Sunday, January 26, 2014

နေဝင်ချိန် အကြင်နာလက်ဖြင့် ဖေးကူသူများ

Posted by drmyochit Sunday, January 26, 2014, under | No comments

ဇရာ၏သရုပ်ကို အဝေးမှပင် လှမ်းမြင်နေရသည်။ ထိုသရုပ်သည်ပင် ဘဝ၏ နေဝင်ချိန်ကို အဘိုးအဘွားတို့ အတူ ကျော်ဖြတ်တော့မည် ဖြစ်သည်။ ထိုသို့ ကျော်ဖြတ်ရာတွင် စိတ်ဓာတ်ကျ အားငယ်နေခြင်းများ ကင်းဝေးရန်၊ အထီးကျန်မှုများ မရှိစေရန်အတွက် မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် သက်ကြီး ဆရာဝန်များ အဖွဲ့အစည်းတို့က တည်ထောင်ထားသည့် Day Care Center များ ဖွင့်လှစ် ဆောင်ရွက်လာသည်ကို တွေ့နိုင်ပေသည်။
“ဒီအသက် ဒီအရွယ်မှာ သားသမီးကိုလည်း ကိုယ့်ကြောင့် စိတ်မပူစေချင်ဘူးလေ။ ဒီမှာ လာနေရဖို့ အတွက်ကို သားသမီးတွေက ပထမတော့ သဘောမတူဘူး” ဟု ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတွင် နေ့ပိုင်းစောင့် ရှောက်မှု ခံယူနေသည့် အဘွား ဒေါ်လှလှဌေးက ဆိုသည်။

Day Care Center ကဲ့သို့သော သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမျိုးတွင် သူမအသက် ၆၀ လောက်ကတည်းက နေချင်နေ ခဲ့ကြောင်း၊ မြို့ပြ၏ စီးပွားရေးစနစ်အရ အိမ်ရှိ လူကုန် အလုပ် လုပ်ကြသည့် ကာလမျိုးတွင် မိသားစုများ အလုပ်သွားနေကြသည့် အချိန်မျိုးတွင် တစ်ယောက်တည်း အိမ်အကူနှင့် ကျန်ခဲ့ရသည့် အတွက် အထီးကျန်ခြင်းမျိုးကို ခံစားရကြောင်း၊ မြေးများ ရှိသော်လည်း အသက်အရွယ်၊ ခေတ်ကာလ အပိုင်းအခြားကြောင့် အတူနေသော်လည်း မတူညီသည့် သဘော တရားများ ရှိသည့်အတွက် သက်ကြီးရွယ်အိုများ စောင့်ရှောက်ပေးသည့် ဂေဟာများ ရှိလာသည်ကို ကျေနပ်မိကြောင်း အသက် ၇၀ ကျော် အရွယ်ရှိ ၎င်းက ပြောကြားသည်။

လက်ရှိ ကမ္ဘာ့လူဦးရေသည် သန်း ခုနစ်ထောင်ကျော် ရှိလာပြီဖြစ်ရာ အဆိုပါ လူဦးရေများအနက် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အို သိန်း ၇၀၀ ကျော် ခန့် ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ယခုနှစ်ထက် နှစ်ဆ မြင့်တက်လာပြီး ၂၀၅၀ ပြည့်နှစ် တွင် နှစ်ဘီလီယံအထိ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့အပေါ် ကျရောက် လာမယ့် လူအို ပြဿနာကို ကာကွယ်နိုင် ဖို့ ခုကတည်းက ပါဝင် စောင့်ရှောက် သင့်တယ်” ဟု သက်ကြီး ဆရာဝန်များ အထောက်အကူ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ဆိုသည်။

တစ်ကမ္ဘာလုံးတွင် အရေးကြီးသော ကျန်းမာရေး ပြသနာတစ်ရပ်မှာ သက်ကြီးရွယ်အိုများ များပြားလာခြင်း ဖြစ်ကြောင်း၊ အသက် ၈၀ ကျော်သူများကို စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၀ဒသမ၄ ရာခိုင်နှုန်းကျော်မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်းလည်း ၎င်းကပင် ဆိုသည်။

သက်ကြီးစောင့်ရှောက်ရေး စင်တာကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် သက်ကြီး ဆရာဝန်များက ဦးဆောင်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင် ကွင်းလမ်းတွင် ဖွင့်လှစ်ခဲ့သည်။ ထိုစင်တာက အသင်းဝင်များ အားလုံးကို အခမဲ့ အသင်းဝင်ခွင့် ပြုပေးထားပြီး အသင်းဝင်တိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ ပေးပြီး မကျန်းမာ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူပါက ကျပ်ငွေ ငါးသောင်း၊ မျက်လုံး တစ်ဖက်ခွဲပါက သုံးသောင်းနှုန်းဖြင့် နှစ်ဖက်ခွဲပါက ခြောက်သောင်း၊ နာရေးဖြစ်ပါက သုံးသောင်း ထောက်ပံ့ ကူညီကြောင်းလည်း သက်ကြီး ဆရာဝန်များ အသင်းကပင် သိရသည်။

