Tuesday, December 03, 2013

အနာဂတ်ရဲ့ မျိုးဆက်သစ်များ

Posted by drmyochit Tuesday, December 03, 2013, under | No comments


အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီး ခေတ်ကာလတွေလည်း ပြောင်းလာတဲ့ အချိန်မှာ ကျွန်တော်တို့ ငယ်စဉ်က အကြောင်းအရာ တော်တော်များများဟာ ပုံပြင်လို ဖြစ်သွားခဲ့ရပြီ။ အရင်တုန်းက တွေ့တဲ့လူတိုင်းကို အစ်ကို၊ အစ်မ ခေါ်ခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်က အခုဆိုရင် ညီလေး၊ ညီမလေး ပြန်ခေါ်ရတဲ့ အချိန်ကို ရောက်လာခဲ့ပြီ။ သဘာဝရဲ့ နိယာမ တရားကို ဘယ်သူမှ ဆန့်ကျင်လို့ မရနိုင်တဲ့အတွက် အသက်တွေ ကြီးလာသလို တချို့အရာတွေ မပြောင်းလဲချင်ပေမယ့်လည်း ပြောင်းလဲလာခဲ့ရပြီ။ ဒီအခါ မျက်စိအောက်မှာတင် ကြီးပြင်းလာတဲ့ မျိုးဆက်သစ်တွေကို သုံးသပ်ကြည့်မိတဲ့အခါ ပထမဆုံး မြင်တွေ့မိတဲ့ မျိုးဆက်နှစ်ခုကြား ကွဲပြားခြားနားနေမှုကတော့ လူနေမှုစရိုက် အခြေအနေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘ၀တွေဟာ သိပ်ပျော်ဖို့ ကောင်းခဲ့တယ်။ ကျောင်းတက်တဲ့အချိန် ပျော်ပျော်ပါးပါး စာသင်ကြပြီး အိမ်ပြန်ရောက်ပြီဆိုတာနဲ့ လွယ်အိတ်ကိုပစ်ချ ရပ်ကွက်ထဲမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ စုပြီးဘောလုံးကန်၊ လိုက်တမ်းပြေးတမ်းကစား၊ သေနတ်ပစ်တမ်း ကစားနဲ့ မှောင်တဲ့အချိန်ထိ ကစားနည်း မျိုးစုံနဲ့ ကစားကြတယ်။ ကစားလို့လည်းဝ မှောင်တဲ့အချိန်လည်း ရောက်ပြီဆိုတော့မှ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ရေမိုးချိုး၊ ထမင်းစားပြီး အိမ်စာတွေ လုပ်စရာရှိတာ လုပ်ကြရတယ်။ ညဘက်ရောက်ပြီ ဆိုရင်တော့ တစ်နေကုန် ပင်ပန်းခဲ့တဲ့ ဒဏ်တွေနဲ့ မိဘတွေက လာတော့အိပ်တော့လို့တောင် အတင်းခေါ်စရာ မလိုအောင်ကို ညဥ့်နက်အောင် မနေနိုင်တော့ဘဲ အိပ်မောကျသွား တတ်ကြတယ်။

