ပြဿနာ၏
ပစ္စုပ္ပန်အခြေအနေ
လွှတ်တော်နှစ်ရပ် မတူညီသည့် ဥပမာအချို့
သမိုင်းမှာ ဥပမာတွေ များစွာရှိတယ်
ပြည်သူတွေ စိတ်ဝမ်းကွဲရပြီ
ဒီမိုကရေစီ အနိုင်ကျင့်မှု
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး
ခုံရုံးပြုတ်သွားရင် ဘာဖြစ်မလဲ
ခုံရုံးဆုံးဖြတ်ခဲ့သမျှ
သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခုံရုံးကို လေးစားတယ်
ပြည်ထောင်စုအဆင့် ဘာကြောင့်ဖြစ်ချင်တာလဲ
သမ္မတကြီးကို သူရဦးရွှေမန်း ဘာပြောခဲ့ဖူးသလဲ
ဒါတွေကို ဘယ်သူလုပ်မှာလဲ
အလုပ်မဟုတ်တာကို အလုပ် မလုပ်ကြပါနဲ့
လွန်တာရှိက ၀န္ဒာမိပါ....။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လွှတ်တော်တွေက
စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အငြင်းပွားတုန်းကတော့
ပြည်သူ့လွှတ်တော်နဲ့ အချေအတင် ဖြစ်ကြတာပါ။ ဒါပေမယ့်လို့ တကယ့်တကယ် ခုံရုံးကို
စွပ်စွဲပြစ်တင်ဖို့ အဆိုတင်တော့ အမျိုးသားလွှတ်တော်က လုပ်လိုက်ပါတယ်။ ဒါကလည်း
အကြောင်းရှိပါတယ်။ ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းလိုက်ရင်
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသားလွှတ်တော်က ဖွဲ့ရမှာကိုး။ သူရဦးရွှေမန်း
ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့က အဲဒီလိုမျိုးဖြစ်မှာကို မလိုလားပါဘူး။
ရှင်းရှင်းပြောရရင်တော့ အမျိုးသားလွှတ်တော်ကို မယုံကြည်ပါဘူး။ ပြည်သူ့လွှတ်တော်မှာ
စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာ
စုံစမ်းစစ်ဆေးခိုင်းလိုက်ကာမှ အပြစ်မရှိပါဘူးဆိုတဲ့ ရလဒ်ထွက်လာမှာကို
ပြည်သူ့လွှတ်တော်အဖွဲ့တွေ သိပ်ကြောက်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့
အကြောင်းပြချက်တွေ မနည်းမနော ရှိပါတယ်။ နမူနာတချို့ ထုတ်ပြပါ့မယ်။
လွှတ်တော်နှစ်ရပ် မတူညီသည့် ဥပမာအချို့
ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့အတွက် သည်းသည်းလှုပ်
ဖြစ်နေကြသူတွေ၊ ဒေါသတကြီး ဖြစ်နေကြသူတွေ၊ တဆတ်ဆတ်တုန်ပြီး မကျေနိုင်မချမ်းနိုင်
ဖြစ်နေကြသူတွေကိုကြည့်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အများစုဖြစ်တာကို
တွေ့ရပါလိမ့်မယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ထဲက အဲဒီကိစ္စအပေါ်
အရူးအမူးဖြစ်တာဆိုလို့ အမြဲတမ်း အတိုက်အခံ လုပ်ချင်နေတဲ့ ဒေါက်တာအေးမောင်
တစ်ယောက်ပဲ ရှိပါတယ်။ နောက်တစ်ချက်ကတော့ လွှတ်တော်နှစ်ရပ်ကြားက ကတ္တီပါရန်ညှိုးတွေ
ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော်တို့ဟာ သိပ်ပြီးတော့ အစေးကပ်လှတာ မဟုတ်ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့သည်
အဆင့်အတန်းချင်း တူညီကြသည်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း
တကယ့်လက်တွေ့တွင်တော့ ထိုသို့မဟုတ်ပါချေ။ လွှတ်တော်နှစ်ရပ်၏ အင်အားချိန်ခွင်လျှာသည်
ညီမျှမှုမရှိပါချေ။ ၄၄၀ ဦးသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်
ပြည်သူ့လွှတ်တော်သည် ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်အပေါ်
