ပြည်တွင်းဂျာနယ်တခုမှာ အပိုင်းလိုက်ဖေါ်ပြခဲ့တဲ့ ဆောင်းပါးတခုကို အပိုင်း လိုက်ပြန်ပြီး တင်ပေးပါမယ်။ Political Economy ကို ဆက်လက်ဆွေးနွေး ပါမယ်။ ဒီ ခေါင်းစဉ်ကိုတော့ " ဖုန်မုန်တိုင်းများ လွန်မြောက်သွားတဲ့အခါ----- " လို့ ဆိုထားပါတယ်။
နိဒါန်း
မကြာသေးခင် နှစ်များအတွင်းက ကျနော်နေထိုင်တဲ့ နယူးယောက်ပြည်နယ် အထက်ပိုင်း၊ ရိုချက်စတာ မြို့လေးဆီမှာ နာမည်ကြီး ကုမ္မဏီတခုဖြစ်တဲ့ “ကိုဒက်” ( Kodak) မှာ အလုပ်လုပ်ကိုင်နေသူ အင်ဂျင်နီ ယာတွေ၊ အလုပ်သမားတွေ ထောင်ချီပြီး၊ အလုပ်ပြုတ်ကျတယ်။ ကိုဒက် ကုမ္မဏီ ဆိုတာ ဖိုတိုဂရပ်ဖစ် ဖလင်လုပ်ငန်းအတွက် လိုအပ်တဲ့ ပစ္စည်းကရိယာတွေကို ထုတ်လုပ်ဖြန့်ဖြုးတဲ့ ကုမ္မဏီ တခုဖြစ်တယ်။ မြို့ရဲ့ ကျက်သရေဆောင် လည်း ဖြစ်တယ်။
ခုတော့ ကိုဒက်ကုမ္မဏီ ဟာ ဒေဝါလီ လုပ်ခံရတဲ့ အဆင့်ကို ရောက်သွားတယ်။ အစိုးရထံ Bankruptcy file တင်လိုက်တယ်။ အမေရိကန်မြို့တွေဆီမှာလည်း အလုပ်လက်မဲ့ဖြစ်၊ အကြွေးမပေးနိုင်လို့ ဘဏ်တွေထံ အိမ်တွေကို ပြန်အပ်လိုက်ရသူတွေ၊ ဘဏ်တွေက အိမ်လခမပေးနိုင်သူတွေကို ဇွတ်အတင်းမောင်း ထုတ် နေ တာတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတယ်။
အမေရိကန်စီးပွားရေးကျဆင်းမှု ကို နည်းပေါင်းစုံက သုံးသပ်ဝေဖန်ကြတယ်။
တချို့က “ လက်ဆီဖယ်ရား အရင်းရှင် စီးပွားရေး စံနစ် ( Laissez- faire capitalism) ပြီးဆုံးသွားပြီ ” လို့ ကြွေးကြော်ကြတယ်။ အမေရိကန်ပြည်ထောင်စုကို ဘယ်သူ အုပ်ချုပ်သလဲ လို့ မေးခွန်းထုတ်ရင်း၊ ကြွယ်ဝ ချမ်းသာတဲ့ လူတန်းစား ( “တစ်” ရာခိုင်နှုန်းသာ ရှိသော ) သူတွေရဲ့ လွှမ်းမိုးမှုကို လူမှုတော်လှန်ရေးလုပ်ကြဖို့ ဆော်သြကြတယ်။ ဒါပေမဲ့ “ ကျနော်တို့ဟာ ၉၉ ရာခိုင်နှုန်းရှိသော ပြည်သူလူထု ဖြစ်တယ်” ဆိုတဲ့ လှုပ်ရှားမှုကို ကြည့်လိုက်ပြန်တော့ တဖွဲ့နဲ့ တဖွဲ့က အာဂျင်တာတွေ မတူဘူး။ တချို့က အမေရိကန်သမ္မတ ရဲ့ ဆိုရှယ်လစ် စီးပွားရေး နဲ့ လူမှုထောက်ပံ့ရေး စီမံကိန်းတွေ၊ အတွေးအခေါ်တွေကြောင့် အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေး ကျဆင်းရတယ် ၊ ဆိုရှယ်လစ် စံနစ် အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံတွေကို လွှင့်ထူ ပါဝင်ကြတယ်။ တချို့ကတော့ ဘဏ်လုပ်ငန်းကြီးတွေကို တိုက်ခိုက်စိန်ခေါ်ကြတယ်။ တချို့ကတော့ တခြားနိုင်ငံက လာရောက်အခြေချတဲ့ ဒုက္ခသည်တွေ၊ အလုပ်လုပ်နေသူတွေအပေါ်တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ထားပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုကြတယ်။ လှုပ်ရှားမှုမှာ ဘုံသဘော တူညီမှု ပျောက်နေ တယ်။ နိုင်ငံရေးရည်မှန်းချက်အပေါ်မှာ တူညီမှုတခုမတည်ဆောက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သေချာတာတခုတော့ ရှိတယ်။ ခေတ်ပျက်ကြီးထဲမှာပဲ လူတန်းစားတရပ်ပေါ်ပေါက်လာမယ်။ အတွေးအခေါ် မော်ဒယ် အ သစ်တွေ ပေါ်ပေါက် လာမယ်။ လူတန်းစားတရပ်ကတော့ တဖြည်းဖြည်းနောက် ကျန် ဆင်းရဲသွားလိမ့်မယ်။
သမိုင်းဖြစ်ရပ်တွေဟာ ဆင်တူရိုးမှားတကြော့ပြန်လည်ရင်း နဲ့ ရှေ့ကို ဆက်လက် လည်ပတ်နေပါလိမ့်မယ်။
(အောင်မိုးဝင်း)
0 comments:
Post a Comment