ကျွန်မစာရေးလေ့သိပ်မရှိပါ။ ဒါပေမယ့် KIO ကြောင့် ကျွန်မတို့ ရှမ်းနီတွေ ဒုက္ခ ဗျာပါဒတွေ များလွန်း လှလို့ ကျွန်မ ဒီစာကို ရေးခဲ့ပါတယ်။ ကျွန်မတို့ ရှမ်းနီတွေဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မြေပြန့်ဒေသ မှာနေ ခဲ့ကြ တဲ့ မြေပြန့် ရှမ်းတွေပါ။ မြန်မာရာဇဝင်တွေမှာ ဂုံရှမ်းတွေ အဖြစ်ဖော်ပြလေ့ရှိပြီး တချို့ကလည်း မြောက်ပိုင်းမြေပြန့် ရှမ်းလို့ ရေးကြပါတယ်။ ရှမ်းနီ(တိုင်းလိုင်)လို့ခေါ်တဲ့ သီးခြားရှမ်းလူမျိုးတစ်မျိုးအဖြစ် ၂၀၁၄ သန်းခေါင် စာရင်းမှာ ပါဝင်ဖို့လည်း ကြိုးပမ်းလျှက်ရှိပါတယ်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်း မှာတော့ ကျွန်မတို့ကို ရှမ်းကလေးလို့ သတ်မှတ်ထားပါတယ်။ ကျွန်မတို့ ရှမ်းနီလူမျိုးတွေဟာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းမှာ ပြန့်ကျဲနေထိုင်ကြပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် လက်နက်မကိုင်တဲ့ တိုင်းရင်းသားတွေအတွက် ဒုက္ခ ပင်လယ်ဝေ ခဲ့ရ ပါတယ်။ ကျွန်မတို့ ရှမ်းနီတွေဟာ စစ်ပွဲမှာ မပါဝင်ခဲ့ပေမယ့် စစ်ဒဏ်ကိုတော့ အများ ကြီး ခံခဲ့ရ တယ်။ စီးပွားရေးကောင်းပြီး အလှူအတန်းရက်ရောတဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာရှမ်းနီတွေဟာ ကျွန်မတို့ ကိုယ် တိုင် ဒုက္ခသည်ဘဝရောက်ပြီး အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပါတယ်။ ကျွန်မတို့ ရွာတွေမှာ KIO တပ်တွေရဲ့ ရိက္ခာ အတွက် စပါးတွေပေးခဲ့ရသလို ခွဲတမ်းချတဲ့ ငွေကိုလည်းပေးခဲ့ရတယ်။ သူတို့တိုက်တဲ့ စစ်မှာလည်း မဆီမဆိုင်ရှမ်းတွေကို အတင်းအဓမ္မပါခိုင်းတယ်။ ကျွန်မတို့ မောင်တွေ သေလားရှင်လား ခုထိ မသိရသေးဘူး။ ရွာက သားမရှိတဲ့အိမ်တွေဆို မိန်းကလေးတွေ လိုက်သွားရတယ်။
အဲဒီမိန်းကလေးတွေလည်း ခုထိအစအန ရှာမရသေးဘူး။ တရုတ်ပြည်ကို ရောင်းစားခံလိုက်ရတဲ့ သူတွေထဲ ပါသွားတယ် လိုလို ကြားရတော့ ကျွန်မမျက်ရည်ကျမိတယ်။ ရွာမှာလူသစ်လာစုတဲ့ KIO စစ်သားတွေရဲ့ အဓမ္မခြေတော်တင် ခံရတဲ့ ကလေးမတွေလည်း ခုထိမျက်ရည်မခြောက်သေးပါဘူး။ ဒီစစ်ပွဲ တွေကြောင့် ကျွန်မကိုယ်တိုင်လည်း ဒုတိယနှစ်(မြန်မာစာ) ကျောင်းသူဘဝကနေ မိသားစုစီးပွားရေး မပြေလည်လို့ ဆက်မတက် နိုင်သေးပါဘူး။ လက်နက်ကိုင်လမ်းစဉ်ကို ကျွန်မတို့ ရှမ်းနီတွေ မကြိုက်လို့ ဘိုးစဉ်ဘောင်ဆက်လက်နက်မကိုင်ခဲ့တာပါ။ ကျွန်မတို့ ရှမ်းနီတွေဆိုတာ ပြည်ထောင်စုရဲ့ အရိပ်အောက် မှာ တန်းတူညီမျှ လက်တွဲပြီး အေးအတူပူအမျှ နေထိုင်ဖို့ လိုလားတဲ့သူတွေပေါ့။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ KIO က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ပြင်ဆင်မှုတွေ လုပ်လာတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝမ်ပေါင်နိုင်ငံတော်ဆိုတဲ့ စကားသံကတော့ လျော့မသွား သေးပါဘူး။ ဝမ်ပေါင်အစိုးရဆိုတဲ့ ပြည်ထောင်စုအစိုးရအပေါ် စင်ပြိုင်ဆန်တဲ့ လေသံနဲ့ ပြောဆိုသံတွေဟာ ကျွန်မတို့ ရှမ်းနီတွေကို မလေးစားရာရောက်ပါတယ်။ ကျွန်မတို့ ရှမ်းနီတွေဟာ သူတို့လက်အောက်ခံ မဟုတ်ပါဘူး။ ကျွန်မတို့က လက်နက်ကိုင်လမ်းစဉ်မကြိုက်လို့ လက်နက်မကိုင်ပေမယ့် ကျွန်မတို့မှာ နိုင်ငံရေးခံယူချက်ရှိတယ်။ ပြည်ထောင်စု နိုင်ငံတော်ကိုလေးစားတယ်။ ဒို့တာဝန်အရေး ၃ပါးကိုလည်း လက်ခံတယ်။ အခြေခံဥပဒေကိုလည်း လေးစားတယ်။ ဒါ့အပြင်တရားဝင်မှတ်ပုံတင် နိုင်ငံရေးပါတီရှိတယ်။ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်ရဲတဲ့ သတ္တိလည်းရှိတယ်။ KIO မှာ ကျွန်မတို့လို စစ်မှန်တဲ့ယုံကြည်ချက်နဲ့ စေတနာမရှိဘူး။ နိုင်ငံရေးလို့ခေါင်းစဉ်တပ်ထားတဲ့ ဂျိန်းဖော လူမျိုးကြီးဝါဒပဲရှိတာပါ။ ကချင်လူမျိုးတွေကို ကိုယ်စားလည်းမပြုသလို ကချင်ပြည်နယ်က တိုင်းရင်းသား တွေကိုလည်း အလေးထားတဲ့ အဖွဲ့မဟုတ်ပါဘူး။ သူတို့ ကျွန်မတို့ ရှမ်းနယ်ထဲလာပြီး လူသစ်ဆွဲတာ၊ မိန်းမငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်တာ၊ လက်နက်အားကိုးအနိုင်ကျင့်ပြီး ပိုက်ဆံတောင်းတာ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို မိုင်းထောင်ဖျက်ဆီးပစ်တာ၊ ရိုးသားကြိုးစားပြီး ချမ်းသာတဲ့သူတွေဆီက တရားသဖြင့်ဝင်ငွေတွေကို မတရားအခွန်ကောက်တာတွေဟာ KIO ကို ကျွန်မတို့ အော့နှလုံးနာ စရာတွေဖြစ်ခဲ့ရပါတယ်။
ကျွန်မတို့ တိုင်းလိုင် လို့ခေါ်တဲ့ရှမ်းနီတွေဟာ ကချင်ပြည်နယ်ထဲကို ရောက်ချင်လို့ ရောက်လာ တာမဟုတ်ပါဘူး။ ကျွန်မတို့က ဒီဒေသမှာ နေလာတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ မယုံရင် သမိုင်း အထောက်အထားတွေ အများကြီးရှိပါတယ်။ မြန်မာရာဇဝင်တွေရော၊ ရှမ်းရာဇဝင်တွေမှာရောရှိပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်မှာ ဖဆပလ ခေါင်းဆောင်တွေနှင့် ကချင်ဒူဝါတွေ နားလည်မှုယူပြီး