ဒီမိုကရေစီနည်းကျ ဗိုလ်ကျအနိုင်ယူခဲ့ကြောင်း ပညာရှင်အများ သိရှိကြပြီး ဖြစ်ပါသည်။
ဥပဒေကြမ်းများ ဆွေးနွေးပြင်ဆင် ဖြည့်စွက်ကြရာတွင် လွှတ်တော်နှစ်ရပ်
သဘောကွဲလွဲခဲ့သည့် အချိန်တိုင်း ပြည်သူ့လွှတ်တော်က ဒီမိုကရေစီနည်းကျ
အနိုင်ယူခဲ့သည်ကို နိုင်ငံရေးလေ့လာသူတိုင်း သိရှိကြပြီး ဖြစ်ပါသည်။ ထို့ပြင်
လွှတ်တော်နှစ်ရပ်တွင် အမျိုးသားလွှတ်တော်သည် ပို၍ တည်ငြိမ်ရင့်ကျက်သည်ကို တွေ့ရပါသည်။
သို့သော် ယခင်အစိုးရလက်ထက်မှ အကြီးအကဲအများစုက ပြည်သူ့လွှတ်တော်တွင်
ရောက်ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် အမျိုးသားလွှတ်တော်ကို မတူမတန်သလို သဘောထားခြင်း၊
အဖြည့်ခံသက်သက်သာ သဘောထားခြင်းများကို လွှတ်တော်မှတ်တမ်းများရှိ သူတို့၏
ဆွေးနွေးပြောဆိုမှုများက သက်သေခံပြီး ဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍များ
ယခုခုံရုံးကိစ္စကို အမျိုးသားလွှတ်တော်ကများ စုံစမ်းစစ်ဆေးခဲ့လျှင်
စွပ်စွဲပြစ်တင်မှုသည် မှန်ကန်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော်အဖို့
ဘယ်လိုမှ ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့စိတ်ကြိုက် အခွင့်အရေးကို
သူတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။
သမိုင်းမှာ ဥပမာတွေ များစွာရှိတယ်
ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းကို
လေ့လာကြည့်လျှင် တစ်ဝက်လောက်က အကွဲအပြဲ ဇာတ်လမ်းများသာ ဖြစ်ကြသည်ကို စာဖတ်သူများ
သိရှိကြပြီး ဖြစ်ပါလိမ့်မည်။ စင်ကာပူက ကျောင်းတစ်ခု၏ မြန်မာကျောင်းသားများ
သင်္ကြန်အငြိမ့်တစ်ခုမှ သံချပ်တစ်ခုကို ပြန်သတိရမိပါသည်။ သုံးယောက်ရှိရင်
လေးဖွဲ့ကွဲတာ တို့မြန်မာ ပါတဲ့။ ဟုတ်ကဲ့၊ ကျွန်တော်တို့လူမျိုးသည် အဖွဲ့အစည်းနှင့်
နေလို့မရသည့် လူမျိုးများ ဖြစ်နေချေပြီလားဟု စိတ်ပူမိပါသည်၊ စိုးရိမ်မိပါသည်။
ဘာအသင်းဖွဲ့ဖွဲ့ ကွဲကြ၊ ပြဲကြတာ အစဉ်အလာတစ်ခုကဲ့သို့ပင် ဖြစ်နေလေပြီလားဟုလည်း
သံသယဖြစ်နေမိပါသည်။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းတာ ၂ နှစ်ပင် မပြည့်သေးပါ။
အကွဲအပြဲ ဇာတ်လမ်းတွေက မနည်းမနော ကြားခဲ့ကြရပြီး ဖြစ်ပါသည်။ လွှတ်တော်နှစ်ရပ်
သဘောကွဲလွဲသည်။ အစိုးရအဖွဲ့နှင့် သဘောကွဲလွဲသည်။ သမ္မတကြီးနှင့် သဘောကွဲလွဲသည်။
ဟော... အခုတစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ကွဲကြပြဲကြ ပြန်လေပြီ။
ယခင် အစိုးရလက်ထက်ကတည်းက အတူလက်တွဲ၍ အလုပ်လုပ်ခဲ့ကြသူများ ဖြစ်ကြပါသည်။
တစ်နည်းပြောရလျှင် ယနေ့လို အချိန်အခါကို ရောက်ရှိဖို့အတွက် အတူတူ
လျှောက်လှမ်းခဲ့ကြသူများ ဖြစ်ကြပါသည်။ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊
ဆွေးဆွေးနွေးနွေး၊ အေးအေးဆေးဆေး၊ သပ်သပ်ရပ်ရပ် လုပ်ခဲ့လျှင်ဖြင့် ယခုကဲ့သို့
ဖြစ်လာနိုင်စရာပင် မရှိပါ။ အခုတော့ အပြန်အလှန် ထိန်းကျောင်းမှုကို အကြောင်းပြု၍
တွေ့သမျှလူကို ရန်လိုက်လုပ်နေသည်နှင့် တူနေတော့သည်။ ကျွန်တော်တို့၏ ခေတ်သစ်
