လူဆိုတာ
တစ်ယောက်နဲ့ တစ်ယောက် သဘောထား အမြင်ချင်း မတူညီနိုင်ပါ။ မတူညီခွင့်၊ ကွဲလွဲ ခွင့်လည်း
ရှိပြီးသားပါ။ ခရီးပန်းတိုင် တစ်ခုကို လူစုလူဝေး လူအုပ်စုကြီးနဲ့ သွားဖို့ဖြစ် လာရင်
သဘောထား ကွဲလွဲမှုတွေကို သိသာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။ ကိုယ့်အကြိုက် နဲ့ကိုယ်၊ ကိုယ်နဲ့
အဆင်ပြေတဲ့ သူတွေနဲ့မှ အတူ သွားချင်ကြတဲ့ သူတွေချည်းပဲ။
အဲဒီတော့
မတူတာတွေ ဘေးဖယ်ပြီး တူတာတွေနဲ့ ခရီးဆက်ရင် အဆင်ပြေပြီ။ ဒါပေမဲ့ ၁၈-၁ဝ-၂ဝ၁၂
နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃ဝ)အမှတ် (၅၉ဝ)ရဲ့ မြန်မာပြည် အထက်ပိုင်း သတင်း
စာမျက်နှာ(၂)မှာ ပါတဲ့ သတင်းလေး တစ်ပုဒ် ကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။
ဘာတဲ့.. ''တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသည့် ဆောင်ပုဒ်ကို
လက်မခံ'' ဟောပြောပွဲ တစ်ခု သတင်းကို ခေါင်းစည်း တပ်ထားတဲ့ သတင်းပါ။
အဲဒီ
သတင်းထဲမှာ ''ပြည်သူထဲက မွေးဖွားလာတဲ့ တပ်မတော်ဆိုရင် ပြည်သူသာ အမိ၊ ပြည်သူသာ အဖ''ဖြစ်တာတို့၊
''တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အား ရှိမည်ဆိုတဲ့ ဆောင်ပုဒ်က အတွေးအခေါ် မှားယွင်းနေတယ်''ဆိုတာတို့၊
'အာဏာရှင် ဆိုတာ သီးခြား လူတန်းစား မဟုတ်၊ အာဏာ ဆိုတာ ပြည်သူ၊ ပြည်သူ ဆိုတာ အာဏာရှင်ပဲ''ဆိုတဲ့
စကားလုံး တွေနဲ့ ပြည်သူနဲ့ တပ်မတော်ကို သွေးခွဲချင် လို့များ ဒီလို စကားမျိုး သုံးနှုန်း
ပြောဆို ခဲ့တာများလား လို့လည်း တွေး ထင် လိုက်မိတယ်။
ဒါပေမဲ့
သူတို့ပြောတဲ့ အထဲမှာ ''တပ်မတော်ကြီးကို အင်မတန်မှ အင်အား တောင့်တောင့် တင်းတင်းနဲ့
ဖြစ်စေချင်တယ်။ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ စစ်တပ်နှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက်ရမယ်။
ငြိမ်းချမ်းရေး ရအောင် ဒီလို လုပ်ပါလား ဆိုတာတွေ၊ သမိုင်းမှာ အရာရာ စွန့်လွှတ်ခဲ့တဲ့
သူရဲကောင်း တွေရဲ့ ကြီးကျယ် မြင့်မြတ်မှု တွေကို ဖုံးကွယ်ထားလို့ မရတဲ့ အကြောင်း'' စတဲ့
စကားတွေနဲ့ ပြည်သူ အကြိုက် ပြောသွား ခဲ့ပါတယ်။
မြန်မာ့
