ကေအိုင်အေအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းရန် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက် သည့် သတင်းများကို ဖတ်ရင်း ကေအိုင်အိုအဖွဲ့က အစိုးရကို ပင်လုံစာချုပ်ပါ အချက်များကို အကောင် အထည် ဖော်ရေး တင်ပြထားကြောင်း၊ ပင်လုံစာချုပ် အတိုင်းသာ အကောင် အထည်ဖော်လျှင် အလို အလျောက် လက်နက် ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ပြောဆို တင်ပြမှုတွေကိုသတိပြုမိသည်။ ထို့နောက် ကချင် ပြည်နယ်နေ့၊ မနောပွဲ၊ ကေအိုင်အိုအဖွဲ့က လက်နက်နှင့် ပွဲတက်ရောက်ခွင့် စသည့် သတင်း များကို ဆက်ပြီး ကြားရသည်။ ယနေ့ကချင်ပြည်နယ် အခြေအနေကို ပကတိ အတိုင်း မြင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မည်ကဲ့သို့ ပေါ်ပေါက်လာသည်။ ပင်လုံစာချုပ်တွင် ကချင်ပြည်နယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆုံးဖြတ်ခဲ့သည်၊ ပင်လုံစာချုပ်က ဘာကို ဆိုလိုသည်ကို သိရန်လိုပါသည်။ ဒါတွေမပြောခင် မြန်မာနိုင်ငံ အပေါ် ကိုလိုနီ အုပ်ချုပ်ရေး မည်ကဲ့သို့စတင် ရောက်ရှိ လာသည်ကို အကျဉ်းမျှ သိဖို့လိုပါသည်။
အင်္ဂလိပ်လက်အောက်မြန်မာနိုင်ငံ
၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် ရခိုင်နှင့် တနင်္သာရီဒေသ အင်္ဂလိပ် လက်အောက် ရောက်သည်။ သို့သော် အင်္ဂလိပ်တို့က ရခိုင်နှင့်တနသာင်္ရီကို ပုံစံ တစ်ခုတည်းဖြင့် အုပ်ချုပ်ခဲ့ခြင်း မဟုတ်။ သူတို့ လိုအပ်ချက်အပေါ် မူတည်ပြီး ခွဲခြား အုပ်ချုပ်ခဲ့သည်။ ဤချဉ်းကပ်ပုံ သည်ပင် အင်္ဂလိပ်တို့၏ ကိုလိုနီ အုပ်ချုပ်ရေး အဓိကလက္ခဏာ ဖြစ်သည်ကို နောက်ပိုင်းတွင် ပိုပြီးတွေ့နိုင်သည်။ရခိုင်က အိန္ဒိယနဲ့ နီးတော့ ပထမပိုင်းမှာ အိန္ဒိယ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်သည်။ ၁၈၃၀ ကျတော့ စစ်တကောင်း တိုင်းမင်းကြီး လက်အောက်မှာ ထားပြီး ၀န်ထောက် တစ်ယောက်က အုပ်ချုပ်ခဲ့သည်။ ၁၈၃၅ ခုနှစ်ကစပြီး ၁၈၅၂ ခုနှစ်အထိ ဘင်္ဂလားပြည်နယ်၏ နယ်တစ်နယ် အဖြစ် သတ်မှတ်ပြီး ဘင်္ဂလား ပြည်နယ် အစိုးရက တိုက်ရိုက် အုပ်ချုပ် ခဲ့သည်။ ထိုအချိန်က စပြီး ဘင်္ဂလား ပြည်နယ် အတွင်းရှိ မူစလင်များသည် ရခိုင်ဒေသသို့ အတားအဆီး မရှိ ၀င်ရောက် နေထိုင် ခွင့်ရခဲ့သည်။ နောင် ရိုဟင်ဂျာ ဖြစ်လာမည့် ကုလားများ၏ ဘိုးဘေးများပင် ဖြစ်သည်။ တနသာင်္ရီ ဒေသကိုတော့ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ပြီး ပီနန်ကျွန်းများ အရာရှိများကို အုပ်ချုပ်ရေး တာဝန်ပေးခဲ့သည်။
၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပြီးသည့်အခါ ပဲခူးနှင့် မုတ္တမနယ်များ အင်္ဂလိပ် လက်အောက် ရောက်သွားပြန်သည်။ အင်္ဂလိပ်တို့က မုတ္တမကို တနသာင်္ရီ ဒေသ အောက်ထည့်ပြီး ရန်ကုန်ပါတဲ့ ပဲခူးနယ်ကိုတော့ အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှု အောက်မှာ ထားခဲ့သည်။ ထိုကဲ့သို့ အုပ်ချုပ်ခဲ့သည်မှာ ၁၈၆၂ ခုနှစ် အထိ ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင်မူ အုပ်ချုပ်ရေး စနစ်ကို ပြန်ပြောင်းပြီး မြန်မာပြည်တွင် မဟာဝန်ရှင်တော် မင်းကြီးတစ်ဦး ထားပြီး ၎င်း၏ လက်အောက်တွင် ရခိုင်၊ တနသာင်္ရီ၊ ပဲခူး ဒေသတစ်ခုစီ အတွက် ၀န်ရှင်တော် မင်းကြီးတစ်ဦး ( Commissioner) စီထားပြီး အုပ်ချုပ်ပါသည်။ မဟာဝန်ရှင်တော်မင်း ကြီးက အိန္ဒိယ ဘုရင်ခံချုပ်ရဲ့ ကွပ်ကဲမှု အောက်မှာ ရှိပြီး ဥပဒေပြုခွင့် အာဏာမရှိဘဲ ဘုရင်ခံချုပ် ချမှတ်ပေးတဲ့ ဥပဒေများ အတိုင်းသာ အုပ်ချုပ်ရသည်။
၁၈၈၅ ခုနှစ် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီးချိန်တွင် ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အထက် မြန်မာနိုင်ငံကို ဘုရင်မပိုင် နယ်မြေ အဖြစ် အင်္ဂလိပ်တို့က ကြေညာခဲ့သည်။ မေလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်ကို ချန်လှပ်ပြီး အထက် မြန်မာနိုင်ငံကို ဇယားဝင် စီရင်စုနယ် (Scheduled District) အဖြစ် ကြေညာခဲ့သည်။ တနည်းအားဖြင့် ကျန်မြန်မာနိုင်ငံ အစိတ်အပိုင်း များနှင့် ရှမ်းပြည်နယ်ကို ခွဲခြား အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အင်္ဂလိပ်တို့သည် တောင်တန်း ဒေသများသို့ တပ်ဖွဲ့များ စေလွှတ်ပြီး အုပ်ချုပ်ရေး စနစ်ကို အခြေခိုင်အောင လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်တို့က မြန်မာမင်းများ သြဇာအာဏာ ခိုင်မြဲခဲ့သည့် ဒေသများနှင့် မြန်မာမင်းများ၏ အစောင့်ရှောက်ခံ၊ အခွန်ဆောင် ဒေသများ ဖြစ်သည့် တောင်တန်း ဒေသများကို ခွဲခြား အုပ်ချုပ်ရန် လိုအပ်သည်ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ၁၈၉၅ ကချင် တောင်တန်း ဥပဒေ၊ ၁၈၉၆ ချင်းတောင်တန်း ဥပဒေတို့ကို ပြဋ္ဌာန်းပြီး အုပ်ချုပ်ရေး စနစ်ကို သီးခြား ဆောင်ရွက်ခဲ့ သည်။ ၁၉၂၃ ခုနှစ် ဒိုင်အာခီ အုပ်ချုပ်ရေး စနစ် ပြောင်းလဲ ကျင့်သုံးချိန်တွင် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့ကို မဖွံ့ဖြိုးသေးသော ဒေသများအဖြစ် သတ်မှတ်ပြီး မြန်မာပြည် အုပ်ချုပ်ရေး စနစ်အတွင်း မထည့်သွင်းပဲ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ခဲ့ သည်။ ၁၉၃၅ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေးကို ပြင်ဆင် ကျင့်သုံးချိန်တွင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် တို့ကို အပိုင်း (၁)၊ အပိုင်း (၂) နယ်မြေများဟု ခွဲခြားပြီး သီးခြား အုပ်ချုပ်ခဲ့ပြန်သည်။ ဤသည်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး စနစ် ကျင့်သုံးခဲ့ပုံ အကျဉ်းဖြစ်သည်။
ကချင်တောင်တန်းဒေသအုပ်ချုပ်မှု
