Friday, September 06, 2013

မူလတန်းကျောင်း ဆရာတစ်ယောက်ထဲရှိ၊ အထက်သို့ တင်ပြထားသော်လည်း ထူးခြားမှုမရှိသေး

Posted by drmyochit Friday, September 06, 2013, under | No comments


အောင်လံ၊ စက်တင်ဘာ ၅။

မကွေးတိုင်းဒေသကြီး အောင်လံမြို့ နယ် ၊ တင်းတောကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယခုနှစ် ပညာသင်နှစ်၌ သူငယ်တန်းမှ လေးတန်းအထိ ကျောင်းသားများကို ဆရာတစ်ဦး
တည်းကသာ စာသင်ကြားပေး နေရသဖြင့် တိုင်းပညာရေးမှုးထံသို့ စာရေးသား တင်ပြထားသော်လည်း ယနေ့တိုင် တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း တင်းတောကျေးရွာမှ
ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်စိုးက ပြောကြားသည်။

“ ကျောင်းသားစုစုပေါင်းက(၅၀)ရှိတာကို ၊ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်ပဲ သင်နေရတာ၊ ပညာရေးမှုးရုံး သွားတင်ပြသေးတယ်၊ ဘာမှ မထူးဘူး အဲဒါကြောင့် အထက်ကို စာတင်လိုက်တာ၊” ဟု
၎င်းက ပြောကြားသည်။

တင်းတောကျေးရွာ အုပ်စုမူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ဆရာနှစ်ဦးရှိသော်လည်း ဆရာမတစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လပိုင်းက ဆေးခွင့်ယူ၍ ပြန်သွားပြီး ယနေ့တိုင် ပြန်လည် တာဝန်ထမ်းဆောင် ခြင်းမရှိသဖြင့် ကျောင်းအုပ်ဆရာမကြီး တစ်ဦးတည်းကသာ သူငယ်တန်းမှ လေးတန်းအတိ ကျောင်းသား (၅၀)အား စာသင်ကြားပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းသားများ အချိန်ကုန်ပညာမတတ်ဖြစ်မည်ကို စိုးရိမ်ကြသော ကျောင်းသားမိဘများကိုယ်စား မြို့နယ်ပညာရေးမှုးရုံးသို့ အုပ်ချုပ်ရေးမှုး၊ နှင့် ရပ်မိရပ်ဖများက သွားရောက်တင်ပြခဲ့သော်လည်း
အကြောင်း မထူးခဲ့ ကြောင်း ဦးမောင်စိုးက ပြောကြားသည်။

ကျောင်းသားမိဘများ စုဝေးတိုင်ပင်၍ တိုင်းပညာရေးမှုး ထံသို့ ပြီးခဲ့သည့်လ ဒုတိယပတ်က စာရေးသားတင်ပြခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အောင်လံမြို့နယ် အတွင်းရှိ တင်းတောကျေးရွာအုပ်စု အနီးအပါးကျေးရွာများဖြစ်သော ကံသာယာကျေး ရွာ တွင်မူ အတန်းစုံကျောင်းသားဦးရေ (၅၀)ခန့်ရှိပြီး ဆရာအင်အားမှာမူ(၅)ဦးရှိကြောင်း၊ တောင်သာကျေး ရွာတွင်လည်း ကျောင်းသားဦးရေ (၁၈)ဦးရှိပြီး ဆရာအင်အားမှာ(၃)ဦးရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် ယခုနှစ်ပညာသင်နှစ်၌ တစ်မြို့နယ်လုံးအနေဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၅၉၁၉)ယောက် ပညာ သင်ကြားနေပြီး ကျောင်းအုပ်ကြီးများအပါအ၀င် ကျောင်းဆရာ၊ဆရာမ စုစုပေါင်းမှာ (၁၃၄၁)ဦး ရှိကြောင်းလည်း မြို့နယ်ပညာရေးမှုးရုံး၏ ပြောပြချက်အရ သိရပါသည်။

လင်းသက်

The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်