အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ လက်မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အစားထဲက မဟုတ်ပဲ တစ်သက် လုံး သိမ်မွေ့နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်စွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကလည်း ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....
ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သယ် ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံ လေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...
အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်မထည့်ထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ စစ်ကြီး ပြီးသွားတော့ မုဆိုးမ စုဖုရား လတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။
ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။
မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်းမပါပဲ ပြည်တော် မပြန်။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။
အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း တီးပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...
ကြံရာမရဖြစ်တဲ့ စုဖုရားလတ်က အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ် လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးတာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး ရှူးတိုက်။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။
မယ်ကံဆိုး သားအမိတွေရဲ့ ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့် ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...
နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့က စပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်း မ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ်လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...
မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " ဆိုပြီး အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူး။
ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီး တွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ် မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...
ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူက အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျောချ။ ဒေါသ ဖြစ်စရာ ကောင်းလိုက် လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်း ကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူ တွေ ဘာပြောပြော ကျွန်တော်တော့.. လေးစားတယ်ဗျာ...။
Thu Hlaing
0 comments:
Post a Comment