Monday, July 29, 2013

လက်ရှိထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေပြီး မျိုးစောင့် ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်

Posted by drmyochit Monday, July 29, 2013, under | No comments


ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပစဉ်

မြန်မာနိုင်ငံတွင် လက်ရှိ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေကြမ်းပါ အချက်များအပေါ် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများ ရှိနေသော်လည်း မျိုးစောင့်ဥပဒေကဲ့သို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ကာကွယ်သည့် ဥပဒေမှာ အခိုင်အမာ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း ဥပဒေ ပညာရှင်များထံမှ သိရသည်။

မြန်မာအမျိုးသမီးများ အမွေဆက်ခံခြင်း၊ ထိမ်းမြားလက်ထပ်ခြင်းနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် ဖြစ်ပါက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ မဟာမေဒင် ဖြစ်ပါက မဟာမေဒင် တရားဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ဟိန္ဒူဖြစ်ပါက ဟိန္ဒူဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း၊ ခရစ်ယာန်ဖြစ်ပါက ခရစ်ယာန်တရား ဥပဒေအရ ဆုံးဖြတ်နိုင်ကြောင်း သိရသည်။

ဇွန် ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ဗုဒ္ဓဘာသာ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှုကို ကန့်သတ်ထားသည့် အချက်များ ပါဝင်သော မျိုးစောင့် ဥပဒေကြမ်းကို သံဃာတော်ကြီးများ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အဓိကထား ဆွေးနွေးခဲ့ကြကာ ယင်းဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အများသိထားသည့် မျိုးစောင့်ဥပဒေခေါ် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ(မူ ကြမ်း)ပါ အချက်အချို့မှာ မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ကြောင်း၊ ဘာသာခြား ဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူ ဖြစ်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ပါရှိသည်။

ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးမိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူမည် ဖြစ်ကြောင်း၊ အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ(သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည် စသည်ဖြင့် ပါရှိကြောင်း သိရသည်။

အလားတူ အထက်ပါဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီး ဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်သာ သီးခြားအရေးယူ အပြစ်ပေးရမည် ဖြစ်ကြောင်း ဥပဒေ(မူကြမ်း)တွင် ပါရှိသည်ကို တွေ့ရသည်။

မဟာမေဒင် တရားဥပဒေအရ မဟာမေဒင် ဘာသာဝင် ယောက်ျားက ဘာသာဝင် မဟုတ်သူနှင့် လက်ထပ်သည်ကို တားမြစ်ထားကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ယောက်မှ မဟာမေဒင် ဘာသာသို့ ကူးပြောင်းပြီး လက်ထပ်မှ တရားဝင်ကြောင်း စီရင်ထုံးများရှိကြောင်း သိရသည်။ ဟိန္ဒူဘာသာတွင် ဇာတ်လေးမျိုးရှိပြီး ဇာတ်လေးမျိုးဝင် ဟိန္ဒူသည် ဗုဒ္ဓဘာသာနှင့် လက်ထပ်ရန် မဖြစ်နိုင်ဟု ဆုံးဖြတ်ထားသော စီရင်ထုံးအချို့ ရှိကြောင်းလည်း သိရသည်။

၁၈၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ၊ ပုဒ်မ ၄ နှင့် ၅ အရ ဘာသာမပြောင်းဘဲ လက်ထပ်နိုင်ကြောင်း သိရသည်။

''မျိုးစောင့်ဥပဒေနဲ့ ၁၉၅၄ ခုနှစ် ဥပဒေနဲ့တော့ အနှစ်သာရအားဖြင့် ကွာခြားမှု ရှိပါတယ်။ ဒီဥပဒေက အမျိုးသမီးတွေကိုပဲ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေလေ။ အခု မျိုးစောင့်ဥပဒေက အမျိုးသားရေး တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေဖြစ်လို့ အများပြည်သူတွေရဲ့ သဘောတူညီမှုနဲ့ လုပ်သင့်ပါတယ်။ ဆရာတော် သံဃာတော်တွေရဲ့ အမြင်မှာတော့ ကိုယ့်ခြံစည်းရိုးကို ကိုယ်ခတ်တဲ့ သဘောဖြစ်ပေမယ့် ဘယ်သူကိုမှတော့ မထိခိုက်အောင်တော့ ဆောင်ရွက်သင့်ပါတယ်။ ဥပဒေ ဆိုတာကလည်း သာတူညီမျမှု ရှိသင့်ပါတယ်။ ဥပဒေပြုအဖွဲ့ အနေနဲ့လည်း တစ်ဖက်က လက်ရှိ တိုင်းပြည်အနေအထား၊ တစ်ဖက်က လူ့အခွင့်အရေးဆိုတဲ့ အစွန်းနှစ်ပါးကို ကျယ်ပြန့်စွာ ချိန်ဆသင့်ပါတယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးခွန်ဝင်းလှိုင်က သုံးသပ်ပြောကြားသည်။

၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားသည်မှာ ''လူပျိုဖော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်အောက် မငယ်သည့် ဗုဒ္ဓဘာသာဝင်မိန်းမ တစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်ကြောင်း၊ သို့ရာတွင် (က) နှစ်ဦးလုံးမှာ စိတ်ပေါ့သွပ်သူများ မဖြစ်စေရကြောင်း၊ (ခ)အသက် ၂၀ မပြည့်သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူညီချက်ကို သော်လည်းကောင်း၊ မိဘတို့ သေဆုံးပါမှ အမှန်အုပ်ထိန်းသူ (သို့မဟုတ်) တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကို သော်လည်းကောင်း ရရှိပြီး ဖြစ်ရမည် ဖြစ်ကြောင်း၊ (ဂ) မိန်းမမှာ မပြတ်စဲသော တရားဝင် လင်ယောက်ျား မရှိစေရကြောင်း'' ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိမြန်မာနိုင်ငံရှိ တည်ဆဲဥပဒေအချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေ . . .



''၁၉၅၄ အက်ဥပဒေက မြန်မာအမျိုးသမီး တွေအတွက် ပြည့်စုံတဲ့ အခွင့်အရေးတွေ ရှိပြီးဖြစ်လို့ ပြည့်စုံပြီးသားပါ။ အဲဒီဥပဒေမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး အခြားဘာသာဝင်နဲ့ လက်ထပ်ထိမ်းမြား တဲ့အခါ တရားရုံးမှာ အသိပေးပြီး မိဘဖြစ်တဲ့သူက တားဆီးဖို့ပါတယ်။ ယောက်ျားဖြစ်တဲ့သူက ကွယ်လွန်သွားခဲ့ရင်လည်း ယောက်ျားဖြစ်တဲ့သူရဲ့ ပိုင်ဆိုင်ခွင့်ကို ရရှိဖို့လည်းပါတယ်။ သားသမီးတွေ အတွက်လည်း ပိုင်ဆိုင်ခွင့် ခံစားခွင့်တွေ ရှိပြီးသားပါ။ အမျိုးစောင့် ဥပဒေမူကြမ်း ဆိုတာကို လေ့လာထားမှု မရှိသေးလို့ ပြဋ္ဌာန်းသင့်၊ မသင့်ဆိုတာထက် ပါလီမန် ခေတ်ကနေစပြီး ပြဋ္ဌာန်းကျင့်သုံးလာတဲ့ ၁၉၅၄ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာ ပါတဲ့ပြဋ္ဌာန်းချက်၊ အကြောင်းအရာတွေက ပြည့်စုံနေပြီလို့ ဆိုလို့ရပါတယ်။ ယခင်ကဆို ဗုဒ္ဓဘာသာဝင် အမျိုးသမီးက အခြားဘာသာဝင်နဲ့ လက်ထပ်တယ်။ အဲဒီယောက်ျားက သေသွားတော့မှ သူတို့ဘာသာရဲ့ ဥပဒေအရ တရားမ၀င်ဘူး ဖြစ်နေတာတို့၊ မွေးထားတဲ့ သားသမီးတွေကလည်း တရားမ၀င် ဖြစ်နေတာတို့ ရှိတယ်။ အဲဒါတွေကြောင့် ၁၉၅၄ အက်ဥပဒေဆိုတာ ပေါ်ပေါက်လာပြီး ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်'' ဟု ခရိုင်တရားသူကြီးဟောင်း ဦးအေးကျော်က ပြောကြားသည်။

