Sunday, March 16, 2014

ကိုယ်ဝန် တားနည်းတွေဟာ အပြစ်လွတ်ပါသလား

Posted by drmyochit Sunday, March 16, 2014, under | No comments


ပဋိသန္ဓေတားနည်း မျိုးစုံရှိတာမှာ ထိရောက်မှု နဲ့ ဘေးထွက်-ဆိုးကျိုးတွေ ရေးထားပြီးပါပြီ။ အခု ရှုဒေါင့်သစ်ကနေ ကြည့်ပါမယ်။

ကိုယ်ဝန်တားနည်းတွေကို ဘာသာရေးက ခွင့်ပြုသလား-မပြုဘူးလား။ ဆွေးနွေး၊ ငြင်းခုံနေကြတာတွေ ရှိပါတယ်။ ခွင့်မပြုတာတွေလဲ ရှိသလို ခွင့်ပြုတာတွေလဲ ရှိတယ်။ အရင်က တားထားခဲ့ပြီး နောက်မှာ ခွင့်ပြုလာတာတွေလဲ ရှိတယ်။ ဘယ်ပေါ်မှာ အခြေခံကြသလဲ၊ အခြေခံသင့်ကြသလဲ။ ကြိုက်တာ ယူပါလေ။ ဆေးပညာအရသာ ပြောပါ့မယ်။

Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ်ဆိုတာ ကျားသုက်ပိုး Spermatozoön နဲ့ ရင့်မှည့်နေတဲ့ မ-မျိုးဥ Ovum တို့ နှစ်ခုသား ထိတွေ့-ပေါင်းစပ်ကြတာ ဖြစ်တယ်။ သားအိမ်ပြွန် အဖျားပိုင်းမှာ အဖို-အမ ပေါင်းစပ်တာ ဖြစ်တယ်။ နောက်မှာ သားအိမ်အထဲကို ဆင်းလာတယ်။ အဲလို ဆင်းလာရင်းနဲ့ အပြောင်းအလဲတွေ ဖြစ်တာကို Segmentation လို့ ခေါ်တယ်။

အမှန်က ထိတွေ့-ပေါင်းစပ် ကတည်းကနေ ဆက်တိုက် ဖြစ်နေတာပါ။ နောက်ဆုံး Implantation သွားပြီးတွယ်ကပ်ရမဲ့ သားအိမ် အတွင်းဆုံး အလွှာအထိ ၇-၈ ရက် ကြာတယ်။ ဒါ့ကြောင့် အရေးပေါ်တားဆေးဟာ ၃-၅ ရက်အတွင်း သုံးရတာမို့ အပြစ်လွတ်တယ် အလွယ်ပြောနိုင်တယ်။ ဆက်ဖတ်ပါအုံး။

ပေါင်းစပ်တယ်ဆိုတာ အဖိုဘက်က သူ့မျိုးဗီဇသဘော၊ အမဘက်ကလဲ သူ့မျိုးဗီဇသဘောတွေ နှစ်မျိုး Fuse တသားထဲ ဖြစ်အောင် ပေါင်းစပ်လိုက်ကြတာ ဖြစ်တယ်။ သက်ရှိတိုင်းရဲ့ အခြေခံဟာ (ဆဲလ်) တခုဖြစ်တယ်။ အခုလို အဖို-အမ ပေါင်းစပ်တာကနေ တခုထဲသော (ဆဲလ်) ဖြစ်လို့ သူ့မှာ Nucleus (နူကလိယပ်စ်) အသစ်လဲ ဖြစ်လာတော့တယ်။ အဲလို
လာပေါင်းကြတဲ့ Male pronucleus အဖိုရဲ့ (ပရိုနူကလိယပ်စ်) ထဲကရော Female pronucleus အမရဲ့ (ပရိုနူကလိယပ်စ်) ရောကနေ Chromosomes (ခရိုမိုဇုမ်း) အရေအတွက် အတူအညီကို ရစေတယ်။

