Tuesday, December 03, 2013

လက်အသစ်၊ ဘဝအသစ်

Posted by drmyochit Tuesday, December 03, 2013, under | No comments

"လက်တွေမရှိတော့တဲ့ ဘဝမျိုးနဲ့ ကျွန်တော် အချိန်တော်တော်ကြာအောင် ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော့်မှာ လက်အသစ်တွေ လက်ဆောင်ရလာခဲ့တာပါပဲ"ဟု ဂါဘရီရယ်လ် ဂရန်နာဒေါ့စ်က ဝမ်းသာအားရ ဆိုသည်။ အသက်(၅၃)နှစ်ရှိ မက္ကစီကို နိုင်ငံသားသည် (၂၀၁၁)ခုနှစ်၊ ဇန်နဝါရီလက ပြင်းထန်သော ဓာတ်လိုက်မှုကြောင့် လက်နှစ်ဖက်စလုံးကို တံတောင်ဆစ် အောက်နားမှ ဖြတ်တောက်ခဲ့ရသူ ဖြစ်သည်။ လက်နှစ်ဖက်လုံး မရှိသည့် ဒုက္ခိတ ဘဝသို့ နေ့ချင်းညချင်း ပြောင်းလဲသွားသည့် ဂါဘရီရယ်လ်အတွက် ကံကြမ္မာက အဆိုးဘက်သို့ချည်း ဦးတည်သွားခြင်းမူ မဟုတ်ခဲ့ချေ။ နောက်ပိုင်းတွင် ၎င်းသည် လက်တင်အမေရိက ဒေသ၏ ပထမဆုံး လက်ဖျံအစားထိုး ကုသမှုကို ခံယူခွင့်ရသူ ဖြစ်လာသည်။ ယခုအခါတွင်မူ ဂါဘရီရယ်လ်သည် လက်အသစ်များဖြင့် ဘဝသစ်ကို ပိုင်ဆိုင်လာပြီ ဖြစ်သည်။

ပစ်ခတ်မှုတစ်ခုအတွင်း မတော်တဆ သေဆုံးခဲ့သူ တစ်ဦး၏ မိသားစုများက သေသူ၏ လက်များကို လှူဒါန်းရန် သဘောတူညီခဲ့သည်။ ထို့နောက်တွင်မူ ဆရာဝန်များသည် ဂါဘရီရယ်လအတွက် အဆိုပါလက်များကို တပ်ဆင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခုနှစ် မေလတွင်မူ လက်တင်အမေရိက၏ အထူးချွန်ဆုံး ဆေးဘက်ဆိုင်ရာ ပညာရှင် တစ်စုသည် ဒေသတွင်း၌ ပထမဆုံးအကြိမ် လက်နှစ်ဖက် အစားထိုး ကုသမှုကို လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။ ယင်းခွဲစိတ်မှုတွင် ပညာရှင်ပေါင်း အယောက်(၂၀)နီးပါးမျှ ပါဝင်ခဲ့သည်။


ခွဲစိတ်ဆရာဝန် (၅)ဦး၊ သူနာပြု (၅)ဦး၊ မေ့ဆေးပညာရှင် (၃)ဦးတို့ အပါအဝင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စုစည်းထားသည့် အဖွဲ့သည် (၁၇)နာရီဆက်တိုက် ကြာမြင့်သည့် ခရီးရှည် ခွဲစိတ်မှုကြီးကို ပြုလုပ်ခဲ့ကြသည်။ အသက်(၃၄)နှစ်အရွယ် သေသူတစ်ဦးထံမှ ဖြတ်တောက်ရယူထားသည့် လက်များကို ဂါဘရီရယ်လ်အတွက် အံဝင်ခွင်ကျ တပ်ဆင်ပေးကြခြင်း ဖြစ်သည်။ မက္ကစီကိုစီးတီးရှိ အမျိုးသား ဆေးဘက်ဆိုင်ရာ ဌာနတွင် ပြုလုပ်သော ခွဲစိတ်ကုသမှုသည် အပြည့်အဝ အောင်မြင်ခဲ့သည်။ ယခုအခါ ဂါဘရီရယ်လ်သည် ၎င်း၏လက်အသစ်များကို မူလလက်များ လုပ်ဆောင်နိုင်သမျှ အရာအားလုံးနီးပါး ထိန်းချုပ် ကိုင်တွယ်နေနိုင်ပြီ ဖြစ်သည်။

"ကျွန်တော့်လက်အသစ်တွေကို စပြီးတော့ ထိတွေ့ ခံစားမိလာတဲ့ အချိန်မှာ တအံ့တဩကြီး ဖြစ်နေမိတယ်။ ကျွန်တော် လက်တွေမရှိဘဲ အသားကျသလိုလိုတောင် ဖြစ်ခဲ့ပြီးပြီလေ။ ရုတ်တရက်ပဲ လက်အသစ်တွေ ကျွန်တော့်ဆီ ရောက်လာတယ်"ဟု မက္ကစီကိုစီးတီးရှိ အစိုးရရှေ့နေရုံး တစ်ခု၏ ဘဏ္ဍာရေးဌာနတွင် အေးဂျင့်အဖြစ် လုပ်ကိုင်ခဲ့သည့် ဂါဘရီရယ်လ်က ဖွင့်ဟခဲ့သည်။ ၎င်းသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ညွှန်ကြားချက် ပေးနေရင်း ဓာတ်လိုက်ကာ လက်များ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ဆရာဝန်များသည် ဂါဘရီရယ်လ်တွင် လက်အသစ်များ ခွဲစိတ်တပ်ဆင်ပေးခြင်း မပြုလုပ်မီ လူသေအလောင်း တစ်ခုတွင် ဦးစွာ လက်တွေ့ စမ်းသပ်ခဲ့ကြောင်းလည်း သိရသည်။

"ကျွန်တော်က သတ္တုချောင်း တစ်ခုကို ကောက်ကိုင်လိုက်တာပါ။ အဲဒီမှာ ဓာတ်လိုက်တာပဲ။ လက်မောင်းတစ်လျှောက် သွေးကြောတွေ၊ အာရုံကြောတွေ၊ အရိုးတွေ၊ ကြွက်သားတွေအားလုံး ပျက်စီးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်"ဟု ဂါဘရီရယ်လ်က ရှင်းပြခဲ့သည်။ လတ်တလောတွင်မူ ဂါဘရီရယ်လ်သည် လက်အသစ်နှင့် အသားကျလာနေပြီး ဆရာဝန်များ၏ အနီးကပ် ကြီးကြပ်ညွှန်ကြားမှုဖြင့် လေ့ကျင့်ခန်း အစီအစဉ်များကို တဖြည်းဖြည်း မြှင့်တင်ပြုလုပ်နေဆဲဟု သိရှိရသည်။

Planet News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်