ဒီမိုကရေစီသမိုင်းကို ယခင်သမိုင်းများကဲ့သို့ အကွဲအပြဲမှတ်တမ်း မရေးထိုးလိုပါ။
စဉ်းစားဆင်ခြင်၍ ဆောင်ရွက်ကြစေလိုပါသည်။
ပြည်သူတွေ စိတ်ဝမ်းကွဲရပြီ
လွှတ်တော်တွေ၊ အစိုးရတွေ၊ တရားစီရင်ရေးတွေ
ကွဲကြပြဲကြ၊ ငြိကြထိကြ၊ ဆော်ကြနှက်ကြ၊ အော်ကြဟစ်ကြ ဖြစ်ကြတာက အကြောင်းမဟုတ်။
ကြားထဲက ပြည်သူတွေကပါ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာရသည်ကတော့ ကောင်းသည့်လက္ခဏာမဟုတ်ချေ။
မြစ်ဆုံအရေးတွင် သမ္မတကြီး၏ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့်အတူ
သွေးစည်းညီညွတ်ခဲ့ကြသည့် မြန်မာပြည်သူလူထု၊ ရခိုင်အရေးတွင် သမ္မတကြီး၏ သတ္တိရှိရှိ၊
ပြောင်ပြောင်မြောက်မြောက် ပြောကြားခဲ့သည့် စကားသံနှင့်အတူ စည်းလုံးခဲ့ကြသော
မြန်မာပြည်သူလူထု၊ အခုတော့ ခုံရုံးကိစ္စကြောင့် စိတ်ဝမ်းတွေ ကွဲစပြုကြရလေပြီ။
ပြဿနာဖြစ်ကြသူတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်များက မည်သို့ရှိသည် မသိရ။ သို့သော်
ပြည်သူတွေကတော့ ကိုယ့်အတွေး၊ ကိုယ့်အမြင်နှင့်ကိုယ် သူလည်းသူ့အတွေး၊
ကိုယ်လည်းကိုယ့်အတွေးဖြင့် ငြင်းခုန်ကြရ၊ ရန်ဖြစ်ကြရ၊ စကားများရ၊ စိတ်ဝမ်းကွဲရ
ဖြစ်ကုန်ရပါသည်။ ငါကခုံရုံး၊ ငါကလွှတ်တော် စသည်ဖြင့် ငြင်းခုန်ရန်ဖြစ်ကြရသည်မှာ
သန့်ရှင်းတည်မြဲကိုပင် ပြေးမြင်မိပါသေးတော့သည်။
ဒီမိုကရေစီ အနိုင်ကျင့်မှု
ကျွန်တော်မကြာခဏ ရေးသားတင်ပြခဲ့သလို
လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်ထူးများကို
ခံစားရရှိနေပါလျက် အဘယ်ကြောင့် ရန်တစစ၊ မာန်တ၀င့်ဝင့် ဖြစ်နေရသည်ကို
ကျွန်တော်နားမလည်နိုင်ပါ။ အခြားသော မဏ္ဍိုင်နှစ်ရပ်နှင့် နှိုင်းစာလျှင်
ဥပဒေပြုရေးမဏ္ဍိုင်သည် အခွင့်ထူးခံ ဖြစ်ပါသည်။ အခြားသော မဏ္ဍိုင်များနှင့် မတူညီသည့်
အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်များအား အပ်နှင်းထားပါသည်။
ထိုအချက်ကို လွှတ်တော်များကလည်း သိရှိကြပါသည်။ သိသောကြောင့်လည်း ယခုကဲ့သို့
မောက်မောက်မာမာ ဖြစ်နေကြတာ ဖြစ်လိမ့်မည်ဟု သုံးသပ်မိပါသည်။ ဦးချိုရှိသည့် သတ္တ၀ါသည်
ဦးချိုကို အားကိုးသကဲ့သို့ လွှတ်တော်များကလည်း သူတို့မှာရှိသည့် အဆိပ်ကို
သူတို့အားကိုးကြချေပြီ။ တစ်နည်းဆိုရလျှင် ဒီမိုကရေစီနည်းကျ အနိုင်ကျင့်မှုကို
ကျူးလွန်ဖို့ အသင့်ဖြစ်ကြချေပြီဟု ကျွန်တော်ကိုဉာဏ်
သုံးသပ်လိုပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
ဥပဒေရှုထောင့်၊ ပညာရှင်ရှုထောင့်မှ မည်သို့ပင်
ငြင်းခုန်နေကြသည်ဖြစ်စေ ကျွန်တော်မပြောလိုပါ။ ကျွန်တော်ပြောလိုသည်က
ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံရှိ ဥပဒေအားလုံး၏ မူလရင်းမြစ် ဖြစ်ပါသည်။
မည်သည့် ဥပဒေကမျှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်း၊ လွှမ်းမိုးခြင်း
မပြုရပါ။ ဥပဒေတစ်ခုခု၏ ပြဋ္ဌာန်းချက်တစ်ခုခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း
လိုက်နာရမည်ကို ကိုယ်စားလှယ်များ အားလုံးအသိ ဖြစ်ပါသည်။ ထိုသို့သိပါလျက်