ထို့ပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ပုဒ်မ-၂၇ တွင် ''ဤအက်ဥပဒေအရ ထိမ်းမြားလျှင် (သို့မဟုတ်) ထိမ်းမြားသည်ဟု မှတ်ယူခြင်း ခံရလျှင် ထိုသူနှစ်ဦးမှ ဖွားမြင်သော သားသမီးများသည် တရားဝင် သားသမီးများ ဖြစ်သည်ဟု မှတ်ယူရမည်။ ပုဒ်မ-၄ အရ အခြားအာဏာတည်ဆဲ ဥပဒေများတွင် မည်သို့ပင် ဆန့်ကျင်လျက် ပါရှိစေကာမူ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဗုဒ္ဓဘာသာဝင် မိန်းမနှင့် ထိုမိန်းမ၏ ဗုဒ္ဓဘာသာဝင် မဟုတ်သော လင်ယောက်ျားတိုင်း အပေါ်၌ အာဏာ သက်ရောက်ရမည်ဟု ပါရှိသည်။

လက်ရှိမျိုးစောင့် ဥပဒေကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေအပေါ်တွင် အမြင်အမျိုးမျိုးဖြင့် သုံးသပ်မှုများလည်း ရှိနေရာ မျိုးစောင့်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် လက်ရှိ မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေ အချို့ အပါအ၀င် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့နှင့် သဘောသဘာဝ တူညီနေသည်ကို တွေ့ရသည်။

ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ''၁၉၅၄ ခုနှစ် လက်ထပ်ထိမ်းမြားခြင်း ဥပဒေနဲ့ အခုအမျိုးစောင့် ဥပဒေက ရည်ရွယ်ချက်ချင်း မတူပါဘူး။ ၁၉၅၄ ဥပဒေက မြန်မာ့ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ လက်ထပ်ထိမ်းမြားရင် အခွင့်အရေးတွေ မဆုံးရှုံးရအောင် ကာကွယ်ပေးပါတယ်။ မျိုးစောင့် ဥပဒေကတော့ လူမျိုးမပျောက်အောင် ကာကွယ်ပေးမယ့် ဥပဒေဖြစ်လို့ လက်ခံကြိုဆို ပေးရပါမယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းတဲ့ အခါမှာ လူအနည်းစုကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် လူအများစုအတွက် ကောင်းကျိုးရှိမယ်ဆိုရင် လက်ခံကြိုဆို သင့်ပါတယ်။ မျိုးစောင့်ဥပဒေက လူအများစုအတွက် ကောင်းကျိုးများရင် လက်ခံနိုင်ရမယ်'' ဟု သုံးသပ်ပါသည်။

မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များကို ဥပဒေပညာရှင်များက အကြံပြုခဲ့ရာ မိမိလက်ထပ်လိုသူ၏ ဘာသာနှင့် ပတ်သက်၍ သဘောတူညီချက် ဆန္ဒမပါရှိဘဲ တစ်ဦးနှင့်တစ်ဦး အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်း၊ ဖိအားပေးခြင်း၊ အနိုင်အထက် ပြုခြင်းများ မပြုလုပ်ရကြောင်း ကတိဝန်ခံချက် အသီးသီး တင်ပြရမည် ဖြစ်ကြောင်း စသည့် အချက်များကို ထည့်သွင်းသင့်ကြောင်း အကြံပြု ခဲ့ကြသည်။

ထို့ပြင် လက်ထပ်ပြီးနောက် ဘာသာ ကူးပြောင်းလိုသည့်ဆန္ဒ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများနှင့် မှတ်ပုံတင် အရာရှိထံသို့ ကူးပြောင်းလိုသည့် ရည်ရွယ်ချက်အား အတိအလင်း ဖော်ပြလျက် လျှောက်ထားရမည် ဖြစ်ကြောင်း၊ လက်ထပ်ပြီးနောက် ဘာသာကူးပြောင်းလိုကြောင်း တင်ပြလာပါက မှတ်ပုံတင် အရာရှိနှင့် သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများမှ ယောက်ျားနှင့် မိန်းမ နှစ်ဦးစလုံးအား ခေါ်ယူစစ်မေး ရမည်ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအယူဝါဒနှင့် ပတ်သက်၍ သေချာစွာ နားလည်ခြင်း ရှိမရှိ စစ်မေးရမည် ဖြစ်ကြောင်း၊ ကူးပြောင်းလိုသည့် ဘာသာအပေါ် အမှန်တကယ် ယုံကြည်သက်ဝင်၍ ပြောင်းလဲလိုခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းမှ ဘာသာကူးပြောင်းရန် ခွင့်ပြုရမည် ဖြစ်ကြောင်း၊ စသည့်အချက်များကို မျိုးစောင့်ဥပဒေ ထုတ်ပြန်လိုလျှင် လည်းကောင်း သို့မဟုတ် ၁၉၅၄ ဥပဒေတွင် ဖြည့်စွက်ပြင်ဆင်မှုများ ပြုလုပ်လိုလျှင် သော်လည်းကောင်း ထည့်သွင်းသင့်သည့် အချက်များအဖြစ် ဥပဒေပညာရှင်များက ထပ်မံအကြံပြု ခဲ့ကြသည်။

