ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ကြီးရဲ့ သတင်းထုတ်ပြန်ချက်အရ ခန္ဓာကိုယ် အလေးချိန် များပြားမှုတွေ ယနေ့ကမ္ဘာမှာ တိုးတက်လျက်ရှိရာ ၂ဝဝ၅ ခုနှစ်မှာ လူဦးရေ
၂ ဒသမ ၃ ဘီလီယံဟာ ခန္ဓာကိုယ် အလေးချိန်များသူများ ဖြစ်လာနိုင်ပြီး အဲဒီထဲက သန်း ၇ဝဝ ကျော်ဟာ အဝလွန်သူများ ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ အဝလွန်တာကို လျှော့ချဖို့ ပထမဆုံး သတိထားမိတာက အရိုးအဆစ်များ သန်မာဖို့၊ မကျိုးနိုင်စေဖို့ စနစ်တကျ လေ့ကျင့်ခန်းတွေကို နေ့စဉ် နာရီဝက် လုပ်ရမယ်လို့ ဆိုပါတယ်။
နေ့စဉ် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သူဟာ လေ့ကျင့်ခန်း မလုပ်သူထက် အရိုးအဆစ် ပိုမိုသန်မာပြီး အရိုးကျိုးခြင်းမှ ကင်းဝေးနိုင်ပါတယ်။ ဒါကြောင့် အရိုးသန်မာချင်ရင် နည်းနည်းစားပြီး များများလျှောက် ရပါမယ်။ ကိုယ်လက် လှုပ်ရှား လေ့ကျင့်မှုများ ပြုလုပ်ခြင်းဟာ အကြောအဆစ် ဝေဒနာများမှ ကင်းဝေးရာ ရောက်သလို ဘေးကင်းရာလည်း ရောက်ပါတယ်။
အကြောအဆစ်ပညာကို စတင်လုပ်ဆောင်ခဲ့သူကတော့ ဆေးပညာရဲ့ ဖခင်ကြီးဖြစ်တဲ့ ''ဟစ်ပိုကရေးတီး'' ပဲဖြစ်တယ်။ နှိပ်နယ် ကုသမှုပညာ၊ အကြောအဆစ် ပြုပြင် ကုသမှုပညာ၊ ရေရဲ့ ဂုဏ်သတ္တိ အသုံးပြုပြီး ကုသပေးတဲ့ ပညာတွေကို အကြောအဆစ် ဝေဒနာရှင်တွေကို ကုသရာမှာ အသုံးပြုကြဖို့ ဘီစီ-၄၆ဝ ကတည်း က တိုက်တွန်းခဲ့ပါတယ်။
အကြောအဆစ် ပညာရပ်သမိုင်းရဲ့ အဓိကအချိုးအကွေ့က ပထမကမ္ဘာစစ် ဖြစ်ခဲ့ရာမှ စစ်ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ စစ်သည် အမြောက်အမြားကို နေ့မနား၊ ညမအား ကုသပေးရတဲ့ အရိုးခွဲစိတ် အထူးကု ဆရာဝန် ကြီးများ အနေနဲ့ လူနာများရဲ့ ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင် ကုသရေးမှာ အကြောအဆစ် ပညာရှင် များကို အားကိုးအားထား ပြုခဲ့တယ်။ ၁၉၁၈ ခုနှစ်မှာ အမေရိကန်ဝင် တပ်ဆေးဘက် ဌာနကြီးဟာ အထူးဆေးရုံ တပ်မများနဲ့ ပြန်လည် ထူထောင်ရေး စခန်းတွေဖွင့်လှစ်ပြီး အကြောအဆစ် ကုပညာရှင်တွေ တာဝန် ထမ်းဆောင်စေတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ အကြောအဆစ် ကုပညာရေးကျောင်း (School of Physical Ther-arpy) ကို ဝါရှင်တန်ဒီစီဝေါ် ကာရိဒ်ဝင်ဆေးရုံမှာ ဖွင့်လှစ်စေတယ်။ အကြောအဆစ် ပညာရှင်များရဲ့ ပညာရေး အဆင့်အတန်းဟာ ယခုအခါ များစွာမြင့်မားလာပြီး မဟာသိပ္ပံနဲ့ ပါရဂူဘွဲ့တွေကို ထင်ရှားတဲ့ တက္ကသိုလ်ကြီးတွေက သင်ပေးနေကြတယ်။ အကြောအဆစ် ပညာရှင်တွေဟာ လူနာကို လွတ်လပ်စွာ အကြောအဆစ် ကုသနိုင်တဲ့ ပညာရှင (Medical Professional) တွေအဖြစ် သတ်မှတ်တယ်။ မြန်မာနိုင်ငံမှာ အကြောအဆစ် ပညာရှင်တွေကို ဒီပလိုမာအဆင့်က ရွေးချယ်ပေးခဲ့ပြီး အခုနောက်ပိုင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေမှာ အကြောအဆစ် ပညာရပ်ကို မဟာသိပ္ပံထိ ဆက်လက်မြှင့်တင် ပေးလျက်ရှိတယ်။
အကြောအဆစ် ရောဂါဝေဒနာဟာ မွေးကင်းစ ကလေးဘဝမှ သက်ကြီး ရွယ်အိုဘဝအထိ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ ယခုအချိန်တွင် ယာဉ်တိုက်မှုတွေက တစ်နေ့တခြား များလာခြင်း၊ သက်ကြီးရွယ်အိုများ တိုးပွားလာခြင်း၊ အားကစား နဲ့ ဘဝနေထိုင်မှုဆိုင်ရာ ထိခိုက်ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ထွန်းလာခြင်း တို့ကြောင့် ခါးနာလူနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ လည်ပင်းကျီးပေါင်းတက်၊ အားကစားနှင့် ထိခိုက်မှုဆိုင်ရာများ ပိုမိုဖြစ်ပွားလျက် ရှိသဖြင့် ခါးနာ၊ ဒူးနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ ပခုံးကပ်၊ လေဖြတ် စသည်ဖြင့် များပြား လာတာနဲ့အမျှ ပညာရပ်ဆိုင်ရာ အားပေးမှုတွေ ပိုမိုဖြစ်ပေါ်လာရတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ''ကိုယ်လက် လှုပ်ရှားအားကစား''ကို နေ့စဉ် နာရီဝက် လိုက်စားပါက အဝလွန်ခြင်းဘဝမှ ကင်းဝေးပြီး အစားအစာနဲ့ လူမှု နေထိုင်မှုဘဝကို ပီပြင်စွာ မောင်းနှင်နိုင်မှာ ဖြစ်တယ်။ အရင်က ခါးနာ၊ ဒူးနာ၊ ဇက်ခိုင်၊ ခေါင်းကိုက်၊ ပခုံးကပ်၊ လေဖြတ် ရောဂါသည်တွေအနေနဲ့ တတ်ယောင်ကား အနှိပ်သည်နဲ့ ပြီးနေရာက စနစ်တကျ စက်အကူအညီနဲ့ လုပ်ဆောင်လာ နိုင်တဲ့အထိ ကျန်းမာရေးလည်း ပိုကောင်းမွန်လာပြီး အကြောအဆစ် ကုပညာရှင် များက ပိုမိုဝန်ဆောင် မှု ပေးနိုင်လာကြပြီ ဖြစ်တယ်။
လူတိုင်း အကြောအဆစ်၊ အရိုးနဲ့ ပတ်သက်ပြီး တစ်နေ့နေ့မှာ မလွဲမသွေ ကြုံရမှာဖြစ်တဲ့ အတွက် နေ့စဉ် ပုံမှန် အားကစား၊ (အပြေး၊ လမ်းလျှောက်၊ စက် ဘီးစီး) နာရီဝက် လုပ်ဆောင်ပေးပြီး နည်းနည်းဖြစ်တာက စလို့ အချိန်မီ ပညာရှင်နဲ့ ပြသလမ်းညွှန်မှု ခံယူရန် လိုပါကြောင်း ရေးသားလိုက်ရပါတယ်။
0 comments:
Post a Comment