Thursday, February 21, 2013

သမိုင်းဝင် သီချင်းတစ်ပုဒ်၊ စာချုပ် တစ်ထုပ်နှင့် တို့ဗိုလ်ချုပ်

Posted by drmyochit Thursday, February 21, 2013, under | No comments


 ((၉၈) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်)
 ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ...။
၁၉၁၅ ရှေ့နေ ဦးဖာသား...၊
ဇာတိနတ်မောက်၊ မကွေးခရိုင်၊ 
သိကြ များခုတိုင် ... 
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ...။

ငယ်စဉ်တောင်ကျေး ဘဝက ဤကဗျာလေးနှင့် ဝေးခဲ့ရသည် မှာလည်း နှစ်အတန်ကြာခဲ့ပြီ ဖြစ်သလို နောင်လာ နောက်သား သားငယ်သမီးငယ် များထံမှ ဤကဗျာ ရွတ်ဆိုသံလည်း မကြားရ သလောက်ပင်။ သို့သော် ကလေးလူကြီး မရွေး ယနေ့ “ဖေဖော်ဝါရီ ၁၃ မှာ” ဟု အစလေး တောလိုက်သည်နှင့် အားလုံး စီကာပတ်ကုံး မှန်မှန်ကန်ကန် အစမှ အဆုံးတိုင် ရွတ်နိုင်ကြသည်မှာ အဘယ် ကြောင့်ဟု ထင်ပါသနည်း။ ဗိုလ်ချုပ်၏ တစ်ချိန်က တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိခဲ့သော စိတ်ရင်း စေတနာမှန်တို့ ယနေ့ပစ္စက္ခတိုင် ရောင်ပြန် ဟပ်နေသော ကြောင့်ဟုသာ မှတ်ချက် ချရပေတော့ မည်...။


ကျွန်တော်တို့ ငယ်စဉ်ကျောင်းနေ ဘဝ၌ လူစုလူဝေးနှင့် လေ့လာရေးခရီး မထွက်ဖူးသူ မရှိသလောက် နည်းပါလိမ့်မည်။ အထူးသဖြင့် ကန်တော်ကြီး မြေပဒေသာ တစ်ဝိုက် နတ်မောက်စက်မှု မျက်စောင်းထိုး ဗိုလ်ချုပ်ပန်းခြံတွင်း လက်ရှိတည်ဆဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့ တန်းစီဖြတ်သန်း သွားရတိုင်း ရင်သပ်ရှုမော တမေ့တမော မော့၍ မငေးကြည့်ဘဲ မနေနိုင်ခဲ့ကြ။ ထို့ပြင် အလိုလို လက်ကလေးများ ကိုယ်စီပိုက်၊ ခေါင်းလေးများကို ညီညီညာညာညွတ် လို့ ဖြတ်သန်း ခဲ့ရသည်ချည်း။ ဤကား ဗိုလ်ချုပ်ကို ကြောက်ရွံ့၍ လုံးဝမဟုတ် သည်မှာ သေချာသည်။ ဗိုလ်ချုပ်ကိုကား မသိစိတ်နဲ့ သြဇာသက်ရောက်မှု တစ်စုံ တစ်ရာက တိုက်တွန်း နှိုးဆော်နေသည့် အလား လေးစားသက်ဝင်မှုကြောင့် ဟုသာ ဆိုရချိမ့်မည်။

မက်ထရစ် ကျောင်းသားဘဝ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ တစ်ကိုယ်တည်း အတန်ကြာ မော့ကြည့်ပြီး အိုးဝေ နှစ်လည်ထုတ် ရုပ်ပြောင် တစ်ကွက်ကို သတိတရနှင့် ရယ်ချင်ပက်ကျိ ဖြစ်ခဲ့ ရဖူး သည်။ ထိုရုပ်ပြောင် ကာတွန်းကွက်ကား ဗိုလ်ချုပ်ကြေးရုပ်ပေါ် အနှံ့အပြား တိုင်းရင်းသား ညီအစ်ကိုများ ကျားကုတ် ကျားခဲတက်၍ အိတ်တကာ နှိုက်ရှာနေ လေရာ အောက်မှ တစ်ယောက်က "ဟေ့ ... မင်းတို့ ဗိုလ်ချုပ်ကြေးရုပ်ပေါ် တက်ပြီး ဘာနှိုက်ရှာနေတာလဲ" လို့ မေးသော အခါ တစ်ဦးက "ပင်လုံစာချုပ် ဗိုလ်ချုပ် ဆီများ ပါသွားသလားလို့ ရှာနေတာ ပါ" ဟုဆိုပြီး ပြန်ပြောပြနေသည့် ကာတွန်းကွက်ပင် ...။ ယနေ့တိုင် သဘော သက်ဝင် ထိမိလှသော ကာတွန်းပင်တည်း။