အလားတူ တည်ဆဲဥပဒေများကို ကြည့်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၅ မှ ၂၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ဘာသာရေးနှင့် ပတ်သက်သော ပြစ်ဒဏ်များ ပြဋ္ဌာန်းပြီးဖြစ်ကာ အများဆုံး ထောင်ဒဏ်မှာ နှစ်နှစ်ထိ ပါရှိကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၄၉၃ မှ ၄၉၈ ထိပါ ပြဋ္ဌာန်းချက်များတွင် ထိမ်းမြားခြင်းဆိုင်ရာ ပြစ်ဒဏ်များ ပါဝင်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်ရေးနှင့် ပတ်သက်၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေများက အချုပ်အချယ်မရှိ လွတ်လပ်စွာ ပေးထားသော်လည်း ဘာသာခြားများ၏ ဓလေ့ထုံးတမ်းများမှာ တင်းကျပ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဓမ္မသတ်များက သော်လည်းကောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းများက သော်လည်းကောင်း၊ ဘာသာခြားများနှင့် ထိမ်းမြားမှုကို တားမြစ်မထားကြောင်း ထို့ကြောင့် ဆင်းရဲနွမ်းပါးသည့် အမျိုးသမီးများသည် ဘာသာခြား ယောက်ျားများနှင့် ထိမ်းမြားရသောအခါ တရားဝင် မယားဖြစ်မြောက်ရန် မိမိတို့၏ ကိုးကွယ်ရင်း ဗုဒ္ဓဘာသာကို စွန့်လွှတ်၍ ဘာသာခြား၏ ဘာသာသို့ ကူးပြောင်းရပြီး သားသမီးများမှာလည်း ဖခင်၏ ဘာသာဝင်သူများ ဖြစ်ကြရကြောင်း တရားဝင် ထုတ်ပြန်ထားသည့် ဥပဒေ စာပေများအရ သိရသည်။

ထို့ကြောင့် ဘာသာခြားများနှင့် ထိမ်းမြားကြရသည့် မြန်မာအမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးတို့၏ နစ်နာမှုများကို ကာကွယ်ရန်အတွက် ၁၉၃၉ ခုနှစ်တွင် မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၂၄ အရ ''ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေ'' ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည်။ ထိုအက်ဥပဒေမှာ ၁၉၄၀ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ စတင်အတည် ဖြစ်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် လူသိနည်းပြီး အကျိုးမရှိခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၅၄ ခုနှစ်တွင် ယင်းအက်ဥပဒေကို ရုပ်သိမ်းပြီး ''၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ'' ကို ပြဋ္ဌာန်း အတည်ပြုခဲ့ကြောင်း သိရသည်။မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းနှင့် တည်ဆဲ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေနှင့် ပတ်သက်ပြီး အယူဝါဒ အမျိုးမျိုး ကွဲပြားလျက်ရှိရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။

''အခုဖြစ်နေတဲ့ ပဋိပက္ခတွေထဲမှာ ဘာသာပြောင်းကိစ္စ၊ လက်ထက်တဲ့ ကိစ္စတွေအပေါ် သံသယ ဖြစ်တာတွေလည်း ပါနေပါတယ်။ ဒါကြောင့် လက်ရှိ နှစ်ဖက်ကြားက ပဋိပက္ခတွေ ပြေငြိမ်းဖို့ ဒီလိုဥပဒေမျိုးကို ပြဋ္ဌာန်းဖို့ လိုတယ်ဆိုရင် ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းကြပြီး လုပ်ဆောင်သင့်ပါတယ်။ မျိုးစောင့်ဥပဒေက ပြဿနာ ပြေလည်စေရေးကို ဦးတည်တယ်ဆိုရင် ကောင်းပါတယ်'' ဟု သီတဂူ ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဒေါက်တာမြတ်သူ (ဘဏ္ဍာရေးမှူး၊ သီတဂူသာသနာပြုအဖွဲ့။MD, အာရှတော် ၀င်) က ပြောကြားခဲ့ပါသည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်