တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက် လာသူမှာ ဦးသန့် ဖြစ်သည်။
ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှု အဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။ သမိုင်းတစ်ကွေ့တွင် သူတို့ ဆုံခဲ့ကြသော်လည်း သူတို့၏ ဘဝလမ်းက ကွာခြားသည်၊ စရိုက်ချင်းလည်း မတူ။ ဗိုလ်ချုပ်ထံမှ ခေါင်းဆောင်မှုကို ကျွန်တော်တို့ သင်ယူနိုင်လျှင် ဦးသန့်၏ ခေါင်းဆောင်မှုသည်လည်း မြန်မာတို့အတွက် အကျိုးရှိမည်ဟု ကျွန်တော် ယူဆသောကြောင့် ရေးလိုက်ရာ ဆောင်းပါးများ လေးငါးဆယ်ပုဒ်ခန့် ဖြစ်သွားသည်။ သူ့အကြောင်း၊ သူ့ခေါင်းဆောင်ရည်ကို အကဲဖြတ် မှတ်ကျောက်တင်ရန် သူကျင်လည်ခဲ့သည့် ကုလသမဂ္ဂ၊ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး စင်မြင့်တို့ကို ပြန်တူးဆွ၊ ခံစားယူရသောအခါမှ ဦးသန့်၏ ခေါင်းဆောင်မှု ရုပ်ပုံလွှာသည် ပီသလာသည်၊ ကြည်မြလာသည်၊ တစ်လွှာချင်း တစ်လွှာချင်း မြင်ကွင်းတို့ ပေါ်လာသည်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူရသည့် ကာလ ၁၉၆၁-၁၉၇၁ သည် ကမ္ဘာတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ဦးဆောင်သော အရှေ့အုပ်စုတို့ သဲသဲမဲမဲ အားပြိုင်နေပြီး တစ်ချက်မှားလျှင် ကမ္ဘာကြီး တတိယကမ္ဘာစစ်သို့ ဦးတည်အောင် အတိမ်းအစောင်း မခံသည့် အခြေအနေ ဖြစ်သည်။ ထိုသို့ Two Polars အခြေအနေတွင် ကုလသမဂ္ဂသည် အရေးကြီးသည့် နေရာတွင်ရှိပြီး ဦးသန့်သည်လည်း VVIP Very Very Important Person ဖြစ်လာသည်။ ဦးသန့် စတင်တာဝန်ယူစက မလေးမခန့်သူများ ရှိခဲ့သော်လည်း အချိန်နှင့်အမျှ သူ့လုပ်ရည်ကိုင်ရည်နှင့် စေတနာကို သဘောပေါက်လာပြီး လေးစားလာကြသည်။
ဦးသန့် ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်နှင့် ပြသခဲ့သည့် လုပ်ရည်ကိုင်ရည်တို့ကို အံ့သြ ချီးကျူးပြီး ဦးသန့်၏ ကျောင်းပညာရေးကို ကြည့်လိုက်လျှင် ပိုပြီး အံ့အားသင့်သွားနိုင်သည်။ သူသည် ဒုတိယနှစ်နှင့် ကျောင်းပြီးခဲ့သည်။ ကုလသမဂ္ဂတွင် သူ၏ လက်ထောက်များသည် ပါရဂူဘွဲ့ရ ပါမောက္ခများ ဖြစ်သလို သူထိတွေ့ ကိုင်တွယ်ရသူများသည် နိုင်ငံများမှ ထိပ်သီးများ၊ ဇော်များ ဖြစ်ကြသည်။ ထိုသူတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်းကို ဦးသန့် ရယူနိုင်ခြင်းက သူ၏ ပညာအရည်အချင်းသည် သူ့အတန်းပညာထက် သာလွန်ခြင်းကို ပြသည်။ ယနေ့ခေတ် ဘွဲ့လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များကို ဝါသနာသဖွယ် စုဆောင်းနေသည့် ဘွဲ့ရ ပညာမတတ်များ၊ လက်မှတ်စုသူများ (Certificate Collector) များသည် ဦးသန့်၏ နမူနာကို ယူသင့်သည်။ ပညာဆိုသည် တိုင်းတာရ လွယ်အောင် တက်ခဲ့သော ကျောင်းများ၊ ဖြေခဲ့သော စာမေးပွဲများနှင့် တိုင်းကြသော်လည်း တကယ့်ပညာဆိုသည် အတန်းပညာ၏ အလွန်တွင် ရှိသည်။
