Saturday, July 06, 2013

ချင်းတောင်ပေါ်က ပန်းရိုင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကလေး၊ ဇူလိုင် ၆။

အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်း အတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်း မှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃ ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင် ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ် သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ ကလေးမြို့ ထဲတွင်လှည့်လည်ရောင်းကြခြင်းဖြစ်သည်။
သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ ပလိုင်း ထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင် လှည့်လည်ရောင်းနေဆဲဖြစ်သည်။

ပန်းက နှစ်စီးကို ငါးရာပါဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။

အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော် သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများ ကို စွန့်စားခူးယူခဲ့ကြရည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။ မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

အခု ချိန်ထိ ထမင်းမစားရသေးဘူးဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရ လိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အား ထက်သန်နေ သည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင် သမျှထမ်းနေခြင်း လည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်နေကြရသည့် လူငယ် လူရွယ်ပေါင်း ချင်းတောင်တန်းကြီးပေါ် တွင်မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလို မိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်း ထန်ထန်ရွာသွန်း တတ်ပေ သည်။ ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်