“အခြားနိုင်ငံတွေမှာ အခကြေးငွေနဲ့ ဖွင့်တယ်။ ကိုယ့်ဆီမှာကတော့ အခမဲ့ပါ။ အဓိကက ကျန်နေတဲ့ သက်တမ်းမှာ ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်အောင်ပါ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ ဂေဟာမှူး ဒေါက်တာ ဒေါ်ကေသီကျော်က ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဂေဟာတွင် စာဖတ်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း၊ ရုပ်သံလိုင်း ကြည့်ရှုခြင်း၊ ကာရာအိုကေ သီဆိုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စစ်တုရင် ထိုးခြင်း၊ အခြားအားကစား နည်းများ ကစားနိုင်ခြင်း၊ ပြင်ပ လေ့လာရေး ခရီးသွားခြင်း၊ မိမိဝါသနာပါရာများ လုပ်ဆောင်နိုင်ခြင်း စသည်ဖြင့် အပန်းဖြေ အနားယူနိုင်ရန်လည်း စီစဉ်ပေးထားကာ အသက် ၇၀ ကျော် အထီးကျန်သူ အဘိုး အဘွားများကို မိသားစုကိုယ်စား စောင့်ရှောက် ပေးနေပြီ ဖြစ်သည်။

“ဒီကိုလာနေရတာက အိမ်မှာနေရတာထက် ပိုအဆင်ပြေတယ်။ ဘာသာရေးကအစ နှီးနှော ဖလှယ်နိုင်တယ်” ဟု ဂေဟာအတွက် မိမိတတ်ထားသည့် ပန်းချီဆွဲ ပညာဖြင့် သူနေ့ပိုင်း လာရောက် နေထိုင်သည့် ဂေဟာကို လက်ဆောင်ပေးရန် ရေးဆွဲနေသည့် အဘိုး ဦးဘသန်းက ပြောသည်။
သက်ကြီးရွယ်အိုများ ဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးကို သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့၌ ၁၉၈၂ ခုနှစ်က ကျင်းပခဲ့ပြီး ယင်းညီလာခံ၏ ရှေးလုပ်ငန်းစဉ် ရည်ရွယ်ချက်များအရ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံအသီးသီးက အစိုးရများနှင့် လူမှုရေး အဖွဲ့အစည်းများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ မှီခိုမှု လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာများကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင်ခြင်း လုပ်ငန်းကို ၁၉၁၅ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့ရှိ ပိုးကုန်သည်ကြီး ကရုဏာရှင် ဘွားဦးဇွန်းက မျိုးစေ့ချပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဘိုးဘွားရိပ်သာ များစွာ ပေါ်ထွန်းလာပြီး ဘိုးဘွားပေါင်းများ စွာကို စောင့်ရှောက် ထားနိုင်ခဲ့သည်။ ထို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်း၏ ပထမ သက်တမ်း ကာလ ၂၀၀၄-၂၀၀၆ ခုနှစ်နှင့် ဒုတိယ သက်တမ်းကာလ ၂၀၀၆-၂၀၀၉ ခုနှစ်တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုမှ စီမံကိန်းမြို့နယ် ၁၇ ခုတွင် ဆောင်ရွက်ခဲ့ပြီး တတိယ သက်တမ်းကို ၂၀၀၉-၂၀၁၂ ခုနှစ် အထိ သတ်မှတ်ထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခု၊ စီမံကိန်းဝင်မြို့နယ် ၂၁ ခု တို့တွင် ဆောင်ရွက်ပြီးကြောင်း သိရသည်။
“အသက်ကြီးလို့ သူတို့ကိုယ် သူတို့ မလုပ်နိုင်ဘူးလို့ အတွေး မဝင်အောင် သူတို့ လုပ်နိုင်သေးပါလား ဆိုတဲ့ စိတ်လေး ဝင်အောင် အဘိုးအဘွားတွေ လုပ်တတ်တာ မှန်သမျှ ဒီဂေဟာကနေ ကူညီ ပံ့ပိုး ပေးထားတယ်” ဟု ဂေဟာမှူးကပင် ဆိုသည်။

လူမှုဝန်ထမ်း ဦးစီးဌာန ဂေဟာကို တနင်္လာနေ့မှ သောကြာနေ့အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှ အပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ထားပြီး အကြောင်း အမျိုးမျိုးကြောင့် စောင့်ရှောက်မှု မပေးနိုင်သည့် အဘိုးအဘွားများကို စောင့်ရှောက်ပေးကြောင်း လတ်တလောတွင် အဘိုးအဘွား ၇၀ ကျော် ရှိကြောင်းလည်း ယင်းဂေဟာမှပင် သိရှိရသည်။
“လိုအပ်ချက်ရှိလို့ ဒီစင်တာကို ဖွင့်တာ။ ဖြစ်နိုင်ရင် ရပ်ကွက်တိုင်း၊ ရပ်ကွက် တိုင်းမှာရှိတဲ့ ဓမ္မာရုံတွေမှာ တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါတော့ အသက်ကြီးတဲ့သူတွေ ဆုံတွေ့ စကား ပြောသင့်တယ်” ဟု Day Care Center ထူထောင်သူ သက်ကြီး ဆရာဝန်များ အထောက်အကူ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က က အကြံပြုသည်။

