Monday, October 08, 2012

ABSDF ငရဲတွင်းမှ တိုးထွက်ခဲ့သူများ - ၅ - ဇာတ်သိမ်း

Posted by drmyochit Monday, October 08, 2012, under | No comments






ဂျူ ။ ။ အဲဒီအချိန်မှာ မင်းတို့ကို န၀တက ပြန်လာဖို့ ကြိုဆိုရေးစန်းတွေ ဘာတွေ လုပ်နေတာကို သိလား။

ဖိုးစန်း ။ ။ မသိဘူး။ လုံးဝမသိဘူုး။ ကျွန်တော်တို့ ထောင်ထဲမှာ အကြာကြီးနေခဲ့တော့ ဘယ်သိပါ့မလဲ။ ကျွန်တော်တို့ စိတ်ထဲမှာက ကိုယ့်အိမ်ကိုယ်ပြန်မယ်။ အိမ်ရောက်ပြီးမှ ဖမ်းချင်လည်း ဖမ်းပါစေပေါ့။ အဲဒီလို ပဲ သဘောထားပြီး ပြန်ချင်တာ။

ကျော်ဇင်ထွန်း ။ ။ အဲဒီမှာ တရုတ်လုံခြုံရေးတွေက ရှေ့ကားနောက်ကားမှာ လုံခြုံရေးတွေ အပြည့်ထားပြီး ကျွန်တော်တို့ကို အလယ်ကနေ ကားတွေမှာ တင်ပြီးခေါ်ခဲ့တယ်။ နယ်စပ်ရောက်တော့ ကျွန်တော်တို့ တတွေကို ကားပေါ်ထားခဲ့ပြီး သူတို့က နယ်စပ်လုံခြုံရေးတာဝန်ယူထားတဲ့ မြန်မာစစ်တပ်အရာရှိတွေနဲ့ သွားတွေ့တယ်။ ပြီးတော့ ပြန်လာပြီး ကျွန်တော်တို့ကို တန်းစီခိုင်းတယ်။ ပြီးတော့မှ လက်ဆောင် မုန့်တွေ ဘာတွေ ပေးပြီး နှုတ်ဆက် စကားပြောတယ်။ အဲဒီအချိန်မှာ ညတစ်နာရီကျော်နေပြီ။ စစ်တပ်ကတော့ မီးတွေထွန်းထားတယ်။ နောက် ကျွန်တော်တို့ကို တပ်စခန်းထဲခေါ်သွားတယ်။ နောက်တန်းမှူး ဗိုလ်မှူး တစ်ယောက်က ထိပ်တုံးတွေ အများကြီးစီထားပြီး ကျွန်တော်တို့ကို ခတ်ဖို့လုပ်တယ်။ အဲဒီမှာ ကျောင်းသားတွေကို ထိပ်တုံးခတ်ရန် မလိုကြောင်း၊ လိုမယ်ထင်ရင် သူတို့ ၅ယောက်ကို ခတ်ထားပါ။ ကျောင်းသား တစ်ယောက်ထွက်ပြေးရင် ကျွန်တော်တို့ ၅ ယောက် စလုံးကို သတ်ပါဆိုပြီး အာမခံတော့မှ ထိပ်တုံးရန်ကနေ လွတ်သွားတယ်။ ပြီးတော့ အဲဒီဗိုလ်မှူးက ကျွန်တော်တို့ကို အေးအေးဆေးဆေး နားပါ ဆိုပြီး ဗီဒီယိုပြပေးတယ်။ ပြတဲ့ကား ကျော်ရဲအောင်ကား၊ အဲဒီတော့မှ ကျွန်တော်တို့ ကျော်ရဲအောင်ကို မြင်ဖူးကြတာ၊ နောက် အိပ်ကြတယ်။ မနက်မိုးလင်းတော့ စစ်တပ်က ကော်ဖီတိုက် မုန့်ကျွေး၊ ထမင်းကျွေး တာတွေ လုပ်ပေးတယ်။ ညနေပိုင်းမှာ ဂုံနီအိတ်တွေထဲ ကောက်ရိုးထည့်ပြီး ထမ်းခိုင်းတယ်။ ပေါ်တာ နဲ့တူအောင်ပေါ့ဗျာ။ လမ်းမှာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက်ပေါ့၊ ပြီးတော့ လွယ်ဂျယ်စခန်းကနေ စစ် ကြောင်းလုံခြုံရေးနဲ့ ထွက်ခဲ့ကြတယ်။ လွယ်ရုံစခန်းမှာ ညအိပ်ကြရတယ်။ နောက် အဲဒီကနေ စိန်လုံစခန်းကို ပို့ပေး တယ်။ စိန်လုံ ချဒ်ကျောင်းမှာ ထမင်းထုပ်တွေ အဆင်သင့်ထားပြီး ကျွေးတယ်။ နောက်နေ့ စိန်လုံ ကနေ ဂျစ်ကားတွေ အများကြီးနဲ့ ကျွန်တော်တို့ကို ဗန်းမော်ကိုပို့ ပေးတယ်။. ဗန်းမော်မှာက လေ့ကျင့်ရေး တပ်တစ်ခုထဲမှာ ထားတယ်။ ကြက်ခြေနီက အင်္ကျီတွေ၊ ဖိနပ်တွေပေးတယ်။ အစားအသောက်တွေ ကောင်းကောင်းကျွေးတယ်။ အဲဒီမှာ ၈ ရက်လောက်နားပြီးမှ မိန်းကလေးနှစ်ယောက်နဲ့ ယောကျာ်းလေး ၁၈ ယောက်ကို တပ်မတော်လေယာဉ် ၀၁၁ နဲ့ ရန်ကုန်ကိုခေါ်သွားတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ပေးတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေပြောရ မယ်၊ မပြောရဘူး ဘာမှ မပြောထားပါဘူး။ အားလုံး ကျွန်တော်တို့ ကို လွတ်လွတ်လပ်လပ် ပြောခွင့်ပြုပါတယ်။ ကျွန်တော်တို့ကလည်း အားလုံး အမှန်အတိုင်း ပြောပြကြတယ်။ ဒါပါပဲ။
ဂျူ ။ ။ ဒါဆို မေးမယ်နော်၊ အခုအချိန်မှာ ခင်ဗျားတို့ကို မတရားစွပ်စွဲပြီး နှိပ်စက်ခဲ့တဲ့သူတွေကို ဘာဖြစ်စေချင်လဲ။ ဘာပြောချင်လဲ။
ထက်ထက် ။ ။ ကျွန်မစိတ်ထဲမှာတော့ အခုလက်ရှိ နိုင်ငံခြားမှာရှိနေတဲ့ အဲဒီတုန်းက တာဝန်ရှိနေခဲ့တဲ့ သူတွေ ပေါ့။ ဒီကိစ္စကို ၀န်ခံစေချင်တာ၊ "ဟုတ်တယ်၊ ကျွန်တော်တို့ မှားခဲ့တယ်။ ကျွန်တော်တို့ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့သူတွေ ဟာ တကယ်တော့ ကျောင်း သားအစစ်တွေပါ" ပေါ့နော့။ အဲဒီလိုလေးနဲ့ ကျွန်မတို့ရဲ့ သမိုင်းကြောင်းကို ပြန်ဆေးပေးစေချင်တာ။ ကျွန်မတို့ရဲ့ ဖြူစင်ခဲ့တဲ့အကြောင်းကို သူတို့အနေနဲ့ ပြန်ပြောပြစေချင်တာ။ ကျွန်မတို့ရဲ့ ဆိုတာက ကျွန်မတို့လို အသက်ရှင်ကျန်ခဲ့တဲ့သူတွေအတွက် သာမကပါ ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သေသွားတဲ့သူ တွေ၊ လူစင်မမီတော့တဲ့သူတွေအတွက်ကော ပြောနေတာပါ။ သူတို့ အခုထိ ပြည်ပမီဒီယာတွေနဲ့ ပြောတဲ့အခါဖြစ် ဖြစ်၊အင်တာနက်စာမျက်နှာတွေမှာ ဖြစ်ဖြစ် သူတို့က မမှားဘူးဆိုတာ ပြောနေတုန်းပဲ။ သူတို့မမှားဘူးဆိုတော့ သေခဲ့ တဲ့သူတွေ၊ ထွက်ပြေးခဲ့တဲ့သူတွေက မှားတယ်ပေါ့။ ဒါကို ကျွန်မတို့က မကျေနပ်တာ။ သူတို့ကို အာဃာတ နဲ့ ဘာဖြစ်အောင်ညာဖြစ်အောင် ပြောနေတာ မဟုတ်ပါဘူး။

