Saturday, October 12, 2013

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ

Posted by drmyochit Saturday, October 12, 2013, under | No comments


ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

အမေရိကန် စစ်တပ်သည် စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ဇာတ်လမ်း Iron Manတွင် ပါရှိသည့် စူပါလူသားစွမ်းရည်မျိုး မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်ဆာ တစ်မျိုးကို သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ အစိုးရ၏ သုတေသန စမ်းသပ်ခန်းများ၊ သိပ္ပံဌာနများနှင့် အမေရိကန်၏ နည်းပညာ ကုမ္ပဏီကြီး အများအပြားသည် အနာဂတ်ကာလ စစ်သည်များအတွက် ရည်ရွယ်သည့် စမတ် ချပ်ဝတ်တန်ဆာ တစ်မျိုးကို ပူးပေါင်း စမ်းသပ်နေသည်ဟု ခိုင်ခိုင်မာမာ ယူဆရသည်။

ထိုဝတ်စုံများသည် ခန္ဓာကိုယ် ပြင်ပတွင် ငြမ်းစနစ်တစ်ခု ပံ့ပိုးပေးပြီး လူတစ်ဦးအနေဖြင့် လုံးဝ သယ်ယူရန် မဖြစ်နိုင်သော ဝန်အလေးချိန်မျိုးကိုပင် သယ်ဆောင်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ လက်ရှိတွင် Tatical Assault Light Operator Suit (Talos) အမည်ရှိ ဝတ်စုံကို နည်းပညာဆိုင်ရာ ဖြည့်တင်းတပ်ဆင်မှုများ၊ အာရုံခံစနစ် ပံ့ပိုးမှုများဖြင့် အဆင့်မြှင့်တင်လျှက် ရှိသည်။ အမေရိကန် စစ်ဘက်က ယင်းစမတ်ဝတ်စုံကို အသုံးပြုရန် ကျယ်ပြန့်သည့် ကွန်ရက်ချိတ်ဆက်မှု ဧရိယာမျိုး လိုအပ်ပြီး စစ်သားများ အနေဖြင့်လည်း Google Glassကဲ့သို့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားရသည့် အဆင့်မြင့် ကွန်ပျူတာစနစ်မျိုးကို အသုံးပြုရမည်ဟု ပြောကြားခဲ့ဖူးသည်။

Talosတွင် လက်ရှိစမ်းသပ် တပ်ဆင်ထားသည့် ခန္ဓာကိုယ်ပြင်ပ ငြမ်းစနစ်သည် ဟိုက်ဒရောလစ် အားဖြည့်မှုဖြင့် လူတစ်ဦးကို အလွန်အားကောင်းသည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ "ငြမ်းစနစ်နဲ့အတူ အကောင်းဆုံး ချပ်ဝတ်အကာအကွယ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ့် စနစ်မျိုးကို ကျွန်တော်တို့ မြှင့်တင်နေတာ ဖြစ်ပါတယ်။ Talosမှာ ဝတ်စုံရဲ့ စွမ်းအင်စနစ်၊ ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနိုင်မယ့် Displayတွေ ပါဝင်ပါတယ်။ ပြီးတော့ လက်နက်စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်သွားမှာပါ"ဟု အမေရိကန် စစ်ဘက် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီယာ ဌာနချုပ်မှ သိပ္ပံပညာဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး ကားလ်ဘောဂျက်စ်က ပြောကြားခဲ့သည်။

၎င်းက "ဒါဟာ ခေတ်သစ် သံချပ်အကာအကွယ် ဝတ်စုံပါ။ ဆက်သွယ်ရေးအတွက် အင်တင်နာတွေ ပါမယ်။ အာရုံခံ ထောက်လှမ်းစနစ်တွေ ပါလာမယ်။ ဝတ်စုံမှာ ဒါတွေ အားလုံးကို အဆင်ပြေပြေ ဝင်ဆံ့အောင် တပ်ဆင်သွားမှာပါ"ဟုလည်း ရှင်းပြခဲ့သည်။ အမေရိကန် စစ်တပ်မှ တပ်ကြပ်ကြီး ခရစ်ဖာရစ်က "ဒီလို ဝတ်စုံမျိုးကို လုပ်ငန်းစုကြီး တစ်ခုတည်းက တာဝန်ယူ ဖန်တီးဖို့တော့ မဖြစ်နိုင်လောက်ဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့်လည်း အမေရိကန် အစိုးရသည် စစ်ရေး အထောက်အပံ့ ပေးနေသည့် ကုမ္ပဏီများ၊ သိပ္ပံအကယ်ဒမီကြီးများ၊ တစ်ဦးချင်း ပညာရှင်များကို စုရုံးတိုင်ပင်ကာ ကဏ္ဍအလိုက် ပူးပေါင်းပေးရန် တောင်းဆိုခဲ့သည်။ ဥပမာအားဖြင့် မက်ဆာချူးဆက် နည်းပညာ ဌာန (MIT)သည် ဝတ်စုံ၏ ဒီဇိုင်းတည်ဆောက်မှု အပိုင်းအတွက် အဓိက တာဝန်ယူထားသည်။

MITသည် လတ်တလောတွင် အရည်ဝတ်စုံ တစ်မျိုးကို စမ်းသပ်လျှက် ရှိသည်။ သာမန်အားဖြင့် ယင်းဝတ်စုံသည် ပျော့ပြောင်းသည့် အရည်ဓာတ် အဖြစ်သာ ရှိနေမည် ဖြစ်သော်လည်း လျှပ်စစ်စွမ်းအင် ထောက်ပံ့ခြင်း၊ သို့မဟုတ် သံလိုက်စက်ကွင်းတစ်ခု သက်ရောက်စေခြင်းဖြင့် မာကျောကြံ့ခိုင်သည့် သံချပ်ဝတ်စုံ တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ MITမှ ပရော်ဖက်ဆာ ဂါရတ်သ် မက်ကင်လေက NPRနှင့် အင်တာဗျူးတွင် မိမိတို့၏ စိတ်ကူးမှာ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်နေလိမ့်မည်ဟု ပြောကြားခဲ့သည်။ "ပြောရရင် Iron Manလိုပေါ့ဗျာ"ဟု ၎င်းက ဆိုသည်။၎င်းက "ဟိုးအရင် Alien ဇာတ်ကားထဲမှာ ဆီဂေါ်နီဝီဗာ ဝတ်ခဲ့တဲ့ ဝတ်စုံမျိုးကိုလည်း ဥပမာ ပေးနိုင်လိမ့်မယ်။ စက်ရုပ်ကြီးတစ်ရုပ်ထဲမှာ လူကဝင်ပြီး ထိန်းချုပ်ရတာမျိုးလေ။ လှုပ်ရှားလို့ရတယ်၊ လူတစ်ယောက် မသယ်နိုင်တဲ့ အလေးချိန်မျိုးကို သယ်ဆောင်နိုင်တယ်။ အခြေခံ သဘောတရား အရတော့ ကျွန်တော်တို့ စိတ်ကူးထားတဲ့ ဝတ်စုံနဲ့ တူပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်သည် Talos ဝတ်စုံများကို လာမည့် (၃)နှစ်အတွင်း စစ်မြေပြင်တွင် စတင်အသုံးပြုနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်