်းထုတ်ပြန်ခဲ့သည်။

KKK (MMK)
‪Democracytoday‬
Yangon Media Group

AH5017၏ အပျက်အစီးများ ရှာဖွေတွေ့ရှိပြီဟု ကြေညာ

Posted by drmyochit Friday, July 25, 2014, under | No comments



ပျက်ကျသွားကြောင်း အတည်ပြုခဲ့သည့် အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ် AH5017၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီဟု သတင်းရရှိသည်။

Air Algerie လေကြောင်းလိုင်း၏ MD-83 လေယာဉ်သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်၍ မြောက်ဘက်စူးစူးသို့ ပျံသန်းရင်း မာလီနိုင်ငံ ပိုင်နက်အတွင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လေကြောင်းလိုင်းက ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားသည့် လေယာဉ်သည် ပျက်ကျသွားခြင်းဟု အတည်ပြု ကြေညာခဲ့သည်။ ယခုအခါတွင်မူ လေယာဉ်ပျက် နေရာကို ရှာဖွေနိုင်ခဲ့ပြီဟု သိရသည်။

ဘာကီနာဖာဆို စစ်တပ်က လေယာဉ်သည် ဘာကီနာဖာဆို နယ်ခြားနှင့် ကီလိုမီတာ (၅၀)မျှအကွာ မာလီနိုင်ငံအတွင်းတွင် ပျက်ကျသွားခြင်းဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးသည် ဆိုးဆိုးဝါးဝါး ရာသီဥတုကြောင့် လမ်းကြောင်းပြောင်းလဲ ပျံသန်းခွင့်ပေးရန် နိုက်ဂျား လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် တောင်းဆိုခဲ့ပြီး ထို့နောက်တွင် လေယာဉ်နှင့် ထိန်းချုပ်ရေး မျှော်စင်တို့ကြား အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်သည် Air Algerie လေကြောင်းလိုင်းအတွက် မှတ်ပုံတင်ထားသော်လည်း စပိန်လေကြောင်းလိုင်း Swiftairက စင်းလုံးငှား အသုံးပြုနေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

မာလီ အစိုးရ ရုပ်မြင်သံကြား ဌာနကလည်း ဘူလီကက်ဆီ ရွာအနီးတွင် လေယာဉ်ပျက် အစိတ်အပိုင်းများကို ရဟတ်ယာဉ်ပေါ်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘာကီနာဖာဆို စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဂီးလ်ဘတ် ဒီရန်ဒီရီက မာလီအစိုးရသည် ဘာကီနာဖာဆို စစ်တပ်များကို နယ်ခြားဖြတ်ကျော် ဝင်ရောက်ခွင့်ပြုပြီး လေယာဉ်ကို ရှာဖွေနိုင်ရန် ကူညီပေးခဲ့ကြောင်း APသို့ ပြောကြားခဲ့သည်။

“လောလောဆယ်တော့ ရှာဖွေရေး အဖွဲ့တွေက ရုပ်အလောင်းတွေကို တွေ့ထားပြီးပြီ။ လေယာဉ် အပျက်အစီးတွေကတော့ လုံးဝကို မီးကျွမ်းပြီး ပြန့်ကျဲနေတယ်”ဟု ဒီရန်ဒီရီက ဆိုသည်။ လေယာဉ်ပေါ်တွင် ပြင်သစ်နိုင်ငံသား (၅၁)ဦး လိုက်ပါသွားရာ ရှာဖွေရေး ကဏ္ဍတွင် ပြင်သစ်တိုက်လေယာဉ်များကလည်း ပူးပေါင်းကူညီခဲ့ပြီး ကုလသမဂ္ဂကလည်း ရဟတ်ယာဉ်များ စေလွှတ်ပေးခဲ့သည်။ လေယာဉ်သည် မာလီနိုင်ငံ တောင်ပိုင်းရှိ ဂိုအာအနီးတွင် အဆက်အသွယ် ပြတ်သွားပြီး ရှာဖွေရေး လုပ်ငန်းများကို ဂါအိုမှ အစပြုကာ မြောက်ပိုင်း တက်ဆာလစ်ထိ ဖြန့်ကျက် အကောင်အထည် ဖော်ခဲ့သည်။


