Friday, April 12, 2013

လှည်းတန်း စင်တာကို ကန့်ကွက်သူများ ပေါ်လာ

Posted by drmyochit Friday, April 12, 2013, under | No comments



တည်ဆောက် ပြီးစီးနေပြီဖြစ်သော လှည်းတန်း စင်တာ ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ အငြင်း ပွားနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော် အကြီးအကဲများ၏ တိုက်တွန်းမှုဖြင့် ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုစဉ်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လှည်းတန်း လမ်းဆုံအား Land Mark အဆောက်အအုံများ ဆောက်လုပ်ရန် ညွှန်ကြားသဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မိမိတို့ နေထိုင်သော အိမ်များမှ ဖယ်ရှားပေးခဲ့ရကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သူဟု ဆိုသော ဒေါ်ချိုချိုမာကပြောသည်။

“အဲဒီတုန်းက ကျွန်မတို့တွေကို တစ်လတောင် အချိန် မပေးဘဲ ဖယ်ခိုင်းတယ်။ ၂၈ ထပ် ဆောက်မယ် ပြောတယ်။ သုံးနှစ် အတွင်းပြီးမယ် ပြောတယ်။ မြေပိုင်ရှင်တွေကို ရှစ်ဆယ် ရာခိုင်နှုန်း ပေးမယ်ပြောတယ်။ ဒီနေရာမှာ နေတဲ့သူတွေ အတွက် ထိုက်ထိုက် တန်တန် ပြန်ပေးမယ်။ မြေတန်ဖိုးကိုလည်း ကာလ ပေါက်ဈေးအတိုင်း တွက်ချက်ပြီး ဈေးသင့်ပေးမယ်။ ကန်ထရိုက် အနေနဲ့ ရှုံးရင် ရှုံးပါစေ”ဟု ထိုစဉ်က စစ်တိုင်းမှူးက ကတိပေးခဲ့ကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သည်ဟု ဆိုသော ဒေါ်မင်းမင်းစောက ပြောသည်။

အဆိုပါမြေနေရာတွင် ၂၈ ထပ် တည်ဆောက်ရန် စီစဉ်ထားသော်လည်း အမှန်တကယ် တည်ဆောက်ပြီးစီး သောအခါ ရှစ်ထပ်ဖြစ်နေသောကြောင့် မြေပိုင်ရှင်များ ခွဲဝေရရှိမည့် အခန်းများ လျော့နည်းလာနိုင်ခြင်းနှင့် သုံးနှစ်အကြာတွင် အဆောက်အအုံပြီးစီးမည်ဆိုသော်လည်း ၁၀ နှစ်အထိ ကြာသွားခြင်းတို့ကြောင့် ၎င်းတို့ အားလုံးက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် ၁ ဒသမ ၅၂၂ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ ၃၄ လုံးပေါ်တွင် မြေပိုင်ရှင် ၂၃ ဦးမှ အိမ်ထောင်စု ၆၈ စု နေထိုင်သော ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေပိုင်ရှင်ဟုဆိုသူများက ပြောသည်။

ထို့အပြင် မြေကွက်အကျယ် ၀ ဒသမ ၅၆၇ ဧကရှိသည့် မြေကွက်အမှတ် 3C ကို ပိုင်ဆိုင်သည်ဆိုသော ဒေါ်ချိုချိုမာနှင့် မြေကွက်အကျယ် ၀ ဒသမ ၉၅၅ ဧကရှိသော မြေကွက်အမှတ် 3D ပိုင်ဆိုင်သူ မြေပိုင်ရှင် ၂၃ ဦးက ၎င်းတို့မိသားစုအားလုံးကို တစ်ပြေးညီ တစ်ခါတည်း အခန်းများ မပေးသေး၍ မည်သူ့ကိုမျှ အဆောက်အအုံပေါ် တက်ရောက် နေထိုင်ခြင်းမပြုရန် ကန့်ကွက်ထားကြောင်း ပြောကြသည်။

ထိုစဉ်က အိမ်များအား ဖယ်ရှားစေခဲ့ရာတွင် ပါဝင်ခဲ့သော မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အေးရှားဝေါလ် ဆောက်လုပ်ရေး ကုမ္ပဏီတို့က ၎င်းတို့အား ညှိနှိုင်းခြင်း မရှိဟု ဆိုသည်။ ထို့အပြင် တည်ဆောက်ပြီး အခန်းများနှင့် ပတ်သက်၍ မြေပိုင်ရှင်များအား မည်ကဲ့သို့ ပြန်လည် ပေးအပ်မည်ကိုလည်း အသိပေး အကြောင်းကြားခြင်း မရှိဘဲ လှည်းတန်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေမှုအား နည်းလမ်းပေါင်းစုံဖြင့် တားဆီးမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

“ကျွန်မတို့က ဆောက်ချင်ပါတယ်ဆိုပြီး ကန်ထရိုက်ကို အပ်တာ မဟုတ်ဘူး။ ကျွန်မတို့ကို အတင်း မောင်းချ တာ။ ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်စီးပွားနဲ့ လုပ်ကိုင် စားသောက် နေထိုင်လို့ရတဲ့ ဘ၀က လမ်းဘေးကို ရောက်လို့ မိဘ ဘိုးဘွားတွေ ခမျာ စိတ်သောကရောက်ပြီး သေတဲ့လူတွေ များလာပြီ။ အခု ဘယ်သူကမှ ဘာမှ လာညှိနှိုင်းတာ မရှိသေးလို့ ကျွန်မတို့တစ်တွေ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်”ဟု ၀င်းဆံသမှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

“ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ဘယ်အခန်းမှ ရောင်းထားတာ မရှိသေးဘူး။ အခု လောလောဆယ် မှာတော့ အိုးအိမ် ဌာနနဲ့ လွှဲပြောင်းမှုတွေ လုပ်နေပါတယ်။ တစ်ခုပြီး တစ်ခု လုပ်စရာရှိတာ ဆက်လုပ်ပေး မှာပါ။ လှည်းတန်း စင်တာ ဘယ်တော့ ဖွင့်မယ် ဆိုတာကတော့ ကုမ္ပဏီက လူကြီးတွေကပဲ တရားဝင် ကြေညာတာတွေ လုပ်ဆောင်ပေးပါလိမ့်မယ်”ဟု အေးရှားဝေါလ် ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းခွင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့နေရပါက အဆိုပါ ကိစ္စတွင် ပါဝင် ပတ်သက်သူတိုင်း တွေ့ဆုံ ညှိနှိုင်းကြပါက ပြေလည်သွားဖွယ်ရှိကြောင်း အထပ်မြင့် အဆောက်အအုံများ အရည်အသွေး စိစစ် ကြပ်မတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။




From:yoyarlay

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်