Monday, September 01, 2014

လက်မှတ်ထိုးပွဲ

Posted by Unknown Monday, September 01, 2014, under | No comments


မောင်ဗျော့တစ်ယောက် မနက်လင်းတာနဲ့ တိုက်ပုံကလေး ကောက်စွပ်၊
ဘောပင်လေးကိုင်ကာ ဖင်တကြွကြွဖြစ်နေချေပြီ။
မြို့နယ်တစ်ခုမှ ပါတီစည်းရုံးရေးမှူးကြီးမောင်ဗျော့
ဖင်တကြွကြွဖြစ်နေသည်ကလည်း အကြောင်းရှိသည်။
အဘယ့်ကြောင့်ဆိုသော် ယနေ့ လက်မှတ်ထိုးပွဲကြီးရှိလေသည်။

လက်မှတ်ထိုးပွဲကြီးမှ နယ်နယ်ရရမဟုတ် PR ဆန့်ကျင်ရေးလက်မှတ်ထိုးပွဲဖြစ်လေသည်။
သို့သော် PR ဆိုသည်မှာ အဘယ်မှန်းပင် မောင်ဗျော့မသိ မောင်ဗျော့သိသည်မှာ
ပီအာရ်ဆန့်ကျင်ရေးလက်မှတ် များများကောက်နိုင်မှ
အထက်ကလူများမှ အမြင်ကြည်မည် သို့မှသာ ပါတီတွင်း
နေရာကောင်း ရမည်ပင်ဖြစ်သည်။

အခုလည်း ပီအာရ်စနစ်ကန့်ကွက်လှုပ်ရှားမှုကို တစ်အိမ်တက်ဆင်း
လိုက်လံကောက်ခံပြီး လက်ရှိတွင်လက် မှတ်ကောက်ခံမည့် 
လူအင်အားနည်းနေသဖြင့် နိုင်ငံရေးစိတ်ပါဝင်စားသူ ပြည်သူများကိုသာ 
အဓိကထား ကောက်ခံနေရသည်။

သို့သော် ပြည်သူအများကတော့ စိတ်ဝင်စားခြင်း အလျဉ်းမရှိတော့။
သူတို့ကိုလည်း အပြစ်မဆိုသာ။ အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင်
ထိုးလိုက်ရသည့်လက်မှတ်များမှာ တသက်နှင့်တကိုယ် လက်မှတ်ဒီလောက်
မထိုးဖူးဘူးဟု ညည်းကြသူများပင်ရှိသည်။ 

ဟုတ်လည်းဟုတ်သည်။ များလိုက်သည့်လက်မှတ် ထိုးပွဲတွေ၊ ၄၃၆ လက်မှတ်ထိုးပွဲ၊ အခြေခံဥပဒေပြင်ဆင်ရေးလက်မှတ်ထိုးပွဲ၊ လယ်ယာမြေပြင်ဆင်ရေး လက်မှတ်ထိုးပွဲ၊ ပီအာရန်ဆန့်ကျင်ရေးလက်မှတ်ထိုးပွဲ စသည်ဖြင့် လက်မှတ်ထိုးပွဲများ ကျင်းပနေကြသည်မှာ တတိုင်းပြည်လုံးနေရာအနှံ့ဖြစ်တော့သည်။

နောက်တော့ လက်မှတ်ထိုးပွဲဆိုသည်နှင့် မည်သူမျှ စိတ်မ၀င်စားကြတော့ချေ။
တစ်ချို့ကတော့ နိုင်ငံနှင့်အ၀ှန်းလက်မှတ်ထိုးပွဲတွေ ဒီလောက်လုပ်နေတာ
အဲဒီအတွက် ကုန်ကျစားရိတ်တွေ ဘယ်ကလာသနည်း ဘယ်သူတွေ
နောက်ကွယ်ကနေ စေခိုင်းနေသနည်းဟု မေးကြသည်။
ငွေဖြူငွေမဲ ခ၀ါချမှုအား တိုက်ဖျက်နေသည့် ယခုလိုအချိန်မျိုးတွင် 
အထက်ပါမေးခွန်းမျိုးက မေးထိုက်သည်။ မေးသင့်သော မေးခွန်းများဖြစ်သည်။
ထိုငွေတွေ မည်သည့်နေရာမှ စီးဆင်းလာသနည်း။ သေချာစီစစ်လိုက်ပါက
အဖြေကတော့ ရှိမည်ပင်ဖြစ်သည်။

လက်မှတ်ထိုးပွဲစီစဉ်နေသူတွေ လှုံ့ဆော်နေသူတွေကိုကြည့်လိုက်လျှင် 
အပြင်တွင် အလုပ်မည်မည်ရရ ရှိကြသူများမဟုတ်၊ သို့သော် ကားအကောင်းစားနှင့်
အကောင်းစား ဟန်းဖုန်းနှင့် အကြော့သားတွေ့ရမည်ဖြစ်သည်။ 

ယခုတော့ ပြည်သူလူထုက လက်မှတ်ထိုးပွဲဆိုလျှင် စိတ်ကုန်ပြီး
လှည့်မကြည့်ချင်ကြတော့သဖြင့် မောင်ဗျော့တို့ လက်ကမ်းစာ စောင်များ ဝေငှခြင်း၊ တစ်အိမ်တက်တအိမ်ဆင်း လက်မှတ်ထိုးဖို့ လိုက်ပြောရင်းဖြင့် အလုပ်များနေကြရသည်။

အတင်းအကျပ် လက်မှတ်ထိုးဖို့ လိုက်လံဟောပြောနေသဖြင့် ပြည်သူအများ
စိတ်ဆင်းရဲသည်ကို မောင်ဗျော့တစ်ယောက်သိသော်လည်း 
သူ့ထက်အရေးကြီးသည်ကရှိနေသေးသည်။ 
 
မိမိအထက် ပါတီလူကြီးများ ငြိုငြင်မခံရဖို့၊ ပါတီမှာ နေရာကောင်းရဖို့ဖြစ်သည်။
နောက်ဆုံးတော့လည်း ပင်နီတိုက်ပုံလေးဝတ် ဘောပင်လေးချိတ်ကာ
ရပ်ကွက်ထိပ်ရှိ လက်မှတ်ထိုးပွဲ လှုံ့ဆော်မည့်နေရာသို့ မောင်ဗျော့ တစ်ယောက်
မိုးတဖွဲဖွဲကြားမှာ အသော့ကလေး ထွက်လာခဲ့တော့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်