နို
တစ်နိုင်ငံမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာမှုဟာ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ရုပ်ဝတ္ထုတွေရဲ့ တိုးတက်မှုအောက်မှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ထည့်တွက်ရပါ လိမ့်မယ်။ အဲဒီ ဘေးထွက်ဆိုးကျိုးကို အကာအကွယ် ပေးရလိမ့်မယ်။ မဟုတ်ရင်တော့ ရုပ်ဝတ္ထုတိုးတက်မှု ဘေးထွက်ဆိုးကျိုးထဲမှာ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ စတေးခံရတဲ့ အခြေအနေကို မလွဲမသွေ ရောက်ပါလိမ့်မယ်။ ကျွန်တော်တို့ ခေတ်အခြေအနေမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ကောင်းကောင်းမတိုးတက် သေးတာရဲ့ ကောင်းကျိုးကတော့ ကစားခုန်စားမှု တစ်ခုပဲ ပျော်ရွှင်စရာအဖြစ် ပြုလုပ်ခဲ့ကြရတယ်။ အခုခေတ်မှာတော့ ရုပ်မြင်သံကြားရှေ့ ထိုင်မိပြီဆိုရင် ကိုရီးယားကား ကြည့်မလား၊ တရုတ်ကားလား၊ ကုလားကားလား၊ ဟောလိဝုဒ် ရုပ်ရှင်တွေပဲ ကြည့်မလား တစ်နေကုန် မထတမ်း ကြည့်နေလို့ ရတယ်။ ဂိမ်းဆော့မယ် ဆိုရင်လည်း ဂိမ်းစက်အမျိုးမျိုးနဲ့ မရိုးအောင် ကစားလို့ရတယ်။ အိမ်ထဲက အိမ်ပြင်မပြောနဲ့ ထိုင်ရာကနေတောင် မထတမ်း ကြည့်ရှုဆော့ကစားနိုင်တဲ့ တခြားနည်းပညာသုံး ပစ္စည်းတွေဆိုတာလည်း ပေါမှပေါပဲ။ အဲဒီတော့ ကလေးသူငယ်တွေ အနေနဲ့ လှုပ်လှုပ်ရှားရှားလုပ်ရတဲ့ ကစားနည်းတွေကို သိပ်စိတ်မ၀င် စားကြတော့ဘူး။ ကလေးတွေမှာ ကစားခုန်စားမှုကို လျော့နည်းသွားစေခဲ့တဲ့ နောက်ထပ်အခက်အခဲ တစ်ခုကတော့ မြို့ပြလူနေမှု ပုံစံခွက်ထဲမှာ နေနေရတဲ့ ကလေးငယ်တွေအဖို့ လွတ်လပ်ပျော်ရွှင်စွာ ကစားနိုင်ဖို့ နေရာပျောက်ဆုံးနေခြင်းပါ။ နေတော့လည်း တိုက်ခန်းမှာ နေရတယ်။ အိမ်ပေါ်ကအိမ်အောက် ဆင်းလိုက်ပြန်တာနဲ့ ကားတွေလူတွေနဲ့ ပြည့်ကျပ်နေတဲ့ လမ်းကျဉ်းကျဉ်းကျပ်ကျပ်ထဲ ရောက်နေပြန်ရော။ ကလေးတွေ လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့ အများပြည်သူ အပန်းဖြေနေရာတွေ ဆိုတာကလည်း အတော်လေးကို ရှားရှားပါးပါး ဖြစ်သွားပြီဆိုတော့ ပြေးလွှားဆော့ကစားချင်တဲ့စိတ် ရှိနေသေးရင်တောင်မှ အခြေအနေက မပေးတော့ဘူး။ ကစားခုန်စား လုပ်တယ်ဆိုတာဟာ ကိုယ်လက်လှုပ်ရှားမှု သက်သက်အပြင် အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုနဲ့ ဆက်ဆံမှုကိုလည်း အထောက်အကူ ပြုနိုင်ပါတယ်။ အဲဒီတော့ ကစားခုန်စား မရှိတဲ့ အခုခေတ် ကလေးငယ်တွေမှာ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မရှိ၊ ခပ်ရိုင်းရိုင်း လူမှုဆက်ဆံရေး ပုံစံတွေ ဖြစ်နေတာ သိပ်တော့အံ့သြစရာ မရှိပါဘူး။ သူငယ်တန်း ဖတ်စာထဲက "ညအခါ လသာသာ၊ ကစားမလား၊ နားမလား" ဆိုတဲ့ နေရာရောက်ရင် လသာနေတဲ့ ညအချိန်မှာ ထုပ်ဆီးတိုး၊ ကြက်ဖခွပ်၊ ရွှေစွန်ညို၊ ပြေးတမ်းလိုက်တမ်း ကစားတာတွေကို မမြင်ဖူးတော့တဲ့ ကလေးတွေ စိတ်ထဲမှာ ဘာတွေများ ရှိနေနိုင်ပါဦးမလဲ။ အကျိုးဆက် အနေနဲ့ကတော့ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှု အခြေအနေတွေ ပုံပျက်သွားပြီး ခပ်ပျော့ပျော့ လျော့ရိလျော့ရဲ ပုံစံလေးတွေ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်လည်း ထိုင်းမှိုင်းလေးလံတဲ့ ပုံစံတွေ ဖြစ်နေကြတယ်။
င်
ငံ

