၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ ၃၅ ဒသမ
၈ သန်းလိုအပ်သည်ဟု ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ ပူးတွဲလုပ်ဆောင် ထားသည့် Kachin Response Plan အရ သိရသည်။
၂၀၁၂ ခုနှစ်အတွင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တွင်ရွှေ့ပြောင်းနေထိုင်ရသူဦးရေမှာ ပြီးခဲ့သည့် ဇူလိုင်လအထိ တိုးလာနေပြီး ၎င်းတို့အတွက် ကူညီထောက်ပံ့မှုများမှာ၂၀၁၃ခုနှစ်အထိ လိုအပ်နေဦးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ ကပြောကြားခဲ့သည်ဟု သိရှိရသည်။ အထောက်အပံ့ ပစ္စည်းများတွင် ဦးစားပေးအဖြစ် အစားအစာထောက်
ပံ့ပေးမှု၊ အသက်မွေးမှုဖန်တီးပေးမှု၊ အစားအသောက် မဟုတ်သော ပစ္စည်းများထောက်ပံ့မှု၊ စခန်းများ ဆောက်လုပ်ပေးမှု၊ ကျန်းမာရေးနှင့် အာဟာရထောက်ပံ့မှု၊ ရေသန့်ရှင်းမှု များဆိုင်ရာ အထောက်အပံ့များပေး အပ်မှု၊ ပညာရေးအတွက် သင်ကြား ရေးပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ယာယီကျောင်းများ ဆောက်လုပ်ပေးမှု၊ ကလေးသူငယ်များဆိုင်ရာကာ ကွယ်စောင့်ရှောက်မှုတို့ကို လုပ်ဆောင် ပေးရန်ဖြစ်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ အလှူရှင်အဖွဲ့ အစည်း အသီးသီးမှ လူသားချင်းစာနာ ထောက်ထားသည့် အစီအစဉ်များ အတွက် အမေရိကန် ဒေါ်လာ ၂၁ သန်း ရရှိထားပြီး ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငွေကြေးကို Response Plan ၏ဦးစားပေး အစီအစဉ်များအတိုင်း အသုံးချပြီးဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များအတွက် ငွေကြေး လိုအပ်မှုတွင် အစားအသောက်အတွက် လိုအပ်မှုက အများဆုံးဖြစ်ပြီး အမေ ရိကန်ဒေါ်လာ ၁၄၃ သိန်းကျော် ရှိနေကြောင်း အစီအစဉ်ထုတ်ပြန်မှုအရ သိရသည်။ မိုးရာသီကာလအတွင်း တွင် ကျိုးပျက်နေသော တံတားများနှင့် ရေကြီး မှုများကြောင့် ဒုက္ခသည် စခန်းများသို့ အထောက်အပံ့ပစ္စည်း များပေးအပ်ရန် စိန်ခေါ်မှုများရှိနေ ကြောင်းလည်း သိရသည်။ စက်တင်ဘာလအတွင်း ကွင်းဆင်းလေ့လာမှုများ အရ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး အသက် ၁၈ နှစ် အောက်ကလေးများ က ၅၀ ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။ ဒုက္ခသည်စခန်းများတွင် ဆေးဝါးရှားပါးမှု၊ ခြင်ထောင်ရှားပါးမှုများနှင့် ကြုံတွေ့နေ ရပြီး မကြာခဏ ဖြစ်ပွားသည့် ရောဂါများတွင် ၀မ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ကြောင်း အစီအစဉ် တင်ပြချက်အရ သိရသည်။
From: ရွှေမြန်မာမီဒီယာဂရု
0 comments:
Post a Comment