တပ်မတော်နဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံရဲ့ မှတ်တမ်း တင်လို့ရတဲ့ သမိုင်းကို ပြန်ငဲ့
ကြည့်လိုက်ရင် အထင်ကရ ဘုရင် သုံးပါးကို ပြက်ပြက်ထင်ထင် တွေ့နိုင်ပါတယ်။ အနော်ရထာ၊
ဘုရင့်နောင်၊ အလောင်းဘုရား လို့ခေါ်တဲ့ စစ်ဘုရင်ကြီး တွေပါ။ သူတို့ လက်ထက်မှာ တပ်မတော်
ကြီး အင်အားကြီးမား တောင့်တင်း ခိုင်မာခဲ့လို့ အိမ်နီးချင်း နိုင်ငံ တွေရဲ့ လေးစား
ခန့်ညားမှု ခံယူ ခဲ့ရတာပါ။ ကိုယ့်ရဲ့ အင်ပါယာကို ခေတ်ကာလ အခြေအနေ အလျောက် ချဲ့ထွင် နိုင်ခဲ့သူတွေပါ။
ကုန်းဘောင်ခေတ်
မင်းတုန်းမင်း နန်းတက်တော့ အထက် မြန်မာပြည် ကွက်ကွက် ကလေးသာ အာဏာစက် သက်ရောက် ပါတော့တယ်။
အဲဒီတော့ ခေတ်မီ တပ်မတော်ဖြစ်ဖို့ ခေတ်မီ နိုင်ငံတော် တည်ဆောက်ရေးကို အိမ်ရှေ့စံ
ကနောင် မင်းသားက ဦးဆောင် ခဲ့ပါတယ်။ ရတနာပုံ မြို့တော်မှာ သေနတ်၊ အမြောက် လက်နက် စက်ရုံများ
အပါအဝင် စက်ရုံ အမြောက် အမြားကို နိုင်ငံခြားကို ပို့လွှတ်ခဲ့တဲ့ ပညာတော် သင်များနဲ့
တည်ထောင် ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးနဲ့ မအောင်မြင် ခဲ့ပါဘူး။
ဒီလိုနဲ့
လက်နက် အင်အားချင်း မယှဉ်သာလို့ မြန်မာပြည် လွတ်လပ်ရေး ကျရှုံး ခဲ့ရတယ်။ နယ်ချဲ့ အင်္ဂလိပ်
လက်အောက်မှာ မျိုးချစ်တွေရဲ့ ဟိုနေရာ တစ်ကွက်၊ ဒီနေရာ တစ်ကွက် နေရာစုံက ပုန်ကန် တော်လှန်
ခဲ့ကြပေမယ့် လက်နက်အင်အား မပြည့်စုံ၊ စည်းလုံးမှုတွေ မရှိခဲ့တာကြောင့် မအောင်မြင် ခဲ့ပါဘူး။
ဒါဟာ ခေတ်မီ တပ်မတော် မရှိတာရယ်၊ လက်နက် အင်အား မပြည့်စုံတာ တွေကြောင့်
ဆိုတာ အားလုံး အသိပါ။
၁၉၂ဝ
ပြည့်နှစ်က စလို့ နိုင်ငံရေး လှုပ်ရှားမှုတွေ စပြီး ပေါ်ပေါက်လာတယ်။ တောက်လျှောက် ပါပဲ။
နောက်တော့ နိုင်ငံရေး တစ်ခုထဲနဲ့တော့ မဖြစ်ချေဘူး၊ လက်နက်ကိုင် တော်လှန်ရေးပါ တွဲလုပ်မှ
ဖြစ်မယ်ဆိုတာ သိလာကြတယ်။ အဲဒါနဲ့ ၁၉၄၁ ခုနှစ်မှာ သခင်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်
သုံးကျိပ်တို့ ပြည်ပကို ထွက်ခွာ၊ ဂျပန် တွေနဲ့တွေ့၊ ဟိုင်နန် ကျွန်းမှာ စစ်ပညာတွေသင်၊
သင်တန်း ပြီးတာနဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်း၊
ဂျပန် တပ်တွေနဲ့ အတူ မြန်မာပြည်ထဲ ဝင်ပြီး နယ်ချဲ့ အင်္ဂလိပ်ကို မောင်းထုတ်ခဲ့တာ အားလုံး
