ဂွမြို့မှ တံတားကို မြင်ရစဉ်။ ( ဓါတ်ပုံ- နိရဉ္စရာ)ဘင်္ဂလီ လူမျိုးများဟုယူဆရသူ လူပေါင်း ၁၀၀ ကျော်ကို ရခိုင်ပြည်နယ် ဂွမြို့မှ (၇) မိုင်ခန့်ဝေးသော ဂွကျွန်းတွင် ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။
သူတို့မှာ မည်သို့ မည်ပုံ ဂွကျွန်းသို့ ရောက်ရှိလာသည်ကို အာဏာပိုင်များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ တာဝန်ရှိ အာဏာပိုင်တွေက အခုလို ဖမ်းမိတယ်ဆိုတာ အခုအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးဘူး။ ဒါကြောင့် လူတွေက စိုးရိမ်နေကြတယ်။ ခုလို အခြေအနေမျိုးမှာ သူတို့ ဘာကြောင့် ဒီကျွန်းကို လာကြသလဲဆိုတာ သိချင်နေကြတယ်။ ဒါကြောင့် ဒီကိစ္စ အမြန်ဆုံး လူသိရှင်ကြား ဖေါ်ထုတ်ပေးဖို့ ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို စာရေး တောင်းဆိုထားပါတယ်” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် အနှံ့တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ပြီးနောက် ဂွမြို့နယ်တွင် တစ်စုံတစ်ရာ ပြဿနာများ မပေါ်ပေါက်ရအောင် မြို့ပေါ်နေ ပြည်သူများ၊ အစိုးရ ၀န်ထမ်းများဖြင့် ဂွမြို့နယ် တည်ငြိမ်အေးချမ်းရေး ကော်မီတီကို လူပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ သို့အတွက် ဒေသခံ ဂွမြို့နယ်တွင် နေထိုင်သူများက ဂွကျွန်းပေါ်တွင် ရောက်ရှိလာသူ ဘင်္ဂလီများ အကြောင်းကို မြို့နယ် လူထု သိရှိအောင် သတင်း ထုတ်ပြန်ပေးရန် ဇွန်လ ၂၄ ရက်နေ့က စာရေး တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“ သူတို့အထဲက ၄ ယောက်ပါ အုပ်စု တစ်စုဟာ ဂွကျွန်းအနီးက ရွှေယချိုင်ကျေးရွာကို ဇွန်လ ၂၂ ရက်နေ့က ၀င်လာတယ်။ ၂၃ ရက်နေ့မှာ ၅ ယောက်ပါ အုပ်စု တစ်စု နောက်ထပ် ၀င်လာတယ်။ အားလုံးကို ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေလည်း အသုတ်လိုက်ခွဲပြီး ၀င်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မြို့နယ် အတွင်းက လူတွေ စိုးရိမ်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလီများ ဂွမြို့နယ်တွင် ဖမ်းဆီးမိသည်ဆိုသော သတင်း အပေါ် အတည်ပြုနိုင်ရန် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။
“ သူတို့ လူပေါင်း ၁၃၀ ပါတယ်လို့ ပြောတယ်။ ဒီလ ၂၀ နေ့က ကျွန်းပေါ်ကို ရောက်လာတယ်။ ဘင်္ဂလာဒေခ်ျ့ကနေ မလေးရှားကို သွားတာ လှေပျက်ပြီး ဂွကျွန်းကို ရောက်လာတယ်လို့ ဒီလိုဘဲ ကြားပါတယ်။ အခုအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ လူများတော့ ဂွမြို့ပေါ်ကို မခေါ်လာနိုင်သေးဘဲ အဲဒီ ကျွန်းပေါ်မှာဘဲ ထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
တခြားရဲစခန်းမှူး တစ်ဦးကလည်း အဆိုပါ သတင်းကို သူကြားသိရကြောင်း သို့သော်လည်း တစ်ခြားနေရာ တစ်ခုသို့ အလုပ်ကိစ္စ တစ်ခုဖြင့် ရောက်ရှိနေ၍ အသေးစိတ် မသိရှိရသေးကြောင်း ပြောကြားသည်။
နိရဉ္စရာမှ တယ်လီဖုံးမှ တဆင့် ဂွမြို့နယ် ထွေအုပ်ရုံးကို ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို သူတို့ မရရှိသေးကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောသည်။
From သစ်ထူးလွင်
0 comments:
Post a Comment