ရှမ်းနယ်တွေကို ကချင်ပြည်နယ်ထဲ ဒူဝါတွေက ဆွဲထည့်ခဲ့တာပါ။ ပင်လုံစာချုပ်မှာ ရှမ်းနီနယ်ဖြစ်တဲ့ ဗန်းမော်နဲ့ မြစ်ကြီးနားနယ်က ဒူဝါတွေသာပါပြီး ရှမ်းနီကိုယ်စားလှယ်မပါခဲ့ပါဘူး။ ကချင်တွေက တမင်အနိုင်ကျင့်ပြီး ရှမ်းနီတွေကို နှိမ်ထားခဲ့တာပေါ့။ ရှမ်းနီနယ်ဟာ အင်္ဂလိပ်လက်အောက် မှာကတည်းက မောရှမ်းတွေလို တောင်တန်းအုပ်ချုပ်ရေးမှာ မပါဘဲ ပြည်မနှင့်တန်းတူ အုပ်ချုပ်ခဲ့တဲ့နယ်ပါ။ ဗန်းမော်၊ ကသာ စတဲ့ ရှမ်းနယ်တွေမှာ အင်္ဂလိပ်အစိုးရ ရုံးစိုက်တဲ့မြို့တွေပါပဲ။ ဒါကြောင့် သူတို့ပြောတဲ့ ဝမ်ပေါင်နိုင်ငံတော်မှာ ကျွန်မတို့ ရှမ်းနီတွေကို ဆွဲထည့်တာ လုံးဝလက်မခံနိုင်ပါဘူး။ သူတို့ ရူးသွပ်တဲ့ လုပ်ရပ်မှာ ရှမ်းနီတွေ အချောင်အသေမခံနိုင်ပါဘူး။ ရှမ်းနီမှာ ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ လူမျိုးပါ။ အင်္ဂလိပ် လက်အောက် ရောက်မှ မွေးစားစာနဲ့ ရှင်သန်တဲ့သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ ရှမ်းနီလူုမျိုးတွေဟာ လက်ရှိလည်း လူအင်အား ၂ သန်းလောက်ရှိတဲ့ လူမျိုးပါ။ သွေးဆူတတ်ရင် KIO ကို လက်နက်ကိုင်တိုက်ဖို့ ပြည်သူ့စစ်ဖွဲ့ရင် အစိုးရက ကန့်ကွက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့လူမျိုးက လက်နက်ကိုင် လမ်းစဉ်ကို အယုံအကြည်မရှိလို့ မလုပ်တာပါ။ ပြည်ထောင်စုသားတွေနဲ့ ထာဝရလက်တွဲဖို့သာ အာရုံထားတာပါ။
ပထမအကြိမ် KIO နှင့် ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေးကော်မရှင် ဆွေးနွေးပွဲမှာ ကျွန်မတို့ ရှမ်းနီ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ထိုးဖို့ ဆန္ဒပြတောင်းဆိုဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် KIO က ဆန္ဒပြမယ့်ခေါင်းဆောင်တွေကို နှိပ်ကွပ်လို့ အစိုးရတပ်တွေနဲ့နီးတဲ့ ဝိုင်းမော်မှာပဲ ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့က ကျွန်မတို့ ဆန္ဒတွေကို မလေးစားခဲ့ပါဘူး။ အခု အောက်တိုဘာလထဲ ရောက်သည့်တိုင် ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကို လစ်လျှူရှုပြီး သူတို့ အကျိုးစီးပွားအတွက်ပဲ လောဘတက်နေတုန်းပါပဲ။ ဒုက္ခသည်စခန်းက ကချင်လူမျိုးတွေ၊ ရှမ်းနီတွေဟာ ဇာတိမြေနဲ့ နှစ်နှစ်လောက်ခွဲခွာခဲ့ရတာမို့ ခုချိန်မှာ ဥယျာဉ်တွေလည်းတောဝင်ပြီး တောင်ယာတွေလည်း ပျက်စီးနေပါပြီ။ ထူထောင်ရေးလုပ်မယ်ဆိုရင်တောင် ငွေကြေးပမာဏမနည်းလှပါဘူး။ NGO တွေရဲ့ အကူအညီတွေကိုလည်း ကျွန်မတို့ဆီမျှမျှတတခွဲပေးဖို့ ကျွန်မတို့ KIO ကိုတောင်းဆိုရဦးမှာပါ။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ ကချင်ပြည်နယ်ကို ပင်လုံစာချုပ်အရ သတ်မှတ်ပေးခဲ့ ကတည်းက ကျွန်မတို့ရှမ်းနီတွေကို ကချင်လူမျိုးကြီး ဝါဒီတွေက နှိပ်ကွပ်ခဲ့တာ လွတ်လပ်ရေးတစ်သက်လို့ ပြောရပါလိမ့်မယ်။ ကချင်ပြည်နယ်လို့ နာမည်တွင်တဲ့ ပြည်ထောင်စုနယ်မြေတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ ရှမ်းနီတွေကို တိုင်းရင်းသားချင်း ဖိနှိပ်တဲ့ဝါဒကို လုံးဝမလိုလားပါဘူး။ ကျွန်မတို့ တိုင်းရင်းသားချင်း ချစ်ချစ်ခင်ခင်နေဖို့ပဲလိုလားပါတယ်။ KIO ပေါ်လာတော့ ကျွန်မတို့ စာပေ ယဉ်ကျေးမှုတွေ ပပျောက်လုဖြစ်အောင်နှိပ်ကွပ်ခဲ့ပါတယ်။ ခုဆို သက်ကြီးရွယ်အိုတွေပဲ ရှမ်းနီစာတတ် တော့တာပါ။ ဒါကို ကျွန်မတို့ နိုင်ငံတော်အစိုးရရဲ့ ကျေးဇူးနှင့် ခုမှပြန်လည်ဖော်ထုတ် နေရတာပါ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ KIO က ငြိမ်းချမ်းရေးသဘောတူခဲ့ပေမယ့် ကျွန်မတို့အတွက်တော့ ပိုမိုဆိုးရွားတဲ့ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ KIO က ငြိမ်းချမ်းရေးယူခဲ့တဲ့ ၁၇ နှစ်မှာ ကျွန်မတို့ရှမ်းနီနယ်တွေမှာ လူသစ်တိုးစုတာ၊ ဆက်ကြေးပိုကောက်တာနဲ့ ခြေတော်တင်ခံရတဲ့ အပျော်မယားတွေအဖြစ် ဘဝဆုံးခဲ့ တာတွေ၊ KIA စစ်သားတွေ မကြည်လို့ လက်သိပ်ထိုးအသတ်ခံလိုက်ရတာတွေသာ များပြားခဲ့ပါတယ်။ ဒါ့ပြင် ကျွန်မတို့ ရှမ်းနီနယ်က ကျွန်းတောကြီးတွေ အမြစ်မကျန်ခုတ်ခံလိုက်ရပြီး တရုတ်နိုင်ငံကို ကားကြီး ကားငယ်အသွယ်သွယ်နှင့် ရောင်းစားခံလိုက်ရသလို တရုတ်မယားဘဝကို ငွေသိန်း နှစ်ဆယ်အစိတ်နှင့် ရောင်းစားခံလိုက်ရသူတွေလည်း အများကြီးပါပဲ။ ဘိန်းစားဖြစ်ပြီး ဆေးစွဲနေတဲ့လူငယ်တွေ၊ ကုမရတဲ့ ရောဂါဆိုးကြီးနှင့် သေဆုံးသွားရတဲ့ အရွယ်ကောင်းတွေလည်း မနည်းလှပါဘူး။ အဖမဲ့ကလေးငယ် လေးတွေထဲမှာ အဖေနာမည်သိတဲ့သူရော၊ မသိတဲ့သူရော အများအပြားရှိခဲ့တာ KIO ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့်ဆိုတာ သက်သေပြစရာတွေပါ။
