Friday, July 19, 2013

အပျိုစင်လေးများအတွက် သိကောင်းစရာ

Posted by drmyochit Friday, July 19, 2013, under | No comments




'သမီးလေ၊ မိန်းကလေးဖြစ်ရတာ အရမ်းစိတ်ညစ်တာပဲ အန်တီ'

'ဘာဖြစ်လို့လဲ သမီးရဲ့'

'သမီးသွေးမဆင်းချင်ဘူး။ အဲဒီလိုဖြစ်ရင် သမီး ဗိုက်နာတယ်၊ ပြီးတော့ စိတ်ညစ်တယ်၊ ဘာဖြစ်လို့ မိန်းကလေးတွေက အဲဒီလိုဖြစ်တာလဲ မသိဘူး၊ အဲဒါကြောင့် သမီး မိန်းကလေး မဖြစ်ချင်တာပေါ့ အန်တီ၊ ယောက်ျားလေးဆိုရင် အဲဒီလို မဖြစ်ဘူးတဲ့'

'သြော် ဒါကြောင့် သမီးက စိတ်ညစ်နေတာကိုး။ ကဲ ဒီလိုဆို သမီးနဲ့ အန်တီတို့ ဆွေးနွေးလိုက်ကြတာပေါ့။ လောကကြီးမှာ မိန်းမနဲ့ ယောက်ျားဆိုတဲ့ လူသားနှစ်မျိုးအကြောင်းကိုဘဲ

အရင်ပြောကြတာပေါ့နော်။ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေမှာ အဓိက ကွဲပြားချက် (၃) ချက်ရှိ တယ် သမီးရဲ့။ အဲဒီ (၃) ချက်ထဲမှာ အခု သမီး စိတ်ညစ်နေတယ်ဆိုတဲ့ ရာသီလာတဲ့ တစ်ချက်အပါအ ၀င်ပေါ့။ ပထမဆုံး တချက်ကို အရင်သွားမယ်။ အဲဒါက အမျိုး သားတွေနဲ့ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ မတူကြတဲ့အကြောင်းဘဲ၊ လိင်အင်္ဂါဆိုတာကို နားလည်တယ် မဟုတ်လား သမီး'

'ဟုတ်'

'နောက် နံပါတ်နှစ်အချက်က အမျိုးသမီးတွေရဲ့ ရင်သား(ရင်အုံ) တွေက နို့တိုက်လို့ရတယ်။ အမျိုးသားတွေက နို့တိုက်လို့မရဘူး၊ ဒါကြောင့် အမျိုးသမီးတွေက အပျိုဖြစ်လာရင်

ရင်သားလေးတွေ ထွက်လာတာပေါ့၊ အဲဒါလည်း သဘာဝဘဲ၊ နံပါတ်သုံးအချက်က လိင်အင်္ဂါမတူသလို လုပ်ဆောင်မှုကလည်း ကွာသွားတယ်။ အမျိုးသမီးတွေမှာ သားအိမ်ဆိုတာ ရှိတယ်။ အဲဒါ အမျိုးသမီးတွေရဲ့ ဗိုက်အလယ်နားမှာ သားအိမ်ဆိုတာ ပါနေတာကြောင့် အမျိုးသမီးတွေက ကလေးမွေးတယ်၊ နောက် ရာသီလာတယ်၊ (ဒါမှမဟုတ်) ဓမ္မတာလာတာမျိုး ဖြစ်တာပေါ့၊ သမီးပြောသလို ပြောရရင် သွေးဆင်းတာပေါ့ သမီးရဲ့၊ အဲဒါ ဘယ်လိုဖြစ်လာသလဲဆိုတာ အန်တီ ဆက်ပြောပြမယ်နော်။ သားဥအိမ်လိုနေရာလေးမှာ သားဥလေးတွေ ရှိတယ်၊ ဘယ်ဖက်တစ်ခု၊ ညာဘက်တစ်ခု လက်ကလေး နှစ်ချောင်းလိုပေါ့၊ အဲဒီ သားဥအိမ်ထဲကနေ သားဥလေးတွေကို တစ်လကို တစ်ကြိမ် အလှည့်ကျစီ ပြွန်လေးလိုရှိတဲ့ နေရာကနေ ထွက်လာတာ.. အဲဒီလို သားဥလေးတွေက အဲဒီပြွန်ထဲမှာရှိတဲ့ အရည်လေးတွေရဲ့ အားကိုးနဲ့ တဖြည်းဖြည်း သားအိမ်ထဲကို ၀င်လာတယ်။

