Friday, May 31, 2013

လားရှိုးမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည် တစ်ထောင်ကျော် ခိုလှုံနေ

Posted by drmyochit Friday, May 31, 2013, under | No comments


လားရှိုးမြို့တွင်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တစ်မြို့လုံးရှိ အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များအား လားရှိုး မြို့ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ခေတ္တခိုလှုံခွင့်ပြုထားရာ လူဦးရေ ၁,ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း ဒုက္ခသည်စခန်းဖွင့်ထားသည့် လားရှိုး အမှတ်(၈)ရပ်ကွက်က မန်ဆူကျောင်း (သီရိမင်္ဂလာ ရှမ်းကျောင်း) ဆရာတော်ဦးကောလိန္ဒက မိန့်ကြားသည်။

ဒုက္ခသည်စခန်းတွင် ငါးရက်သာထားမည်

ထိုဒုက္ခသည်များအား ဘုန်းကြီးကျောင်းတွင် ငါးရက်သာထားမည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရကယ်ဆယ်ရေး အဖွဲ့များထံ ပြန်လည်အပ်နှံသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။ ကျောင်းတိုက်ရှိ ဥပုသ်သည် ဇရပ်ငါးဆောင်တွင် လေးဆောင်အပြည့်ဒုက္ခသည်များ ရှိနေသည်။

လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ''ဒုက္ခသည်တွေကတော့ မူဆလင်တွေပေါ့။ ကျွန်တော်တို့ဒီမနက်မှာ လုံခြုံရေးနဲ့ သူတို့ကို ဘုန်းကြီး ကျောင်းကို ခေါ်လာတာပါ'' ဟု ပြောသည်။

ယင်းကျောင်းတွင် မူဆလင်ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ရှိပြီး (၇) ရပ်ကွက်ရှိ စိတ္တသုခကျောင်းတွင် ၂၅ ဦးရှိပြီး ဒုက္ခသည်များ၏ စားသောက်ရေးအတွက် ဆရာတော်နှင့် ရပ်ကွက်မှ လှူဒါန်းထားသည်။ ပြန်ကြားရေး ဝန်ကြီးဌာနက မေလ ၃ဝ ရက် ညနေ ၄ နာရီက ထုတ်ပြန်သော စာရင်း များအရ ဘုန်းတော်ကြီးကျောင်းများ သို့ ရောက်ရှိနေသော ဒုက္ခသည်ဦးရေသည် မန်ဆူကျောင်းတွင် ၄၁၄ ဦးနှင့် စိတ္တသုခကျောင်းတွင် ၂၅ ဦး စုစုပေါင်း ၄၃၉ ဦးဖြစ်သည်။

ယခုကဲ့သို့ မူဆလလင်ဒုက္ခသည်များအား ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခွင့်ပြု ရခြင်းနှင့်ပတ်သက်၍ လားရှိုးမြို့ ကျားဖြူပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ''အုပ်ချုပ်ရေးမှူးရုံးမှာ သတင်း (အစ္စလာမ်ဘာသာဝင်များက ဒုက္ခသည်စခန်းများ ဖွင့်ပေးစေလိုခြင်း) ရောက်လာတယ်။ အဲဒီ့ရပ်ကွက်က သူတို့အတွက် နည်းနည်းစိုးရိမ်ရတယ်လို့လေ''ဟုပြောသည်။

လုံခြုံရေးအပြည့် ချထား

ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ကျောင်းတိုက်များတွင် ရဲတပ်ဖွဲ့အင်အား ၂ဝ၊ စစ်တပ်အင်အား ၂ဝ နှင့် သံဃာ ၁ဝ ပါး၊ သာသနာရေးဌာနမှ အရာရှိတစ်ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ တစ်ဦး လုံခြုံရေးယူပေးထားကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ ဦးဝေလင်း က ပြောသည်။

လားရှိုးမြို့ လုံခြုံရေးအတွက်လည်း မြို့အဝင်၊ အထွက်နေရာများနှင့် မြို့ထဲရှိ အချက်အချာကျသော နေရာများ တွင် လုံခြုံရေးများချထားသည်ဟု ဦးဝေလင်း က ဆိုသည်။ ယမန်နေ့ညနေကလည်း လုံခြုံရေးအင်အားအဖွဲ့ ငါးဖွဲ့ဖွဲ့ကာ ထပ်မံဖြည့်တင်းမှုပြုလုပ်ခဲ့သေးသည်။

လားရှိုးမြို့တွင် မေလ ၂၉ ရက်က အကြမ်းဖက်မှုတွင် ပါဝင်သောသူ ၃၅ ဦးအား လားရှိုးရဲစခန်းများတွင် ဖမ်းဆီးထားသည်။

အခြေအနေ တည်ငြိမ်နေ

မေလ ၃ဝ ရက်တွင် လားရှိုးမြို့တွင် အခြေအနေတည်ငြိမ်နေပြီဖြစ်သော်လည်း မြို့မဈေးနှင့် ဈေးဆိုင်တချို့ ပိတ်ထားဆဲ ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းစံမင်းက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် မန္တလေးတိုင်း ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့မှ သံဃာများက ဒုက္ခသည်စခန်းများသို့ လာရောက်လေ့လာခဲ့သည်ဟုဆိုသည်။

မုန်းမြို့တွင်လည်း ပဋိပက္ခများဖြစ်အလားတူ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် မုန်းမြို့အတွင်းရှိ သုံးတောကျေးရွာ တွင်လည်း မေလ ၂၉ ရက်ညနေက လူငယ်လေးဦး အရက်သောက်ပြီး ရန်ဖြစ်ရာမှ အစပြုကာ နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံ သံဃာ ၁၅ ပါးခန့်ရောက်လာကာ ဗလီနှင့် အိမ်တစ်လုံး ပျက်စီးခဲ့သည်။

From: Mizzmia

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်