အသိပါ။
ဖက်ဆစ်
ဂျပန်တွေရဲ့ သဘောထားကို စစ်သင်တန်း တက်နေတုန်းမှာပဲ ဗိုလ်ချုပ် အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်တွေ
သိထားပြီးပါပြီ။ သူတို့ သိထားသလို ပါပဲ၊ ဂျပန် လက်အောက် ရောက်ပြန် တော့လည်း အင်္ဂလိပ်
အောက်ကလို ထိုနည်းလည်းကောင်း ဖြစ်ခဲ့ရတာပါပဲ။ အမှန်စင်စစ် ဆိုရလျှင် ဂျပန်တို့ ရင်ဆိုင်ခဲ့ရတဲ့
မြန်မာ့ တော်လှန်ရေးဟာ မြန်မာသာမက ကမ္ဘာမှာပါ ဒီထက်ပို ပေါ်လွင် သင့်ပါတယ်။ ဂျပန်တွေ
အတွက် နှစ်ဖက်ညှပ် အတိုက်ခံရ သလို မျိုးမို့ တော်တော်လေး အထိနာ ခဲ့ပါတယ်။
နယ်ချဲ့
အင်္ဂလိပ်တွေ အနေနဲ့ မြန်မာနိုင်ငံဟာ ပစ်ရမှာလည်း အဆီနဲ့ ဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်
ဖြစ်နေလေတော့..မစားရတဲ့ အမဲ သဲနဲ့ ပက်ခဲ့ပါတယ်။ လွတ်လပ်ရေး ပေးတယ်..၊ လွတ်လပ်ရေး
အပြင် ကြိုတင် ကြံစည်ထားတဲ့ ပြည်တွင်း စစ်ကိုပါ အထူးအခွင့် အရေး အနေနဲ့ ပေးခဲ့ပါတယ်။
လက်နက်
မပြည့်စုံ၊ လူအင်အား မတောင့်တင်း ခဲ့လေတော့ ချက်ချင်း မနှိမ်နင်း နိုင်ခဲ့ပါဘူး။ ပြည်တွင်းစစ်မှာ
လက်နက်ကိုင် သောင်းကျန်း သူတွေက အရောင်စုံ သလား မမေးနဲ့၊ ဒီကြားထဲ တောမီးလောင်လို့
လက်ခမောင်း ခတ်တဲ့ တောကြောင် တွေက ဟိုကပေါ် ဒီကပေါ်၊ ဒါပေမဲ့ သောင်းကျန်း သူတွေကို တပ်မတော်ရဲ့
ရှိတဲ့ စွမ်းအားနဲ့ အောင်မြင်အောင် တိုက်နိုင် ခဲ့ပါတယ်..။
နောက်တစ်ခါ..တရုတ်
ပြည်မကြီးက ထွက်ပြေးလာပြီး မြန်မာပြည်ထဲ ဝင်ရောက် တပ်စွဲ လှုပ်ရှားလာတဲ့ ကူမင်တန် တရုတ်ဖြူ
တွေကို နှိမ်နင်း ရပြန်ပါတယ်။ နိုင်ငံခြား တပ်တွေ ဆိုတော့ ကုလသမဂ္ဂ အထိ ရောက်အောင် ကမ္ဘာသိ
ကြေညာပြီး ပြန်မောင်းထုတ် ရပါတယ်..၊ အဲဒီလို မောင်းထုတ်တဲ့ အခါမှာလည်း ရှိတဲ့ စစ်လက်နက်
အနည်းငယ်ရှိတဲ့ လူအင်အား နည်းနည်းနဲ့ တိုက်ခဲ့ရတာပါ။
တပ်မတော်မှာသာ
စစ်လက်နက် ပစ္စည်း၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တင့်ကား၊ အမြောက် လက်နက်ကြီးတွေ ပေါပေါများများ
ရှိနေမယ် ဆိုရင် တပ်မတော်ကြီး အင်အား တောင့်တင်း နေမယ် ဆိုရင် ခေတ်မီ နည်းပညာတွေ အသုံး
ပြုနိုင်မယ်ဆိုရင် အချိန်တို အတွင်း အနိုင်ယူခဲ့ နိုင်မှာပါ။ အခုတော့ တပ်မတော်သား တွေရဲ့