ဘယ်ဥပဒေကြောင့်၊ ညာဥပဒေကြောင့်ဟု မျက်စိစုံမှိတ်ကာ အော်နေလျှင်တော့ တစ်ခုခု
လွဲမှားနေပြီဟု ဆိုချင်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကိုသာ ဆုံးဖြတ်မည် ဖြစ်ပါသည်။
အခြားဥပဒေများကို သူတို့ ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ ခုံရုံး၏ အမည်ကပင်
ရှင်းလင်းပြီး ဖြစ်ပါသည်။ ဆိုပါစို့၊ ဥပဒေတစ်ခုတွင် အကြောင်းအရာတစ်ခုကို A ဟု
ပြဋ္ဌာန်းလိုက်သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ထိုအကြောင်းအရာသည် A ဖြစ်ရမည်ဟု
အဓိပ္ပါယ်ထွက်လျှင် ထိုအရာသည် ပြဿနာမဟုတ်ပါ။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် B
ဟု အဓိပ္ပါယ်ထွက်နေလျှင်တော့ ထိုအချက်သည် ပြဿနာဖြစ်ပါသည်။ ဥပဒေများသည်
ဖွဲ့စည်းပုံအခြေခံဥပဒေမှ သွေဖည်ခြင်းငှာ၊ ကျော်လွန်ခြင်းငှာ မဖြစ်နိုင်ပါ။ ယခုကိစ္စက
ထိုသို့ ရှင်းရှင်းလင်းလင်း မဟုတ်ပါ။ လွှတ်တော်များက A ဟု ပြဋ္ဌာန်းလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားခြင်းမရှိ။ ထို့အတွက်
ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ မပြဋ္ဌာန်းထားသည့်အတွက် A ဟု
ပြဋ္ဌာန်းခြင်းသည် အခြေခံဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်လိုက်သည်။ ဒါကို လွှတ်တော်တွေက
မကျေနပ်ချေ။ သမ္မတကြီးဆီ အကူအညီတောင်းတော့ သမ္မတကြီး၏ အဖြေကလည်း ရှင်းပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် A ဟု ပြဋ္ဌာန်းထားခြင်းတော့မရှိ၊ သို့သော် အခြေခံဥပဒေတွင်
ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်ဟု ရေးသားထားသဖြင့် လိုက်နာကြရမည်၊
အကယ်၍ လွှတ်တော်များက ဖြစ်စေချင်သည့်အတိုင်း A ဟု ပြဋ္ဌာန်းလိုပါက
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်ပါ။ ထိုသို့ ပြင်ဆင်ခွင့်ကလည်း
လွှတ်တော်များတွင်သာ ရှိနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင်
ထိုအချက်သည် A ဖြစ်သည်ဟု ပြဋ္ဌာန်းလိုက်လျှင် ခုံရုံးကလည်း ထိုအချက်သည်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်မည်မှာ အသေအချာ ဖြစ်ပါသည်။
လွယ်လွယ်လေးကို ရှုပ်အောင်လုပ်နေကြခြင်းသာ ဖြစ်ပါသည်။
ခုံရုံးပြုတ်သွားရင် ဘာဖြစ်မလဲ
ထိုမေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်များကိုသာ
မေးမြန်းလိုပါသည်။ သူတို့ ယခုလုပ်နေသည့် စွပ်စွဲပြစ်တင်မှု အောင်မြင်သွား၍
ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရာထူးမှ ရပ်စဲသွားကြပါလျှင် လွှတ်တော်တွေအတွက်
ဘာအမြတ်ထွက်မည်လဲ။ ဂုဏ်သိက္ခာ ပြန်ဆည်နိုင်သည်ဟု ပြောကြဦးမည်လား။ ထိုသို့မဟုတ်
ငါတို့လွှတ်တော်တွေကို လာမစမ်းနဲ့၊ ဒီလိုမျိုး ဖြစ်သွားမယ်ဟု အခြားသူများကို
အမောက်ထောင်ပြချင်တာလား၊ ကျွန်တော် မဝေခွဲတတ်ပါ။ ယခု ဖြစ်နေသည့် အဓိကပြဿနာမှာ
လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဟုတ်၊
မဟုတ် ဆိုသည့်အချက် ဖြစ်ပါသည်။ လွှတ်တော်တွေက ပြည်ထောင်စုအဆင့် ဖြစ်ချင်သည်။