သားအိမ်ကြွက် သားလေးတွေ လှုပ်ရှားလိုက်တော့ အဲဒီ သွေးနံရံလေးတွေ ဖြစ်လာတယ်။ အဲဒီ သွေးနံရံလေးတွေနဲ့ သားဥလေးက အလယ်ကို ရောက်လာရင် အဲဒီ သားဥလေးက သွေးနံရံနားမှာ မကပ်ဘဲ သွေးနံရံနဲ့အတူ ကွာကျပြီး စီးဆင်းသွားတာကို ဓမ္မတာလာတယ် (သို့မဟုတ်) ရာသီလာတယ်လို့ ခေါ်တာပေါ့ သမီးရဲ့၊ အဲဒီလို ရာသီလာတဲ့အချိန်က တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။ တချို့တွေ က (၃) ရက်ထဲနဲ့ ပြီးသွားတာ၊ တချို့ကတော့ (၅) ရက်လောက်မှ ပြီးတာပေါ့။ အဲဒီလို ရာသီလာဖို့အတွက် ခုနကလို သားအိမ်ထဲက သားဥလေး ရောက်လာမယ့်အချိန်နဲ့ သွေးနံရံတွေ အဆင်သင့်ဖြစ်တဲ့ အချိန်က (၂၈) ရက်ဖြစ်ဖြစ် (၃၀) ရက်လောက်ဖြစ်ဖြစ် ကွာတယ် သမီးရဲ့။ ဒါကြောင့် တစ်လမှာ တစ်ခေါက်လောက် ဖြစ်တာပေါ့။ နောက် အဲဒီလိုဖြစ်တာကလည်း ဂုဏ်ယူစရာဘဲလေ သမီးရဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာကြီးမှာ လူတွေအများကြီး ဖြစ်အောင် အမျိုးသမီးတွေက မွေးထုတ်ပေးနိုင်တယ်။ အဲဒါကလည်း ဒီလိုရာသီ လာလို့ပေါ့ကွယ်။ အဲဒီလို ကိုယ့်ခန္ဓာကိုယ်ရဲ့ တန်ဖိုးကိုလည်း သိရမယ်၊ သိတာနဲ့ မြတ်နိုးတတ်တဲ့ စိတ်ကို ထားရတယ် သမီးရဲ့''

'ဟုတ်ကဲ့ အန်တီ၊ ဘာဖြစ်လို့ အဲဒီလို ရာသီလာသလဲဆိုတာတော့ သမီးသိသွားပြီ၊ ဒါပေမဲ့ ဗိုက်နာပြီး ပေါင်တွေကိုက်တာကရော ဘာဖြစ်လို့လဲ'

'ခုနက အန်တီပြောတဲ့ သားအိမ်တွင်း လုပ်ဆောင်မှုလေးတွေမှာ သွေးကြောလေးတွေ ရှိတယ်မဟုတ်လား။ အဲဒီ သွေးကြောလေးတွေက သားအိမ်နံရံမှာ သွေးနံရံဖြစ်ဖို့အတွက်ရော၊

