Saturday, December 01, 2012

နိုင်ငံကျော်တွေရဲ့စိတ်ကူးများ

Posted by drmyochit Saturday, December 01, 2012, under | No comments


မြန်မာနိုင်ငံမှ နာမည်ကျော် အနုပညာရှင်အချို့ဟာ နာမည်ကြီးပါတီတစ်ခုကို ကိုယ်စားပြုလို့ လာမယ့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ  ရန်ကုန်မြို့အတွင်းရှိ မြို့ကြီး မြို့ကောင်းတွေကနေ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန် ဆန္ဒရှိ ကြောင်းလည်း ကြားနေရပြန်တယ်။ ကောင်းပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားသင့်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံ့အရေးကို လေ့လာသင့်ပါတယ်။ နိုင်ငံ့အရေးကို ကိုယ်တိုင်လိုက်ပါ လုပ်ဆောင်ခြင်းသည်လည်း ကောင်းသော လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။
သို.သော်လည်း နိုင်ငံရေးဆိုသည်မှာ ကျယ်ပြန့်လှပါတယ်။ နိုင်ငံရေးဆိုတာ “တိမ်တောင်သဖွယ် မင်ရေးကြွယ်”လှပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ကိုင် နိုင်ပါတယ်။ အနုပညာရှင်များဟာလည်း ဒီနိုင်ငံသားတွေမို့ နိုင်ငံရေးကို တက်ကြွစွာ ပါဝင်လုပ်ကိုင်နိုင်ပါတယ်။
နိုင်ငံရေးကို တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် မိမိယုံကြည်ရာဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသဖြင့် မြှင့်တင်လုပ်ဆောင် ပေးခြင်းကသာ အစစ်အမှန်ဖြစ်ပါမယ်။ သူတို့ရဲ့ဈေးကွက်တစ်ခုအနေနဲ့ ငါးပွက်ရာ ငါးစာချချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် လာရင်တော့ ကျွန်တော်တို့ ပြည်သူတွေကလက်ခံမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အလေ့အထ သိပ်မရှိပေမယ့် အခြားဒီမိုကရေစီ နိုင်ငံများမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးများ နိုင်ငံရေးနယ်ပယ်တွင် ၀င်ရောက်လှုပ်ရှား မှုများရှိပါတယ်။ အောင်မြင်ပြီး သမ္မတဖြစ်လာ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံ့အရေးကို အမှန်တကယ် စိတ်ဝင်စားပြီး စိတ်ရင်းစေတနာမှန်နဲ့ လုပ်နိုင်မှဖြစ်မှာပါ။ ပုဂ္ဂိုလ်ရေး ကျော်ကြားမှု၊ ပါတီကျော်ကြားမှုတွေကို အားကိုးရတဲ့ခေတ်က တဖြည်းဖြည်း ခေတ်ကုန် လာပါပြီ။
ပြည်သူလူထုလည်း အရင်ကလို ဆင်ခြင်တွေးတော မှုနည်းတဲ့သူတွေ မဟုတ်ကြတော့ပါဘူး။ ဟိုတုန်းကလို တံဆိပ်ကောင်းရင် ခွေးအမြီးဖြတ်ပြီး ၀င်အရွေးခံလည်း မဲပေး မယ့်အထဲမှာ ပြည်သူတွေ မပါချင်ကြတော့ပါဘူး။  ဒါကြောင့် “ပွဲလန့်တုန်းဖျာခင်း ချင်တဲ့စိတ်”နဲ့ နိုင်ငံရေးနယ်ပယ်ကို ဈေးကွက်တစ်ခုအနေနဲ့ ၀င်ရောက်လုပ်ကိုင်မယ် ဆိုရင် အနုပညာရှင်များရဲ့ သုံးသပ်ချက်တွေ မှားယွင်းသွားပါလိမ့်မယ်။
အနုပညာရှင် တစ်ယောက်ဖြစ်လာရင် သီချင်းဆို၊ ရုပ်ရှင်ရိုက်၊ ၀တ္ထုရေး၊ စွယ်စုံ လုပ်တတ်ရမယ်ဆိုပေမယ့် စွယ်စုံအနုပညာထဲမှာ နိုင်ငံရေးကို ထည့်သွင်းလို့ မရနိုင်ပါဘူး။ အနုပညာရှင်တွေကို ပရိသတ်တွေက လေးစားအတုခိုးကြတယ်။ ပရိသတ်ဆိုတာ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘာလုပ်လဲဆိုတာကို အမြဲလိုက်ကြည့် အတုခိုးနေ တတ်ကြတယ်။ နိုင်ငံရေးနယ်ပယ်မှာ ပြည်သူတွေ အတုခိုးမှားအောင်တော့ လာပြီး ခြေမရှုပ်စေချင်ပါဘူး။
နိုင်ငံကျော်များအနေနဲ့ ခေတ်အဆက်ဆက်မှာ နိုင်ငံအရေးကိစ္စများမှာ မိမိတို့ တတ်စွမ်းရာအနုပညာနဲ့ ပါဝင်လှုပ်ရှား “သာကူး” လုပ်ခဲ့ကြတာပါပဲ။ လမ်းစဉ်ပါတီခေတ် မှာ မဲရုံကိုသွားကြစို့ဆိုလည်း သူတို့ပါတာပါပဲ။ ဒီမိုကရေစီ အရေးအခင်းဆိုလည်း “ဒို့အရေး ဒို့အရေး” ဆိုလည်း အုတ်ရောရောကျောက်ရောရော သူတို့ပါကြတာပဲ။ နိုင်ငံတော်တည်ငြိမ်ရေး၊ နိုင်ငံတော်အေးချမ်းသာယာရေးဆိုလည်း သူတို့ပဲ ယုံယုံ ကြည်ကြည်နဲ့ပါဝင်ပြီး ရတဲ့အခွင့်အရေးတွေ ယူသွားကြတာပါပဲ။
ဒီဘက်ခေတ် နိုင်ငံရေး ရာသီဥတုလေးလည်း နည်းနည်းပြောင်းလာရော အရင်က အတူအိပ်၊ အတူစား၊ အတူသွားခဲ့ကြတဲ့သူတွေကို နှုတ်ဆက်ဖို့တောင် အချိန်မရလိုက်ဘဲ အမေ၊ အမေနဲ့ ပြေးကပ်ကြပြန်ပါလေရော။ သူတို့လောက် နိုင်ငံကိုချစ်တဲ့လူ မရှိ သလောက်ပါပဲ။
နိုင်ငံတော်ကိုချစ်သလိုလို၊ ပါတီကြီးကိုချစ်သလိုလို၊ ဒီအမေကြီးချစ်သလိုလို၊ ဟိုလိုလို၊ ဒီလိုလိုနဲ့ ကိုယ့်ကျိုးစီးပွားအတွက် အမြဲတွက်ချက်ပြီး ပုတ်သင်ညိုလို အရောင်ပြောင်းတတ်တဲ့ သာကူး အနုပညာရှင်တွေရဲ့ နိုင်ငံကျော် စိတ်ကူးတွေ ကိုတော့ အကြောင်းသိပြည်သူတွေက ယုံရခက်ခက် ပါပဲဗျာ။

အညာသား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်