ဒါပဲဖြစ်သည်။ ခုံရုံးတစ်ခုလုံး ရာထူးမှ ရပ်စဲသွားလျှင် လွှတ်တော်များက ဖွဲ့စည်းသည့်
ကော်မတီများ၊ ကော်မရှင်များ ပြည်ထောင်စုအဆင့် ဖြစ်သွားမည်လားဟု
ကျွန်တော်မေးချင်ပါသည်။ မဖြစ်ပါ၊ မဖြစ်ရေးချ မဖြစ်ပါခင်ဗျား။
ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သရွေ့ ထိုဆုံးဖြတ်ချက်သည် အတည်ဖြစ်နေမည်
ဖြစ်ပါသည်ခင်ဗျား။ ထိုအခါကျမှ အဲဒါဆိုလည်း ဖွဲ့စည်းပုံကို ပြင်ကြတာပေါ့ဟု
မလုပ်ကြပါနှင့် လွှတ်တော်များခင်ဗျား။ အစကတည်းက အဲဒီလို မလုပ်ဘဲ လမ်းချော်ပြီး
သူများတွေပြုတ်အောင် အရင်လုပ်ခဲ့ပြီးမှ ဒီလို လုပ်ရင်တော့ ငါတို့လိုချင်တာရတယ်ဟု
မျက်နှာပြောင် မတိုက်ကြပါနဲ့ဟု ကြိုတင် တောင်းပန်လိုပါသည်။ ခုံရုံးပြုတ်သည်၊
မပြုတ်သည်က မသေချာသေး၊ အခုလောလောဆယ် သေချာသည်ကတော့ နှစ်ဖက်လုံးအတွက် ရှုံး-ရှုံး
(lose-lose) ဖြစ်နေပါသည်။
ခုံရုံးဆုံးဖြတ်ခဲ့သမျှ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို
အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ တောင်းဆိုတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ရှေ့မှာလည်း
တင်သွင်းလွှာတွေ ရှိခဲ့ပါတယ်။ အခုဖြစ်နေတာနဲ့ အနီးစပ်ဆုံး ပြဆိုလို့ရအောင်
နီးစပ်တဲ့ဥပမာကိုပဲ ထုတ်နုတ်ပြပါ့မယ်။ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနဲ့ အဆင့်တူညီခြင်း ရှိ၊
မရှိ ဒေါက်တာအေးမောင် ပါ ၂၃ ဦး ရဲ့ တင်သွင်းလွှာကို ကြည့်ကြရအောင်ပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေပဲ
ဖြစ်တဲ့အကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏
ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင်
ခွဲခြားပြဋ္ဌာန်းထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း
ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုလည်း
ဖြစ်ခဲ့ပါတယ်။
သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခုံရုံးကို လေးစားတယ်
အမှန်အတိုင်း သုံးသပ်ရရင် အဲဒီဆုံးဖြတ်ချက်ကို
သမ္မတကြီးခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းက ကျေနပ်မှု မရှိပါဘူး။
ဘာကြောင့်လဲဆိုတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေနဲ့
တိုင်းရင်းသားလူမျိုး ၀န်ကြီးတွေမှာ မတူခြားနားမှုတွေ အများကြီး ရှိနေလို့ပါ။
စာဖတ်သူတွေလည်း သိရှိနားလည်ပြီး ဖြစ်ကြမယ် ထင်ပါတယ်။ အဲဒီအတွက် သမ္မတကြီးက
အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးကို တင်သွင်းလွှာ တင်ခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာလည်း တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်ဝန်ကြီးတွေ ဖြစ်တယ်လို့ ပါရှိတဲ့အတွက် ဆုံးဖြတ်ချက်ဟာ
အတည်ဖြစ်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ
အပြီးအပြတ် အတည်ဖြစ်တဲ့အတွက် သမ္မတရဲ့ တင်သွင်းမှုကို ပလပ်လိုက်ကြောင်း
ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ခုံရုံးရဲ့ သူတို့အလုပ်အပေါ်မှာ အလေးထားမှုနဲ့
