မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် တူးဖော်လျက်ရှိသော ပတ္တမြားလုပ်ကွက်တစ်ခု၌ ဇန်န၀ါရီလ ၃ ရက်ကကျောက်တွင်းပြိုကျ၍ လူငါးဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းက အတည်ပြုပြောကြားသည်။
မိုးကုတ်မြို့စွန်တွင် တူးဖော်လုပ်ကိုင်လျက်ရှိသော လျှန်ရှမ်းကုမ္ပဏီပိုင် လုပ်ကွက်တစ်ခု၌ တွင်းဟောင်းတွင် ကျန်ရှိနေသောရေများ ပေါက်ကျရာမှ နံဘေးတွင်း၌ လုပ်ငန်းခွင် ၀င်နေသော အလုပ်သမားများထံသို့ ရေများဝင်ရောက်လာပြီး ရေမွန်းကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျဒုရဲအုပ်က ဖုန်းမှတစ်ဆင့် ပြောကြား သည်။
ညတွင်းချင်းပင် ဆေးရုံသို့ အလောင်းငါးလောင်းရောက်ရှိလာပြီး ဒဏ်ရာရရှိသူတစ်ဦး ပါဝင်လာကြောင်း မိုးကုတ်မြို့နယ်ခုတင်၁၀၀ ဆေးရုံအုပ်ဒေါက်တာမောင်မောင်ဇင်က ပြောသည်။
“ဒဏ်ရာရရှိသူမရှိဘူး။ ရွှံ့တွေဖုန်တွေ ထပ်နေတာပဲရှိတယ်။ ရေပေါက်သွားတော့ရေမွန်းပြီး ဆုံးသွားရတာ” ဟု အဆိုပါ ဆရာဝန်က ပြောသည်။
သေဆုံး သွားသူ များမှာ ကျောက်ပုတ်ရွာမှ သုံးဦး၊ လယ်ဦး ရပ်ကွက်မှ တစ်ဦး၊ ဒီပဲယင်းမြို့နယ်မှ တစ်ဦးဖြစ်ပြီး သေဆုံးသွားသူအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျောက်ထပ် ရွာဒေ သခံ ကိုကျော်စွာလင်းက ပြောသည်။
“တွင်းက အနက်ကြီးဆိုတော့ ရေအားနဲ့ရိုက်ပြီး ပြန်တက်ဖို့လည်း ခက်တယ်လေ။ အားလုံးရေမွန်း ပြီးဆုံး ကုန်တာ” ဟု ၎င်းက ပြောသည်။
သေဆုံး သွားသူ များအတွက် ကုမ္ပဏီမှလျော်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၃၅ သိန်းစီ ပေးအပ် သွားမည် ဖြစ်ကြောင်း လျော်ကြေးကိစ္စများအတွက် လိုက်လံညှိနှိုင်းဆောင်ရွက်ပေးသူ ရေပူဆရာတော်က မိန့်ကြား သည်။
သေဆုံး သွားသူ များမှာ လုပ်ငန်းအတွေ့အကြုံနုနယ်ပြီး ကျောက်ကောင်းရရှိရန်သာ စိတ်အား ထက်သန် နေခြင်းကြောင့် အန္တရာယ်ကို ကြိုတင် မမြင်နိုင်ဘဲ ယခုကဲ့သို့ ဆုံးပါး သွားရခြင်းဖြစ် သည်ဟု လျှန်ရှမ်း ကုမ္ပဏီ တွင် ၀င်ရောက်လုပ်ကိုင်နေသည့် အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက ပြောသည်။
7Day News က လျှန်ရှမ်းကုမ္ပဏီသို့ လေးရက်တိုင်တိုင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း တာဝန် ယူဖြေကြားပေး မည့်သူ လတ်တလော မရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။
7Day News Weekly
0 comments:
Post a Comment