ထိုမှတစ်ဖန် တေးဂီတသံစဉ် တို့ တွင် ယစ်မူးနှောင်တွယ် တတ်သော အရွယ်သို့ရောက်ချိန် အဆိုတော် ဘိုဘိုဟန်၏ “ဆရာမ” သီချင်းနဲ့ ဆုံကြုံ ရင်ခုန် ခဲ့ရပြန်ပါသည်။ ဟ ... ဘာလဲကွ ... ဒီဆရာမသီချင်းနဲ့ တို့ဗိုလ်ချုပ် ဘယ်လို များ သွားပတ်သက်နေလို့လဲဟ ... ညောင်ဦး ကမ်းပါးပြိုတာနှင့် နွားမပေါင်ကျိုး မလုပ်ချင်စမ်း ပါနဲ့ကွာလို့ အငေါ်တူးပြီး မေးချင် နေပြီထင့်။ မှန်တာပြောရရင် စာရေးသူကိုယ်တိုင် မဆိုဘိ၊ ဤသီချင်း ဆို၍ တိုက်ဆောက်ကားစီးလျက်နေ သော အဆိုတော်များ ပင်လျှင် မသိခဲ့ကြ ဆိုသော် လွန်အံ့ဟု မထင်။ နောင် ကြိုကြိုကြားကြား စာကြမ်းပိုး လုပ်ရာမှ ဝါရင့် ကြေးမုံမဂ္ဂဇင်းပါ “နိုက်” (စကား လွန်အောက်ပိုင်း) ရေး “ဆရာမရဲ့ ရာဇဝင်” ဆောင်းပါး၏ တစ်ထောင့် တစ်နေရာမှ မူရင်းစာ အတိုင်း ဖော်ပြ လိုက်ရသော် ...
အဲသည် လွတ်လပ်ရေးရပြီး ကာလ တုန်းကပေါ့။ အဆိုတော် ဘိုဘိုဟန် ဆိုတဲ့ လူက စပြီးတော့ ပွဲတိုင်း လိုလိုပါပဲ “ဆရာမ”ကို လက်မလွှတ် တော့ဘဲ “ဆရာမ” ကို အသည်းစွဲကာ ဖက်တွယ် ထားနေပါ တယ်။ 

နယ်ပွဲတစ်ခုမှာလည်း “ဘိုဘိုဟန်” တစ်ယောက် ဆရာမနဲ့ နွှဲလို့အပြီးမှာ ...
"ဟေ့ကောင်တိုနီ၊ ဒီဆရာမ မင်းဘယ်ကရသလဲ။ ဆရာမရဲ့ ရာဇဝင် ကော မင်းကောင်းကောင်း သိရဲ့လားကွ" ဆိုပြီး တစ်ချိန်က ဗိုလ်ချုပ်ရဲ့အပါး တော်မြဲ ပီအေဖြစ်ခဲ့ဖူးတဲ့ “ဦးနေဝင်း” က ဘိုဘိုဟန်ကို မေးကြည့်တော့ ခေါင်းနဲ့ လက်ကို ယမ်းပြီးခါပြတယ်။ မသိဘူးပေါ့။ ဒါနဲ့ပဲ “ဆရာမ” ရဲ့ ရာဇဝင် အဖြစ်မှန်ကို အသေးစိတ် ပြောပြလိုက် တယ်ဆိုပဲ။ ဤတွင် နိဋ္ဌိတံကာ ဆက်လက် ၍ တင်ပြရသော် ဤသီချင်းမှာ ဗိုလ်ချုပ် ကတော် သူနာပြုဆရာမလေး ဒေါ်ခင်ကြည် ကို ရည်စူး ဂုဏ်ပြု၍ ဗိုလ်ချုပ်ကိုယ်စား ရေးစပ်ခဲ့သော သီချင်းဟု ဆွတ်ပျံ့ ကြည်နူးဖွယ် သိလိုက်ရတော့သည်။ 
နောင် ဤဆရာမ သီချင်းကို သီဆိုတိုင်း ဗိုလ်ချုပ်၏ ရှုတည်တည်နှင့် ပြတ်သား သော မျက်နှာပေးနှင့် တစ်စွန်းတစ်စ မြင်ဖူးခဲ့သမျှ ဆရာမဒေါ်ခင်ကြည်၏ ရုပ်သွင် တို့ကို ထင်ဟပ်မြင်တတ် လာခဲ့ ရပေပြီ။

"... ငွေသော်တာရောင်ခြည် ထိန်လင်းတော့မည် ဘုံကြိုးပြတ်တဲ့ မိုးနတ် မဒီ သဒ္ဓါကပိုသည် “ဆရာမ” ကိုပဲ အသည်းစွဲအောင် ချစ်မိပြီ...။ ရိုးရိုးနဲ့ မှန်တာကိုပြောမည် ... ဘယ်မိန်းမမှ ကျွန်တော် မချစ်ခဲ့သည်..."