အလုပ်လုပ်တော့ နာကျင်ကိုက်ခဲတာတွေ၊ မအီမသာတွေ ဖြစ်တတ်တာပေါ့။ ဒါပေမဲ့ အဲဒါကလည်း လူ တိုင်းတော့ မဟုတ်ဘူး၊ များအားဖြင့် အဲဒီလို ရာသီလာတဲ့အခါမှာ အကိုက်အခဲ ပျောက်ဆေးလေးသောက်၊ နားနားနေနေနဲ့ နေပေး၊ ရေနွေးပူပူလေးတွေသောက်၊ ခြေထောက်ကို နွေးနွေးထွေးထွေး ထားတယ်ဆိုရင် အများကြီး သက်သာပါတယ်၊ တချို့ဆိုရင် ဒေါသကြီးတတ်တာတို့၊ စိတ်မရှည်တာတို့ ဖြစ်လာတတ်တယ်။ အဲဒါကို သတိထားမိရင် ကိုယ်နဲ့ နီးနီးကပ်ကပ်နေတဲ့ လူတွေကို အသိပေးထားနော်၊ အများအားဖြင့် အဲဒါတွေကို လူတွေ သိပ်မရိပ်မိတတ်ကြဘူး။ ဘာဖြစ်လို့မှန်းမသိ၊ အလိုလို စိတ်တိုနေတတ်တာမျိုးကို တစ်လမှာတစ်ကြိမ် ရာသီလာခါနီးမှာ ကြုံတာမျိုး ဖြစ်တယ်ဆိုရင် သမီးလေး သတိထားဖို့
လိုတယ်နော်။ ပြီးရင် အသိပေးထား။ ဒါမှမဟုတ်ရင် အိမ်မှာရှိတဲ့ လူတွေကလည်း နားမလည်တတ်ဘူးလေ။ အထူးသဖြင့် အစ်ကို၊ မောင်၊ အဖေတွေပေါ့။ ဒီမှာ သမီးကို ဗဟုသုတတစ်ခု ပြောပြမယ်။ တချို့တွေဆိုရင် လင်မယားတွေ ကွဲတဲ့အထိ ဖြစ်တယ်။ အဲဒီလို တအားဒေါသကြီးတာတွေ၊ မခံနိုင်တာဖြစ်ဖြစ်၊ ချူချာသလို ဖြစ်တာမျိုးဖြစ်ဖြစ်၊ ဖြစ်လာတဲ့အချိန် ရန်ဖြစ်ပြီး ကွဲကြတာပေါ့'

'သြော်... သမီးကို တစ်ခုပြောရအုံးမယ်။ အဲဒီလို ရာသီလာတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်း နေနော်။ တချို့တွေပြောတာ အန်တီကြားဖူးတယ်။ ရေမချိုးရတာတို့၊ ခေါင်းမလျှော်ရတာတို့ပေါ့၊ အဲဒါတွေက မဟုတ် ဘူး။ သန့်ရှင်းတာ ကျန်းမာရေးနဲ့ ညီညွှတ်တာပဲဟာ၊ တကယ်လို့ ကိုယ်က ကိုက်ခဲလို့၊ ဆံပင်ကလည်း ရှည်လို့ ဆိုရင်တော့ တစ်မျိုးပေါ့နော်။ အစွဲအလမ်းကြီးပြီး၊ မလုပ်သင့်ဘူးလို့ထင်ပြီး၊ မလုပ်ရင်တော့ မကောင်း ဘူးနော်။ ကဲ သမီး ဘာသိချင်သေးလဲ ပြော'

'ဟုတ်ကဲ့ အန်တီ။ သမီးသိချင်တာက တချို့တွေက အဲဒီလိုရာသီလာရင် ထဘီတွေဆုတ်ပြီး သုံးကြတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒါတွေကို မလွှင့်ပစ်ဘဲနဲ့ ပြန်ပြန်သုံးတယ်ဆိုတော့ ရွံစရာကြီးပေါ့နော်'

'ကောင်းလိုက်တဲ့ မေးခွန်းလေးပါလား သမီးရယ်၊ အန်တီပြောဖို့ မေ့နေတယ်။ လူတိုင်းလူတိုင်းက ရာသီ လာရင် အသုံးပြုဖို့အတွက် လုပ်ထားတဲ့ ဂွမ်းကပ်တွေ (မိန်းမရာသီသုံး ပစ္စည်း) ကို မသုံးနိုင်ကြဘူးပေါ့။ သူတို့က ပိုက်ဆံအခက်အခဲ ဖြစ်တယ်လေ။ တချို့ဆိုရင် ဂွမ်းကပ်မပြောနဲ့။ အတွင်းခံ ဘောင်းဘီလေးတွေေ တာင် လုံလောက်အောင် မရှိတတ်ဘူး သမီးရဲ့။ ဥပမာ- ထိုင်းနိုင်ငံမှာဆိုရင် အထူးသဖြင့် သမီးတွေ့နိုင် တာက မြန်မာပြည်ကနေ ရောက်လာတဲ့ ဒုက္ခသည်တွေနေတဲ့ နေရာ၊ ဒုက္ခသည်စခန်းတို့၊ ကိုယ့်နိုင်ငံထဲမှာ မဟုတ်၊ တခြားနိုင်ငံထဲလည်း မဟုတ်တဲ့ စစ်ဒဏ်ကြောင့် အိမ်ခြေရာခြေမဲ့သွားတဲ့ လူတွေက တော ထဲတောင်ထဲတွေမှာ နေနေရတာ ဂွမ်းကပ်ဝယ်ဖို့ မပြောနဲ့။ အတွင်းခံလေးတွေတောင် မရှိရှာတာ။

