Monday, July 15, 2013

ကျုံဘေးဖမ်းဆည်းခံရမှု၌ လူ့အခွင့်အရေးချိုးဖောက်မှုများပါဝင်နေဟု လိင်တူဆက်ဆံသူတို့ဆို

Posted by drmyochit Monday, July 15, 2013, under | No comments

မန္တလေးကျုံးဘေးတွင် ညပိုင်းအချိန်များ၌ လာရောက် ကျက်စားလေ့ ရှိသော လိင်တူ ဆက်ဆံသူ များအား မန္တလေး ရဲတပ်ဖွဲ့မှ ဖမ်းဆည်း မှုများပြု လုပ်ရာတွင် လူ့ဂုဏ်သိက္ခာကို ထိပါစေပြီး အရှက်ရ စေသည့် လုပ်ရပ် များကို ရဲတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့သည်ဟု ဖမ်းဆည်း ခံရ သူတို့က ဆိုသည်။

 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အကြောင်းပြချက် အပါအ၀င် အပြန်အလှန်မေးမြန်းခွင့်များ မရှိပဲ ရုတ်တ ရက် ဖမ်း ဆည်း ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ကိုယ်ထိလက်ရောက်နှင့် ကန်ကျောက်မှု များဖြင့် ဖမ်းဆည်း ခဲ့ခြင်း မျိုးဖြစ် သည်ဟု ဖမ်းဆည်းခံရာတွင် ပါဝင်သူ မြတ်နိုးကယခုကဲ့သို့ဆိုသည်။

“ အဲဒီအချိန်က မှောင်ရိပ်ခိုနေတာလည်း မဟုတ်ပါဘူး ၊ မီးတိုင်အောက်မှာပဲလင်းလင်းချင်းချင်း ရှိနေတယ် ၊ ကားပေါ် ကဆင်းလာပြီး အခြောက်မတွေမပြေးနဲ့ဆိုပြီး ဖမ်းတယ် ၊ ကားထဲရောက်တော့ လက်ပြန်ရိုက်တာ ခံလိုက် ရတယ် ”ဟု မြတ်နိုးက ၄င်း၏အဖြစ်အပျက်ကို ပြောသည်။

ထိုသို့ဖမ်းဆည်းမှုများသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေသည်ဟုMyanmar LGBT ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရှင်းသန့်က ဆိုသည်။

“ ရင်သားအတွင်းပိုင်းဆိုတာ ယောက်ျားရော မိန်းမရော ရှိပါတယ် ၊ ဒါတွေကိုနယ်တာတို့ တုံးလုံး ချွတ်ခိုင်းပြီး ဓါတ်ပုံရိုက်တာတို့ ၊မဖွယ်မရာစကားတွေပြောတာတို့ဆိုတာ စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရော စော်ကားခံရတာပါ ၊ ဒီအတွက် လူ့အခွင့်အရေးကိုလုံးဝချိုးဖောက်ရာ ရောက်ပါတယ် ” Myanmar LGBT ကွန်ယက်မှ တာဝန်ရှိသူရှင်းသန့်က ပြောသည်။

ထိုကဲ့သို့ ဖမ်းစည်းမှုများပြုလုပ်နေသည့်အပေါ်မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့်ဦးစိုးငြိမ်းက ယခုကဲ့သို့ ဖြေကြားသည်။

“ ယောင်္ကျားက မိန်းမပုံစံဝတ်ထားတာဖြစ်တဲ့အတွက် ရုပ်ပြောင်းတာ ဖြစ်တယ်၊အဲဒီအတိုင်း ပြစ်မှု တစ်စုံတစ်ရာကျူးလွန်လာနိုင်တဲ့အတွက် အခုလိုစစ်ဆေးအရေးယူဆောင်ရွက်တာဖြစ်ပါတယ် ” ဟု မန္တလေးတိုင်း ဒေသကြီးရဲမှူးဦးစိုငြိမ်းကပြောသည်။

ဆက်လက်ပြီး ရဲမှူးဦးစိုးငြိမ်းက ထိုသို့အရေးယူခြင်းသည် အများပြည်သူများအပန်းဖြေသည့် ကျုံးဘေးပတ်လည်တွင် မလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်စေရန်ရှောင်တခင် စစ်ဆေး အရေးယူမှုမျိုးသာ ဖြစ်သည်ဟု ဆိုသည်။

အရေးယူဆောင်ရွက်ရာတွင် လတ်တလောပိုင်းတွင် ၁၄လမ်းနှင့် ၆၆လမ်းထောင့်၊၁၉လမ်းနှင့် ၆၆လမ်းထောင့်၊ လမ်း၂၀နှင့် ၆၆လမ်းထောင့်၊ ၂၆လမ်းနှင့်၆၆လမ်းထောင့်၊ ၂၆လမ်းနှင့် ၇၃လမ်း ထောင့်တို့တွင် ည၉နာရီမှ စတင်ကာစစ်ဆေးအရေးယူမှုများ ဆောင်ရွက်နေသည်ဟု သိရသည်။

ယခုလို ဖမ်းဆည်းမှုနှင့်ပတ်သက်၍ မန္တလေးမြို့ခံအချို့၏ သဘောထားကိုမေးမြန်းခဲ့ရာ ချမ်းအေး သာစံ မြို့နယ်နေ ကိုအောင်မျိုးက ၎င်း၏သဘောထားကိုယခုလိုပြောကြားခဲ့သည်။

“ အမှန်က ဒီအုပ်စုတွေအပြင် စုံတွဲတွေကိုလည်း ရှင်းပေးသင့်တယ်။ဘာလို့လဲဆိုတော့ မိသားစု တောင် ညနေပိုင်းလမ်းမလျှောက်ဝံ့တဲ့အခြေအနေတွေအထိ အနေအထိုင်တွေ ဆိုးဝါးနေတယ် ဆိုတာ မန္တလေးတစ်မြို့လုံးနီးပါးသိပါတယ် ၊ သူတို့ကိုပဲ ရွေးဖမ်းတာတော့ မကောင်းဘူးပေါ့ ” ဟုကိုအောင်မျိုးက အကြံပြု ပြောကြားသည်။

By မင်းမင်းလတ်-မန္တလေး(မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်