မြန်မာနိုင်ငံသည် တခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်း များပြားသည့် ပြဿနာကို ရင်မဆိုင် ရသေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်ရမည်ဖြစ် ကြောင်း၊ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အားလုံး ဂုဏ်သိက္ခာ ရှိရှိနှင့် သွက်လက် ကျန်းမာပြီး လုံခြုံစိတ်ချရသော ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်မည့် အစီအစဉ်ကို နိုင်ငံတော် အပါဝင် ပါတီအဖွဲ့အစည်းများကလည်း အဓိက လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

လာမည့် ၂၀၁၄-၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တိုးချဲ့ လုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ရှိကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Help Age International တို့ ပူးပေါင်းကာ ၂၀၀၈ ခုနှစ်က စတင်ပြီး ဌာနေ ရုံးခွဲ ဖွင့်လှစ်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အထက်မြန်မာပြည်ရှိ ပြင်ဦးလွင်၊ အရာတော် နှင့် မလှိုင်မြို့နယ်တို့ရှိ ကျေးရွာ ၁၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တချို့နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် တချို့တို့တွင် ဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်ရေး စီမံချက်များကို ၂၀၀၄ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ကြောင်း Help Age International ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှု ပေးလျက်ရှိသည့် ရိပ်သာပေါင်း ၇၀ ကျော် ရှိပြီး ဘိုးဘွားစုစုပေါင်း ၃၀၀၀ ကျော်ကို စောင့်ရှောက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာခြင်းကြောင့် ကြုံတွေ့နိုင်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင် ပြင်ဆင် ထားသင့်ကြောင်း၊ လာမည့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အနာဂတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းသည် သမားရိုးကျ ဘိုးဘွားရိပ်သာများ ထူထောင် စောင့်ရှောက် သည့် လုပ်ငန်းစနစ် တစ်ခုတည်းနှင့် လုံလောက်မှု မရှိတော့သည့်အတွက် တခြား နည်းစနစ်များကိုလည်း ရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ ၂၈ နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် သက်ကြီးရွယ်အို စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည့် ညီလာခံ တစ်ခုကိုလည်း ပြီးခဲ့သည့် မေလတွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် ညီလာခံသို့ တက်ရောက်လာသော အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ သက်ကြီးရွယ်အို စောင့် ရှောက်ရေးဆိုင်ရာ မူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက် စသည့် အတွေ့အကြုံများကို ဖလှယ်ခွင့် ရရှိခဲ့ကြောင်းလည်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရသည်။
“အသက်ကြီးတဲ့သူတွေ အနေနဲ့လည်း ငါသေရတော့ မှာပါလားလို့ အတွေး မဝင်ဘဲ အသက်ရှင်နေတဲ့ တစ်နေ့တာကာလ တွေတိုင်း အဓိပ္ပာယ်ရှိရှိနဲ့ နေထိုင် သွားနိုင်အောင် ဒီလို ဂေဟာမျိုးတွေ နေရာဒေသတိုင်းမှာ ဖွင့်ပေးသင့်တယ်” ဟု ယင်းဂေဟာ ၌ လာရောက်နေထိုင်သူ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) စိုးမြင့်က သူ၏ အမြင်ကို ဆိုသည်။

သူတို့၏ လျှောက်လှမ်းခဲ့ရသော ဘဝခရီးများတွင် နောင်လာနောင်သားများ အတုယူေ လ့လာစရာများလည်း ရှိမည်၊ သင်ခန်းစာများလည်း ရှိမည်၊ ထိုသူများကဲ့သို့ပင် မိမိတို့သည်လည်း သူတို့ကဲ့သို့ အိုမင်းမစွမ်း အချိန်ကို မလွဲမရှောင်သာ ရောက်ကြဦးပေမည်။

သက်ကြီးရွယ်အို အဘိုးအဘွားများ အနေဖြင့် လူ့သက်တမ်းအရ အသက် ကိန်းဂဏန်းများ ကြီးလာသည်နှင့်အမျှ သူတို့ ဖြတ်သန်းခဲ့သည့် ဘဝ အတွေ့အကြုံများမှာလည်း များလှသည့် ထိုအဘိုး အဘွားများကို ဆရာမင်းသုဝဏ်၏ လောကဓံကို မှတ်ကျောက် တင်သည့်
“ထိုပင် ငုတ် တို ပျဉ်းမအိုသည်စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ် ဓားထစ် လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက် လျက် မငိုက်ဦးခေါင်းနွေသစ်လောင်းသော် ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည် အသင်ယောက်ျား ကောင်းတကား” ဟူသည့် ပျဉ်းမငုတ်တို ကဗျာလေးအတိုင်း သက်ကြီးရွယ်အိုများကို ပုံခိုင်းနှိုင်း တင်စားလိုက်ချင်ပါသည်။

Written by  ခင်မြန်မာအောင်

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်