~ သန်၎ကို ~
စင်္ကာပူရောက်ပြီး သိပ်မကြာမှီ ကာလတစ်ခုကပေါ့.. ...
ကျနော်နဲ့ မိုးကြီး Mustafa ဘက်ကို ဖုန်းသွားဝယ်ဖို့ တိုင်ပင်နေတာကို ကိုအောင်က ကြားသွားပြီး သူလည်းလိုက်မယ် တဲ့။
"ဟေ့ကောင်၊ မင်းက ညလုံးပေါက် အလုပ်ဆင်းထားတာ ၂ ရက် ဆက်တိုက်ရှိနေပြီ၊ အိမ်မှာပဲ အိပ်နေ နားနေလေ၊ ဘာလိုက်လုပ်မှာလဲ"
"အိပ်လို့လည်း မပျော်ပါဘူးကွာ၊ ဒီနေ့နဲ့ မနက်ဖန်လည်း နားရက်ဆိုတော့…"
"အေးလေ၊ ဒါဆိုလည်း လိုက်ခဲ့ပေါ့"
... ဆိုပြီး သုံးယောက်သား ချီတက်လာခဲ့ကြတာ ရထားပေါ်မှာ ပြသနာမရှိပေမယ့် Farrer Park MRT ကထွက်တော့ ကိုယ့်လူ ကိုအောင် မူးလဲပါလေရော......
အိပ်ရေးတွေပျက်၊ အစားတွေပျက်နဲ့ အားနည်းပြီး လဲတာနေမှာပေါ့။
ဒါပေမယ့် ကိုယ်တွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ပူထူနေတော့တာရယ်။
ဘေး နားက ကုလားတွေလည်း ဝိုင်းအုံကြည့်ပြီး ဝိုင်းအော်ကြတယ်...
"Go hospital... go hospital"
မသွားရင်ဘဲ ဝိုင်းရိုက်မယ့်ပုံစံပေါက်နေတော့ ဖြတ်လာတဲ့ Taxi ကိုတားပြီး ကိုယ့်လူကို ဆွဲတင်၊ ပါးစပ်ကလည်း ကမန်းကတန်း ပြောပေါ့လေ......
"Go nearest hospital"
"OKey"... ဆိုပြီး တက်စီဆရာလည်း အပြင်းမောင်းတော့တာ။
ဆေးရုံဆင်ဝင်အောက်ရောက်တော့... ...
"ဟေ့ရောင်မိုးကြီး၊ မင်းက ကိုအောင်ကို ခေါ်သွားနှင့်၊ ငါ တက်စီခပေးပြီးလိုက်ခဲ့မယ်"
"အေး အေး" ဆိုပြီး Reception ဆီထွက်သွားကြတယ်
ဒီမှာလည်း ပိုက်ဆံက အမ်းစရာမရှိလို့ လုံးချာလည်လိုက်နေတာနဲ့ နည်းနည်းကြာသွားတယ်
မိုးကြီးက Taxi နားပြန်ရောက်လာတယ်... ...
"ဟေ့ကောင်၊ လူနာကို ထားခဲ့ပြီး မင်းက ဘာလာပြန်လုပ်တာလဲဟ"
"မင်း လူနာ ပြလို့ မရဘူး တဲ့"
"ဘာကွ .... ၊ ဘာလို့ ပြလို့မရရမှာလဲ"
"သိဘူး၊ သူတို့ပြောတာလည်း ငါက သိပ်နားမလည်ဘူး"
"တောက်... တော်တော်လူပါးဝတဲ့ဟာတွေ၊ နေ ... နေ ... ငါနဲ့တွေ့မယ်၊ မန္တလေးသား ဘာမှတ်နေလဲ"
... ဒေါသ တော်တော်ထွက်သွားတယ်၊ ဟုတ်တယ်လေ၊ လူနာက ကိစ္စချောသွားရင် ဘယ့်နှယ့်လုပ်မလဲ၊ ကိစ္စချောခံလို့ မဖြစ်ဘူး၊ သူချေးထားတဲ့ အကြွေးတွေ ဆပ်သေးတာ မဟုတ်ဘူး အဲလေ... ဟုတ်ပေါင် ကိုယ့်သူငယ်ချင်း အရင်းကြီးဟာ
ဒါနဲ့ ကောင်တာကို မျက်နှာမဲကြီးနဲ့သွားပြီး တတ်သမျှမှတ်သမျှ ဘိုလိုမှုတ်ပြီး ငေါက်လိုက်တယ်... ...
"ငါ့သူငယ်ချင်းကို အခု ကုပေးပါ"
"သူ့ကို လက်မခံနိုင်ပါဘူး၊ တခြားဆေးရုံကို သွားပါ"
"ဘာလို့ ကုမပေးရမှာလည်း၊ ငါ့မှာ ပိုက်ဆံ အလုံအလောက် ပါတယ်၊ ကုပေးပါ"
"ပိုက်ဆံပါလည်း ကုပေးလို့ မရပါဘူး၊ တခြားနေရာ ခေါ်သွားပါ"
"ဘာလည်း ငါတို့က နိုင်ငံခြားသားတွေ ဖြစ်နေလို့လား"
"မဟုတ်ပါဘူး"
"တခြားဆေးရုံသွားလို့ လမ်းမှာ လူနာတခုခုဖြစ်သွားရင် မင်း တာဝန်ယူမှာလား၊ မင်း တာဝန်ယူမှာလား ပြောစမ်း"
ပြောရင်းပြောရင်း ဒေါသက ထွက်လာတာရယ်... ...
"လူကြီးမင်း၊ တိုးတိုးပြောပါ ဒါ ဆေးရုံ .... ၊ တခြားလူနာတွေလည်း ရှိတယ်"
"ဒါဆို ငါတို့ကျမှ ဘာလို့ ကုလို့မရတာလဲ၊ ရှင်းစမ်း"
ဒီတော့မှ ကောင်တာစာရေးမက လူကို စိတ်ပျက်လက်ပျက်ကြည့်ပြီး သူ့နောက်က ဆိုင်းဘုတ်ကို လက်ညိုးထိုးပြတယ်... ..
ဖတ်ကြည့်လိုက်တော့...
ဖတ်ကြည့်လိုက်တော့...
'KK Women's and Children's Hospital'... ...တဲ့
အမျိုးသမီး နဲ့ ကလေးဆေးရုံပေါ့
(သားမှားပြီ မှားပြီ မေမေရဲ့...အဟဲ့)
မတာ တေခြင်းရှိုး တက်ဆီဆရာ၊ နာတို့ကို မိခင်နှင့်ကလေးဆေးရုံမှ ပို့ခဲ့ရသလား... ဟင်
အခုတော့ လူကြီးတွေ မျက်နှာပျက်စရာ ဖြစ်ကုန်ပြီ...
တတ်နိုင်ပါဘူး နိုင်ငံကြီးသားပီပီ ကိုယ်မှားတာ တောင်းပန်မှ... ...
"အဟဲ..ဟဲ အဟီးဟီး မွားလို့နော်၊ အလကား အလကား စတာနော်၊ တွားမယ်နော်၊ နောက်ကြုံလည်း ဝင်ခဲ့မယ်နော်...ငှီး ငှီး"
.... အဲလို ရူးတူးပေါတောလုပ်ပြီး ကိုယ့်လူနာကိုယ်တွဲလို့ အသာလစ်ထွက်ခဲ့ရပါကြောင်း ခင်ဗျာ... ...
0 comments:
Post a Comment