နောက် မြန်မာပြည်မှာဆိုရင်လည်း အရမ်းဆင်းရဲတဲ့ နေရာတို့မှာပေါ့။ တောရွာလေးတွေပေါ့ကွယ်။ အဲဒီလို နေရာမျိုးတွေမှာဆိုရင် တချို့က လုံချည်ပိုင်းတွေကို ဆုတ်ဖြဲပြီး တွယ်ချိတ်ကလေးတွေနဲ့ တွယ်ပြီး သုံကြရတာ၊ အဲဒါ ရွံစရာမဟုတ်ပါဘူး သမီးရယ်။ သန့်သန့်ရှင်းရှင်း နေတတ်ဖို့ဘဲ အရေးကြီးတာ။ အဲဒီလို လုံချည်အပိုင်းအစလေးတွေကို သုံးပြီးရင် အဲဒီအ၀တ်ကလေးတွေကို ရေနဲ့အရင်ဆေး။ နှစ်ခေါက်လောက်ပေါ့နော်။ ခြေထောက်ကို သေချာဆေးပြီး နင်းလျှော်ပေါ့။ တကယ်လို့ လက်နဲ့ မကိုင်ချင်ဘူးဆိုရင်ပေါ့လေ။

သမီးပြောသလိုလည်း ရွံစရာ မကောင်းတော့ဘူးပေါ့။ ပြီးရင် ခဏလေး ၁၀ မိနစ်လောက် ရေအေး၊ ဆပ်ပြာ နဲ့ စိမ်ထားပြီး သေချာလျှော်ဖွတ်၊ ကောင်းတာကတော့ အ၀တ်တိုက်တဲ့ ဘရပ် (ရှ်) နဲ့ တိုက်လျှော် ရင် ပိုကောင်းတယ်။ နောက် နေပူတဲ့နေရာမှာ၊ အောက်ပြုတ်မကျအောင် လှမ်းထားဖို့လိုတယ်။ ပြီးရင် သေချာ သပ်သပ်ရပ်ရပ် ကျွတ်ကျွတ်အိတ် သန့်သန့်လေးနဲပဲဖြစ်ဖြစ်။ အ၀တ်စပိုင်းလေးနဲ့ ဖြစ်ဖြစ် သပ်သပ် ရပ်ရပ် ပြန်ခေါက်သိမ်းထားတတ်ဖို့ ဘဲလိုတယ်။ တစ်ခုတော့ ရှိတာပေါ့ သမီးရယ်။

မြန်မာပြည်မှာဖြစ်ဖြစ် ဒုက္ခသည်စခန်းတွေမှာဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှုလို့ ပြောကြတာပေါ့နော်။ အမျိုးသမီးတွေရဲ့ အတွင်းခံဘောင်းဘီတို့၊ ခုနကလို အသုံးပြုတဲ့ အ၀တ်အပိုင်းအစလေးတွေကို လူမြင်ရင် ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ ထင်မြင်တဲ့အတွက် လုံချည်အောက်မှာ လှန်းထားတတ်ကြတယ်။ အဲဒါက နေအရမ်းပူတဲ့အချိန်တွေမှာ ကိစ္စမရှိပေမယ့် မိုးတွင်းတွေမှာဖြစ်ဖြစ်၊ ဆောင်းမှာဖြစ်ဖြစ်၊ နေသိပ်မပူတဲ့ အချိန်တွေမှာ အမျိုးသမီးတွေအတွက် ခက်တယ် သမီးရဲ့။ ဒါက ရှက်စရာမဟုတ်ဘူး။ မသင့်တော်စရာ မဟုတ်ဘူး၊ အိမ်နောက်ဖေးမှာ ခပ်နိမ့်နိမ့်လေးလုပ်ပြီး လှမ်းလို့ရပါတယ်။ ထပ်ပြီး လှန်းထားတော့ မှိုတွေ တက်တာတို့ သိပ်မခြောက်ဘဲ အနံ့တွေထွက်တာတို့ ဖြစ်ပြီး၊ အဲဒါတွေကို တစ်ခေါက် ပြန်သုံးတယ်ဆိုရင် ကျန်းမာရေးအရ တကယ် ထိခိုက်တတ်တယ်ဆိုတာကို ပြောပြ၊ သင်ပြပေးတဲ့လူတွေ မရှိရင် သူတို့အတွက် အခက်အခဲဖြစ်တာပေါ့'