ကုလသမဂ္ဂသို့ မရောက်မီ ဦးသန့်သည် မြန်မာနိုင်ငံတွင် တာဝန်ကြီးကြီးများကို ယူခဲ့ရာတွင်လည်း ထိုတာဝန်များနှင့် မည်မျှစိမ်းစိမ်း ကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ သူသည် စိတ်တံခါးကို ဖွင့်ထားပုံရသည်၊ စာအလွန်ဖတ်သည်၊ လေ့လာသည်။ ထိုသို့ စဉ်ဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းဖြင့် ယူရသော တာဝန်တို့ကို ဦးသန့် နားလည်ရုံမက ကျေညက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်ခဲ့သော ဦးသန့်သည် သင်ဆရာထက် မြင်ဆရာနှင့် ကြားဆရာတို့ကို အားထားသည့် self-study သမား ဖြစ်သည်။
ပိစိကွေး နိုင်ငံလေးဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာက မသိ။ သို့သော် ဦးသန့်ကို ကမ္ဘာက သိသောအခါ မြန်မာကို ကမ္ဘာက သိလာသည်။ ဦးသန့်သည် မြန်မာကို ကမ္ဘာ့မြေပုံပေါ်သို့ ဗုံနှင့် မောင်းနှင့် ပထမဆုံး တင်ပေးခဲ့သူ။ ကမ္ဘာ့ထိပ်တန်း မြန်မာတစ်ယောက် ဖြစ်သည့် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိသော်လည်း သူ့ကို မြန်မာတို့ ဂုဏ်သတင်း မွှေးပျံ့ရေးတွင် ကောင်းစွာ အသုံးမချလိုက်ရ။ ဦးသန့် ကျော်စောသည့် အချိန်တွင် မြန်မာနိုင်ငံသာ တံခါးဖွင့်ပြီး ကုန်ထုတ်လုပ် တင်ပို့ရန် ကြိုးစား၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် မီးခိုးမထွက်ဘဲ ဝင်ငွေရအောင် ကြိုးပမ်းနေလျှင် မြန်မာ့ထုတ်ကုန်များကို လူ ပိုစိတ်ဝင်စား၊ မြန်မာသို့ လာလည်ရန် ပိုအားသန်ကာ ဦးသန့်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံကို ဒေါ်လာ ဘီလီယံချီ အကျိုးပြုပေလိမ့်မည်။ မြန်မာနိုင်ငံ သမိုင်းတွင် ‘အခွင့်အရေးပေါ်လျက်နှင့် လက်လွှတ်ခဲ့ရသည့် ဆယ်စုနှစ်များစွာ’ Lost Decades ထိုစဉ်က တံခါးပိတ် ထားခဲ့သည့်၊ ပို့ကုန်ပို့ရန် မကြိုးစားခဲ့သည့် မြန်မာနိုင်ငံတွင် ဦးသန့်နှင့်လည်း အလားတူပင်။ စင်ကာပူကဲ့သို့ Marketing ကျွမ်းကျင်သည့် နိုင်ငံမျိုးတွင်သာ ထိုသို့သော သူမျိုးရှိလျှင် စင်ကာပူ ဂုဏ်သတင်း ပျံ့မွှေးရေး Country Marketing အတွက် လှလှပပ ဆောင်ရွက်ပေလိမ့်မည်။
