Tuesday, June 19, 2012

ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏အမှတ်တရများ (၂)

Posted by drmyochit Tuesday, June 19, 2012, under | No comments

မောင်လူဝေး

• အဆင်းရဲဆုံးနိုင်ငံရေးသမား သခင်အောင်ဆန်း
ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘ၀ကပင် သူပုန်စိတ်ထားရှိပြီး အကြံကြီးသူဖြစ်သည်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဟူသောလူစားမျိုး ဖြစ်သည်။ လူရိုင်းစိတ်ထားရှိပြီး လူယဉ်ကျေးများနှင့်အသားမကျခဲ့။ မျက်နှာလိုမျက်နှာရနှင့် အထက်လူကြီးများအားတိုင်တော ကုန်းချော တတ်သူများကို ရွံရှာစက်ဆုပ်သူဖြစ်သည်။ ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့မရှိသည်မှာ သူ့အကျင့်တခုဖြစ်သည်။ သူကား အစဉ်းစားကြီးသူဖြစ်သည်။ သူ၏စဉ်းစားခြင်းအလုပ်မှတပါး အခြားမည်သည့်ကိုမျှ ဂရုမစိုက်တတ်။ ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့နေ့တွင်အလုပ်လုပ်လေ့မရှိ။ ညမှသာ တညလုံးစားပွဲတွင်ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အရေးကြီးလျှင် တညလုံးမအိပ်ပဲ အလုပ်လုပ်တတ်သည်။ စိတ်လည်း အလွန်မြန်သူဖြစ်သည်။
တို့ဗမာအစည်းအရုံးတွင် အဆင်းရဲအခံနိုင်ဆုံးနိုင်ငံရေးသမားကိုပြပါဆိုလျှင် ဗိုလ်ချုပ်ကို ပြရမှာဖြစ်သည်။ စားရမဲ့၊ သောက်ရမဲ့၊ ၀တ်ရမဲ့ဖြစ် နေစေကာမူ သူ့အား လစဉ်ငွေကြေး လိုသလောက်ထောက်ပံ့နိုင်သော သူ့မိခင်ကြီးကို ဒုက္ခမပေးခဲ့ပေ။ ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့အား လက်နက်ကိုင်ပြီးမတော်လှန်နိုင်လျှင် ဘယ်တော့မှမလွတ်လပ်နိုင်ဘူးဟု ယုံကြည်ခဲ့သူလည်းဖြစ်သည်။ သခင်အောင်ဆန်းသည် စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး၊ နိုင်ငံရေးသာ အမိ၊ နိုင်ငံရေးသာ အဖဟုခံယူပြီး အားလုံးကိုလစ်လျှုရှုခဲ့သူလည်းဖြစ်သည်။ သူ့တွင် နိုင်ငံရေး ၀ိညာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေးတခုတည်းသာလုပ်သောလူတဦးဖြစ်သည်။ သူသည် ရိုင်း၏ ..ကြမ်း၏ ..ကြောင်၏ ..ကိစ္စမရှိ။ သူသည်ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိလူကြီးလူကောင်းမဟုတ်။ တခုတည်းသောယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သောနိုင်ငံရေး သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိဟု ဆရာကြီးဒဂုန်တာရာက အောင်ဆန်း ..သို့မဟုတ်..အရိုင်း ..ဟု ရုပ်ပုံလွှာတွင် ရေးခဲ့၏။