'အန်တီပြောမှပဲ သမီးတောင် သူတို့ကို သနားသွားပြီ၊ ရွံစရာကောင်းတယ်လို့လည်း မပြောတော့ဘူးနော်။ သြော် အန်တီ လုံချည်အပိုင်းအစတွေနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ ပြောပြပါလားဟင် သမီးသိချင်လို့'

'အင်း ပြောပြမယ် သမီး။ လုံချည်ပိုင်းကို လေးထောင့်လေးတွေဆုတ်ပြီး သုံးထောင့် ခေါက်လိုက်တယ်။ ပြီးရင် လိပ်လိုက်၊ နောက်ပြီး အတွင်းခံဘောင်းဘီမှာ ချိတ်ကလေးကို ရှေ့မှာတစ်ခု နောက်မှာတစ်ခု တပ်ထာလိုက်တယ်ဆိုရင် ၀တ်လို့ရပြီလေ၊ အဲဒါ ဂွမ်းကပ်လေးတွေ ခံသလိုပဲပေါ့။ သူက ကော်ကပ်ထားတာ မဟုတ်တော့ တွယ်ချိတ်ကလေးတွေနဲ့ ထိန်းထားရတယ် သမီးရဲ့'

'ဟယ်.. ဒါဆို တွယ်ချိတ်ပြုတ်သွားရင် စူးမိမှာပေါ့နော်'

'သြော် သမီးရယ် မပြုတ်အောင် ကိုယ်ထိုင်မိတဲ့ နေရာလေးမှာ မဖြစ်စေနဲ့ပေါ့၊ ဂရုတစိုက် လုပ်တယ်ဆိုရင် မဖြစ်ပါဘူး'
'နောက်တခါ သူများတွေမေးရင် သမီးပြန်ပြောပြလိုက်အုံးမယ် အန်တီ'

'အေး သမီးရေ ဒီအကြောင်းလေးတွေကို သမီးသိပြီဆိုတော့ သမီးသူငယ်ချင်းမလေးတွေ အိမ်လာလည် တဲ့အခါ ဖြစ်ဖြစ် သမီးတို့အချင်းချင်း စကားစပ်မိကြတာဘဲဖြစ်ဖြစ် ပြောပြ၊

ဟုတ်ပြီလား။ ဒါဟာ သဘာဝဘဲဆိုတာတွေ ခန္ဓာကိုယ်တစ်ခုမှာပါနေတဲ့ အစိတ်အပိုင်းတွေ၊ အလုပ်လုပ်လို့ ဖြစ်တာဆိုတာတွေကိုပေါ့နော်။ ဒါနဲ့ သမီးရော မိန်းကလေးဖြစ်တာကို စိတ်ညစ်နေသေးလား'

'သမီး နားလည်ပါပြီအန်တီ၊ စိတ်လည်း မညစ်တော့ပါဘူး။ သမီးက ပိုတောင် စိတ်ဝင်စားသွားသေးတယ်။ ဒါဆို ကလေးမွေးးတာကလည်း ဒီရာသီလာတာကြောင့်ပေါ့နော်'

'ဟုတ်တာပေါ့သမီးရဲ့။ အများကြီး ဆက်စပ်နေတာပေါ့ကွယ်၊ ဒါပေမဲ့ ကိုယ်ဝန်ဘယ်လိုဆောင်လဲ၊ ကလေး ဘယ်လိုမွေးသလဲဆိုတာတွေကို အန်တီတို့ နောက်တခေါက်မှ ပြန်ဆက်ပြောကြတာပေါ့ သမီးရယ်နော်။ တစ်လကို တစ်ခေါက်လေသမီးရဲ့'

အပျိုစင်လေးများ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချိုးလင်းပြာ - အပျိုစင်လေးများအတွက် သိကောင်းစရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်