ဗုံးဒဏ်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံအောက်တွင် ပိတ်မိနေသူများ ကျန်ရှိနေမည်ကို အာဏာ ပိုင်များ က စိုးရိမ်နေသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့ အစည်း ကမျှ မိမိတို့ စီမံဆောင်ရွက်ခြင်းဟု ကြေညာ တာဝန်ယူခြင်း မရှိသေးချေ။ ရဲများက အကြမ်းဖက် အဖွဲ့များ သည် Inter-Services Intelligence အေဂျင်စီ (ISI)ကို ဦးတည် တိုက်ခိုက်ခဲ့ခြင်းဟု ပြောဆို ခဲ့သည်။ ပါကစ္စတန် ရုပ်မြင်သံကြား ဌာနများက အစိုးရ အဆောက်အအုံ တစ်ခုကို သေနတ်သမားများက ထိန်းချုပ် ခဲ့ပြီး ကျန်တစ်ခုမှာ မီးလောင်နေကြောင်း၊ အခြားအဆောက်အအုံ တစ်ခုမှာမူ ပြိုကျသွားကြောင်း ဖော်ပြ ခဲ့သည်။
ရဲတပ်ဖွဲ့သည် ပြဿနာ ဖြစ်ပွားရာ ဒေသသို့ တပ်ကူများ စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင် သူကို စုံစမ်းနေဆဲဟု ဆိုသည်။ ပါကစ္စတန်တွင် တာလီဘန်တို့ အပါအဝင် အစွန်းရောက် အစ္စလာမ် မစ် လက်နက်ကိုင် တပ်ဖွဲ့အချို့၏ တိုက်ခိုက်မှုများကို ပြီးခဲ့သည့် လပိုင်းများအတွင်း ဆက်တိုက် လိုလို ကြုံခဲ့ရသည်။ ဗုဒ္ဓဟူးနေ့က ဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သမား (၁၀)ဦးမျှ ပါဝင်ခဲ့ပြီး ပေါက် ကွဲမှုကြီး (၄)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ထို့အပြင် တိုက်ခိုက်မှုတွင် အသေခံ ဗုံးသမားများပါ ပါဝင်ခဲ့သည်ဟုလည်း ရဲများက ခန့်မှန်းထားသည်။
တိုက်ခိုက်မှုအတွင်း ပတ်ဝန်းကျင် လူနေအိမ် အချို့လည်း ပြိုကျခဲ့ပြီး လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဟု Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။ ပါကစ္စတန်တွင် ပြီးခဲ့သည့်လက နာဝက်ဇ်ရှာရစ်ဖ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်ပိုင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။ ရှာရစ်ဖ်သည် အကြမ်းဖက်အင်အားစုများအပေါ် ပိုမိုထိရောက်စွာ ကိုင်တွယ် အရေးယူရန် ရည်ရွယ်ထားပြီး ယင်းအခြေအနေသည် နိုင်ငံအတွင်း နောက်ထပ် သွေးထွက်သံယို ပဋိပက္ခများထံ ဦးတည်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
From : ..planet
Time in Rangoon



0 comments:
Post a Comment