သမ္မတကြီးရဲ့ ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားမှုကို ကွက်ကွက်ကွင်းကွင်း
မြင်နိုင်ပါတယ်။ အဲဒီတုန်းကသာ သမ္မတကြီးက ဒီဆုံးဖြတ်ချက်ဟာ ဘာဖြစ်တယ်၊
ညာဖြစ်တယ်ဆိုပြီး စွပ်စွဲပြစ်တင်တာတွေ ဘာတွေများ လုပ်ခဲ့ရင်တော့ အခုကိစ္စကို
မပြောလိုပါဘူးဗျာ။ အဲဒီအချိန်တုန်းကတော့ ဒေါက်တာအေးမောင်တို့တစ်တွေ
ပျော်တပြုံးပြုံးနဲ့ ဖြစ်နေခဲ့ကြပြီး အခုလို သူတို့တွေရဲ့ ကော်မတီတွေဟာ
ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးဆိုတော့မှ မျောက်မီးခဲကိုင် ဆိုသလို
ဆွေ့ဆွေ့ခုန်နေတာကတော့ တယ်ပြီးတော့ သဘာဝကျလှတယ် မထင်မိပါဘူး။
ပြည်ထောင်စုအဆင့် ဘာကြောင့်ဖြစ်ချင်တာလဲ
လွှတ်တော်တွေက သူတို့ဟာ အဆောင်အယောင်တွေ၊
ချီးမြှင့်ငွေတွေကို မလိုချင်ပါဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်ပဲ
ပြည်ထောင်စုအဆင့် ဖြစ်ချင်တာပါတဲ့။ အခြားသူတွေရဲ့ သဘောထားကို
ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်ကတော့ မယုံရေးချမယုံပေါင်။ ပြတ်ပြတ်သားသား
ပြောရရင်တော့ ကိုယ်စားလှယ် အများစုကို လုံးဝ (လုံးဝ)ကို အယုံအကြည်
မရှိကြောင်းပါခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မျက်စိရှေ့မှာတင်
လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့လူတွေက ကားလက်မှတ်မရလို့ လက်မှတ်ရောင်းတဲ့လူကို
ခြိမ်းခြောက်တာတို့၊ မြို့နယ်တွေမှာလုပ်တဲ့ အခမ်းအနားတွေမှာ သူတို့ကို မဖိတ်လို့၊
တချို့လည်း သူတို့ကို နေရာကောင်းမပေးလို့ ရန်လုပ်တာတို့၊ အထက်ကိုတိုင်တာတို့၊
ဝန်ကြီးဌာနတွေကနေ လျှောက်လွှာတင်လို့ ရသမျှကို ကိုယ်စားလှယ်ဆိုတဲ့ နာမည်ကို
အသုံးပြုပြီး အခွင့်အရေးယူနေတာတို့၊ ရပ်ကွက်တွေ၊ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးတွေမှာ
ဝင်ရောက်စွက်ဖက်တာတို့၊ ခြိမ်းခြောက်ပြောဆိုတာတို့ကို မမြင်ချင်အဆုံး
မြင်တွေ့ကြားသိနေရတာမို့ပါ။ ကိုယ်စားလှယ်တွေ ဘယ်လောက်ခြေလှမ်းသွက်တယ်ဆိုတာ
သိချင်သပဆိုရင်တော့ နေပြည်တော်မှာ ကိုယ့်မိတ်ဆွေတွေများ ရှိခဲ့ရင်
စက်မှုဝန်ကြီးဌာနတို့၊ သစ်တောဝန်ကြီးဌာနတို့၊ စီးပွား/ကူးသန်းဝန်ကြီးဌာနတို့၊
ဆက်သွယ်ရေးဌာနတို့မှာရှိတဲ့ သူတွေကိုသာ မေးကြည့်ကြပါဗျာ။ ပြည်သူ့အသံ လွှတ်တော်အသံ၊
ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုပြီး အော်နေကြပေမယ့် အခွင့်အရေးဆိုရင်တော့ ပြည်သူတွေထက်
ပိုယူချင်တာ မငြင်းနိုင်တဲ့အချက်ပါ။
သမ္မတကြီးကို သူရဦးရွှေမန်း ဘာပြောခဲ့ဖူးသလဲ
သမ္မတကြီးက လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊
ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်သာ ဖြစ်မယ်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့်
အဆောင်အယောင်တွေ၊ စရိတ်တွေ၊ ချီးမြှင့်မှုတွေ လုပ်ပေးရတော့မှာ ဖြစ်တဲ့အတွက်
သိလိုခြင်းကြောင့် မေးမြန်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံက
ဆင်းရဲနေတဲ့အချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအတွက် ဘဏ္ဍာတွေ
အများကြီးသုံးရမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ကော်မတီဝင်တွေ၊
ကော်မရှင်ဝင်တွေဟာ ပြည်ထောင်စုအဆင့်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့်နဲ့
ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ လုပ်ပေးချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဆိုရင်တော့ သူနဲ့ထိုက်တန်တဲ့ လစာ၊
စရိတ်၊ အဆောင်အယောင်ကို စီစဉ်ပေးရမှာ အစိုးရရဲ့ တာဝန်ပါပဲ။ ဒီအချက်ကလည်း
သမ္မတကြီးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ အဲဒီဇာတ်လမ်းကို စခဲ့တာကလည်း
လွှတ်တော်တွေကပါပဲ။ အခြားလူ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင် စခဲ့တဲ့
ဇာတ်လမ်းပါ။ ဘယ်လိုလဲဆိုတော့ တတိယပုံမှန်အစည်းအဝေးမှာ သူရဦးရွှေမန်းက
အစိုးရအဖွဲ့ကို ထောက်ပြဝေဖန်ခဲ့တဲ့ စကားတွေ ရှိပါတယ်။ အဲဒါကတော့
သမ္မတကြီးခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ
ဥပဒေပါ သတ်မှတ်လစာတွေကို မယူဘဲ ယခင်အစိုးရဟောင်း လက်ထက်က လစာနှုန်းထားများအတိုင်းသာ
ခံစားနေကြတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ (တစ်ဆက်တည်း
ပင်စင်လစာတွေ တိုးပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း၊ ၀န်ထမ်းတွေကို
သုံးသောင်းကျပ် ထပ်ဆောင်းပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း ပြောခဲ့တာကို
စာဖတ်သူများ မှတ်မိကြမယ်လို့ ထင်ပါတယ်။) အဲဒီတော့ သမ္မတကြီးက နိုင်ငံ့အခြေအနေအရ
အစိုးရအဖွဲ့ဟာ ဥပဒေပါ လစာနှုန်းထားအတိုင်း ခံစားခြင်းမပြုပါဘူး ဆိုတာကို ဦးရွှေမန်းက
ဥပဒေနဲ့မညီဘူး၊ ကိုယ့်သဘောနဲ့ကိုယ် အဲဒီလို လစာတွေ မယူတာဟာ ဥပဒေကို
ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့တာကို စာဖတ်သူများ သိထားကြစေလိုပါတယ်။ အခုလည်း
အဲဒီအတိုင်း ဖြစ်လာပါပြီ။ သူပြောသလိုသာဆိုရင် လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊
ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်ပါလျက်နဲ့ အဆောင်အယောင်တွေ၊ လစာတွေ၊ စရိတ်တွေ
မခံစားဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်သာ ဖြစ်ပါတယ်ဆိုရင် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့စကားတွေနဲ့ ရှေ့နောက် ကိုက်ညီပါရဲ့လားလို့ နှိုင်းဆဆင်ခြင်
စဉ်းစားတွေးဆ ကြည့်စေချင်ပါတယ်။
ဒါတွေကို ဘယ်သူလုပ်မှာလဲ
- ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စ၊ ဒုက္ခသည်တွေကိစ္စ၊ ပညာရေး၊ ကျန်းမာရေးတွေ ချို့တဲ့နေတဲ့ကိစ္စ။
- အခုလတ်တလောမှာ ထိလွယ်ရှလွယ် အဖြစ်ဆုံး၊ အမှားမခံဆုံး အရေးကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်အရေး။
- မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရေကြီးမှုကြောင့် တောင်သူတွေ ဘ၀တွေပျက်ကုန်တဲ့ကိစ္စ။
- ရန်ကုန်မြို့ကြီးမှာ ရှိတဲ့လမ်းနဲ့ သွားနေတဲ့ကား မမျှတတဲ့ကိစ္စ။
- နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်ရောက်မီ၊ ၂၀၁၅ ခုနှစ် အာဆီယံအခွန်ကင်းလွတ်ဇုန် မစတင်မီ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ကိစ္စ။
- ခေတ်မမီတော့တဲ့ ရာပေါင်းများစွာသော ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းဖို့ ကိစ္စ။
- တကြော်ကြော် အော်နေကြတဲ့ မီဒီယာဥပဒေ အလျင်အမြန် ပေါ်ထွက်လာဖို့ကိစ္စ။
အလုပ်မဟုတ်တာကို အလုပ် မလုပ်ကြပါနဲ့
လွှတ်တော်ဥက္ကဋ္ဌများနဲ့ ကိုယ်စားလှယ်များခင်ဗျား၊
အပြန်အလှန် ထိန်းကျောင်းမှုတွေ အခုအချိန်မှာ မပြုလုပ်သေးရင်တောင် အခြားသော
ဥပဒေပြုစရာ၊ ဆောင်ရွက်စရာ ကိစ္စရပ်တွေ များစွာ (များစွာ) ရှိနေပါတယ်။ အထူးသဖြင့်
ရခိုင်ဒေသအရေးကို လူကြီးမင်းတို့ အရေးတယူပြုပြီး စဉ်းစားဆွေးနွေး
ဆုံးဖြတ်ကြစေချင်ပါတယ်။ အခုတော့ လူကြီးမင်းတို့ လွှတ်တော်တွေက ရခိုင်အရေးကို မထိ၊
မတို့ဘဲ နှုတ်ဆိတ်နေလိုက်ပုံများ တကယ့်ကို ၀ါတော် ၆၀ ရ ဆရာတော်ကြီးတွေ
လွှတ်တော်တက်နေတဲ့ အတိုင်းပါပဲ။ ရခိုင်အရေးဟာ အချိန်ကြာလာတာနဲ့အမျှ တအီအီနဲ့
မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စောစောစီးစီး ပြတ်ပြတ်သားသား
လုပ်ကိုင်ဆောင်ရွက်ထားမှ သင့်လျော်မယ်လို့ မြင်မိပါတယ်။ ကချင်အရေးကလည်း
အတော်ကြီးကို ကြာညောင်းနေပါပြီ။ ကိုယ်စားလှယ်ကြီးတွေအနေနဲ့ အဲဒီအရေးကိုလည်း အရေးတယူ
ပြုသင့်ပါတယ်။ အစိုးရဖက်ကရော၊ လက်နက်ကိုင်တွေဖက်ကပါ လက်ခံနိုင်မယ့် အဖြေတစ်ခု၊
နည်းလမ်းတစ်ခုကို လူကြီးမင်းတို့ လွှတ်တော်တွေမှာ စဉ်းစားဆွေးနွေး
ဆောင်ရွက်သင့်ကြတယ်လို့ မြင်မိပါတယ်။ လတ်တလော ရေကြီးမှုကြောင့် တောင်သူတွေ
ဘ၀ပျက်ကုန်ရတာကိုလည်း လူကြီးမင်းတို့ လွှတ်တော်တွေ ဘာမှမပြောဘဲ ငြိမ်နေတာဟာ
စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒီကိစ္စဟာ အစိုးရကိစ္စလို့ လူကြီးမင်းတို့က
ခံယူထားကြသလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ
လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့
ဆိုင်းဘုတ်ကြီးကို လွှတ်တော်သတင်းတွေ မလာခင် ရုပ်မြင်သံကြားမှာ အမြဲတမ်း
ကျွန်တော်တို့တွေ မြင်ရဖတ်ရပါတယ်။ အခုတော့ အလုပ်မဟုတ်တာတွေကို အလုပ်လုပ်ပြီး
ကိုယ်စားလှယ်များအသံ လွှတ်တော်အသံ၊ ကိုယ်စားလှယ်များဆန္ဒ လွှတ်တော်ဆန္ဒ၊
ကိုယ်စားလှယ်များမျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဖြစ်နေကြပြီလို့
ကျွန်တော်က ဝေဖန်ထောက်ပြလိုပါတယ်။ ဘယ်ပြည်သူတွေကမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးကို စွပ်စွဲပြစ်တင်တာတွေ၊ နုတ်ထွက်ခိုင်းတာတွေ မလုပ်ခိုင်းပါဘူးခင်ဗျာ။
ပြည်သူတွေက နိုင်ငံရေးတည်ငြိမ်မှုရှိရှိနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကို
လိုချင်ကြတာပါ။ အချင်းချင်း ရန်ဖြစ်နေတာကို ပြည်သူတွေ မမြင်ချင်ကြတာ သေချာပါတယ်။
ဒါကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ နားလည်ပေးကြဖို့
တောင်းပန်လိုက်ပါတယ်။
လွန်တာရှိက ၀န္ဒာမိပါ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၀၆ မိနစ်တွင်ပြီး၏။
0 comments:
Post a Comment