အသက်၊ သွေး၊ ချွေး၊ ဒဏ်ရာ ကိုယ်စီ အများကြီး ရပြီးမှ အောင်မြင်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ
စစ်အင်အား ကြီးမားတဲ့ နိုင်ငံများသည် ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင်(၁ဝ) နိုင်ငံ
အနက် အမြဲတမ်း လုံခြုံရေး ကောင်စီ ဖြစ်နေတဲ့ နိုင်ငံ ငါးနိုင်ငံ ရှိပါတယ်။ သူတို့မှာ
အာဏာ အပြည့်၊ ပါဝါအပြည့် ရှိပါတယ်။ ဘယ်နိုင်ငံက တင်ပြတာ မျိုးကိုမဆို ပယ်ချနိုင်တဲ့
ဗီတို အာဏာ ရှိပါတယ်။
ကျန်ငါးနိုင်ငံ
ကတော့ အင်အားကြီး တွေရဲ့ အလိုဆန္ဒကို ဖြည့်ပေးရုံပါပဲ..၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အားလုံးထက်
လုံခြုံရေး ကောင်စီကို ရောက်လာတဲ့ ကိစ္စတွေကို အချိန်စောပြီး သိရရုံ သာသာပါပဲ။
လက်ရှိ
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် အင်အားကြီး နိုင်ငံကြီး နှစ်ခုရဲ့ ကြားထဲမှာ တည်ရှိ နေတာ
အားလုံး အသိပါ။ တာတို/ တာဝေးပစ် ဒုံးကျည်တွေ၊ အသံထက် မြန်တဲ့ လေယာဉ်ပျံ တွေ၊ ခေတ်မီ
နည်းပညာ စနစ်သုံး လက်နက်တွေ ပိုင်ဆိုင်ကြတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာပါ။
ဒီနိုင်ငံကြီး
နှစ်ခုကြားမှာ စီးပွားရေးပဲ လုပ်နေလို့တော့ မဖြစ်ဘူး ထင်တယ်..၊ ပြည်သူလူထု ဆင်းရဲ နွမ်းပါးမှု
ပပျောက်အောင်လုပ်၊ လူတန်းစေ့ နေနိုင်အောင်လုပ်၊ ပညာရေး အဆင့် မြင့်မားအောင် လုပ်၊ ကျန်းမာရေး
မြှင့်တင် နိုင်အောင်လုပ်၊ ဒီဟာတွေ လုပ်နေရင်း ကပဲ တပ်မတော် အင်အား ကြီးထွားအောင်
လုပ်လို့ရော မရဘူးလား..။
ကမ္ဘာ့
အင်အားကြီး နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံး စရိတ်ဟာ တစ်နှစ်ထက် တစ်နှစ် မြင့်မား နေတာ
အားလုံး အသိပါဗျာ..၊ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ်၊ ပြင်သစ်၊
နောက်ပိုင်း ဂျာမနီ၊ အီတလီ၊ ဂျပန်တို့ရဲ့ ကာကွယ်ရေး ဘတ်ဂျက်တွေက သာမန် နိုင်ငံ ငယ်
တစ်နိုင်ငံရဲ့ တစ်နှစ်တာလုံး ဝင်ငွေထက် ကျော်လွန် နေတာလည်း အားလုံး အသိပါ။
ဒီနိုင်ငံတွေ
ကG7,G8,G20ဆိုပြီး အင်အားကြီး နိုင်ငံများ အစုအဖွဲ့တွေ ဖွဲ့စည်းပြီး ကမ္ဘာကြီးရဲ့ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက် နေပါတယ်။