ကိုယ်ဝန်-တားဆေးတွေကနေ Fertilization မဖြစ်စေအာင် လုပ်တာ ဖြစ်ပါတယ်။ Medical community ဆေးပညာ နယ်ပယ်မှာ Pregnancy ကိုယ်ဝန်ဆိုတာ Implantation of a fertilized egg in the lining of a woman’s uterus “ပေါင်းစပ်ပြီးသား မျိုးဥကနေ အမျိုးသမီးရဲ့ သားအိမ်နံရံမှာ လာရောက်တွယ်ကပ်မှု ဖြစ်မြောက်လာတာ” လို့ ခေါ်တယ်။

ဒါ့ကြောင့် ဆရာဝန်တွေ ဘက်ကနေပြောရင် အဲဒီအဆင့် မရောက်သေးသမျှ ကိုယ်ဝန်ရတယ်လို့ မခေါ်ဘူး။ ကိုယ်ဝန်တားနည်း မျိုးစုံရှိတာမှာ အုပ်စုခွဲရင် ၄ မျိုးရမယ်။

ပဌမအုပ်စု
• Spermicides ကျားသုက်ပိုးသေဆေး (Nonoxynol-9) ပါတဲ့ဆေးဖြစ်တယ်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုး ရှိတယ်။ သန္ဓေအဆင့် မရောက်လာခင် မ-မျိုးဥနဲ့တောင် မတွေ့စေဘူး သုက်ပိုးသေသွားစေတယ်။

ဒုတိယအုပ်စု
• Male and female condoms ကျား-မ (ကွန်ဒွမ်) အစွပ်တွေက ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့အောင် ကြားခံပေးထားတဲ့ အဆီးအတားဖြစ်တယ်။ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့် ပစ္စည်းဆိုတာကလဲ ကျားသုက်ပိုးကို မ-မျိုးဥနဲ့ မတွေ့စေနိုင်ဘူး။ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• သဘာဝနည်းတွေဆိုတာ (က) ရက်ရှောင်နည်း သို့မဟုတ် ပြက္ခဒိန်နည်း၊ (ခ) သုက်ရည် ပြင်ပစွန့်ထုတ်နည်း နဲ့ (၈) ကလေး နို့တိုက်ခြင်းနည်း နည်းတွေအားလုံးကလဲဘဲ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။
• Diaphragms and caps သားအိမ်ဝအဖုံးတွေကလဲ ကျားသုက်ပိုးများအား မမျိုးဥနှင့် မတွေ့စေအောင် ကြားခံပေးထားတဲ့ အဆီးအတားမျိုး ဖြစ်တယ်။ အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် မဖြစ်စေဘူး။ သန္ဓေအထိ မရောက်စေနိုင်ဘူး။ ဘယ်ဘက်က ကြည့်ကြည့် လွတ်မယ်ထင်ပါတယ်။

တတိယအုပ်စု
• Male and female sterilization ယောက်ျား-မိန်းမ သားကြောဖြတ်ခြင်းဟာ ရာသက်ပန် ကလေး မနိုင်တော့တဲ့ နည်း ဖြစ်တယ်။ ကျားသုက်ပိုး ထွက်လာရတဲ့ လမ်းကြောင်း၊ ဘယ်နဲ့ညာ နှစ်ဘက်လုံးကို ဖြတ်ပြစ်လိုက်တာ ဖြစ်တယ်။ အမျိုးသမီးဆိုလဲ သုတ်ပိုးနဲ့ မျိုးဥတွေတွေ့ကြမဲ့ လမ်းကြောင်းကို ဖြတ်လိုက်တာ ဖြစ်လို့ အသက်ကိစ္စ ဘာမှ မပါစေလို့ အပြစ်လွတ်-မလွှတ် စဉ်းစားနိုင်ပါတယ်။

