Thursday, August 30, 2012

ပြည်ထောင်စုအဆင့်ဆိုတာထက် ပြည်သူ့အတွက်သာဖြစ်စေချင်သည်

Posted by drmyochit Thursday, August 30, 2012, under | No comments



            လွန်ခဲ့သည့် အပတ်က သူငယ်ချင်းများ နှင့်အတူ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိခဲ့သည်။ သူငယ်ချင်း များစုပေါင်း၍ တိုင်းရင်းသား ဒုက္ခသည်များအား သွားရောက် လှူဒါန်းခဲ့ကြသည်။ ဌာနဆိုင်ရာ အာဏာပိုင်များ၊ ဒုက္ခသည် စခန်းတာဝန် ခံများနှင့် တွေ့ဆုံ၍ ဒုက္ခသည်များအား ဆန်၊ ငါးပိ၊ ငါးခြောက်နှင့် ရန်ကုန် စက်ရုံထုတ် အဝတ်အထည်၊ လူသုံးကုန်များ နှင့်ငွေများ စုပေါင်းလှူဒါန်း ခဲ့ကြသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ရွာများတွင် နေအိမ်များ ဆောက်လုပ်ပေးပြီး ပြန်လည် နေရာချထား ပေးလျက်ရှိ သော်လည်း အချို့မှာ မပြန်လိုကြကြောင်း၊ ဘင်္ဂါလီရွာ များကြားတွင် ရခိုင်တိုင်းရင်းသား ရွာတစ်ရွာ၊ ၂ ရွာခန့် စသည်ဖြင့် ကြားညှပ် တည်ရှိနေသဖြင့် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားပြီး သည့်နောက်ပိုင်းတွင် လုံခြုံမှုမရှိ တော့ကြောင်း၊ သံသယ စိတ်ဖြင့်မနေလို တော့ကြောင်း '' နွားကွဲရင် ကျားကိုက်လိမ့်မယ်''ဟု ရခိုင် အမျိုးသမီး တစ်ဦးမှ ရခိုင်သံဝဲဝဲဖြင့် ပြောကြား ခဲ့သည်ကို အမှတ်ရနေမိသည်။ ''အော်သူ တို့တွေရဲ့အနာဂတ် ရင်လေးစရာ ပါလား''ဟူ၍ ကိုယ်ချင်းစာ စိတ်ဖြစ်ပေါ်မိခဲ့သည်။
            ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိပြီး ခေတ္တအဆက် ပြတ်နေခဲ့သည့် အွန်လိုင်းပေါ်သို့ ဝင်ရောက်ခဲ့ရာ အင်တာနက် စာမျက်နှာများပေါ်၌ ခုံရုံးအဖွဲ့နှင့် လွှတ်တော်အဖွဲ့၏ အခြေအတင် ဆွေးနွေးသည့် အရေးကိစ္စအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက် ရှိသည်ကို တွေ့လာရသည်။ လွှတ်တော်များမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်၊ မဖြစ်သည်နှင့် ပတ်သက်၍ အငြင်းပွားမှု အရှိန်မြင့်တက် လျက်ရှိကြောင်း သိရသည်။ လွှတ်တော် အဖွဲ့များ အနေဖြင့် ပြည်ထောင်စုအဆင့် သတ်မှတ်လို လျက်ရှိသော်လည်း ခုံရုံးအဖွဲ့ အနေဖြင့်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ညီညွတ်မှု မရှိသဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဟု မသတ်မှတ် သင့်ကြောင်း အဆိုပြုခဲ့ရာမှ စတင်ခဲ့သည်။
            ဤနေရာတွင် မိမိအနေဖြင့် ဥာဏ်မီသလောက် ဖော်ပြရလျှင် ပြည်ထောင်စု အဆင့်ဆိုသည်မှာ အနိမ့်ဆုံး ဒုတိယဝန်ကြီးအဆင့်မှ စတင်အ ကြုံးဝင်သည်။ သို့ဖြစ်၍ လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့် ကော်မတီဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ ဝင်များသည် ဒုတိယဝန်ကြီး အဆင့်နှင့်တစ်တန်း တည်းဖြစ်သွားမည်။ လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မတီဝင်များ အနည်းဆုံး ၄ဝဝ ကျော် ၅ဝဝ ခန့်ရှိရာ ၄င်းတို့အား ပြည်ထောင်စု အဆင့်အတန်း