ကချင် တောင်တန်း ဒေသကို အင်္ဂလိပ်တွေ ခွဲခြား အုပ်ချုပ်ဖို့ လုပ်ချိန်တွင် ထိုဒေသမှာ ကချင် တစ်မျိုးတည်း မဟုတ်၊ ခန္တီးရှမ်း၊ ရ၀မ် စတာတွေ ရှိနေသည်။ ကချင်ထဲမှာလည်း လူမျိုးစုတွေ ကွဲနေသည့် အပြင် လချိတ်တွေက သူတို့က ကချင်မျိုး မဟုတ်ဘူးလို့ ပြောဆိုမှုများ နှင့်လည်း ကြုံရသည်။ ထို့ကြောင့် ကချင် တောင်တန်းဥပဒေ ပုဒ်မ ၁ (၃) တွင် ဤဥပဒေသည် ကချင် လူမျိုးများနဲ့သာ ဆိုင်သည်ဟု ဖော်ပြခဲ့ရသည်။ ၁၈၉၅ ဥပဒေအရ ကချင် တောင်တန်း ဒေသတွင် အောက်ပါ နယ်မြေများ ပါဝင်သည်ဟု သတ်မှတ် ခဲ့သည်ကို တွေ့ရသည်-
၁။ ဗန်းမော်စီရင်စု အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာ ရွှေကူ တောင်တန်းနှင့် စိန်လုံကဘား ဒေသ ( ဗန်းမော် မြေပြန့် ဒေသမပါ)။
၂။ မြစ်ကြီးနား စီရင်စုအတွင်းရှိ ဆဒုံးဆမား ကချင် တောင်တန်း ဒေသ၊ ကာမိုင်း၊ ထောဂေါ ကချင် တောင်တန်း ဒေသ ( မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း မြေပြန့်ဒေသများမပါ။)
၃။ ကသာစီရင်စု အတွင်းရှိ ကချင် တောင်တန်း ဒေသ ( ကောက်ကွေ့ချောင်း ဒေသကို ဆိုလိုသည်။ )
၎။ ပူတာအိုစီရင်စု။
၅။ မိုးမိတ်နယ်ရှိ ကချင် လူမျိုးများ နေထိုင်ရာဒေသ။
၆။ မြောက်ပိုင်း ရှမ်းပြည် မြောက်သိန္ဒီနယ် အတွင်းရှိ ကချင်လူမျိုးများ နေထိုင်ရာဒေသ။
ကချင်ပြည်နယ် အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် လူမျိုးများမှာ ဒူဝါများ၊ တောင်ပိုင်များ၏ အုပ်ချုပ်မှုဖြင့် တောင်တန်း များပေါ်တွင်သာ နေထိုင်နေခြင်း ဖြစ်သည်။ မိုးကောင်း၊ မိုးညှင်း ဒေသများက ရှမ်းစော်ဘွားများ၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က မြစ်ကြီးနားမြို့ကို အသစ် တည်ဆောက်ပြီး အုပ်ချုပ်ရေးမြို့ အဖြစ် ထူထောင်ခဲ့ရသည်။ ထိုမြို့တွင် ကုလား၊ ဂေါ်ရခါးနှင့် ဗမာ၊ ရှမ်းတို့သာ အဓိက နေထိုင်ခဲ့ကြသည်။ ၁၈၈၇ ခုနှစ်တွင် အင်္ဂလိပ်အမှတ် ၄၄ဂေါ်ရခါး တပ်ရင်းက ယခုမြစ်ကြီးနားမြို့နေရာအနီးရှိ ဆနာရွာကို ရောက်ရှိသည်။ ထိုအချိန်က ဆနာရွာတွင်အိမ်ခြေ ၁၅ အိမ်ခန့် သာရှိသည်။ အင်္ဂလိပ်တို့က ထိုရွာကို The Village by the Great River ဟု ပြောရာမှ မြစ်ကြီးနားဟု အမည်တွင်သည် ဟုဆိုသည်။
နောက်တစ်မျိုးကတော့ အကျဲဝါ၏ လယ်ကွင်းကို ကချင်လို အကျဲနာဟု ခေါ်ရာမှ မြစ်ကြီးနား ဖြစ်သည်ဟုလည်း ဆိုသည်။ မည်သို့ဖြစ်စေ ၁၈၉၁ ခုနှစ်တွင် မြစ်ကြီးနားတွင် အုပ်ချုပ်ရေးရုံး စတင် ဖွင့်လှစ်ပြီး ၁၈၉၅ ခုနှစ်တွင် ခရိုင်ဝန် ရုံးစိုက်ရာ ဖြစ်လာသည်။
၁၉၂၃ ခုနှစ်ဒိုင်အာခီ အုပ်ချုပ်ရေး စတင်ချိန်တွင် ကချင် တောင်တန်း ဒေသများသည် ပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်ခြင်း မရှိဘဲ ဆက်လက် ချန်လှပ် ထားခြင်း ခံရသည်။ ၁၉၃၅ ခုနှစ်တွင် ၉၁ ဌာန အုပ်ချုပ်ရေးကို ကျင့်သုံးသည့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ ကျင့်သုံးချိန် တွင်လည်း ကချင် တောင်တန်း ဒေသများကို ဆက်လက် ချန်လှပ်ထားခဲ့သည်။ ထို ၁၉၃၅ ခုနှစ် ဥပဒေအရ တောင်တန်း ဒေသများကို အပိုင်း ၁ ဇယားဝင် ဒေသများ ( Part I Scheduled Areas)နှင့် အပိုင်း ၂ ဇယားဝင် ဒေသများ ( Part II Scheduled Areas)ဟု ခွဲခြားခဲ့ သည်။
