ပြင်းအား ၆ ဒသမ ၈ ရစ်ခ်ျတာ စကေးရှိသော ငလျင်လှုပ်ခတ်အပြီး အရေးပေါ်
အခြေအနေတွင် ချက်ချင်း ကယ်ဆယ်ရေးနှင့် အကူအညီများ ပေးခဲ့ကြသော ဒေသခံပြည်သူများကို ကျေးဇူးတင်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ကာ ပြောကြားလိုက်သည်။
နိုင်ငံတော် သမ္မတရုံးက နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သောငလျင်နှင့် ပတ်သက်သည့်
ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ အနေနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး ပျက်စီးဆုံးရှုံးမှုများ
ကြုံတွေ့ခဲ့ရသော ပြည်သူများနှင့် ထပ်တူဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြထားသည်။ သတင်းထုတ်ပြန်ချက်
တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နှစ်ခုအတွင်းရှိ မြို့နယ် ကိုးမြို့နယ်တို့တွင်
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးပြီးချင်း သမ္မတအနေနှင့်
ငလျင်လှုပ်ခဲ့သည့် ဒေသသို့ ကိုယ်တိုင်သွားရောက်ရန် အခြေအနေ မပေးသည့်အတွက် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့အား စေလွှတ်ကာ အရေးပေါ် ကယ်ဆယ်ရေးနှင့် အကူအညီ ပေးနိုင်ရန်
ချက်ချင်းစေလွှတ် တာဝန်ပေးခဲ့ကြောင်း ပြောကြားထားသည်။ ငလျင်ဘေးဒဏ် ခံစားရသူများ ပြန်လည်ထူထောင်ရေးကို
ပြည်တွင်း လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်းလည်း အသိပေး ကြေညာထားသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကြုံတွေ့ခဲ့ရသော
ဘေးအန္တရာယ်များ ဖြစ်သည့် ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၊ ၂၀၁၁ ခုနှစ်တွင်
လှုပ်ခတ်ခဲ့သော တာလေငလျင်တို့နှင့် ပတ်သက်၍ ထိုအချိန်က အစိုးရအနေနှင့် အရေးပေါ်ကယ်ဆယ်ရေး
လုပ်ငန်းများ နှောင့်နှေးခဲ့ခြင်းကို ဝေဖန်မှုများ ရှိခဲ့သည်။ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်
ဖြစ်ပြီးပြီးချင်း နိုင်ငံတော် အကြီးဆုံးတာဝန် ထမ်းဆောင်နေသူများအနက် တစ်ဦးဖြစ်သော
ဒုတိယသမ္မတအနေဖြင့် ငလျင်လှုပ်ရာ ဒေသများသို့ ချက်ချင်းရောက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများ
လုပ်ဆောင်စေခြင်းကို လူအများက အသိအမှတ်ပြုလျက် ရှိကြကြောင်း သိရှိရသည်။
Myanmar Express
Myanmar Express

0 comments:
Post a Comment