သည်လိုနှင့် စာရေးသူ အိမ်ထောင် ရက်သားကျပြီး ဂီတနှင့် ပတ်သက်၍ စာတိုပေစ လေးတွေ ကြိုကြားကြိုကြား ရေးသည့်ကာလ တစ်ခုတွင်လည်း ဆရာမကို ထပ်ကြုံဆုံ ခဲ့ရပြန်ပါသည်။ အဆိုပိုင်း သင်ကြားမှု ပြည်တွင်းထုတ် Vocal Training Book တွင်ဖြစ်သည်။ ထိုသီချင်းလေး သံစဉ်ကိုယ်၌က ရိုးရိုး ရှင်းရှင်းလေးနဲ့ တည်ငြိမ်ခံ့ညားမှု ရှိလှသည် မဟုတ်ပါလား ...။ သို့ရာတွင် မူပိုင်ကြေး ပေးရာ၌ မည်သူ့ကို ပေးရမည် မသိပါသဖြင့် စာပေစိစစ်ရေးကိုသာ လှူဒါန်း လိုက်ရကြောင်း ရင်နင့်ဖွယ် သိလိုက်ရသည်။

အမှန်စင်စစ် မေမြို့မိုးကြည် ရေးသားပြုစုသော နယ်ချဲ့ဖက်ဆစ် ဆန့်ကျင်တဲ့သွေး ဇာတိမာန် တေးများ တို့ထက် မသာလွန်သည့်တိုင် မလျှော့ သော သမိုင်းကြောင်းတို့ ဤဆရာမ သီချင်း၌လည်း ရှိသည်ဟု ဆိုရပေမည်။ သာမန်အားဖြင့် အပျော်အပါး၊ ပါတီ ပွဲလမ်းသဘင်များ တက်လေ့တက်ထ မရှိသူ ဗိုလ်ချုပ်သည် ၁၉၄၄ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ အကြိုကာလ မြစ်ဝကျွန်းပေါ် ကရင်လူငယ် ရဲဘော်များ ဦးစီးကျင်းပရာ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ညစာစားပွဲနှင့် မီးပုံပွဲ အခမ်းအနားကို ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့အတူ စုံတွဲတက်ရောက် ဆင်နွှဲခဲ့ဖူးစဉ်က ဖြစ်သည်။
ထိုညမှာပင် ကရင်လူငယ်တို့က ခေတ်ပေါ်တေးဂီတဖြင့် ဖျော်ဖြေဧည့်ခံရာ တွင် ဆရာမ သီချင်းကို ကရင် တပ်ရင်းမှူး စောစံဖိုးသင်က စပ်ဆို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် လေသံ ပြတ် စကားဆတ်သူ ဗိုလ်ချုပ်ကိုယ်စား ထပ်တူထပ်မျှ တစ်စိတ်တစ်ဝမ်းတည်း ရှိခဲ့ကြသော ကရင်လူမျိုးစု တို့၏ ကရင် -မြန်မာ ချစ်ကြည်ရေး ကိုယ်စားပြုတေး တစ်ပုဒ်ဟုပင် တင်စား အပ်လှပေမည်။

ယခု မည်သည့်ခေတ် မည်သည့် စနစ် အခြေအနေ အရပ်ရပ်တို့ မည်သို့ပင် ရှိစေ အသစ်ထုတ် ငွေစက္ကူ (Currency) များ၌ ဗိုလ်ချုပ်ပုံရိပ်တို့ မည်မျှမှုန်ဝါး ပျောက်ကွယ်ခဲ့သည့် တိုင်၊ မရောင်ရာ ဆီလူး၍ မြို့ရွာလမ်း တံတားအမည်နာမ များ မည်သို့ပင် ပြောင်းလဲ သမုတ်မည်ဟု ဆိုသည့်တိုင်၊ အာဇာနည်နေ့၏ ဝိသေသ လက္ခဏာတို့ မည်ရွေ့မည်မျှ မည်ကာမတ္တ ဖြစ်ခဲ့ရသည့်တိုင် အထူးသဖြင့် ပိုင်ရှင် မလိုက် မချောင်နှိုက်၊ တွေ့လျှင်အမြန် မနှေး ဆင်ခြေပေး၍ ဆရာမ၏ ဂုဏ် သိက္ခာ မထောက် လုပ်ရက် ခဲ့ကြသဖြင့် ဘယ်အခြေရောက်ရောက် သိပ်သေချာ လှသည်မှာကား ...။

ချစ်ကြည်ရေး သမိုင်းဝင် သီချင်း တစ်ပုဒ်၊ အရေးကြီးသွေး နီးခဲ့ကြသော ပင်လုံစာချုပ် တစ်ထုပ်နှင့် ကျွန်တော်တို့ ဗိုလ်ချုပ်၏ ရုပ်သွင်ကား မြန်မာပြည်သူ ပြည်သားများ၏ ရင်တွင်း ဖျောက်ဖျက် မရ ထာဝရ ဤသံစဉ်နဲ့အတူ လူးလွန့် ရှင်သန် နေဦးမည်သာ ...။

သစ္စာ
The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်