ကချင်ဒေသ အတွင်းမှ အပိုင်း ၁ ဇယားဝင် ဒေသများမှာ အောက်ပါ အတိုင်း ဖြစ်သည်- ( ချင်း၊ ရှမ်းပြည်နယ် တို့နှင့် သက်ဆိုင် သော သတ်မှတ်ချက်များကို ဆောင်းပါး မရှည်စေရန် အတွက် ချန်ထားခဲ့ပါသည်။ )
၁။ မြစ်ကြီးနား၊ ကသာနှင့် ဗန်းမော် စီရင်စုတွင် ပါဝင်သော ကချင်တောင်တန်း ဒေသများ ( အထက်ပါ ၁၈၉၅ ဥပဒေ အရ သတ်မှတ် ထားသည့် နယ်များ)။
၂။ တြိဂံနယ်မြေ ( မေခနှင့် မေလိခမြစ်နှစ်ကြားဒေသ)
၃။ ဟူးကောင်းတောင်ကြားဒေသ။
၎။ လက်ရှိအင်္ဂလိပ်အုပ်ချုပ်မှုမရှိသေးသောဒေသများ။ ( နယ်စပ်ဒေသများကိုဆိုလိုသည်။ )
ကချင်ဒေသ အတွင်းမှ အပိုင်း ၂ ဇယားဝင်ဒေသများမှာ အပိုင်း ၁ တွင် မပါဝင်သော မြစ်ကြီးနားနှင့် ဗန်းမော်တို့မှ အစိတ် အပိုင်းများ ဖြစ်ပါသည်။ ထို့ပြင် အင်္ဂလိပ်တို့က အပိုင်း ၁ ဒေသတွေ ပိုမို တိုးတက်လာရင် အပိုင်း ၂ ကို အဆင့်မြှင့်ပေးမည် ဖြစ်ကြောင်း၊ အပိုင်း ၂ ဒေသများကိုလည်း နိုင်ငံရေး အရ ပိုမို တိုးတက် လာလျှင် ဘုရင်ခံနှင့် ၀န်ကြီးအဖွဲ့က အုပ်ချုပ်သည့် မြန်မာပြည်မ ဒေသများနှင့် ပေါင်းစည်း ပေးမည်ဟု လည်းကောင်း ဥပဒေတွင် ဖော်ပြခဲ့သည်။ ထိုအချက်မှာ တောင်တန်း၊ ပြည်မ ခွဲခြား အုပ်ချုပ်မှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် နေသူများအား ချွေးသိပ်ခဲ့ခြင်းသာ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်အထိ ၁၉၃၅ ခုနှစ် ဥပဒေပါ နယ်မြေ သတ်မှတ် ချက်များမှာ အပြောင်း အလဲ မရှိခဲ့ပေ။ ထို့အပြင် အင်္ဂလိပ်တို့က ဇယား ၁ ၀င်ဒေသများကို ဇယား ၂ သို့ ပြောင်းပေး နိုင်သော်လည်း ဇယား ၂ ဒေသများကို ဇယား ၁ ဒေသများသို့ ပြောင်း၍မရ ကြောင်း ထည့်သွင်း ပြဋ္ဌာန်းခဲ့သည်။
ထိုအချက်သည်လည်း ဘုရင်ခံ အုပ်ချုပ်သည့် တောင်တန်း ဒေသများကို အကြောင်း အမျိုးမျိုး ပြပြီး ချဲ့ထွင် လာမည်ကို စိုးရိမ်သော မြန်မာ နိုင်ငံရေး သမားများ၏ ကန့်ကွက်ချက်ကို လိုက်လျော ခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့် အချိန်အထိ၊ အင်္ဂလိပ်များ ပြန်လည် ၀င်ရောက်လာပြီး လွတ်လပ်ရေး အတွက် ဆွေးနွေး ကြသည့် အချိန်အထိ တောင်တန်း ဒေသ နယ်မြေ သတ်မှတ်မှု များသည် ပြောင်းလဲမှု မရှိသည်ကို လည်းကောင်း၊ ကချင် တောင်တန်း ဒေသတွင် လက်ရှိ ကချင် ပြည်နယ်ဟု သတ်မှတ် ထားသည့် နယ်မြေ အားလုံး ပါဝင်ခြင်း မရှိသည်ကို လည်းကောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုအချက်သည် ပင်လုံ ညီလာခံ ကျင်းပသည့် အချိန်တွင် အလွန် အရေးကြီးသည့် အချက် ဖြစ်လာပါသည်။
ကချင်နေ့စဉ်သတင်းမှ
0 comments:
Post a Comment