ဖိုးစန်း ။ ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့လို လူ ၂၀၀ ကျော်ပဲရှိတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း တစ်ခုကို ဘယ်လောက်ညံ့တဲ့ အစိုးရဖြစ်ဖြစ် သေချာတာတစ်ခုက စပိုင် ၁၀၀ လောက် ထည့်မထား ဘူးဆို တာပါပဲ။ ဒါကို ဘယ်လိုလူညံ့ပဲဖြစ်ဖြစ် တွေးလို့ရပါတယ်။ နောက်တစ်ခု အဲဒီကပြန်လာပြီး နိုင်ငံရေး ကိုကြောက်သွားတဲ့ ကျောင်း သားတွေရှိသလို၊ ဒီရောက်မှ နိုင်ငံရေးဆက်လုပ်လို့ ထောင် ၁၅ နှစ်၊ အနှစ် ၂၀ကျသွားတဲ့ ကျောင်းသားတွေလည်း အများကြီးရှိနေတာပဲ။ ပြည်ပထွက်ပြီး နိုင်ငံရေးဆက်လုပ်တဲ့ ကျောင်းသားတွေလည်း ရှိနေတာပဲ။ ဒီတော့ အဲဒီတုန်းက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက် လုပ်ဆောင်ခဲ့ တဲ့သူတွေ အနေနဲ့ သူတို့ဟာ အဲဒီတုန်းက အထက်အထက်ကလူတွေကို မလွန်ဆန်နိုင်လို့ လုပ်ခဲ့တာပါ။ တကယ်တော့ စပိုင်မဟုတ်ခဲ့ကြပါ ဘူး။ ဒါလေးပြောရမယ့်အစား သူတို့ ခုလို ကျားကျားမီးယပ် ဆက်လုပ်နေတဲ့ အပေါ်မှာ ကျွန်တော်တို့က မကျေနပ်ကြ တာ ။ ဒီလိုမကျေနပ်ဘူးဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့က သူတို့ကို သတ်ချင်ပါတယ်။ ဖြတ်ချင်ပါတယ်။ ဒါတွေ ပြောနေတာမဟုတ်ဘူး။ သူတို့သိနေ တဲ့ အမှန်တရားကို အမှန်အတိုင်း ပြောပြစေချင်တာ၊ ဒါပါပဲ။
ကျော်ဇင်ထွန်း ။ ။ သူတို့က ကျွန်တော်တို့ကို အခုအချိန်အထိ ထောက်လှမ်းပါလို့ စွပ်စွဲနေတာဟာ သူတို့မှာ ရည်ရွယ် ချက်တစ်ခုရှိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တှို့တတွေဟာ ထောက်လှမ်းရေးမဟုတ် ခဲ့ကြဘူး ဆိုတာ သူတို့လည်း သိနေတာပဲ။ သူတို့ စလုပ်ခဲ့တာကိုက ပုဂ္ဂိုလ်ရေးတွေကြောင့် လုပ်ခဲ့တယ်ဆို တာ သူတို့ ပိုသိ တာပေါ့။ ဒီတော့ ကျွန်တော်တို့အပါအ၀င် သေသွားတဲ့ ကျောင်းသားတွေ၊အသတ်ခံလိုက် ရတဲ့ ကျောင်းသားတွေ ဟာ ထောက်လှမ်းရေးမဟုတ်ခဲ့ကြပါဘူးဆိုတာ ၀န်ခံပေးပါ။ အခုလိုပြောနေတာဟာ သူတို့ကို ထောင်ကျစေချင်လို့တို့၊ ဒုက္ခရောက်စေချင်လို့တို့ မဟုတ်ပါဘူး။ ဒီလိုဝန်ခံခိုင်းတာဟာ အေဘီ (မ.ပ) က ကျောင်းသားတွေဟာ ဖြူစင်ခဲ့ကြ တယ်ဆိုတာ ပြချင်လို့ပါ။ အဲဒီလိုလေး ပြောပေးခဲ့ရင်ကို ကျွန်တော် ၈လ နဲ့ ၆ ရက်ကျော် အနှိပ်စက်ခံခဲ့ရတာကို သင်ပုန်းချေပေးလို့ ရပါတယ်ဗျာ။
ကျွန်တော် တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့ ကျောင်းသားတွေဟာ အခုဆိုရင် အသက် ၄၀ ကျော် နေကြပါပြီ။ ဒါပေမဲ့ သူတို့ရဲ့အတွင်းစိတ်သဏ္ဍာန်မှာ သူတို့ကြုံခဲ့ရတဲ့ ငရဲခန်းများကတော့ ရှိနေကြဆဲပါ။ ဒါကလည်း မေ့ပျောက် လို့ရနိုင်တဲ့ ဖြစ်ရပ်တွေမှ မဟုတ်ခဲ့တာကိုး။ အခြားလူငယ်များ ပျော်ရွှင်စွာ ကျောင်းတက် ကစားနေတဲ့ အချိန်မှာ သူတို့ တတွေဟာ ငရဲခန်းအတွင်း ခြေဖနောင့်ကို ၄ လက်မသံချောင်း ရိုက်သွင်း ထားတာတွေ၊ ကျဉ်စက်နဲ့ စအိုကို တို့တာတွေ၊ ခြေလက်အင်္ဂါတွေကို ဒိုင်းနမိုက်တပ် ဖြတ်တောက်တာတွေ ၊လပေါင်း များစွာ မျက်နှာကို အ၀တ်မည်း ချည်နှောင်ပြီးမှ သံခြေကျင်းခတ် အိပ်စက်ခဲ့ရတာတွေ၊ ကိုယ့်ရဲ့ သေဖော်သေဖက် သွားဖော်လာဖက်တွေကို ကိုယ့် ရှေ့တင် ခေါင်းဖြတ်သတ်ခံရတာတွေ၊ ရယ်မောပျော်ရွှင်ခြင်း ကို ကာလပေါင်းများစွာကင်းကွာခဲ့ရတာတွေဟာ ဘယ်လိုလူကများ မေ့နိုင်မှာတဲ့လဲ။ တချို့ သဘောထားသေးသိမ်သူများဆိုရင် ဂလဲ့စားချေလိုစိတ်ပင် ပြင်းထန် ကောင်းပြင်းထန်နေ ကြပါလိမ့်မယ်။ အခုတော့ ကျွန်တော်တွေ့ဖူးခဲ့တဲ့ အေဘီကျောင်းသားအများစုဟာ သူတို့ရဲ့ဖြူစင်ခဲ့မှုကို ပြချင်တာ ကလွဲပြီး ဘာအငြိုးအတေးမှ မရှိကြရှာပါဘူး။ ဘယ်သူကမှ ဘယ်သူ့ကို တုန့်ပြန်လိုစိတ်လည်း မရှိခဲ့ကြပါဘူး။ သူတို့လိုချင်နေတဲ့ အမှန်တရားကို ဘာကြောင့်များ မပေးနိုင်ကြတာပါလဲ။ သူတို့ရဲ့ ဘ၀အဆိုးတွေကြားမှာ အလင်းမျှင်ကလေးတစ်ခုဖြစ်တဲ့ စာပေလွတ်လပ်ခွင့်ကလေးပေါ်လာတာ သူတို့ ဘ၀အတွက် ကောက်ရိုးမျှင်ကလေးတစ်မျှင်ပါပဲ။ သူတို့ ခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို သူတို့ရင်ဖွင့်ခွင့်ရ တာကိုပဲ သူတို့ ကျေနပ်နေကြပါရဲ့ဗျာ။ ကျွန်တော် သူတို့ကိုမေးမြန်းရင်း၊ လူငယ်ပေမယ့် စိတ်ဓာတ်မငယ် ခဲ့တဲ့သူတို့ရဲ့ အ တွင်းစိတ်ကို ဖတ်လို့ရနိုင်ခဲ့ပါတယ်။ ကျွန်တော့်လိုပဲ စာဖတ်သူတွေ သူတို့လေးတွေရဲ့ ငရဲခန်းတွေကို ဖတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