ဗိုလ်ချုပ်၏ ချစ်စရာအကောင်းဆုံးအင်္ဂါတခုမှာ “ လုံ့လ၀ီရိယဇွဲ” ရှိခြင်းဖြစ်သည်။ ဗိုလ်ချုပ်သည် စကားမပြောလျှင် လုံးလုံးမပြော။ပြောလျှင် လည်း အိပ်နေသူကိုပင်နှိုး၍ပြောတတ်သည်။ စားစရာမရှိလျှင် အငတ်ခံပြီး၊ စားစရာရှိလျှင် အ၀စားတတ်သူဖြစ်သည်။ တက္ကသိုလ်ကျောင်း သားဘ၀က အခြားကျောင်းသားများက အောင်ဆန်းဆိုတဲ့ငတိဟာ နည်းနည်းမှ ဆိုရှယ်မဖြစ်ဘူးဟု ပြောခြင်းခံရသည်။ သို့သော် ဗိုလ်ချုပ် သည် စာအလွန်ဖတ်သူဖြစ်သည်။
ဗိုလ်ချုပ်သည် ပင်နီအင်္ကျီဂုတ်ပြဲ၊ ချည်လုံချည်အဟောင်းကိုဝတ်၍ ဆံပင်စုတ်ဖွားနှင့် နိုင်ငံရေးလုပ်နိုင်ခဲ့သူဖြစ်သည်။ “မြန်မာ့သမိုင်းတွင် မြန်မာတပြည်လုံး အမျိုးသားညီညွတ်ရေးကို လက်နက်မဆောင်ပဲ ဆောင်ရွက်ခဲ့ရာ ကျန်စစ်သားနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လောက် ဘယ် သူမှ ထမြောက်အောင်မြင်ခြင်းမရှိ” ဟု သမိုင်းဆရာများက ဆိုကြသည်။
• မိခင်ကြီးအမေစုနှင့် သားဗိုလ်ချုပ်
အောက်ပါအကြောင်းအရာများကို သခင်လှဖေ (ဗိုလ်လင်္ကျာ) က ၀မ်းနည်းကြေကွဲစွာ ရေးသားဖော်ပြခဲ့ဘူးလေသည်။
သခင်အောင်ဆန်းသည် သခင်ဖြစ်ပြီးသည့်နောက်ပိုင်းတွင် မိခင်ထံသို့မပြန်သလောက်ပင်ရှိခဲ့သည်။ တခါသော် သူ့မိခင်ကြီး အမေစုသည် သူနှင့်တွေ့ရန် ရန်ကုန်သို့ဆင်းလာ၏။ ရန်ကုန်တွင် ကြည့်မြင်တိုင်ရှိ ဆွေမျိုးများထံတွင် တည်းခို၏ ။ အောင်ဆန်းသည် သူမိခင်နှင့်တွေ့ဆုံရန် အသွားတွင် ကျနော့်ကိုလည်း အဖော်ခေါ်သွားလေသည်။ မိခင်ကြီးအမေစုသည် အလွန်စိတ်ပူပန်စွာဖြင့် သူ့သားငယ်အား ကြင်နာယုယစွာ ကြည့်ရင်း မေးခွန်းပေါင်းများစွာကို တတွတ်တွတ်မေးနေတော့သည်။ သို့သော် အောင်ဆန်းသည် ခေါင်းအောက်ငုံ့ကာ မတုန်မလှုပ်ထိုင်နေပြီး တခါ တခါ မှသာ သူ့မိခင်ကြီးအား ခိုးကြောင်ခိုးဝှက် မော်ကြည့်ဖော်ရလေသည်။ သူ၏ အေးတိအေးစက်နိုင်လှသောအမူအယာကြောင့် ကျ နော်ပင်လျှင် ကြားကစိတ်တိုလာမိသည်။ သူ၏အဖြေများသည် တိုတောင်း၍ အေးစက်စက်နိုင်လှသည်။ ၁၅ မိနစ် ..မိနစ် .၂၀ ခန့်သာရှိသေး သည်တွင် ထ၍ပြန်ရန်ဟန်ပြင်တော့သည်။ ပြန်ထွက်လာတော့သည်။ မိခင်ကြီးအားလည်း နှုတ်မဆက်ခဲ့ချေ။
သို့သော် သူသည် လမ်းတွင်စကားတခွန်းမှမပြောပဲ သူ့အလွန်ချစ်သောအမေအတွက် စိတ်မကောင်းဖြစ်နေရှာသည်။ သူ့မိခင်ကြီးပြန်သောနေ့ တွင်လည်း ကျနော်တို့နှစ်ယောက် ဘူတာရုံသို့လိုက်ပို့ကြ၏။ ဘူတာရုံတွင် အောင်ဆန်းသည် ငြိမ်ချက်သားကောင်းနေပြန်သည်။ မီးရထား စထွက်လျှင်ထွက်ခြင်း သူသည် ရုတ်တရက်ထိုင်ချလိုက်ကာ ရထားပြတင်းပေါက်မှ ခေါင်းပြူကာ သားအားစိုက်ကြည့်နေရှာသော မိခင်ကြီး ကိုဒူးထောက်၍ ကန်တော့တော့သည်။ ကျနော်တို့ ဘူတာမှ လမ်းလျှောက်၍ပြန်လာစဉ် သူက “ကျနော်ဟာ သားအငယ်ဆုံးပဲ။ ကျနော်နိုင် ငံရေးလုပ်တာကို အမေက ဒါလောက်မကန့်ကွက်ပါဘူး။ ကျုပ်က အေးတိအေးစက်နိုင်တာ၊ စာမရေး ဘာမရေးနဲ့ စိမ်းကားတာကို အမေစိတ် မကောင်းဖြစ်နေပုံရတယ်။ အမေက သနားပါတယ်” ဟု ညည်းတွားပြောရှာသည်။ သခင်အောင်ဆန်းသည် သူ့အမေကို အခြားညီအကို မောင်နှမတွေချစ်သည်ထက် ပို၍ချစ်သလို သူ့အမေကလည်း သူ့အငယ်ဆုံးသားအပေါ်အခြားသားသမီးများထက်စာလျှင် ပိုချစ်ခဲ့ရှာသည်။ ဗိုလ်ချုပ်သည် အမေချစ်သော သားတယောက်ပင်ဖြစ်သည်။ လူသားဆန်ဆန် အမေကို မြတ်နိုးတန်ဖိုးထားသော၊ ဘာနဲ့မှမလဲနိုင်သော သားတယောက်အဖြစ် ကျနော်တို့တွေ့လိုက်ရပါတော့သည်။
