Monday, February 03, 2014

ယောဂကျင့်စဉ် ပြုလုပ်ပါက ရင်သားကင်ဆာဝေဒနာရှင်များ မောပန်းနွမ်းလျမှုလျော့ကျစေနိုင်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒေါက်တာသာစိန်

ရင်သားကင်ဆာကုသမှု ခံယူပြီးသည့် အမျိုး သမီးများ အတွက် ယောဂကျင့်စဉ်သည် ပင်ပန်းနွမ်း လျမှုနှင့် ရောဂါကြောင့်ဖြစ်သည့် ရောင်ရမ်းခြင်းများ လျော့ကျစေနိုင်သည့်အပြင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရေး အတွက်ကိုပါ အထောက် အကူပြု ကြောင်း လေ့လာဆန်းစစ်ချက် အသစ် တစ်ရပ် အရ သိရသည်။

ယင်းလေ့လာဆန်းစစ်ချက်တွင်ပါဝင်သော သုတေသီများက ရင်သားကင်ဆာကုသမှုခံယူပြီး ယောဂကျင့်စဉ်ကို ရက်သတ္တ ၁၂ ပတ်အကြာ ကျင့်ကြံအားထုတ်သော အမျိုးသမီးများမှာ ရင်သားကင်ဆာ ကုသမှုခံယူပြီး ယောဂကျင့်စဉ်ကို ကျင့်ကြံအားထုတ်ခြင်းမရှိသော အမျိုးသမီးများထက် ခြောက်လကြာသည့်အခါတွင် ပင်ပန်းနွမ်းလျမှုနှင့် ရောင်ရမ်းမှုသိသိသာသာ လျော့ကျသွားသည်ကို တွေ့ရကြောင်းဆိုသည်။

ယင်းလေ့လာဆန်းစစ်ချက်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုလံဘတ်မြို့ ဆေးသုတေသနဌာနမှ ကိုင်ကော့တ် ကလက်ဆာက ကင်ဆာရောဂါကုသမှုခံယူပြီးသူများသည် ကင်ဆာရောဂါဖြစ်ပွားခြင်းမရှိခဲ့ဖူးသည့်သူများထက် ကျန်းမာရေးပိုမိုဆိုးရွားကာ မသန်မစွမ်းဖြစ်နိုင်ခြေ နှစ်ဆရှိကြောင်း၊ ဤကဲ့သို့ဖြစ်ရခြင်းမှာ ကုသမှုခံယူပြီး သူများသည် ကုသမှုခံယူချိန်နှင့် ကုသမှုခံယူပြီးနောက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိတော့သည့်အချိန်တွင် ရောဂါ ကြောင့်ခန္ဓာကိုယ်အတွင်းရှိ ရောင်ရမ်းမှု ပို၍ဖြစ်လာပြီး အခြားသောရောဂါများပါဝင်ရောက်လာကာ အသက်အန္တရာယ်ပါ စိုးရိမ်ရကြောင်း Clinical Oncology ဂျာနယ်တွင် ရေးသားထားသည်။

ယခင်သုတေသနတွေ့ရှိချက်များအရ ကင်ဆာရောဂါကုသမှုခံယူပြီးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု များများစားစားမလုပ်သူများတွင် ရောင်ရမ်းမှုပို၍ ဖြစ်တတ်သည်ကို တွေ့ရှိခဲ့ကြသည်။ ယောဂကျင့်စဉ်၏ နက်ရှိုင်းသည့်ထူးခြားမှုသည် ဓလေ့စရိုက်မတူသော လူတစ်ဦးချင်း၏ ကန့်သတ်ချက်များနှင့်အံဝင်ခွင်ကျဖြစ်အောင် စီမံထားပြီးဖြစ်ရာ ကင်ဆာရောဂါ ကုသမှုခံယူပြီးသူများအတွက် အကောင်းဆုံးဘဝ ရှင်သန်မှုနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ယောဂကျင့်စဉ်သည်ကျင့်ကြံအားထုတ်သူကို နှစ်ခြိုက်စွာအိပ်ပျော်စေသဖြင့် ကင်ဆာရောဂါ ကုသမှုခံယူပြီးသူများ၏ ပင်ပန်းနွမ်းလျမှုကို လျော့ကျ စေသည်ဟုဆိုသည်။

သုတေသီများက ယောဂကျင့်စဉ်သည် ပင်ပန်းနွမ်းလျမှု၊ စိတ်နေစိတ်ထားနှင့် ရောင်ရမ်းမှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ကို သိရှိရန် လေ့လာဆန်းစစ်မှုမလုပ်ဆောင်မီ နှစ်လအလိုက ကုသမှုခံယူပြီးသော ရင်သားကင်ဆာဝေဒနာရှင် ပေါင်း ၂ဝဝ ကို ရှာဖွေစုဆောင်းကာ အုပ်စုနှစ်စုခွဲပြီးနောက် ရက်သတ္တ ၁၂ ပတ်အကြာကာလအတွင်း ပထမအုပ်စုကို ရက်သတ္တ တစ်ပတ်လျှင် မိနစ် ၉ဝ ကြာ ယောဂကျင့်စဉ်ကို နှစ်ကြိမ်ကျင့်ကြံအားထုတ်စေခဲ့သည်။ ဒုတိယအုပ်စုကိုမူ ယောဂကျင့်စဉ်နှင့်ကင်းကွာစေခဲ့သည်။ ရက်သတ္တ ၁၂ ပတ်အကြာကျင့်ကြံအားထုတ်မှုအပြီးတွင် ပထမအုပ်စုသည် ဒုတိယအုပ်စုထက်ပို၍ တက်ကြွလန်းဆန်းမှု ရှိလာသည်ကို တွေ့ရသည်။ သို့သော် အုပ်စုနှစ်စုစလုံး၌ ပင်ပန်းနွမ်းလျမှု၊စိတ်နေစိတ်ထားနှင့်ရောဂါကြောင့် ရောင်ရမ်းမှုများမှာ ကွာခြားမှုသိပ်မရှိကြပေ။ ယင်းအုပ်စုနှစ်စုကိုပင် နောက်ထပ် သုံးလကြာမြင့်အောင် ဆက်လက်ထားရှိသောအခါတွင် ယောဂကျင့်စဉ်ဖြင့် နေထိုင်သောအုပ်စုက ယောဂကျင့်စဉ်နှင့်ကင်းကွာသောအုပ်စုထက် ပင်ပန်းနွမ်းလျမှု လျော့ကျသည့်အပြင် ပို၍တက်ကြွပျော်ရွှင်လာသည့် လက္ခဏာများ တွေ့ရကြကြောင်း ဆိုသည်။ ယောဂကျင့်စဉ်သည် အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်ကြံအားထုတ်ကြသည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ယောဂီများကျင့်ကြံအားထုတ်သည့် သမထဝိပဿနာနှင့် ဆင်တူယိုးမှားရှိနေခြင်းကြောင့် မြန်မာလူငယ်များအတွက် ကျင့်ကြံအားထုတ်ရန် လွယ်ကူသည့် ကျင့်စဉ်တစ်ရပ်ပင်ဖြစ်သည်။

 (ရိုက်တာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်