အိန္ဒိယသို့ မကြာမီက အလည်အပတ် ရောက်ရှိနေခဲ့သော
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိသည် အိန္ဒိယနှင့် ဝေးကွာသည်ဟု တစ်ခါမှ မခံစားခဲ့မိကြောင်း၊ မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့်
အိန္ဒိယနိုင်ငံသား တစ်ဦးဟု ခံစားမိကြောင်း ပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ငယ်စဉ်က ကျောင်းတက်ခဲ့ရာ နယူးဒေလီရှိ လေဒီရှရီရမ် အမျိုးသမီးကောလိပ်၌ ကျောင်းသူ၊ ကျောင်းသားများအား မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောခဲ့ခြင်းဖြစ်သည်။
သူမက "ဒီခန်းမကြီးထဲကို ကျွန်မပြန်ရောက်လာ ရမယ်လို့ အမြဲပဲ သိခဲ့ပါတယ်။ ဒီမှာ ဂန္ဒီကြီးရဲ့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်တဲ့ 'ရာဂူပတီရာဂတ်ဗ်ရာဂျာရမ်' သီချင်းကို ဆိုတတ်ဖို့ ကျွန်မ သင်ကြားခဲ့ရတာပါ"ဟု ပြောသည်။ ထို့အပြင် သူမက မိန့်ခွန်း၌ မြန်မာ့ဒီမိုကရေစီ အရေးနှင့် ပတ်သက်၍လည်း အိန္ဒိယ၏ အကူအညီ၊ အားပေးမှု လိုအပ်ကြောင်းကို "ဒီမိုကရေစီဆီ ဦးတည်နေတဲ့ ကျွန်မတို့ရဲ့ တိုးတက်ပြောင်းလဲမှုမှာ ကျွန်မတို့ ရှင်တို့ရဲ့ အကူအညီ လိုအပ်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီရဖို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ ရှင်တို့ရဲ့ ကူညီမှု လိုအပ်တယ်"ဟု ထည့်သွင်းပြောကြားသည်။
ဒေါ်စုသည် လေဒီရှရီရမ် အမျိုးသမီးကောလိပ်မှ ၁၉၆၀ နှစ်များ အစောပိုင်း၌ နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်သည်။
7Day News

0 comments:
Post a Comment