ကလေးငယ် တစ်ယောက်ရဲ့ စိတ်ရောကိုယ်ပါ မျှတကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်ဖို့ အတွက်ဆိုရင် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ရှိရသလို အရွယ်နဲ့ မလိုက်တဲ့ ဖိအားတွေရဲ့ ဒဏ်ကနေလည်း ကင်းလွတ်ဖို့ လိုပါတယ်။ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ရင် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်နိုင်စေသလို စိတ်ကူးစိတ်သန်းနဲ့ ဥာဏ်ရည်ဥာဏ်သွေးလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပါ ခံစားရနိုင်ပါတယ်။ ရုပ်ဝတ္ထု နည်းပညာ တိုးတက်မှုနဲ့ မြို့ပြလူနေမှု အခြေအနေကြောင့် ကလေးငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမှု အခွင့်အရေးတွေ ပျောက်ဆုံးနေတာနဲ့ ထပ်တူအရေးကြီးတဲ့ နောက်ထပ်စဉ်းစားစရာ တစ်ခုကတော့ မိဘတွေရဲ့ အတ္တနဲ့ လွဲမှားနေတဲ့ ပညာရေး စနစ်ပါ။ မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေးသူငယ် ရာခိုင်နှုန်း အတော်များများဟာ စက်ရုပ်ကလေးတွေလို နေ့စဉ်ရှင်သန် လှုပ်ရှားနေထိုင် ကြရတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတွေးအခေါ် မရှိဘဲ စီစဉ်ပေးထားတဲ့အတိုင်း လုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေရတဲ့ အရာတွေကို စက်ရုပ်လို့ ခေါ်ကြတယ်ဆိုရင် ပုံသေစီစဉ်ထားတဲ့ လုပ်ငန်းစဉ်တွေကိုပဲ တစ်နေ့ပြီးတစ်နေ့ လုပ်နေရတဲ့ ကလေးသူငယ် တွေကိုလည်း လူသားစက်ရုပ် ကလေးတွေလို့ပဲ ခေါ်ရမှာပေါ့။ အတ္တကို အမှီပြုတဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ကလေးငယ်ကို နှစ်ရာကျနေတဲ့ သဘောကို သတိမထား မိတတ်ကြဘူး။ အခုခေတ် ကလေးတွေမှာ ကစားချိန်၊ နားချိန်၊ မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်ရတဲ့ အချိန်ရယ်လို့ မရှိတော့ဘဲ အရွယ်နဲ့ မမျှအောင် ပညာရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ မနိုင်ဝန် ဖိအားတွေ ထမ်းနေကြရတယ်။ ကိုယ့်သားသမီးကို ပညာတတ်ကြီး ဖြစ်စေချင်တယ်။ အတန်းထဲမှာ အဆင့်အကောင်းဆုံး ဖြစ်စေချင်တယ်။ အမှတ်အများဆုံး ဖြစ်စေချင်တယ်။ ဒီလိုနဲ့ မိဘတွေရဲ့ အတ္တပြိုင်ဆိုင်မှုအောက်မှာ ကလေးတွေဟာ နားချိန်ရယ်လို့ မရှိအောင် ကျူရှင်ပြီး ကျောင်း၊ ကျောင်းပြီးကျူရှင် လုံးလည်ချာလည်လိုက်ရင်း ပျော်ရွှင်စရာ ကလေးဘ၀တွေ စတေးခံနေရတယ်။ သူတို့မှာ ကိုယ်ပိုင်စဉ်းစား ဆင်ခြင်ဥာဏ်တွေ၊ အတွေးအခေါ်တွေ ကွန့်မြူးစရာ အချိန်မရှိတော့ဘဲ အစီအစဉ်အတိုင်း အသက်မပါသလို လိုက်လုပ်နေကြရတယ်။ ကျောင်းတွေမှာလည်း ပညာသင်ကြားမှုထက် အယူသွတ်သွင်းတဲ့ စနစ်ကပဲ ကြီးစိုးနေပြီး ကျောင်းပြင်ပ ဗဟုသုတနဲ့ စိတ်ကူးစိတ်သန်း ဖြန့်ကြက်မှု အခွင့်အရေးဆိုတာ မရှိသလောက်ဘဲ။ မိဘတွေက ကိုယ့်သားသမီးတွေကို ပုံစံခွက်တစ်ခုနဲ့ ကြီးပြင်းစေတယ်။ ဒါပေမဲ့ ဘယ်ပုံစံခွက်ဟာ သူတို့နဲ့ အလိုက်ဖက်ဆုံးလဲ ဆိုတာကိုတော့ မရွေးချယ်တတ်ဘဲ သူတို့အမြင်မှာ အကောင်းဆုံးလို့ ထင်တဲ့ပုံစံခွက်နဲ့ ကလေးကို ပုံသွင်းယူပါတယ်။ အ၀ိုင်းကို လေးထောင့်ထဲ မ၀င်ဝင်အောင် သွင်းတဲ့အခါ လေးထောင့်လည်း မကျ၊ အ၀ိုင်းလည်း မဖြစ်တော့ဘဲ ပုံစံပျက်သွား ရတတ်တယ်။ အဲဒီလိုပဲ ကိုယ့်သားသမီးကို ငါပိုင်တဲ့အရာ တစ်ခုလို မဖြစ်ဖြစ်အောင် ပုံစံသွင်းယူတဲ့အခါ စိတ်ကူးစိတ်သန်းနဲ့ ဥာဏ်ရည် ဥာဏ်သွေးတွေ ပျောက်ဆုံးရတယ်။ အရွယ်နဲ့ မလိုက်အောင် ဖိအားဒဏ်တွေကို ခံစားရပြီး အထီးကျန်မှုနဲ့ သိမ်ငယ်မှုတွေကြောင့် အံဝင်ခွင်ကျ မဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတယ်။