သတ်မှတ်ပါက ဒုတိယဝန်ကြီး တစ်ဦး၏ ခံစားရ ပိုင်ခွင့်အတိုင်း ချီးမြှင့်ပေး ရမည်ဖြစ်သည်။ ထိုအခါ တစ်ဦးလျှင် လစာမှာ ကျပ်သိန်း ၂ဝ ၊ မော်တော်ယာဉ် ၃ စီး၊ တစ်စီးလျှင် ဆီဂါလံ ၆ဝ နှုန်းဖြင့် ဆီဂါလံ ၁၈ဝ၊ နေထိုင်ရန် အိမ်ခန်း၊ အခမဲ့ ဆေးကုသခွင့်၊ လုံခြုံရေး အစောင့်အရှောက်များ စသည်ဖြင့် အကျိုးခံစားခွင့်များ ပေးရတော့ မည်ဖြစ်ရာ အင်အား ၅ဝဝ ခန့်အတွက် နိုင်ငံတော် အစိုးရမှ ကျပ်သိန်း ၁၃,ဝဝဝ (၁.၃ ဘီလီယံ)ခန့် ထပ်မံပေး ရမည်ဖြစ်ပြီး တစ်နှစ်အတွက် ကျပ် ၁၅ ဘီလီယံခန့် ထောက်ပံ့ပေး ရမည်ဖြစ်သည်။ လက်ရှိ အခြေအ နေတွင်ပင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် တစ်လ ၃ သိန်းနှုန်း လစဉ်ထောက်ပံ့ ပေးထားသည်။ လွှတ်တော် တက်ရောက်ပါက နေစရိတ်/စားစရိတ် အတွက် တစ်ရက်လျှင် ၁ဝ,ဝဝဝ ကျပ်နှုန်း နေ့စဉ် ထောက်ပံ့ပေးထားပြီး ခရီးစရိတ် အတွက်မူ ကုန်ကျသလောက် တင်ပြတောင်းခံ ခွင့်ရှိကြောင်း သိရသည်။ လက်ရှိအနေ အထားအတိုင်း လွှတ်တော် ကိုယ်စားလှယ် ၆ဝဝ ကျော် အတွက် တစ်လလျှင် ကျပ်သိန်း ၁,၈ဝဝ ကျော်ခန့်နှင့် တစ်နှစ်အတွက် ၂ ဘီလီယံကျော် (ခရီးစရိတ်၊ စားစရိတ် မပါ) ကို နိုင်ငံတော်မှ ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။ (အခြား ကော်မတီ၊ ကော်မရှင် အဖွဲ့များ၏ လစာများကို ထည့်မတွက်ထားပါ။)
            သို့ဖြစ်၍ ပြည်ထောင်စု အဆင့်သတ်မှတ်ပါက နိုင်ငံတော် ဘဏ္ဍာမှ အနည်းဆုံး ကျပ်သိန်း ၁၅ ဘီလီယံ ထပ်မံထောက်ပံ့ ပေးရမည့် အခြေအနေရှိသည်။ ဒီမိုကရေစီ နိုင်ငံတိုင်းသည် အစိုးရ၏ အခြေခံအဆောက် အဦမျာှးု Infrastructure နေရာတွင် ပုဂ္ဂလိက/အများပိုင် အခြေခံအဆောက် အဦများနှင့် အစားထိုး ဆောင်ရွက်ကြသည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်များတွင် ပုဂ္ဂလိကစနစ် မရှိသလောက် နည်းပါးပြီး အခြေခံအဆောက် အဦတိုင်းကို အစိုးရမှ ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်သော်လည်း ဒီမိုကရေစီ စနစ်တွင်မူ အစိုးရဌာ နများတွင် တတ်နိုင်သမျှ ဝန်ထမ်း အင်အားများကို လျှော့ချ၍ ပုဂ္ဂလိက လုပ်ငန်းများဖြင့်သာ အစားထိုး ဆောင်ရွက်ကြသည်။ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ့စွမ်းအား အရင်းအမြစ်များ နှင့်သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန များကိုသာ အဓိကအမာခံ ထားရှိဖွဲ့စည်းပြီး ကျန်ဌာန များကိုမူ အများအားဖြင့် လိုအပ်သည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဦးစီးရုံးအဖွဲ့ လောက်သာထားရှိကာ ပုဂ္ဂလိက လုပ်ငန်းများဖြင့် အစားထိုးကြသည်သာ။ ပုဂ္ဂလိက လုပ်ငန်းများနှင့် ဈေးကွက်များကို ယှဉ်ပြိုင်ထုတ်လုပ် ခွင့်ပေးထားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား အထောက်အကူ ပေးရသည်။ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေမြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်၍ ပုဂ္ဂလိက လုပ်ငန်းများကို အထောက်အကူ ပြုပေးရသည်။ နိုင်ငံတော် ဘဏ္ဍာငွေအတွက် နိုင်ငံသားများ၊ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများက မှန်မှန်ကန်ကန် အခွန်ထမ်း နိုင်စေရန်အတွက် မူဝါဒစည်းမျဉ်း များချမှတ်၍ စနစ်တကျ စည်းကြပ်ကြရသည်။ ယနေ့ အခြေအနေ သည် ဥရောပနိုင်ငံများ၌ ငွေကြေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး ကျဆင်းနေသည့် ကာလဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီစသော နိုင်ငံများသည် စီးပွားရေး ကျဆင်းနေသဖြင့် အစိုးရမှ ခြိုးခြံချွေတာရေး မူများချမှတ်၍ လစာစရိတ်နှင့် ပင်စင်လစာ များလျှော့ချခြင်း၊ အစိုးရ အသုံးစရိတ်များ လျှော့ချခြင်းတို့ပြုလုပ်၍ ငွေကြေးကျပ်တည်းမှု ကို ကုစားနေကြသည့် ကာလဖြစ်သည်။
            မိမိတို့ မြန်မာနိုင်ငံတွင်လည်း အခြေခံအဆောက်အဦများ တိုးတက်အောင်နှင့် ဆင်းရဲမွဲတေမှု လျော့နည်း စေရေးအတွက် များစွာအချိန် ယူဆောင်ရွက် ရဦးမည်ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာရှိ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရေး ကြိုးစားကြရဦးမည်။ နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ်များနှင့် အခြားအကြောင်း ကြောင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတွင်း ဒုက္ခသည်များအား ပြန်လည် ထူထောင်ရေးသည်လည်း လူသားချင်း စာနာထောက် ထားမှုအရ အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၄င်းတို့မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက် ရမည့်လုပ်ငန်း များဖြစ်သည်။ မဲဆန္ဒ နယ်အလိုက် ပြည်သူမှ ရွေးချယ်တင် မြှောက်ထားသည့် မိမိကိုယ်ကို ''ပြည်သူထဲက ပေါက်ဖွားလာသည့် ပြည်သူ့အစေခံများ၊ ပြည်သူ့အကျိုး အတွက်ပဲဖြစ်စေရမယ်'' ဟု ကြွေးကြော်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် လည်းအမှန်တကယ် ပြည်သူများကိုသာ အကျိုးပြုစေလိုသည်။ အငြင်းအခုံ ဖြစ်ပွားနေသည့် ကော်မတီ/ကော်မရှင်ဝင် များအား ပြည်ထောင်စု အဆင့် သတ်မှတ်ခြင်း/ မသတ်မှတ်ခြင်း ငြင်းခုံနေမည့်အစား ဆင်းရဲဒုက္ခ ရောက်နေသည့် ပြည်သူအကျိုးကိုသာ ရှေးရှု ဆောင်ရွက်သင့်သည်။ ၄င်းတို့အား ထောက်ပံ့ပေးရမည့် နိုင်ငံတော် ဘဏ္ဍာငွေမှ နှစ်စဉ်ကျပ်သိန်း ၁၅ ဘီလီယံ (ဒေါ်လာ ၁၉ သန်း)ခန့်အား ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ကဲ့သို့သော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများအား လမ်းဖောက်လုပ်ခြင်းနှင့် ဒုက္ခသည်များ ထူထောင်ရေး ကိစ္စများတွင်သာ အသုံးပြုသွားပါက မိမိတို့ပြည်သူ များအတွက် နိဗ္ဗာန်တမျှ အကျိုးသက်ရောက် စေမည်ဖြစ်၍ ပြည်သူအတွက် သာဖြစ်စေချင်သည်။


                                                                                                                                    ပြည်သူတစ်ဦး



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်