Friday, January 24, 2014

နိုင်ငံရေးအကျပ်အတည်းတွင် ထိုင်းတပ်မတော် ဝင်ရောက် စွက်ဖက်ရန် ပြင်ဆင်ထားဟု စစ်တပ်အကြီးအကဲ ပြောကြား

Posted by drmyochit Friday, January 24, 2014, under | No comments


Friday, January 24, 2014

ထိုင်းနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အကြမ်းဖက် မှုသို့ ပြောင်းလဲ ရောက်ရှိ လာပါက ဝင်ရောက် စွက်ဖက်နိုင်ရန် ထိုင်းတပ်မတော် အသင့်ပြင်ထားသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

“ပဋိပက္ခတွေကနေ အကြမ်းဖက်မှု၊ မဖြေရှင်းနိုင်မှုအထိ ရောက်သွားရင် စစ်တပ်က ဝင်ရောက် ဖြေရှင်းရ ပါလိမ့်မယ်။ နိုင်ငံကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြီးတော့ မှန်ကန်တဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုမှာပါ” ဟု ထိုင်းစစ်တပ်အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။

အချို့သော အုပ်စုများမှာ အကြမ်းဖက် နည်းလမ်းများ၊ တရားမဝင် နည်းလမ်းများကို အသုံးပြုပြီး မတည်ငြိမ် မှုများ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေသော်လည်း ၎င်းတို့မှာ အောင်မြင်မှုရမည် မဟုတ်ဟု ဗိုလ်ချုပ် ကြီး က သတိပေးလိုက်သည်။

“အဲဒီလို လုပ်ဆောင်နေတာ ဘယ်သူတွေရှိတာ ကျွန်တော့်မှာ သတင်းအချက် အလက်တွေ ရှိပါတယ်။ အကြမ်းဖက်မှုတွေ လုပ်ဆောင်တာရပ်ဖို့ ကျွန်တော် ထပ်သတိ ပေးချင်ပါတယ်။ ရဲတပ်ဖွဲ့က တရားဝင် အရေး ယူမှုတွေ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ သက်သေ အထောက်အထားတွေ စုဆောင်းနေ ပါတယ်” ဟု ထိုင်းတပ်မတော် အကြီးအကဲက ပြောကြားသည်။

အစိုးရ အရာရှိများကို ခြိမ်းခြောက ခြင်း၊ ရေဒီယို အသံလွှင့်ရုံများမှ တစ်ဆင့် အပြင်းအထန် ဝေဖန် ပြော ကြားခြင်း၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် လူထုကို လှုံ့ဆော်မှုတို့ကို အချို့က လုပ်ဆောင်နေပြီး ဥပဒေနှင့် မညီညွတ် သည့် လုပ်ဆောင်ချက်များကို အရေးယူသွားရန် ထိုင်းအစိုးရအဖွဲ့အပေါ် တပ်မတော်က တိုက်တွန်း ထားသည်။

ထို့အပြင် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန် ထိုင်းစစ်သားများက နည်းလမ်းမျိုးစုံ အသုံးပြု ကာကွယ် နေကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှက ပြောကြားသည်။

ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့တော်နှင့် အနီးအနားရှိ ပြည်နယ်များတွင် အရေးပေါ် အခြေ အနေ ချမှတ်သွားမည်ဟု ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားခြင်းကြောင့် ယင်းကဲ့သို့သော လုပ်ဆောင် ချက်မျိုး လိုအပ်မှု ရှိ မရှိ မှတ်ချက်ပေး ပြောကြားရန် ထိုင်းတပ်မတော် အကြီးအကဲကို မေးမြန်း ခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ဆန္ဒပြသမားများအရေးကို ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်ပြီး ထိုင်း တပ်မတော်က နောက်တန်းမှ ကူညီထောက်ပံ့ပေးသည့် အခန်းကဏ္ဍတွင်သာ နေသွားမည်ဟု ဗိုလ်ချုပ်ကြီးက ပြောကြားသည်။

ထိုင်း အမှတ် (၁) တပ်မတော်မှာ ရဲတပ်ဖွဲ့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးကို အကူအညီပေး ရသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်ဆေးရေး ဂိတ်ပေါင်း ၃၀ ကျော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိုင်းတပ်မတော် တပ်ခွဲပေါင်း ၄၀ ကျော် ပူးတွဲ တာဝန် ထမ်းဆောင်လျက် ရှိသည်။

ယင်းကဲ့သို့သော ထိုင်းစစ်သားများ တပ်ဖြန့်ထားခြင်းမှာ မည်သည့်ဘက်ကမျှ ပါဝင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ပြည်သူများ လုံခြုံရေးအတွက် တပ်ချထားခြင်း ဖြစ်ကြောင်း ထိုင်းတပ်မတော်က ပြောကြားသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသမားများကြား အကြမ်းဖက်မှုများ ဖြစ်ပွား မလာစေရန် စစ်သားများကို နေရာတိုင်းတွင် တပ်ဖြန့်ချထားရန် ထိုင်းအစိုးရ ငြိမ်ချမ်းမှု ထိန်းသိမ်းရေး စင်တာကို တပ်မတော်က အဆိုပြု ထားကြောင်း ဗိုလ်ချုပ်ကြီးပရာရုချအိုရှ က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်