ဘာကီနာဖာဆို အစိုးရ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ် ပါသွားသူများတွင် ဘာကီနာဖာဆို နိုင်ငံသား (၂၇)ဦး၊ ပြင်သစ်(၅၁)ဦး၊ လက်ဘနွန်မှ (၈)ဦး၊ အယ်လ်ဂျီးရီးယား နိုင်ငံသား (၆)ဦး၊ လူဇင်ဘာ့ဂ်မှ (၂)ဦး၊ ကနေဒါမှ (၅)ဦး၊ ဂျာမနီမှ (၄)ဦး၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနှင့် မာလီတို့မှ (၁)ဦးစီ ပါဝင်ကြောင်း သိရှိရသည်။ လေယာဉ်အမှုထမ်း အားလုံးမှာ စပိန်နိုင်ငံသားများ ဖြစ်ကြကြောင်း စပိန်လေယာဉ်မှူးများ သမဂ္ဂမှ ကြေညာသည်။ AH5017သည် ဘာကီနာဖာဆိုရှိ အူရာဂါဒူဂူမှ အယ်လ်ဂျီးရီးယားရှိ အယ်လ်ဂျီရားစ်မြို့သို့ တစ်ပတ်လျှင် လေးကြိမ် ပုံမှန်ပျံသန်း ပြေးဆွဲနေခဲ့ကြောင်းလည်း AFPက ဖော်ပြခဲ့သည်။

_BBC
7 Day

ချောင်းရေလျှံစဉ် ကြိုးတံတားပြတ်ကျရာ ပါသွားသူလေးဦး ပျောက်ဆုံးနေဆဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေလျှံသောကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျရာ လူ ၂၀ ခန့် ချောင်းအတွင်းပါ သွားပြီး လေးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာ နှင့် ရှင်လုံကျိုင်းကျေးရွာကို ဆက် သွယ်ထားသည့် သံလွင်မြစ်နှင့် ဆက်စပ်နေသော  နမ့်လင်း ချောင်းကူးကြိုးတံတားသည် ဇူလိုင် ၂၂ ရက်က ပြတ်ကျခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသူများကို ဇူလိုင် ၂၄ ရက်အထိ ပြန်မတွေ့သေးကြောင်း ကွမ်းလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘တံတားပေါ်မှာ လူနှစ်ဆယ် လောက်ဖြတ်နေတဲ့အချိန် ပြတ် ကျသွားတာ။ လေးယောက်က တော့ ချောင်းထဲမျောသွားတယ်။ ရေစီးက အရမ်းကြမ်းတော့ အသက်ရှင်ဖို့တော့ မလွယ်တော့ ဘူး။  သံလွင်မြစ်ကလည်း ထုံးစံ အတိုင်း  လွယ်လွယ်နဲ့အလောင်း ပြန်မပေါ်တတ်ဘူး’’ဟု ၎င်းက ပြောသည်။

ပြတ်ကျသည့် ကြိုးတံတား သည် ပေ ၁၅၀ ခန့်ရှည်ပြီး ဇူလိုင် ၂၂ ရက်က ဟိုလီကျေးရွာတွင် ငါးရက်တစ်ကြိမ်ရောင်းသည့် ဈေးနေ့ဖြစ်သောကြောင့် အခြေအနေပိုဆိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။  ဒဏ်ရာရသူများကိုဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး စိုးရိမ်စရာမရှိတော့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၂ ရက်တွင်ပင် ကွမ်းလုံနှင့် သိန်းနီမြို့ကို ဖြတ် သွားသည့် ပြည်ထောင်စုလမ်း မကြီးပေါ် မြေတူးစက်ဖြင့် လမ်း ရှင်းလင်းရေးလုပ်နေသည့် အေး ရှာဝေါ ကုမ္ပဏီဝန်ထမ်းနှစ်ဦး တောင်ပေါ်မှ ပြုတ်ကျလာသော ကျောက်တုံးများကြောင့် ချောက် အတွင်းပြုတ်ကျသွားခဲ့ကြောင်း သတင်းရရှိသည်။ မြေတူးစက်ပါ ပြုတ်ကျသွားခြင်းဖြစ်ပြီး တစ်ဦး သေဆုံးကာ ကျန်တစ်ဦးမှာ လားရှိုးဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း သတင်းရရှိသည်။

ယင်းမြို့တွင် သဘာဝဘေးကြောင့် ဇူလိုင် ၂၂ ရက် တစ်နေ့တည်းတွင်သေဆုံးသူငါးဦးရှိသည်။

7 Day

ဘာသာပြောင်းမှုကြောင့် သေဒဏ်ချမှတ် ခံရဖူးသည့် ဆူဒန်အမျိုးသမီး နိုင်ငံမှ ထွက်ခွာခွင့်ရရှိ

