Wednesday, November 27, 2013

စီးပွားရေး ပြုပြင်ပြောင်းလဲမှု

Posted by drmyochit Wednesday, November 27, 2013, under | No comments



စီးပွားရေး ပြုပြင်ပြောင်းလဲမှု (Economic Reform) ဟူသည် နိုင်ငံတစ်နိုင်ငံ၌ အထွေထွေ လူမှုစီးပွား အခြေအနေများကို ပြုပြင်ပြောင်းလဲခြင်းဖြစ်ပြီး နိုင်ငံသားအားလုံး (၀င်ငွေအလွှာအားလုံး) ၏ သာယာဝပြောမှု (Welfare Status)ကို ပိုမိုမြင့်မား စေရန်လည်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် သဘာဝ ဂေဟစနစ်နှင့် သဟဇာတ ရှိစေမည့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ပုံသဏ္ဌာန်ကို ပုံစံပြု တည်ဆောက်ပေးခြင်းပင် ဖြစ်ပေသည်။

နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ ရည်မှန်းချက်များ (Objectives)၊ မျှော်မှန်းချက်များ (Visions)နှင့် နောက်ခံ အကြောင်းအရင်းများ (Backgrounds)မတူညီသော်လည်း ယေဘုယျအားဖြင့် အထက်ပါ ပုံစံအတိုင်း ပုံစံပြု တည်ဆောက်လေ့ ရှိကြသည်ကို တွေ့ရသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ အရေးပါမှု (အရေးပါမှု)ကို ကောင်းစွာသိရှိ နားလည်သဘောပေါက်ကာ ကြိုတင်ပြင်ဆင် လက်ဦးမှုရယူကာ လုပ်ဆောင်နိုင်စွမ်းရှိသော နိုင်ငံများ ရှိသကဲ့သို့ ယင်းနိုင်ငံများကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ ပြည်တွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာ (ပြင်းထန်လာ) မှ အချိတ်အဆက် မမိသော၊ ကမန်းကတန်း ပြုပြင်ပြောင်းလဲရသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရသော (ပြုလုပ်လာရသော) နိုင်ငံများလည်း ရှိသည်ကို တွေ့မြင်နိုင်သည်။

ဥပမာ အသွင်ပြောင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့သော တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ကို လေ့လာလျှင် ယင်းနိုင်ငံ နှစ်နိုင်ငံစလုံးသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ (Political Reforms) တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းကို မလုပ်ဆောင်နိုင်ခြင်း (လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိသေးခြင်း) ကို အကြောင်းပြုကာ ယင်းနိုင်ငံ နှစ်နိုင်ငံစလုံးသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ (Economic Reforms) ကို လက်ဦးမှု ရယူကာ အင်တိုက်အားတိုက် အချိတ်အဆက်မိမိ လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်နိုင်သည်။ ၎င်းအပြင် ယင်းနိုင်ငံ နှစ်နိုင်ငံစလုံးသည် မူဝါဒ ရေးဆွဲချမှတ်သူများ(ပါတီခေါင်းဆောင်များ) သည် တပ်မတော် အရာရှိကြီးများ မဟုတ်ဘဲ ဈေးကွက်နှင့် အစိုးရအကြားရှိသော ဆက်ဆံမှု ယန္တရားကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရပေသည်။

ထို့ကြောင့် မူဝါဒ ရေးဆွဲချမှတ် သူများတွင် ဖြစ်လေ့ဖြစ်ထ ရှိတတ်သော အထက်အောက် ဆက်ဆံရေး ပုံသဏ္ဌာန်နှင့် နားလည်မှု လွဲချော်မှုများကို ရှောင်လွှဲနိုင်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ အစ၊ အလယ်၊ အဆုံး အပြန်ပြန် အလှန်လှန် အားကောင်းစေခဲ့သည်ကို တွေ့မြင်ရသည်။