ရေးရင်းနဲ့
တော်တော် ရှည်သွားပြီ..၊ ပြည်သူ့ အကြိုက်ကို လိုက်ပြီး ပြောရတာ ချက်ချင်း ပြောလို့
ရပါတယ်။ လုပ်ရတာသာ အချိန်ယူရတာ။ ကိုယ့်နိုင်ငံမှာ တပ်မတော် အစိုးရ တစ်ဖြစ်လဲ..ဒီမို
ကရေစီ အစိုးရ တက်လာတော့..ပြောချင်တာ ပြောလို့ရပြီ ဆိုပြီး ပြောလိုက်၊ ဆိုလိုက်၊ ရေးလိုက်ကြတာ..၊
စည်းနဲ့ဘောင်နဲ့ ရေးကြပြောကြ သူများကို မဆိုလိုပါ..၊စည်းလွတ် ဝါးလွတ် သမားတွေကို ဆိုချင်တာပါ။
နိုင်ငံရေး
သမား စစ်စစ်များ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စ ဆောင်ရွက်ချက် များကို မဆိုလိုပါ။
နိုင်ငံရေး သမား အယောင်ဆောင် ထားသူတို့၏ နိုင်ငံရေး အရေခြုံ လှုပ်ရှား ဆောင်ရွက်
မှုများက နိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမည် ဆိုလျှင်တော့ ..တစ်နိုင်ငံလုံး
ဒုက္ခတွင်း သက်ဆင်းကြရ ဦးမှာပါလားဟု စိတ်မသက် မသာဖြစ်မိ သည်က အမှန်။
''တပ်မတော်
အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်''ဆိုသည့် ဆောင်ပုဒ်သည် ဟုတ်လား၊ မဟုတ်လား ပြည်သူလူထု
အသိပဲ ဖြစ်ပါတယ်။ သူများ နိုင်ငံက အမြောက်နဲ့ လာပစ်ရင် မိမိ တို့က ရိုင်ဖယ်နှင့် ပြန်ခုခံမလား၊
ခေတ်မီ တင့်ကားနဲ့ ပြန်မခုခံချင် ဘူးလား၊ သူတို့က တိုက် လေယာဉ်တွေ နှင့် လာတိုက်လျှင်
မိမိတို့က စိန်ပြောင်းနဲ့ ပြန်ထုမလား..၊ ဒုံးကျည်နဲ့ ပြန်မထုချင် ဘူးလား..၊ သူတို့က
တာတို/တာဝေးပစ် ဒုံးကျည်နဲ့ ပစ်လာခဲ့ရင် မိမိတို့က ဗုံးခို ကျင်းထဲ ဝင်ပုန်းမလား..၊
တိုက်ချင်း ပစ် ဒုံးကျည်နဲ့ ပြန်မပစ်ချင် ဘူးလား..၊ တပ်မတော် အင်အား မရှိဖို့ ပြောတဲ့
သူတွေအတွက် စဉ်းစား စရာပါ..။
ဒီမိုကရေစီ
ခေတ်မှာ ကိုယ်ကြိုက်ရာကို ထုတ်ဖော် တင်ပြခွင့် ရှိပါတယ်။ ဟောပြော ခွင့်လည်း ရှိပါ တယ်။
ဒီမိုကရေစီ ဖော်ဆောင်တာကို လူတွေကြိုက်ရင် ကိုယ့်နိုင်ငံရဲ့ စစ်တပ် အင်အား ကြီးထွား
နေတာကိုလည်း လူတွေကြိုက်မှာ အသေအချာ..၊ နိုင်ငံ တစ်နိုင်ငံဆိုတာ နိုင်ငံရေး တစ်ခုထဲနဲ့
ပြီးတာမှ မဟုတ်တာ..၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး..စတာစတာ
တွေလည်း ပါနေတာပဲလေ..။
0 comments:
Post a Comment