နို
တကာ ပညာရေးမှာ ဘက်စုံထူးချွန်မှုကို အလေးပေးလာကြပြီ။ ဥပမာ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေကို တက်ဖို့ဝင်ခွင့် လျှောက်ထားတဲ့အခါ စာထူးချွန်မှု တစ်ခုတည်းနဲ့ ၀င်ခွင့်မရနိုင်တော့ဘူး။ လူမှုဆက်ဆံရေးမှာ ထူးချွန်မှု ရှိရဲ့လား။ ဘယ်အားကစားတွေမှာ ထူးချွန်မှုရှိလဲ။ စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်ရဲ့လား အစရှိတဲ့ ဘက်စုံအခြေအနေပေါ်ကို မူတည်ပြီး ရွေးချယ်လာကြတယ်။ ဒါ့ကြောင့် ကိုယ့်သားသမီး၊ ကိုယ့်မျိုးဆက်ကို တကယ်ထူးချွန်တဲ့ လူငယ်တွေ ဖြစ်လာစေချင်တယ်ဆိုရင် စာပြီးရင်းစာ ကျူရှင်ပြီး ကျူရှင်တက်တဲ့ အလေ့အကျင့်ကို ပြောင်းလဲပစ်ရလိမ့်မယ်။ ဖိအားနည်းတဲ့ ငယ်ဘ၀မှာမှ ပျော်ရွှင်လွတ်လပ်စွာ မနေခဲ့ရဘူးဆိုရင် တကယ်စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အရွယ်မှာ ပိုလို့သာ ခံစားရဖို့ ရှိတော့တယ်။ အတင်းအဓမ္မ ထိန်းချုပ်ပုံသွင်းတဲ့နည်းဟာ ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်စေရေးအတွက် အလုပ်မဖြစ်နိုင်ပါဘူး။ အောင်မြင်ကျော်ကြားခဲ့တဲ့ လူအတော်များများဟာလည်း သူတို့ရဲ့ ငယ်ဘ၀မှာ ပုံစံသွင်းခံခဲ့ရတာမျိုး အတော်လေး နည်းပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေကို ကစားခုန်စားမရှိ တီဗွီဂိမ်း ကစားရင်း စာပိနေတဲ့ ရှူနာရှိုက်ကုန်း ပုံစံလေးတွေတော့ မမြင်တွေ့ချင်တာ အမှန်ပါ။ ချစ်မှာလား နှစ်မှာလားဆိုတာကို မိဘတွေ အသေအချာ စဉ်းစားသင့်ပါပြီ။
င်
ငံ

Eleven Media Group
(ဆောင်းပါးရှင် - သူရိန်လှိုင်ဝင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်