ပြည်တွင်းစုဆောင်းမှုနှုန်း (Domestic Saving Rate) များကို ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှုန်း (Domestic Investment Rate) များကို မြင့်မားစေရန် ဆောင်ရွက်နိုင်ခြင်း သည်ပင်လျှင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ အခြေအနေနှင့် လားရာကို ဖော်ပြခြင်း ဖြစ်သကဲ့သို့ အလုပ်လက်မဲ့နှုန်း (Unemployment Rate) နှင့် ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) တို့ကို နိမ့်နိုင်သမျှ နိမ့်ကျစေရန်နှင့် အပြည်ပြည်ဆိုင်ရာ ငွေပေးငွေယူ ရှင်းတမ်း၏ Current Account နှင့် Capital Account နှစ်ခုပေါင်း အခြေအနေကိုလည်း ကောင်းမွန်စေရန် ဆောင်ရွက်နိုင်ခြင်းသည်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၏ ထိရောက်မှု သို့မဟုတ် သက်ရောက်မှုကို ဖော်ပြခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့် စီးပွားရေး ကိန်းရှင်များ အကြားတွင် တည်ရှိသော အပြန်အလှန် ဆက်စပ်နေမှု သဘောတရားကို ကောင်းစွာနားလည်နိုင်ရန် လိုအပ်ပေသည်။

မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိနေပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များအတွက် အခြေခံ ရည်မှန်းချက်များ အနေဖြင့်-

(၁) ကုန်ဈေးနှုန်း တည်ငြိမ်မှု (Price Stability) နှင့် ငွေလဲနှုန်း တည်ငြိမ်မှု (Exchange Rate Stability)တို့၏ အပြန်အလှန် ဆက်စပ်နေမှုကို ထိန်းညှိပေးရန်။

(၂) နိုင်ငံခြား အရန်ငွေကြေး ပမာဏ (Foreign Currency Reserve) ကို မြင့်မားသထက် မြင့်မားစေရန်။

(၃) သယံဇာတ ခွဲဝေမှု (Resource Allocation)၊ ဘတ်ဂျက်ခွဲဝေမှု (Budget Allocation) နှင့် ၀င်ငွေခွဲဝေမှု (Income Allocation) တို့ကို မက်ခရို စီးပွားရေး၊ မိုက်ခရို စီးပွားရေး အပြန်အလှန် ရေရှည်တိုးတက်စေရေးအတွက် ထိရောက်မှု အားကောင်းသော ခွဲဝေမှု ပုံသဏ္ဌာန်များကို လေ့လာသုံးသပ်ရန်။

(၄) ဘတ်ဂျက်လိုငွေပြမှု (Budget Deficit) ကို အတတ်နိုင်ဆုံး အမြန်ဆုံး လျော့နည်းနိုင်သမျှ လျော့နည်းရန်။

(၅) ပြည်တွင်းစုဆောင်းမှု (Domestic Savings) နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု (နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု)(Domestic Investments)တို့ကို မြင့်မားသထက် မြင့်မားစေရန်၊ (ပြည်တွင်းစုဆောင်းမှုမှ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုတို့ အပြန်အလှန် သဟဇာတ ရှိစေမည့် အားကောင်းစေရန်)။

(၆) ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းထက် မကျော်လွန်စေရန် (ဖြစ်နိုင်လျှင် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း ၀န်းကျင်တွင် တောက်လျှောက်ထိန်းထားနိုင်ရန်)

(၇) အများပိုင် စီးပွားရေး လုပ်ငန်းများ အမျိုးအစားများစွာ၊ အရေအတွက်များစွာ ပေါ်ထွက်လာစေရန် လိုအပ်မည်ဟု စာရေးသူ ထင်မြင်မိသည်။

အကြောင်းမှာ ယင်းအချက်တို့မှာ အပြန်အလှန် ချိတ်ဆက်ထားပြီး ဒေသတစ်ခုနှင့်တစ်ခု စီးပွားရေး ကွာဟမှုများ လျော့နည်းစေပြီး စီးပွားရေး ကဏ္ဍများ အပြန်အလှန် ချိတ်ဆက်မှု အားကောင်းစေမှုကို အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိစေလိမ့်မည် ဖြစ်သည်။




Written by ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်