Sunday, September 07, 2014

တာချီလိတ် စစ်ဗျူဟာမှူး ဦးဆောင်သည့် တပ်မတော်သားများမှ ရေဘေး ကူညီ

Posted by drmyochit Sunday, September 07, 2014, under | No comments

၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မိုးကြီးစွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် သော်လည်းကောင်း၊ နေအိမ်များ တိုးချဲ့ဆောက်လုပ်မှုတို့တွင် ရေစီးလမ်းကြောင်းများဖြစ်သည့် ချောင်းများ၊ မြောင်းများအား  မြေခိုးကာရံပိတ်ဆို့သည့် လောဘဇောများကြောင့် သော်လည်းကောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ယခုအကြိမ်သည် တာချီလိတ်မြို့၏ အဆိုးရွားဆုံး ရေကြီးမှုအဖြစ် ဖြစ်ပေါ်ခဲ့ပြီး မြို့ပေါ်(၉)ရပ်ကွက်တို့ရှိ ပြည်သူလူထုမှာ ရေကြီးရေလျှံမှု ဒဏ်ကို ခံစားခဲ့ရသည်။

ရေကြီးရေလျှံမှုကြောင့် အဆိုးရွားဆုံးအဖြစ် ပုန်းထွန်ရပ်ကွက် နှင့် တာလော့ရပ်ကွက်တို့တွင် ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များ တင်ကျန်နေခဲ့သည့်အတွက် ယနေ့ စက်တင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းတွင်  စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများသည် ထိုင်း - မြန်မာ နှစ်နိုင်ငံ မယ်ဆိုင်ချောင်းဘေးရှိ ရွှေနန်းတော်ကုန်တိုက်၏ နယ်နိမိတ် နှင့် ခရိုင်လ၀ကရုံးအတွင်းတို့တွင် တင်ကျန်နေသော  ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ ရေများဖြင့် ဆေးကြောခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ စစ်ဗျူဟာမှူးဦးဆောင်သည့် တပ်မတော်သားများသည်  ရွှေနန်းတော်ကုန်တိုက်အတွင်း၌ တင်ကျန်နေသော မယ်ဆိုင်ချောင်းမှတဆင့် မျှောပါလာသည့် အမှိုက်များ၊ သစ်တုံးများ၊ အသုံးပြု၍ မရတော့သည့် လူသုံးကုန်ပစ္စည်းများအား အားကြိုးမာန်တက် ရှင်းလင်းဖယ်ရှားခြင်း၊ ကုန်တိုက်အတွင်း ၀င်ရောက်နေသော ရွံ့နွံများ ဖယ်ရှားပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

"ဗျူဟာမှူးကြီး ဦးဆောင်တဲ့ တပ်မတော်သားတွေ အခုလို လာကူညီတာ တကယ်ကျေးဇူးတင်တယ်၊ သူတို့သာ လာကူညီပြီး ရွံ့နွံတွေ မဖယ်ရှားပေးရင် ကျွန်မတို့တော့ တကယ်ကို မသက်သာဘူး၊ အခု ရေကြီးရေလျှံတာက အရင်ကလိုမဟုတ်ဘူး၊ တော်တော်ရှင်းလိုက်ရတယ်၊ အခုလို ပြည်သူကြားထဲ ထဲထဲဝင်ဝင် အခုလို ကူညီတာ မြင်ရတော့ တကယ်ကို ၀မ်းသာပီတိဖြစ်မိတယ်"ဟု ရွှေနန်းတော်ကုန်တိုက်မှ အရောင်းတာဝန်ခံ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

တဆက်တည်းမှာပင် အဆိုပါအဖွဲ့သည် တာချီလိတ်ခရိုင်လ၀ကရုံးအတွင်း၌ တင်ကျန်နေသော ရွံ့နွံများ၊ နုန်းများ နှင့် အမှိုက်များအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ လူသုံးကုန်ပစ္စည်းများအား ရွှေ့ပြောင်းပေးခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည်။


မယ်ဆိုင်ချောင်းတလျှောက် ချောင်းရေမြှင့်တက်မှုကြောင့် အမှတ်(၁)ချစ်ကြည်ရေးတံတား၏ တံတား ယက်မကျော်အထိ ရေမြင့်တက်လာခဲ့သလို ရေကြီးမှုအရှိန်အဟုန်ကြောင့် သစ်လုံးကြီးများမှာ အဆိုပါ တံတားအား အားပြင်းစွာ ဆောင့်မှုများကြောင့် တံတားကျိုးမည်ကို စိုးရိမ်၍ မြန်မာဘက်မှ  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့အပါအ၀င် သက်ဆိုင်ရာ ဌာနဆိုင်ရာများ နှင့် ထိုင်းနိုင်ငံဘက်မှ ရေတပ်၊ ထိုင်း TBC အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ညှိနှိုင်း၍  တံတားအား အချိန်(၃)နာရီကျော် ခေတ္တပိတ်ထားကာ ထိုင်းနိုင်ငံမှ ဘက်ဟိုးဖြင့် တံတား၌ခံနေသော သစ်လုံးများ၊ သစ်ကိုင်းများ စသည်တို့ကို ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။

သတင်း။   ။ ကိုဇောင်း
Tachileik Online News


































































0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်