Posted by drmyochit Friday, July 25, 2014, under | No comments


ဘာသာကူးပြောင်း ကိုးကွယ်မှုကြောင့် သေဒဏ်ချမှတ် ခံခဲ့ရပြီးမှ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် ဆူဒန်အမျိုးသမီးသည် ယခုအခါ နိုင်ငံအတွင်းမှ ထွက်ခွာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

မီရိုင်ယမ် ယာဟီရာ အီဘရာဟင်မ် အစ်ရှက်နှင့် သူမ၏ မိသားစုတို့သည် အီတလီ အစိုးရ စီစဉ်ပေးသည့် လေယာဉ်တစ်စီးဖြင့် ဇူလိုင်(၂၄)ရက်တွင် ဆူဒန်မှ အီတလီသို့ ထွက်ခွာခဲ့သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အီတလီ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် လာပိုပစ္စတယ်လီလည်း လိုက်ပါသွားကြောင်း သိရသည်။

မီရိုင်ယမ်သည် သေဒဏ်စီရင်ချက် ပယ်ဖျက်ပေးခြင်း ခံရပြီးနောက် ခါတိုရမ်ရှိ အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံနေခဲ့ရသည်။ သူမ၏ ဖခင်သည် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပြီး ဆူဒန်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ မီရိုင်ယမ်သည် အလိုအလျောက် အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် အကျုံးဝင်လာပြီး ဘာသာပြောင်းလဲခွင့် မရှိချေ။

မီရိုင်ယမ်ကို ခရစ်ယာန် ဘာသာဝင် မိခင်က ပျိုးထောင်ပေးခဲ့ပြီး သူမ၏ ဘဝတွင် မည်သည့်အခါကမျှ အစ္စလာမ် ဘာသာဝင်အဖြစ် မခံယူခဲ့ဖူးကြောင်း မီရိုင်ယမ်က ပြောဆိုခဲ့ဖူးသည်။ အီတလီ နိုင်ငံတကာရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပစ္စတယ်လီသည် မီရိုင်ယမ်ကို ဆူဒန်မှ ခေါ်ထုတ်လာပြီး ရောမမြို့သို့ ဦးတည်ထွက်ခွာခဲ့သည်။ ဝန်ကြီးက ၎င်း၏ Facebook စာမျက်နှာတွင် မီရိုင်ယမ်တို့ မိသားစုနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံကို လွှင့်တင်ထားခဲ့သည်။

မီရိုင်ယမ်၏ ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီမှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသည့် တောင်ပိုင်းဆူဒန်သား ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သည်။ မီရိုင်ယမ်သည် ဘာသာရေး ဖောက်ပြန်မှု စွဲချက်ဖြင့် အကျဉ်းချခံနေရစဉ် အတောအတွင်း သမီးငယ် မာယာကို ထောင်ထဲတွင် မွေးဖွားခဲ့သည်။ ထို့နောက် မကြာမီ မီရိုင်ယမ်မှာ ဘာသာရေး ဖောက်ပြန်မှုအတွက် သေဒဏ် ချမှတ်ခံရပြီး ကမ္ဘာ့နိုင်ငံ အများစုက ဆူဒန် အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။

ဆူဒန်အစိုးရသည် နိုင်ငံတကာ ဝေဖန်မှုများကြောင့် မီရိုင်ယမ်ကို သေဒဏ်မှ ကင်းလွတ်ခွင့် ပေးခဲ့သော်လည်း ဇွန်လကတည်းက ဆူဒန်မှ ထွက်ခွာရန် သူမ၏ ကြိုးပမ်းမှုများကို သွယ်ဝိုက်နှောင့်ယှက် နေခဲ့သည်။ သူမသည် တောင်ပိုင်းဆူဒန်နိုင်ငံ အစိုးရက ပေးအပ်ထားသည့် အထောက်အထားများဖြင့် ဆူဒန်မှ ထွက်ခွာရန် ကြိုးပမ်းခဲ့ဖူးသော်လည်း စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် အဖမ်းခံခဲ့ရသေးသည်။

_Ref: BBC
7 Day

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ

Posted by drmyochit Friday, July 25, 2014, under | No comments


မလေးရှားလေကြောင်း MH17 မှ သေဆုံးသူများ၏ရုပ်ကလာပ်များသယ်ဆောင်လာသောယာဉ်တန်း အင်ဒိုဗင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်ကို တွေ့ရစဉ် (REMKO DE WAAL/REUTERS)
ဒိုနက်စ်− ရုရှားနိုင်ငံတွင် ထုတ် လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြောကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။