ကျွန်မတို့ ရှမ်းနီတိုင်းရင်းသားတွေမှာ KIOရဲ့ စစ်ပွဲကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ၊ စစ်ဘေးစစ်ဒဏ်သင့်လို့ ဆုံးရှုံးခဲ့ရတာတွေ၊ ဒုက္ခသည်အဖြစ်ဘဝအလင်းရောင်မဲ့နေသူတွေ အတွက် KIO အဖွဲ့ကို ကျွန်မတို့ဘက်က တောင်းဆိုစရာတွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့် မျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်)က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌထံလိပ်မူပြီး ကချင်ပြည်နယ်အတွင်းသို့ သွတ်သွင်းခံရသော ရှမ်းနယ်မြေများနှင့် ဒေသခံရှမ်းမျိုးနွယ်စုများ၏ သဘောထားဆန္ဒတင်ပြခြင်း ကို ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့ နေ့စွဲဖြင့်ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဆွေးနွေးပေးခဲ့တာတောင် KIO ဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အယုံအကြည်မရှိဘူးလို့ အကြောင်းပြပြီး လက်မှတ်မရေးထိုးခဲ့ပါဘူး။ သူတို့ကတော့ သူတို့KIO အဖွဲ့အတွက် အကျိုးအမြတ်ရှာပေမယ့် ဒေသခံတွေအတွက်တော့ အရာမဝင်သလိုခံစားခဲ့ရ ပါတယ်။ ပြည်သူ့ဆန္ဒကို မလေးစားတဲ့ KIO ဟာ ဒီမိုကရေစီကိုလည်း ယုံကြည်သူမဟုတ်ဘူးဆိုတာ တရုတ်ကွန်မြူနစ်အပေါ်မှီခိုယုံတင်မက မွတ်ဆလင်တွေကိုပါ အရေးပေးတဲ့ အစွန်းရောက် အကြမ်းဖက်အဖွဲ့ တစ်ခုရဲ့ရုပ်သွင် ပိုမိုပေါ်လွင်စေတာပါပဲ။
KIO က ပစ်ထားသည့်တိုင် နိုင်ငံတော်အစိုးရကတော့ အလေးထားလျှက်ပါပဲ။ ကျွန်မတို့ လိုလား
တဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေဆဲပါပဲ။ ဒါကြောင့် အစိုးရကိုလည်း တောင်းဆိုချင်ပါတယ်။ အစိုးရ အနေနှင့် ကျွန်မတို့ အိမ်ပြန်ချိန်မှာလည်း ကျွန်မတို့ငြိမ်းချမ်းတဲ့ ရှမ်းနီတွေအတွက် လုံခြုံတဲ့ဘဝကို ပေးပါ။ အစိုးရတပ်တွေကို ကျွန်မတို့ဆီမှာ ထားပေးပါလို့ အားကိုးတကြီး တောင်းဆိုချင်ပါတယ်။ အဲဒိအချက်ဟာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) ရဲ့သဘောထားဆန္ဒတင်ပြချက် ၁၀ ချက်ထဲမှာလည်း ပါဝင်ပြီး ဖြစ်ပါတယ်။ ကျွန်မတို့က လက်နက်လည်းမရှိ၊ အကြမ်းလည်းမဖက်တတ်တဲ့ လူမျိုးတွေမို့ နိုင်ငံတော်မှာ အေးအတူပူအမျှ ပြည်ထောင်စုစိတ်နဲ့ နေထိုင်သွားကြဖို့ပဲ ဆန္ဒရှိပါတယ်။ ခုတော့ ကျွန်မတို့ရှမ်းနီတွေမှာ KIO ရဲ့ အနိုင်ကျင့်မှု၊ နှိမ့်ချဆက်ဆံခံရမှုတွေကြားမှာ ဘဝတွေပျက်နေကြရပါပြီ။ ရှမ်းနီတွေကို စာနာသော အားဖြင့် ကျွန်မရဲ့ တင်ပြမှုကို အရေးတယူရှိလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဇာတိမြေအဝေးက
နန်းခမ်းမြလှိုင်( မိုးညှင်း)

0 comments:
Post a Comment