Thursday, March 20, 2014

ရှန်ဟိုင်းတွင် ဇနီးမယားအဖြစ် ရောင်းစားခံရသူ မိခင်ထံ ဖုန်းဆက် အကူအညီတောင်း

Posted by drmyochit Thursday, March 20, 2014, under | No comments


ရန်ကုန်၊ မတ် ၁၉

ရှမ်းပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် လစာကျပ်နှစ်သိန်းရသော အလုပ်သွင်း ပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ရန်ကုန်မြို့တော်ရှိ မိခင်ထံ ဖုန်းဆက်ပြီး ၎င်းကို ပြန်ခေါ်ရန် မတ်လ ၁၆ ရက်နေ့က အကူအညီ တောင်းခံခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင်နေသူ အမျိုးသမီး၏ နေအိမ်သို့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အမှတ် (၁၈) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းတွင် နေသူ မစိုးစိုး ရောက်ရှိလာပြီး ရှမ်းပြည်နယ်ရှိ ဆေးဝါးဖြန့်ဖြူးရေး စက်ရုံတွင် လစာ ကျပ်နှစ်သိန်းရသော အလုပ် သွင်းပေးမည်ဟု ဆိုသောကြောင့် လိုက်ပါသွားခဲ့ကြောင်း၊ ယင်းနောက် မိသားစုဖြင့် အဆက်အသွယ် မရတော့ဘဲ မတ်လ ၁၆ ရက်နေ့က မိခင်ဖြစ်သူထံ တရုတ်မယားအဖြစ် ရောင်းစားခံရကြောင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး အကူအညီ တောင်းခဲ့သည်ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှန်ဟိုင်းမြို့မှာ တရုတ်မယားအဖြစ် ရောင်းစားခဲ့လို့ အခုကလေး တစ်ယောက်ရနေပြီ ပြောတယ်။ သူ့အမေဆီ ဖုန်းဆက်ပြီး မြန်မာပြည် ပြန်ခေါ်ပေးဖို့ အကူအညီ တောင်းခဲ့တာ။ လတ်တလော တရုတ်နိုင်ငံက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ထားပြီး စုံစမ်းပေးဖို့ အကူအညီ တောင်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လစာ သိန်းချီရသော အလုပ်သွင်းပေးမည်ဟုဆိုကာ ရောင်းစားခဲ့သူဟု တိုင်ကြားခံရသည့် မစိုးစိုးကို ရွှေပြည်သာ မြို့မရဲစခန်းမှ (ပ) ၁၇၄/၁၄၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မတ်လ ၁၈ ရက်နေ့က အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်