ဇူလိုင် ၁၇ ရက်က ယူကရိန်း နိုင်ငံအရှေ့ပိုင်းတွင် မလေးရှား လေယာဉ် ပျက်ကျခဲ့ပြီးနောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗော့စ်တော့ဗ်တပ်ဖွဲ့ တပ်မှူးအ လက်ဇန်းဒါးခိုဒါကော့ဗ်စကီးက သူပုန်များသည် BUK အမျိုးအ စား လေယာဉ်ပစ်ဒုံးကျည်များ ပိုင်ဆိုင်ထားပြီး ယင်းဒုံးကျည်များ ရှိကြောင်း အထောက်အထားများ ကို ဖယ်ရှားရန် နောက်ပိုင်းတွင် ပြန်လည်ပို့ဆောင်နိုင်သည်ဟု ရိုက်တာသတင်းဌာနနှင့် ပြုလုပ်ခဲ့ သော တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ပြောကြားသည်။

မလေးရှားလေယာဉ်ပစ်ချ မခံရမီ အချိန်ကပင် သူပုန်များ အနေဖြင့် BUK အမျိုးအစား ဒုံး ကျည်အများအပြား လက်ခံရရှိ ထားသည်။

သို့သော် ယင်းလေယာဉ် ပျက်ကျပြီးနောက် ခွဲထွက်ရေးသ မားများ၏ အဓိကအဖွဲ့တစ်ခုဖြစ် သော တစ်ဖက်သတ် ကြေညာ ထားသည့် ဒိုနက်စ်ပြည်သူ့သမ္မတ နိုင်ငံအဖွဲ့က ယင်းကဲ့သို့ လက် နက်များ ပိုင်ဆိုင်ထားခြင်းမရှိ ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ သည်။

အစိုးရတပ်ဖွဲ့များက ရုရှား လိုလားသော သူပုန်များကို တိုက် ခိုက်လျက်ရှိရာ ဒေသတစ်ခုအတွင်း လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦး သေဆုံးခဲ့သည့် လေယာဉ်တစ်စီး ပျက်ကျခဲ့ချိန်မှစ၍ ယင်းလေယာဉ်ကို မည်သည့်ဘက်က ပစ်ချခဲ့သနည်းဆိုသော မေးခွန်းမှာ အငြင်းပွားမှုအများဆုံးကိစ္စ ဖြစ်လာသည်။

ယင်းလေယာဉ်ကို ခရီးသည်တင် လေယာဉ်တစ်စီးဟု မတွေးမိဘဲ ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များက မှားယွင်းပစ်ချလိုက်ခြင်းဖြစ်သည်ဟု ဝါရှင်တန်က ယုံကြည်ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ပြောသည်။

သို့သော် ခွဲထွက်ရေးသူပုန် ခေါင်းဆောင်များက ယင်းလေ ယာဉ်ကို ၎င်းတို့ ပစ်ချခြင်းမဟုတ် ဟု ဆိုသည်။

ရုရှားနိုင်ငံကလည်း ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဟု ပြော သည်။ သို့သော် လေယာဉ်ပျံသန်းလာစဉ် ယူကရိန်းအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သူပုန်တပ်ဖွဲ့ခေါင်းဆောင် ခိုဒါကော့ဗ်စကီးက ပြောသည်။

—Ref: Reuters
7 Day

တရုတ်နိုင်ငံရောက် တရားမ၀င် အလုပ်သမားများကို လူငှား၍ ရိုက်နှက်မှုများရှိသည်ဟုဆို

Posted by drmyochit Friday, July 25, 2014, under | No comments

တရုတ်နိုင်ငံသို့ တရားမ၀င်အလုပ်လုပ်ရန် သွားရောက်ခဲ့သော မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ လစာငွေအပြည့်အ၀ မပေးခြင်းတို့အပါအ၀င် အလုပ်ပျက်ပါက လုပ်ငန်းရှင်က လူငှား၍ ရိုက်နှက် နှိပ်စက်ခြင်းများ ရှိခဲ့သည်ဟု တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများက ပြောသည်။

