Tuesday, July 30, 2013

လိင်လုပ်သားများ တစ်ဦးနှင့် တစ်ဦးချိတ်ဆက်ထားရန် SWiM ဥက္ကဋ္ဌ ပြောကြား

Posted by drmyochit Tuesday, July 30, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၂၉

ခန္ဓာကိုယ် အရင်းတည်ကာ အလုပ် လုပ်နေကြသော လိင် လုပ်သားများ အခက်အခဲ၊ အတွေ့အကြုံ များနှင့် သတင်း အချက်အလက်များ ဝေမျှနိုင်ရန် အတွက် တစ်ဦးနှင့် တစ်ဦး ချိတ်ဆက်ထားရန် လိုအပ်ကြောင်း SWiM (Sex Workers in Myanmar Network) ဥက္ကဋ္ဌဖြစ်သူ ဒေါ်နှင်းနှင်းယု က ပြောကြားသည်။

ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့တော် Excel Treasure Hotel တွင် ပြုလုပ်သည့် SWiM (Sex Workers in Myanmar Network) ၏ ဒုတိယအကြိမ်မြောက် တော်ဝင်ခရေ နှစ်ပတ်လည် အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“HIV/AIDS ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ချိတ်ဆက်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ဥပဒေကို ကျော်လွန်ကာ ဖမ်းဆီး နှိပ်စက်ခံရခြင်း၊ ART လိုအပ်သူများ အတွက် ဆေးဝါး အကူအညီ မရခြင်း၊ ခွဲခြား နှိမ့်ချ ဆက်ဆံခံရခြင်း၊ လူ့အခွင့်အရေး ဆုံးရှုံးခြင်းနှင့် အခြား အခက်အခဲများ ကြုံတွေ့ လာပါက SWiM ကွန်ရက်မှ အကြံပေး ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် လိင်လုပ်သားများ ချိတ်ဆက် သင့်ကြောင်း ၎င်းက ပြောကြားသည်။

လိင်လုပ်သား အများစုမှာ ပြည့်တန်ဆာနှင့် ပတ်သက်သည့် ဥပဒေများကို နားလည်ခြင်း မရှိသည့် အတွက် အဖမ်းဆီးခံရချိန် ရဲစခန်းတွင် ပြန်လည် ချေပနိုင်ခြင်းမရှိဘဲ အပြစ်ပေးခံရကြောင်း ရန်ကုန် အခြေစိုက် Sex Worker ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

“မဖြစ်သေးတဲ့ သူတွေကိုတော့ဒီလုပ်ငန်းကို ခြေဦးမလှည့်ဖို့ ပြောချင်ပါတယ်။ အခြေအနေအရ လုပ်နေကြရတဲ့ သူတွေအတွက်တော့ ကွန်ရက်နဲ့ ချိတ်ဆက် လုပ်ကိုင်စေချင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ပြဋ္ဌာန်းထားသည့် ပြည့်တန်ဆာ တားဆီးနှိပ်ကွပ်ရေး ဥပဒေကို ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော် တွင် မေးမြန်းခဲ့ရာ ယင်းဥပဒေကို ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

ပြည့်တန်ဆာများ၏ အရေးကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၁၇ ရက်နေ့ က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို SWiM ကွန်ရက်က သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

ဇူလိုင် ၂၉ရက်နေ့က ပြုလုပ်သည့် SWiM ၏ တော်ဝင်ခရေ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ ရွှေဘို၊ မော်လမြိုင်၊ လားရှိုးနှင့် ရခိုင်ပြည်နယ်မှ Sex Workers in Myanmar Network မှ ဒေသ ကိုယ်စားလှယ် ၈၀ ခန့် တက်ရောက်ခဲ့ကြပြီး ဒေသ အသီးသီး၏ ဆောင်ရွက် ချက်များ၊ အခက်အခဲများနှင့် အနာဂတ်လုပ်ငန်း များကို ဆွေးနွေးခဲ့ကြသည်။

Sex Worker များအပေါ် ခွဲခြား နှိမ့်ချ အနိုင်ကျင့်မှုများ ကင်းရှင်း၍ တန်းတူ အခွင့်အရေးများ ရှိစေရန်၊ HIV ထိခိုက် ကင်းစင်သော လူမှုဘဝ ပတ်ဝန်းကျင် တစ်ခု ပေါ်ပေါက်လာစေရန်အတွက် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတွင်း ဒေသကြီး ၁၀ ခုမှ Sex Worker ၃၅ ဦးဖြင့် SWiM ကွန်ရက်ကို စတင် ဖွဲ့စည်းခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့အထိ ကျင့်သုံးနေသော ဥပဒေ ဖြစ်ကြောင်း၊ ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းခြင်း ကို မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေး နယ်ပယ်တွင် လက်မခံသည့်အတွက် ထိရောက်စွာ အရေးယူနိုင်ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းမှ စီးပွားရေး၊ လူမှုရေး အကြောင်းတရားများနှင့် ဆက်စပ်ပေါ် ပေါက်လာ ရသည့်အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန် ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအဖြစ် ပြင်ဆင်ခဲ့ပါကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ဇူလိုင်လ ၉ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ (၆) မှာ မည်သူမဆို မိန်းမ တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာ ဖြစ်စေရန်သော် လည်းကောင်း၊ ပြည့်တန်ဆာ အလို့ငှာ ပြည့်တန်ဆာအိမ်တွင် သွားရောက် နေထိုင်စေ ရန်သော် လည်းကောင်း၊ သွေးဆောင်ခြင်း၊ အနိုင်အထက်ပြုခြင်း ခံရဖွယ် ရှိသည်တို့ကို သိလျက်နှင့်ဖြစ်စေ ထိုမိန်းမကို ပြည့်တန်ဆာ မဟုတ်သော လက်ရှိအိမ်မှ ထွက်ခွာသွားရန် သွေးဆောင်လျှင် တစ်နှစ်အောက်မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အောင်မျိုးထက်

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်