သခင်အောင်ဆန်း၏ဖခင်သည် သူ ရေနံချောင်းမြို့ အမျိုးသားကျောင်း ၈ တန်းတွင်ပညာသင်ကြားနေစဉ်ကတည်းက ဆုံးခဲ့ပြီးဖြစ်သည်။ ထိုအချိန်မှာစ၍ သူ့တွင်ခင်တွယ်စရာ၊ အားထားစရာ၊ ညှာတာစရာဆို၍ မိခင်ကြီးတဦးသာကျန်ရှိပေတော့သည်။ ယခုကား အမေနဲ့လည်း အဝေးကြီးဝေးခဲ့ပြီ။ တမာပင်ရိပ်ကလေးတွေ၊ မန်ကျဉ်းပင်ရိပ်ကလေးတွေနှင့်လည်းဝေးခဲ့ပြီ။ ကံကော်ပင်၊ အင်းလျား၊ ပဲခူးဆောင်၊ တကယ် တော့ သူ့အမေလိုပင် သူ့အနွံအတာကိုခံခဲ့သော၊ သူ၏ရာဇ၀င်မြောက် ဒုတိယမိခင်သဖွယ် သူ့ကိုလှပဆင်းသစ်စေခဲ့သော ချစ်သော ယူနီဗာ စီတီ ပရ၀ုဏ်နှင့်လည်း ဝေးခဲ့ရလေပြီ။
• လွတ်လပ်ရေးအောင်ပန်း မြဲဆင်မြန်း
စစ်ကြီးအပြီးတွင် ဖက်ဆစ်ဝါဒ လုံးဝကျဆုံးသွားခဲ့ရသလို နယ်ချဲ့လက်အောက်ရှိ ကိုလိုနီနိုင်ငံအများအပြားမှာလည်း လွတ်လပ်ရေးရခဲ့ကြ သည်။ အထူးသဖြင့် အိန္ဒိယ၊ မြန်မာ၊ တရုတ်နိုင်ငံတို့မှာ တနှစ်စီသာခြားပြီး မရှေးမနှောင်းမှာပင် လွတ်မြောက်လာကြခြင်းဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရခဲ့သလို ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည်လည်း ဗြိတိသျှလက် အောက်မှလွတ်လပ်ရေးရခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်ကလည်း ကူမင်တန်အုပ်ချုပ်မှုကိုတော်လှန်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ကာ လွတ်မြောက်လာခဲ့လေသည်။ အမှန်မှာမူ မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် လန်ဒန်တွင် ဗြိတိသျှဝန်ကြီးချုပ်နှင့် အောင်ဆန်း အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးစဉ်ကပင် မြန်မာ့လွတ်လပ်ရေးသည် ရခဲ့ပြီးသားဖြစ်နေပေသည်၊။ သို့သော် နောင်တနှစ်မှပင် ရက် ကောင်းရက်မြတ်ရွေးချယ်ကာ ကြေငြာခဲ့ခြင်းဖြစ်၏။
ဗိုလ်ချုပ်၏ ထင်ရှားလူသိများလှသောဓာတ်ပုံမှာ လန်ဒန်မြို့ ဒေါင်းနင်းလမ်းဝန်ကြီးချုပ်နေအိမ်ရှေ့တွင် ဂရိတ်ကုတ်စစ်ဝတ်စုံနှင့် ခန့်ညားစွာ ရိုက်ကူးထားသောပုံပင်ဖြစ်သည်။ အဆိုပါစစ်ဝတ်စုံမှာ အိန္ဒိယနိုင်ငံဒေလီမြို့တွင်ခေတ္တရပ်နားစဉ်၊ ဂျဝါဟာလာနေရူးက လက်ဆောင်ပေးအပ် လိုက်ခြင်းပင်ဖြစ်သည်။ နေရူးက သူ့၏နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေကြီး အောင်ဆန်း၏ အင်္ဂလန်သွားမည့်ဝတ်စုံကိုကြည့်ရင်း လွန်စွာ စိတ်မသက်မသာလှသဖြင့်၊ စစ်ဝတ်စုံချုပ်တတ်သည့် စက်ချုပ်အဖွဲ့တဖွဲ့ကိုစည်းရုံးဆွေးနွေးပြောဆိုကာ ညတွင်းချင်း ချုပ်ပေးလိုက်ခြင်းဖြစ် သည်။ သို့ဖြင့် ဗိုလ်ချုပ်အနေဖြင့် လန်ဒန်လွတ်လပ်ရေးဆွေးနွေးပွဲတွင်နွေးထွေး တည်ငြိမ်ခန့်ညားစွာဖြင့် ဆွေးနွေးပြောဆိုနိုင်ခဲ့ခြင်းဖြစ် သည်။ ယင်းဝတ်စုံမှာ သူ့၏ဘ၀တသက်တာ ၀တ်ဆင်ဖူးသမျှတွင် တခုတည်းသော အကောင်းဆုံးဝတ်စုံပင်ဖြစ်တော့သည်။
• ၁၉ ဇူလိုင် မမေ့နိုင်
မြန်မာနိုင်ငံ၏ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို အာဏာရူး မသမာသူလူတစုတို့က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသလို …အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီးမဟတ္တမဂန္ဒီ မှာလည်း ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင်လုပ်ကြံသတ်ဖြတ်ခြင်းခံရလေသည်။ အိန္ဒိယလုပ်ကြံမှုတွင် ဂန္ဒီတဦးတည်း သေဆုံးခဲ့သော်လည်း …မြန်မာပြည်တွင်ကြုံတွေ့ခဲ့ရသောလုပ်ကြံမှုသည်ကား ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာအစိုးရတဖွဲ့လုံး အာဇာနည် ၉ ဦးတိတိ လုပ်ကြံခံရခြင်းဖြစ် သည်။ ထိုရက်စက်မှုကြီးကို နှစ်ပေါင်း (၆၅) နှစ်တိုင် မြန်မာပြည်သူပြည်သားမမေ့နိုင်၊ ကမ္ဘာတည်သရွေ့မေ့နိုင်ကြလိမ့်မည်မဟုတ်။
လွတ်လပ်ရေးရပြီးရင် ငါတော့ နိုင်ငံရေးကထွက်ပြီးရင် စာတွေရေးမယ်၊ နိုင်ငံရေးရာဇ၀င် ၊အိမ်ထောင်ပြုရေး၊ သားသမီးစောင့်ရှောက်ပြုပြင်ရေး၊ အချစ်ပြသာနာ၊ (sex) လိင်ပြသာနာနဲ့ပတ်သက်လို့ ငါ့အယူအဆသဘောထားတွေကိုပါ စာအုပ်ရေးဦးမှာပဲ” ဟု ၁၉၄၇ ခု၊ ဧပြီလက မေမြို့ တွင်အနားယူနေရင်းပြောခဲ့သောဗိုလ်ချုပ်သည် အထက်ပါသူ၏ရည်ရွယ်ချက်လေးများမပြည့်မှီ ရက်စက်ကြမ်းကြုတ်သော လူတစုလက်ချက် ဖြင့် ရေတိမ်နစ်ခဲ့ရရှာလေတော့သည်။
ဗမာ့လွတ်လပ်ရေးဗိသုကာ နိုင်ငံခေါင်းဆောင်ကြီးဗိုလ်ချုပ်အဖြစ် ဗမာနိုင်ငံလုံးက နှမြေတသကြသလောက်၊ သူ့ကို ဘ၀လက်တွဲဖေါ် ပါရမီ ဖြည့်ဖက်အဖြစ် ၊ ချစ်သောခင်ပွန်းသည် အဖြစ်ကောင်းကောင်းကြီးသိခဲ့သော ဒေါ်ခင်ကြည်၊ အောင်ဆန်းဦး၊ အောင်ဆန်းလင်း (ကွယ်လွန် ) နှင့် အောင်ဆန်းစုကြည်တို့၏စိတ်ဝယ် မည်သို့မည်မျှ ယူကျုံးမရဖြစ်ရှာလေမည်နည်း။
မှီးငြမ်းကိုးကား
၁။ ဆရာချိန် (ပဲခူး) – ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးတိုက်ပွဲသမိုင်းရုပ်ပုံလွှာ (သို့) နှစ်ယောက်မရှိသည့် တယောက်တည်းသောလူထု ခေါင်းဆောင်
၂။ တက္ကသိုလ်နေ၀င်း – ဗိုလ်ချုပ်အောင်ဆန်းနှင့် ဂီတအနုပညာ
၃။ မောင်စိမ်းန် – စာရေးဆရာကိုအောင်ဆန်း
၎။ သန်းစိုးနိုင် – အောင်ဆန်း
http://moemaka.com/archives/25687

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်