“ပွဲစားက ပြောတာတော့ တရားဝင်သွားတာလို့ ပြောတယ်။ ဟိုရောက်မှသိတာက ကျွန်တော်တို့ အညာခံရပြီဆိုတာ သိရတယ်။ အလုပ်မှာ ခွင့်ယူလို့လည်း မရဘူး။ ခွင့်ယူရင် ထမင်းမကျွေးတော့ဘူး။ အဆိုးဆုံးကတော့ လူမိုက်တွေခေါ်ပြီး ရိုက်တာတွေရှိတယ်။ ဒါကြောင့် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်ချင်ပေမဲ့ မပြန်နိုင်တဲ့ မြန်မာအလုပ်သမားတွေ ရှိနေသေးတယ်”ဟု တရုတ်နိုင်ငံ Chendai  မြို့တွင် အထည်ချုပ်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်မှ ကိုသန်းလင်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ ကျပ်တစ်သိန်းပေးဆောင်ခဲ့ရသည်။ ပွဲစားက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာတစ်လလျှင် မြန်မာငွေကျပ် နှစ်သိန်းရမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် တစ်သိန်းခွဲသာရခဲ့ကြောင်း ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများသည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် နေပြည်တော်မှ သွားရောက်လုပ်ကိုင်ကြသော အလုပ်သမားများဖြစ်သည်ဟု ပန်းတနော်မြို့နယ်မှ သွားရောက်လုပ်ကိုင်သော ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့ နှစ်ဦးနှင့် တရုတ်နိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်ခဲ့သော အခြား လူ ၄၀ ဦးကို ဇူလိုင်လ ၁၃ ရက်က နိုင်ငံတကာ အလုပ်သမားများအဖွဲ ILO နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ခေါ်ယူခဲ့သည်။

နိုင်ငံခြားသို့ တရားမ၀င်သွားရောက် လုပ်ကိုင်ကြသော အလုပ်သမားများအား ILO က ပြန်လည်ခေါ်ဆောင်ပေးရန် လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဘဲ အလုပ်သမားများ လုပ်ခလစာ အပြည့်မရခြင်း၊ နှိပ်စက်ခံရခြင်းတို့ကို နှစ်နိုင်ငံအစိုးရ သိရှိရန် အသိပေးတိုက်တွန်းသွားမည်ဟု ILOက ဆိုသည်။

Mizzima

နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့

Posted by drmyochit Friday, July 25, 2014, under | No comments


သက္ကရာဇ် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အသက် ၂⁠၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

Christine Tallady ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။ ငွေကြေး အားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူးခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက တစ်ချိန်ကျရင် သူ့ကို ပြန်ရှာလို ပြန်ရှာညား ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ သူမရဲ့ အမည်ကို ရေးထားခဲ့ ပါတယ်။ နောက်တော့ Tallady ဟာလည်း နောက်ထပ် သားသမီး ၂ ဦးထပ်ရပြီး မိသားစု အဆင်ပြေ သွားပါတယ်။ မွေးစားသူ မိဘများ ရှိသွားခဲ့တဲ့ ကလေးငယ် Steve Flaig ဟာ အသက် ၁၈ နှစ် ရောက်တဲ့ အချိန်က စလို့ မိရင်းဖရင်းကို ရှာဖွေဖို့ အတွက် စတင် ပါတော့တယ်။ ဒီအတွက်လည်း သူ့ရဲ့ မွေးစား မိဘ များက သဘောတူ ပါတယ်။ ကုန်တိုက်မှာ အလုပ်လုပ်ရင်း နဲ့ ရှာပါတယ်။

တစ်နေ့တော့ သူ့ရဲ့ အမေ ဖြစ်သူနဲ့ အလုပ် အတူ လုပ်နေတာကို သိရပြီး ပြန်ရှာတွေ့ခဲ့ ပါတယ်။ အမေ ဖြစ်သူက ငွေချေ ဌာနမှာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Steve Flaig ကတော့ သယ်ယူပို့ဆောင်ရေး ဒရိုင်ဘာ ဖြစ်ပါတယ်။ ၂၀⁠၀၇ ခုနှစ် ဧပြီလက စတင်လို့ သူ့ရဲ့ အမေ ဖြစ်သူ အလုပ်စဝင်တာ ဖြစ်ပေမယ့် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာမှ အမေဖြစ်မှန်း သိရှိခဲ့ခြင်း ဖြစ်ပါတယ်။ အမြဲတွေ့ဖြစ်ကြ၊ ကြုံရင် စကား ပြောဖြစ်ကြပေမယ့် အမေမှန်း မသိခဲ့ ပါဘူး။ ယခုတော့ မိသားစု ပြန်လည် စုံတွေ့ရတဲ့ အတွက် သားအမိ နှစ်ဦးလုံး ပျော်ရွှင်နေတာကို ယခုလို မြင်တွေ့ ရပါတယ်။
.
Ref: seatletime
အောင်ခမ်း (ရိုးရာလေး)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်