စတုတ္ထအုပ်စု
• Estrogen နဲ့ Progestogen ဟော်မုန်း နှစ်မျိုးပါ တနေ့တလုံး သောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေဟာ လတိုင်း ထွက်ရမဲ့ မမျိုးဥ ထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• Progestogen ဟော်မုန်းတမျိုးပါ Depo-Provera ၃ လခံ ထိုးဆေးဟာ မမျိုးဥအိမ်မှ မမျိုးဥ မထွက်စေဘို့ တားဆီးပေးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• အရေပြား ဆေးကပ်ခွါ၊ Contraceptive patch ဟာ ဟော်မုန်းတွေ ပါတယ်။ မမျိုးဥ မထွက်စေအောင် တားဆီးတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• ဟော်မုန်းမပါ စားဆေး Centchroman ခေါ် Saheli Tablets က မမျိုးဥထွက်တာကို တားဆီးခြင်း မလုပ်ဘဲ၊ Implantation သားအိမ်အတွင်းနံရံကို လာတွယ်ကပ်တဲ့ဖြစ်စဉ်ကို တားဆီးခြင်းဖြစ်တယ်။
• Progestogen-only pill (ပီ-အို-ပီ) ဆေးလုံးကြောင့် သားအိမ်အဝရှိ ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။ Cerazette ဆေးက
မမျိုးဥထွက်တာကို တားဆီးပေးတယ်။
• Contraceptive implant အရေပြားအောက် ထည့်ရတဲ့ ဆံညှပ်အရွယ်၊ ပြွန်ချောင်းကလေးဟာ Progestogen ဟော်မုန်းပါတယ်။ မ-မျိုးဥမထွက်စေဘို့ တားဆီးတယ်။ သားအိမ် အဝရှိ ချွဲကျိတဲ့ အရည်ဟာ ပြစ်စေးလာစေကာ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်တာကို တားဆီးပေးတယ်။
• The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး T ပုံရှိတဲ့ ပလပ်စတစ်ကနေ Progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့ အရည်ဟာ ပြစ်စေးလာပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။
• Vaginal rings သန္ဓေတား သားရေကွင်း Etonogestrel (Progesterone) နဲ့ Ethinyl estradiol (Estrogen) ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ မျိုးဥအိမ်ကနေ မျိုးမထွက်စေဘူး။ သားအိမ်အဝက အချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးစေမယ်။ Fertilization အဖို-အမ ပေါင်းစပ်ခြင်းဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ခေဥတွယ်ကပ် ခြင်းကိုလည်း တားဆီးပေးတယ်။
• Emergency Contraception အရေးပေါ်တားဆေးတွေကလဲ Estrogen နဲ့ Progestogen ဟော်မုန်း နှစ်မျိုး များများပါတယ်။ အရေးပေါ်တားဆေးတွေက မ-မျိုးဥထွက်လာမှာကို တားဆီးပေးတယ်။ ဒါမှမဟုတ် နောက်ကျစေတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေအုံးတော့ ကျားသုက်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေတယ်။ သားအိမ် အတွင်း နံရံကို ပါးလွှာစေတာကြောင့်ပါ Fertilization အဖို-အမ ပေါင်းစပ်ခြင်း ဖြစ်စဉ် ဖြစ်အုံးတော့ Implantation သန္ဓေဟာ သားအိမ်မှာ လာမကပ်စေနိုင်ပါ။

သတိထားစရာတွေ ဆက်ရှိပါသေးတယ်။ အရေးပေါ်တားဆေး ဒုက္ခပေးဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးထားပါတယ်။ တားဆေး၊ တာနည်းတိုင်းကို ရာနှုန်းပြည့် အာမ မခံနိုင်ပါ။

တကယ်လို့ တားတာက မထိရောက်ရင် ဖျက်ရတဲ့အဆင့် ရောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ခြင်းရဲ့ ကျန်းမာရေး နောက်ဆက်တွဲတွေလဲ ရေးပြီးသားပါ။ ဖျက်ရပြီဆိုကတည်းက ဥပဒေကြောင်း၊ ဘာသာရေးကြောင်း၊ လူမှုရေးကြောင်းတွေ တသီကြီး လိုက်လာပါမယ်။

ဒေါက်တာတင့်ဆွေ
By HIM

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်