ဟာဂျူလီ (ကသာ)

စာရေးသူ၏မှတ်ချက်။ ။ ထိုအချိန်က အေဘီ (မြောက်ပိုင်း) ရဲ့ ဥက္ကဋ္ဌမှာ ကိုထွန်းအောင်ကျော် (ဖမ်းဆီး သတ်ဖြတ်ခံရ) ဖြစ်ပြီး၊ ဒုဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံ ကိုသံချောင်း၊ အတွင်းရေးမှူး ရော်နယ်အောင်နိုင်၊ တွဲဖက်အတွင်းရေးမှူးနှင့် ထောက်လှမ်းရေးတာဝန်ခံ မျိုးဝင်းနှင့် ထောက်လှမ်းရေးအရာရှိမှာ သန်းဝင်းတို့ ဖြစ်ခဲ့ကြပါသည်။ ယခုအခါ မျိုးဝင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး ကိုသံချောင်းသည် သာယာဝတီထောင်၌ ပြစ်ဒဏ်များ ခံယူလျက်ရှိပါ သည်။ ရော်နယ်အောင်နိုင်မှာ ဘီဘီစီသတင်းဌာနတွင် အလုပ်ဝင်နေရာမှ ကျောင်းသားဟောင်းများ၏ ကန့်ကွက်မှု အရ အလုပ်မှထွက်သွားခဲ့ရပါသည်။ သူ့ကို အခြား ပြည်ပသတင်း ဌာနများနှင့် အင်တာဗျူးခန်းများတွင် မကြာမကြာ တွေ့ရသော်လည်း တရားဝင် မည်သည့်နိုင်ငံ ၌ နေကြောင်း မသိရသေးပါ။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်