ဦးသန့်နှင့် ပတ်သက်လျှင် အံ့သြစရာမှာ သူ၏ စွန့်လွှတ်နိုင်စွမ်းပင်။ လူအများ တပ်မက်မောကြသည့် ရာထူးကြီးတွင် တတိယ သက်တမ်းကို ဆက်ယူပါရန် နိုင်ငံတကာ ခေါင်းဆောင်များက တောင်းတောင်းပန်ပန် တိုက်တွန်းနေသည့်ကြားမှပင် မယူဘဲ ပြတ်ပြတ်သားသား စွန့်ခွာခဲ့သည်။ နေရာကောင်းကောင်း ရလျက်သားနှင့် ထိုနေရာကို ခွာနိုင်ခြင်းသည် ထိုနေရာကို ရအောင် လုပ်နိုင်ခြင်းထက်ပင် ပိုခက်ခဲပြီး လူထက်လူ ပုဂ္ဂိုလ်တို့သာ စွမ်းနိုင်သည်။ ရယူခြင်းထက် စွန့်လွှတ်ခြင်းက ခက်ခဲသော်လည်း ဦးသန့်သည် စွန့်လွှတ်ခြင်းကိုပင် လွယ်သယောင် ပြုနိုင်သူ ဖြစ်သည်။ နောင်တက်သည့် ကုလအတွင်းရေးမှူးချုပ် အချို့၏ နောက်သက်တမ်း အရွေးခံရရေး ကြီးစွာသော လုံ့လပြုကြသည်နှင့် ယှဉ်ကြည့်လျှင် ဦးသန့်၏ စွန့်လွှတ်နိုင်ခြင်းသည် ပိုမိုပေါ်လွင်လာသည်။
ယနေ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုရေး သားခွင့် ပြန်ရလာသလို ဦးသန့်အကြောင်း ကိုလည်း ပြန်လည် ဖော်ထုတ်လာကြသည်။ ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး ကာလတွင် အကြံဉာဏ်ပေး ပေါက်ရောက်ခြင်းသည်လည်း တိမ်မြုပ်နေသော အဘိုးဖြစ်သူ ဦးသန့် ပြန်လည် ရှင်သန်ရေး အားသစ်ပင် ဖြစ်သည်။ ဦးသန့် ပြတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်ရန် ကြိုးစားနေသည်။
တစ်ခေတ်တစ်ယောက်ပင် ပေါ်ရန် ခဲယဉ်းသည့် ဦးသန့်ကဲ့သို့ လူမျိုးအကြောင်း ကြားရသည်နှင့် မြန်မာ လူငယ်လူရွယ် လူလတ်တို့ အားကျရသည်၊ အားခွန်သစ်တို့ တိုးပွားရသည်။ ဦးသန့်၏ နည်းနာများအတိုင်း လုပ်နိုင်ကိုင်နိုင် အတုယူနိုင်လျှင် ကမ္ဘာ့စင်မြင့်သို့တိုင် ပေါက်ရောက်ပေလိမ့်မည်။ ဦးသန့်ကို ပြန်ဖော်ထုတ် နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ပူဇော်ထိုက်သူ ပူဇော်ဟူသော မင်္ဂလာ ပြန်လည် ခေါင်းထောင်ထလာခြင်းကိုလည်း ပြသည်။ ယခင်ကဆိုလျှင် ချွန်သူဆိုလျှင် အသာ မှတ်ထားပြီး ချောင်ထိုးသည့်ကာလမှ ယခုအခါ ချောင်ထိုးထားသူတို့ကိုပင် ဖုန်ခါကာ ရှေ့တန်းသို့ ပို့လာရပြီ။ ဘုရားကားအောက်၊ မျောက်ကားအထက် မဟုတ်တော့ဘဲ Meritocracy ခေါ် အရည်အချင်းအလိုက် ဝါဒ အညွန့်ပြန်လူလာသည့် ကာလဖြစ်သည့်အတွက် ယခင်က နေရာမရ ခဲ့သောသူတို့ နေရာပြန်ရလာသည်။
Globalization ခေါ် ကမ္ဘာပြုခြင်းဖြစ်စဉ် ခေတ်မစားခင် အချိန်ကတည်းက Global Leader ဖြစ်ခဲ့သည့် ဦးသန့်ထုံး နှလုံးမူကာ အားထုတ်လျှင် ကမ္ဘာ့ စင်မြင့်ထက်တွင် မြန်မာတို့ ပွဲလယ်တင့်လိမ့်မည် ဖြစ်သည်။
MyanmarExpress
0 comments:
Post a Comment